Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပေါ်ဦးပေါ်ဖျား ပန်းဂေါ်ဖီဈေးကွက်

                 ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ တောင်ခွေးရဲကျေးရွာမှ တောင်သူဦးဇော်လင်း၏လယ်ယာမြေထဲတွင် ပန်းဂေါ်ဖီများကိုစိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေများတိုးပြီး စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရပါသည်။

                ဟင်းသီးဟင်းရွက်အုပ်စုဝင်ဖြစ်သော ပန်းဂေါ်ဖီသည် စားသုံးသူများက ရာသီစာအဖြစ်စားသုံးမှုများကြပါသည်။ ပန်းဂေါ်ဖီများကို ပြည်မြို့၊ ဈေးကြီးအပါအဝင် အခြားဈေးများတွင်လည်း အောက်တိုဘာလနှင့် နိုဝင်ဘာလဆန်းပိုင်းမှစပြီး ရောင်းချလျက်ရှိပါသည်။ ပန်းဂေါ်ဖီသည် အေး၍စိုစွတ်သောရာသီဥတုကို ကြိုက်နှစ်သက်သည်။စိုက်ပျိုးမှုမှာ မျိုးစေ့ကိုပျိုးထောင်ပြီး တစ်ဧကလျှင် အပင်ရေ (၁၂၀၀၀)ခန့်အထိစိုက်ပျိုးနိုင်ကြောင်း သိရှိရပါသည်။ စိုက်ပျိုးကာလမှာ ရက်ပေါင်း (၉၀) ကျော်အကြာတွင် အပွင့်များကို ခူးဆွတ်၍ရနိုင်ပါသည်။

                  ပန်းဂေါ်ဖီပွင့်များရောင်းချရာတွင် ကျေးရွာအတွင်းမှ ဈေးသည်များကလာရောက်ဝယ်ယူကြသလို ပြည်မြို့ပေါ်ရှိ ဈေးများသို့လည်းသွားရောက်ရောင်းချမှုများရှိပါသည်။ ပန်းဂေါ်ဖီပေါ်ဦးပေါ်ဖျားတွင် ဈေးကောင်းရရှိခဲ့သလို ယခုအချိန်တွင် အပွင့်ကြီးတစ်ပွင့်လျှင်(၃၀၀၀-၃၅၀၀)ကျပ်နှင့် အပွင့်သေးတစ်ပွင့်လျင် (၁၈၀၀-၂၀၀၀)ကျပ်အထိ ဈေးရကြောင်းသိရပါသည်။

                   ယခုအချိန်သည် ပန်းဂေါ်ဖီများ စတင်ထွက်ပေါ်ချိန်ဖြစ်သောကြောင့် စိုက်ပျိုးသူတောင်သူများ ဈေးကောင်းရကာ  အရောင်းသွက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်အတွင်းရှိဘိလပ်မြေဈေးကွက်

             ပြည်ခရိုင်အတွင်းရှိ ပြည်မြို့နယ်တွင် အရောင်းအဝယ်ရှိသောဘိလပ်မြေဈေးမှာ အောက်တိုဘာလနောက်ဆုံးပတ်တွင် ကြံ့နီတစ်အိတ်လျှင် ၁၁၅၀၀ကျပ်၊ Alpha တစ်အိတ်လျှင် ၁၀၉၀၀ကျပ်၊ အပါချီတစ်အိတ်လျှင် ၁၀၉၀၀ကျပ်၊ ရွှေတောင်မြို့နယ်တွင် ကြံ့နီတစ်အိတ်လျှင် ၁၃၀၀၀ကျပ်၊ Alpha တစ်အိတ်လျှင် ၁၁၅၀၀၊ အပါချီ အမှတ်တံဆိပ်တစ်အိတ်လျှင် ၁၁၅၀၀ကျပ်၊ ပေါက်ခေါင်းမြို့နယ်နှင့် ပန်းတောင်းမြို့နယ်တို့တွင် ကြံ့နီတစ်အိတ်လျှင် ၁၃၀၀၀ကျပ်၊ Alpha နှင့် အပါချီတစ်အိတ်လျှင် ၁၁၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး ယခုနိုဝင်ဘာ ပထမပတ်၌ ပြည်မြို့ တွင် ကြံ့နီတစ်အိတ်လျှင် ၁၂၃၀၀ကျပ်၊ Alpha တစ်အိတ်လျှင် ၁၂၂၀၀ကျပ်၊ အပါချီ တစ်အိတ်လျှင် ၁၂၂၀၀ကျပ်ဖြင့် ယခင်အောက်တိုဘာနောက်ဆုံးပတ်ဈေးထက် အမျိုးအစားတစ်မျိုးလျှင် ၁၀၀၀ကျပ်ဖြင့်ဈေးမြင့်တက်ခဲ့ပါသည်။ ရွှေတောင်၊ ပေါက်ခေါင်း၊ ပန်းတောင်းမြို့နယ်များတွင် ကြံ့နီတစ်အိတ်လျှင် ၁၃၀၀၀ကျပ်၊ Alpha တစ်အိတ်လျှင် ၁၂၅၀၀ကျပ်၊ အပါချီတစ်အိတ် လျှင် ၁၂၅၀၀ကျပ်ဖြင့် ယခင်အောက်တိုဘာနောက်ဆုံးပတ်ထက် တစ်အိတ်လျှင် ၁၀၀၀ကျပ်ခန့်ဈေးမြင့်တက်ခဲ့ပါသည်။ ဈေးကွက်အတွင်း အရောင်းအဝယ်အေးသော်လည်း ဘိလပ်မြေစက်ရုံမှဈေးကွက်အတွင်းသို့ ဝင်ရောက်မှုနည်းသောကြောင့် ဈေးမြင့်တက်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ကုန်စည်ဒိုင်၏ ပဲမျိုးစုံဈေးနှုန်းဈေးကွက်

               ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ နိုဝင်ဘာလပထမပတ်တွင် မတ်ပဲတစ်တင်းကို ၁၂၀၀၀၀-၁၂၀၅၀၀ကျပ်ဖြင့် တစ်ရက်ကိုအိတ် (၁၀၀)ခန့်အဝယ်ရှိပါသည်။ နိုဝင်ဘာပထမပတ်တွင် ပဲတီစိမ်းသစ်များအဝင်ရှိပြီး တစ်တင်းကို ၉၀၀၀၀ကျပ်ဖြင့် တစ်ရက်ကိုအိတ် (၃၀၀-၄၀၀)ခန့် အဝယ်ရှိပါသည်။ နိုဝင်ဘာပထမပတ်တွင် ပဲစင်းငုံတစ်တင်းကို ၁၅၂၀၀၀ကျပ်ဖြင့် အရောင်းအဝယ်တစ်ခါတစ်ရံမှဖြစ်လျှင် အိတ် ၁၀၀ခန့်သာရှိပါသည်။ နိုဝင်ဘာလ ပထမပတ်တွင် ကုလားပဲ(HL) တစ်တင်းကို ၁၀၂၀၀၀ကျပ်၊ မြကြေးမှုံတစ်တင်းကို ၁၂၂၀၀၀ကျပ်ဖြင့် မြို့တွင်းခွဲစက်နှင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ်၂၀၀/၃၀၀ခန့်ရှိပါသည်။ နိုဝင်ဘာလပထမပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ၈၇၀၀၀ကျပ်၊ ပဲကြီး(ကုန်းပဲ)တစ်တင်းကို ၉၂၀၀၀ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများ တစ်ရက်ကိုအိတ် ၂၅၀ခန့် အဝယ်ရှိပါသည်။ နိုဝင်ဘာလပထမပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၁၀၀၀၀၀ကျပ်ဖြင့် မြို့တွင်းနှင့်ရန်ကုန်အဝယ်တစ်ရက်ကိုအိတ် (၁၀၀-၁၅၀)ခန့်ရှိပါသည်။ ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်မှုမှာ သွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပခုက္ကူမြို့၌ နိုဝင်ဘာလ(ပထမပတ်)တွင် ကြက်သွန်နီဈေးနှုန်းများ မြင့်တက်လျက်ရှိ

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် ကြက်သွန်နီ စိုက်ပျိုးရာဒေသများဖြစ်သော ရေစကြို၊ ပေါက်၊ ကမ္မ၊ ရေပြာနယ်များမှ ဆောင်စိုက်ပင်စိုက်ကြက်သွန်နီများ ဝင်ရောက်အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ပခုက္ကူကြက်သွန်နီကုန်စည်ဒိုင်သို့ ပခုက္ကူမြို့နယ်ထွက် ကြက်သွန်နီများသာမက စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်မှ ကြက်သွန်နီများလည်း ဝင်ရောက်အရောင်း အဝယ်ဖြစ်လျက်ရှိပြီး ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(ပထမပတ်)တွင် ကြက်သွန်နီဈေးနှုန်းများ စတင်ဈေးတက်နေကြောင်း၊ အရောင်းအဝယ်မှာလည်း အရောင်းသွက်လျက်ရှိကြောင်း သိရသည်။

   အောက်တိုဘာလ (စတုတ္ထပတ်)တွင် ယောဒေသထွက် ကြက်သွန်နီ ထိပ်စ တစ်ပိဿာလျှင် ကျပ် (၃၅၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၃၂၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၂၈၀၀)၊ ပုလဲကြက်သွန်နီ ထိပ်စတစ်ပိဿာလျှင် ကျပ် (၃၄၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၃၀၀၀)၊ အနိမ့်စတစ်ပိဿာ လျှင် ကျပ်(၂၇၀၀)ဖြစ်ခဲ့ပြီး ယခုနိုဝင်ဘာလ(ပထမပတ်)တွင် ယောဒေသထွက် ကြက်သွန်နီ ထိပ်စ တစ်ပိဿာလျှင် ကျပ်(၃၉၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၃၆၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၃၀၀၀)၊ ပုလဲကြက်သွန်နီ ထိပ်စတစ်ပိဿာလျှင် ကျပ်(၃၆၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၃၃၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၃၀၀၀)ဖြစ်၍ အောက်တိုဘာလ(စတုတ္ထပတ်)နှင့် နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ကျပ်(၄၀၀)ခန့် ဈေးတက်နေကြောင်း၊ နေ့စဉ် အရောင်းအဝယ်ဖြစ်မှုကုန်ချိန်မှာ ပိဿာချိန်(၃)သောင်းမှ (၈)သောင်းအထိ အရောင်းအဝယ်ဖြစ်နေပြီး တင်ပို့မှုအနေဖြင့် ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်သို့ နေ့စဉ်တင်ပို့နေကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

တန်ဆောင်တိုင်ဘုရားပွဲဈေးနှင့်အတူဒေသထွက်ကုန်အရောင်းစင်တာအား ဖွင့်လှစ်ရောင်းချလျက်ရှိ

                   ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင် တည်ထားကိုးကွယ်သော တန်ခိုးကြီးရွှေဆံတော်စေတီတော်မြတ်ကြီးအား ဗုဒ္ဓပူဇနိယပွဲတော်ကို (၈.၁၁.၂၀၂၄)ရက်နေ့မှ (၁၇.၁၁.၂၀၂၄) ရက်နေ့အထိ (၁၀)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

                  ထိုသို့ဘုးရာပွဲဈေးတွင် လူသုံးကုန်ပစ္စည်းအမျိုးမျိုး၊ စားသောက်ကုန်ပစ္စည်းအမျိုးမျိုး၊ ကလေးကစားစရာအရုပ်အမျိုးမျိုး တို့အားတည်ခင်းရောင်းချသွားမည်ဖြစ်ပါသည်။ ထိုဘုရားပွဲဈေးအား ဗိုလ်ချုပ်လမ်းတစ်လျှောက် နှင့် ဘုရားကြီးမြောက်စောင်းတန်းလမ်းတစ်လျှောက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ ထိုသို့ တန်ဆောင်တိုင်ဘုရားပွဲဈေးနှင့်အတူ ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်နားရှိ MSMEsအရောင်းစင်တာလည်း ဒေသထုတ်ကုန်စုံလင်စွာဖြင့် နေ့စဉ်ပိတ်ရက်မရှိရောင်းချလျက်ရှိပါသည်။ ထိုဒေသထုတ်ကုန် အရောင်းစင်တာတွင် ပစ္စည်းအမျိုးအမည်ပေါင်း (၂၂၂)မျိုးဖြင့် ရောင်းချမှုရှိပါသည်။ ယခင်နှစ် ပြည်အရောင်းစင်တာအားဖွင့်ကာစတွင် ပစ္စည်းအမျိုးအမည်ပေါင်း (၁၆၁)မျိုးဖြင့်ရောင်းချခဲ့ပြီး ယခုအချိန်တွင် လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာ၍ (၆၁)မျိုးထပ်မံတိုးချဲ့ရောင်းချလာနိုင်ခဲ့ပါသည်။ ထိုသို့ကုန်ပစ္စည်းများထပ်မံတိုးချဲ့၍ ရောင်းချလာနိုင်ခဲ့ခြင်းမှာ ပြည်ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့က ဈေးကွက်များချိက်ဆတ်ပေးခြင်း၊ ဒေသထုတ်ကုန်များကို ရှာဖွေခြင်းများပြုလုပ် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

                    ပဲခူးတိုင်းဒေသကြီးအတွင်းတွင် ဒေသထုတ်ကုန်အရောင်းစင်တာများကို ပဲခူးမြို့တွင်တစ်ဆိုင်၊ ပြည်မြို့တွင်တစ်ဆိုင်၊ နောက်ပိုင်းတောင်ငူမြို့တွင်လည်း ထပ်မံတိုးချဲ့ဖွင့်လှစ်သွားရန် အစိုးရအဖွဲ့မှ စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဒေသထုတ်ကုန်အရောင်းစင်များအား ဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်မှာ တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား MSMEs စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်တွင်းပြည်ပဈေးကွက် ရရှိစေမည်ဖြစ်ပါသည်။ အားသာချက်အနေဖြင့် ဒေသထုတ်ကုန်နှင့် ဒေသထွက်အစားအစာများကို တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်း ဒေသခံပြည်သူများနှင့် ဘုရားဖူးခရီးသွားဧည့်သည်များ အလွယ်တစ်ကူဝယ်ယူသုံးစွဲနိုင်မည်ဖြစ်ပါသည်။

                  ထို့ကြောင့်ဘုရားဖူးလာပြည်သူများနှင့် ဒေသခံပြည်သူများအနေဖြင့် ပြည်အရောင်းစင်တာတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဒေသထုတ်ကုန်များအား ဘုရားဖူးလာရင်းဝင်ရောက်ကြည့်ရှု ဝယ်ယူသုံးစွဲနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

DOCA(ပဲခူး)

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ကြက်ဥ၊ ဘဲဥနှင့် ဆေးဘဲဥများ ဈေးကောင်းလျက်ရှိ

      မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ကြက်ဥ၊ ဘဲဥ၊ ဆေးဘဲဥနှင့် ငုံးဥများကို မကွေးမြို့၊ မင်းဘူးမြို့နှင့် မန္တလေးမြို့တို့မှ မှာယူရောင်းချကြောင်း သိရသည်။

       ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(ပထမပတ်)တွင် ကြက်ဥ(၁၀)လုံးလျှင် ကျပ်(၄၄၀၀-၄၆၀၀)၊ ဘဲဥ (၁၀)လုံးလျှင် ကျပ်(၈၀၀၀)၊ ဆေးဘဲဥ(၁၀)လုံးလျှင် ကျပ်(၈၅၀၀)၊ ငုံးဥ(၁၀)လုံးလျှင် ကျပ်(၇၀၀) ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိပြီး ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက ကြက်ဥ ကျပ်(၄၀၀)၊ ဘဲဥ ကျပ်(၁၀၀၀)၊ ဆေးဘဲဥ ကျပ်(၁၅၀၀)ဈေးနှုန်းမြင့်တက်ခဲ့ပြီး ငုံးဥဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိ ကြောင်း၊ ယခုအချိန်၌ ဥစားကြက်မွေးမြူးရေးခြံများ၌ ကြက်ဥအထွက်နှုန်းများ လျော့ကျခြင်းကြောင့် ကြက်ဥဈေးနှုန်းများ မြင့်တက်ရခြင်းဖြစ်ပြီး ဘဲဥနှင့်ဆေးဘဲဥမှာ မန္တလေးမြို့မှ မှာယူရောင်းချရသည့်အတွက် သယ်ယူစရိတ်မြင့်မားသောကြောင့် ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

မကွေးမြို့ပေါ်ရှိ ဈေးများတွင် ပန်းဈေးနှုန်းများမြင့်တက်လျက်ရှိ

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ပေါ်ရှိ ဈေးများတွင် ဒေသတွင်းပန်းများနှင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့မှ ပန်းမျိုးစုံတို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပန်းမျိုးစုံ ရောင်းချသူများထံမှ  သိရသည်။

    ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (ပထမပတ်)တွင် မကွေးမြို့၌ ဖြစ်ပေါ်နေသော ပန်းဈေးနှုန်းများမှာ နှင်းဆီပန်း(၁၀ပွင့်) တစ်စီးလျှင် ငွေကျပ်(၄၀၀၀-၅၀၀၀)၊ သစ်ခွပန်းခိုင် တစ်စီးလျှင် ငွေကျပ် (၅၀၀၀-၇၀၀၀)၊ သစ္စာပန်း(၅ ပင်) တစ်စီးလျှင် ငွေကျပ် (၃၀၀၀-၃၅၀၀)၊ ဂန္ဓမာပန်း(ပွင့်သေး) တစ်စီးလျှင် ငွေကျပ် (၂၅၀၀-၃၀၀၀)၊ ဂန္ဓမာပန်း(ပွင့်ကြီး)တစ်စီးလျှင် ငွေကျပ် (၅၀၀၀-၆၀၀၀)၊ နှင်းပန်း တစ်စီးလျှင် ငွေကျပ် (၂၀၀၀-၂၅၀၀)၊ ပန်းတိမ်ငိုပန်း တစ်စီးလျှင် ငွေကျပ်(၃၀၀၀-၃၅၀၀)၊ သပြေငုတ် တစ်ပင်လျှင် ငွေကျပ် (၃၀၀၀-၅၀၀၀)၊ သပြေညွန့် တစ်စီးလျှင် ငွေကျပ် (၅၀၀)နှင့် ရေမွှေးပန်း တစ်စီးလျှင် ငွေကျပ် (၁၅၀၀-၂၀၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်တစ်ပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက မြင့်တက်လာကြောင်း၊ မိုးရွာသွန်းမှုများကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး သယ်ယူစရိတ်မြင့်မား၍ ဈေးမြင့်တက်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

စလင်းမြို့နယ်၊ ငလင်ပန်းကျေးရွာ၌ ရုံးပတီသီးစိုက်ပျိုးခြင်းဖြင့် တောင်သူများဝင်ငွေတိုး

     မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်သည် ဆန်စပါး၊ နှမ်းနှင့် ပဲမျိုးစုံတို့အပြင် စားဖိုဆောင်သီးနှံဖြစ်သည့် ဟင်းသီးဟင်းရွက်များလည်း စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ စလင်းမြို့နယ်၊  ငလင်ပန်းကျေးရွာတွင် ရုံးပတီသီးကို  စိုက်ဧက ၇ ဧကခန့် စိုက်ပျိုးထားကြောင်း သိရသည်။

      ရုံးပတီသီးသည် ရေလုံလောက်စွာရရှိပါက တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်ကြောင်း၊  စက်တင်ဘာလ လယ်တွင် စိုက်ပျိုးပြီး နိုဝင်ဘာလအစတွင် အသီးများ စတင်ခူးဆွတ်ရကြောင်း၊ စိုက်ပျိုးရာတွင် မြေအောက်ရေတင်စနစ်ဖြင့် အတန်းလိုက် နှစ်ပေအကွာ ကျင်းငယ် တူးပြီး အစေ့ချ၍ စိုက်ပျိုးကြောင်း၊  စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် (မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ ထွန်ယက်ခ) အပါအဝင် တစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀၀၀ ခန့် ကုန်ကျပြီး အထွက်နှုန်းပိဿာချိန် (၉၀၀-၁၂၀၀) ခန့်ထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် နိုဝင်ဘာလ (ပထမပတ်)တွင် ရုံးပတီသီး တစ်ပိဿာလျှင် လက်ကားဈေး ငွေကျပ် ၃၀၀၀-၃၅၀၀၊ ရုံးပတီသီးအတောင့် (၁၀)တောင့်လျှင် ငွေကျပ် ၄၀၀-၅၀၀ ဈေးနှုန်းဖြင့် ရောင်းချရပြီး ငွေကျပ် ၁၇၀၀၀၀၀ ခန့် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် စလင်းမြို့ပေါ်ရှိ ကုန်စိမ်းပွဲစားများမှ စိုက်ခင်းအထိ လာရောက်ဝယ်ယူကြကြောင်းနှင့် ထိုမှတစ်ဆင့် မင်းဘူးမြို့နှင့် မကွေးမြို့ပေါ်ရှိ လက်လီ လက်ကားကုန်စိမ်းဆိုင်များသို့ တင်ပို့ရောင်းချကြောင်း၊ ယခုရာသီတွင် ရုံးပတီသီးများ ဈေးကောင်း ရသောကြောင့် တောင်သူများအနေဖြင့် ဝင်ငွေတိုးကာ အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

မကွေးမြို့ပေါ်တွင် ရာသီပေါ်ကျွဲကောသီးများ ရောင်းအားကောင်းလျက်ရှိ

   မကွေးတိုင်းဒေသကြီးသည် ဆီထွက်သီးနှံနှင့် ပဲမျိုးစုံတို့ကို အဓိကစိုက်ပျိုးထွက်ရှိရာ အပူပိုင်းဒေသတစ်ခုဖြစ်ပြီး အခြားဒေသများမှ ထွက်ရှိသည့် သစ်သီးဝလံများကို ဝယ်ယူစားသုံးရကြောင်း၊ မကွေးမြို့တွင် မွန်ပြည်နယ်ဒေသထွက် မော်လမြိုင်ကျွဲကောသီးများ လှိုင်လှိုင်ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

     မွန်ပြည်နယ်ဒေသမှ ထွက်ရှိသည့် ကျွဲကောသီးများကို အလုံးအကြီးအသေး ပေါ်မူတည်၍ ကျွဲကောသီး(ပန်းရောင်) တစ်လုံးလျှင် ငွေကျပ်(၃၅၀၀-၅၀၀၀)၊ ကျွဲကောသီး(အဝါရောင်) တစ်လုံးလျှင် ငွေကျပ်(၃၀၀၀-၄၀၀၀) တို့ဖြင့် ရောင်းချကြောင်း၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် ယခင်နှစ်ကထက် ဈေးနှုန်းပိုသော်လည်း ကျွဲကောသီးများ၏ အရည်အသွေး ကောင်းမွန်မှုကြောင့် ဝယ်ယူသူများ အကြိုက်တွေ့၍ ရောင်းအားကောင်းလျက်ရှိကြောင်း မကွေးမြို့ပေါ်ရှိ သစ်သီးမျိုးစုံ ရောင်းချသည့်ဆိုင်များမှ သိရသည်။

DOCA(မကွေး)

ပြည်ဈေးကွက်တွင် ရာသီစာဇီးသီး စတင်ရောင်းချ

                 ယခုတစ်ပတ်တွင် ရာသီစာသီးနှံဖြစ်သော ဇီးသီးများဈေးကွက်တွင် စတင်ရောင်းချနေကြောင်းသိရှိရပါသည်။ ပြည်မြို့တစ်ဖက်ကမ်းမှ ရွှေဘုံသာရွာ၊ မကျည်းစုရွာ၊ ငွေဘုံသာရွာ အစရှိသောရွာများမှ စတင်၍ထွက်ရှိလာပြီး ဈေးကွက်ဝင်ရောက်ရောင်းချနေကြောင်း တွေ့ရပါသည်။ ဇီးသီးများမှာ ပေါ်ခါစဖြစ်၍ ထွက်ရှိမှုနည်းသဖြင့် အရောင်းအဝယ်ဖြစ်မှုမှာအနည်းငယ်ရှိပြီး ဈေးကွက်အနေဖြင့် ပြည်မြို့ရှိဈေးကွက်များနှင့် ရန်ကုန်မြို့သို့တင်ပို့ရောင်းချကြပါသည်။ ရောင်းချသောဈေးနှုန်းမှာ ဇီးသီးတစ်ပြည်လျှင် ၄၅၀၀ကျပ်ဖြင့်ရောင်းချပြီး (၂၅)ပြည်မှစ၍ စတင်တင်ပို့ရောင်းချနေပြီဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း