Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဇီးကုန်းမြို့နယ်တွင် ဆောင်းသီးနှံပဲကြီးအား စားဖိုဆောင်သီးနှံအဖြစ်စိုက်ပျိုး

      ပဲခူးတိုင်း‌ဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၊ ကျေးရွာအများစုရှိ တောင်သူများမှာ မိုးစပါးရိတ်သိမ်းပြီး ဆောင်းသီးနှံအဖြစ် မတ်ပဲ၊ ပဲတီစိမ်းတို့အား အဓိကထားစိုက်ပျိုးကြပြီး  ပဲကြီးသီးနှံအား စားဖိုဆောင်သီးနှံအဖြစ် လယ်ကန်သင်းများ၊ ချောင်းဘေး၊ မြေပြန့်၊ မြေလွတ်များတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်းသိရပါသည်။

          ဒေသတွင်းတောင်သူများမှာ ပဲကြီးသီးနှံအား  စက်တင်ဘာလတွင် စတင်စိုက်ပျိုးကြောင်းသိရပါသည်။ အများအားဖြင့် ပဲကြီး ဆွပ်ပဲမျိုးကိုသာစိုက်ပျိုး၍ ပဲကြီးမျိုး ပိဿာ (၂၀)ဝင်တစ်တင်းလျှင် ငွေကျပ်(၉၀၀၀၀)၊ တစ်ပိဿာလျှင် ငွေကျပ် (၄၅၀၀)ဖြင့်ဝယ်ယူစိုက်ပျိုးရကြောင်း၊ စိုက်ပျိုးနည်းမှာ ကန်သင်းများတွင် ပေါက်ပြားဖြင့် ကျင်းပြုလုပ်ပြီး စိုက်ပျိုးရကြောင်း၊ ဧကလိုက် စိုက်ပျိုးမှုနည်းပြီး  အများအားဖြင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းဖြစ်ပြီး ယခုနှစ်တွင်  ဇီးကုန်းမြို့နယ်အနေဖြင့် ပဲကြီးစိုက်ဧက  (၁၅)ဧကခန့်ရှိကြောင်း သက်ဆိုင်ရာဦးစီးဌာနမှသိရပါသည်။

          ပဲကြီးသီးနှံအား နှစ်စဉ် မီးဖိုချောင်သုံးဟင်းတစ်မယ်အဖြစ် ပဲကြီးရေစိမ်၊ ပဲသုပ်၊ ပဲဟင်း စသည်ဖြင့် နှစ်ပတ်လည်စားသုံးမှုအတွက် နှစ်စဉ် မြေလွတ်များတွင်စိုက်ပျိုးကြပြီး ပိုလျှံရောင်းချမှု အပေါ် မြို့နယ်ပဲအဝယ်ဒိုင်များကဝယ်ယူမှုရှိပြီး ယခင်နှစ်ပဲကြီးပေါ်ချိန်ဈေးနှုန်းမှာ ပိဿာ(၂၀)ဝင် တစ်တင်းလျှင် ငွေကျပ် (၉၀၀၀၀)ခန့်ရှိသဖြင့်စားသုံးရန်အပြင် အပိုဝင်ငွေရသီးနှံဖြစ်သဖြင့် မြေလွတ်နှင့် ကန်သင်းများတွင် စိုက်ပျိုးသင့်ကြောင်းရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

ကြက်သွန်နီ၊ ကြက်သွန်ဖြူဈေးနှုန်းများမြင့်တက်

         ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၊ မြို့မဈေးတွင်ရောင်းချနေသော ကြက်သွန်နီနှင့် ကြက်သွန်ဖြူဈေးနှုန်းများသည် ယခုနိုဝင်ဘာလတွင် ဈေးနှုန်းများမြင့်တက်လျက်ရှိကြောင်းသိရပါသည်။  

     ယခင်အောက်တိုဘာလ စတုတ္ထပတ်တွင်ရောင်းချခဲ့သော ကြက်သွန်နီဈေးနှုန်းများမှာ ကြက်သွန်နီ (အသေး) တစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ ကြက်သွန်နီ (အကြီး) တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် (၂၂၀၀၀)ကျပ်ဖြစ်ခဲ့ပြီး ယခုနိုဝင်ဘာလ ဒုတိယပတ်တွင် ရောင်းချနေသောကြက်သွန်နီဈေးနှုန်းများမှာ ကြက်သွန်နီ (အသေး) တစ်ပိဿာလျှင် (၄၈၀၀)ကျပ်၊ ကြက်သွန်နီ (အကြီး) တစ်ပိဿာလျှင် (၅၅၀၀)ကျပ်၊ ကြက်သွန်ဖြူ ကြူကုတ်တစ်ပိဿာလျှင် (၂၅၀၀၀)ကျပ်နှုန်းဖြင့်ရောင်းချနေကြောင်းသိရပါသည်။

         စားသုံးသူများအနေဖြင့် ကြက်သွန်နီ၊ ကြက်သွန်ဖြူဈေးနှုန်းများမြင့်တက်လျက်ရှိသော်လည်း ကြက်သွန်နီ၊ ကြက်သွန်ဖြူသည် ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပြီး အိမ်ထောင်ရှင်မများအတွက်လည်း မရှိမဖြစ်အသုံးဝင်သည့်အတွက် ဈေးနှုန်းများမြင့်တက်သော်လည်း ပုံမှန်အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

DOCA(ပဲခူး)

 

ကြို့ပင်ကောက်မြို့ ဘိလပ်မြေဈေးကွက်အခြေအနေ

        သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၌ နိုဝင်ဘာလ ဒုတိယပတ်တွင် ဘိလပ်မြေဈေးကွက်မှာ ပုံမှန်အရောင်းအဝယ်ရှိနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်းသိရှိရပါသည်။ ဈေးကွက်အတွင်း အရောင်းအဝယ်ပုံမှန်ဖြစ်နေသောဈေးနှုန်းမှာ ကြံ့နှစ်ကောင်(အနီ) 50kg တစ်အိတ်လျှင် ၁၃၅၀၀ကျပ်၊ ALPHA 50kg တစ်အိတ်လျှင် ၁၃၅၀၀ကျပ်ဖြစ်ပြီး ယခင်အပတ်ဈေးနှုန်းထက် ၁၀၀၀ကျပ်ကျော် ဈေးနှုန်းမြင့်တက်သွားကြောင်းသိရှိရပါသည်။ ကျောက်ဆည်မှ ကြို့ပင်ကောက်သို့ ဘိလပ်မြေသယ်ယူစရိတ် ၃၇ကျပ်/  ၃၈ကျပ်ရှိပြီး ကားတစ်စီးလျှင် (၇၅၀) အိတ်ခန့်သယ်ယူပြီး မှာယူတင်သွင်းရောင်းချရကြောင်း၊ ဈေးဆိုင်အလိုက် ခွဲတမ်းရရှိမှုအပေါ်မူတည်၍ ရောင်းချရကြောင်း၊ လိုသလောက် ဝယ်ယူမရရှိကြောင်း အိမ်ဆောက်ပစ္စည်းရောင်းချသည့် ဆိုင်ရှင်များထံမှသိရှိရပါသည်။

DOCA(ပဲခူး)

 

မင်းလှမြို့မဈေးတွင် ရောင်းချလျက်ရှိသော ကြက်ဥ/ဘဲဥဈေးကွက်

       ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့မဈေးကြီးအတွင်း ရောင်းချနေသော ကြက်ဥ၊ ဘဲဥ လက်လီဈေးနှုန်းများမှာ နိုဝင်ဘာလ ဒုတိယပတ်တွင်  ကြက်ဥကြီးတစ်လုံးလျှင် ၄၀၀ကျပ်၊ ကြက်ကလတ်တစ်လုံးလျှင် ၃၇၀ကျပ်၊ ကြက်ဥသေးတစ်လုံးလျင် ၃၂၀ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြပါသည်။

         ဘဲဥဈေးနှုန်းများမှာ ဘဲဥကြီးတစ်လုံးလျှင် ၅၅၀ကျပ်၊ ဘဲဥလတ်တစ်လုံးလျှင် ၅၀၀ကျပ်၊ ဘဲဥသေးတစ်လုံးလျှင် ၄၈၀ကျ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပါသည်။ ကြက်ဥ၊ ဘဲဥ တစ်နေ့ ရောင်းချမှုအနေဖြင့်   အလုံးရေပေါင်း (၁၀၀၀ မှ ၁၂၀၀)လုံးခန့်ရောင်းချရကြောင်း ကြက်ဥ၊ ဘဲဥရောင်းချသူတစ်ဦးထံမှသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူဒေသထွက်ဝါးများ

        မြန်မာနိုင်ငံတွင် ဝါးမျိုးပေါင်း ၂၀၀ ကျော်ခန့်ရှိသည်ဟု လူသိများသော်လည်း တောင်ငူဒေသတွင်တွေ့ရသော ဝါးအမျိုးအစားများမှာ ဝါးပိုး၊ ဝါးနက်၊ ဝါးဖြူ၊ သိုက်ဝါး၊ တင်းဝါး၊ တပင်တိုင်ဝါး၊ ကြသောင်းဝါး၊ ထီးရိုးဝါများပင်ဖြစ်သည်။

         ဝါးကို အိမ်ဆောက်ရာတွင် အိမ်တိုင်၊ အခင်းအကာများအဖြစ်လည်းကောင်း၊ လက်မှုလုပ်ငန်းလုပ်ကိုင်ရာတွင် ဖျာ၊ ကုလားထိုင်၊ တောင်းအမျိုးမျိုး၊ ဝါးခမောက်၊ ကုလားထိုင် စသည့် လူသုံးကုန်ပစ္စည်းများထုတ်လုပ်၍လည်းကောင်း၊ ခြံစည်းရိုးကာရာတွင်လည်းကောင်း အသုံးပြုလျက်ရှိပါသည်။

        တောင်ငူမြို့ရှိ ဝါးဆိုင်များတွင် ဝါးတစ်လုံးလျှင် အကြီး/အသေးပေါ်မူတည်၍ ၁၀၀၀ကျပ်မှ ၂၀၀၀ကျပ်အထိရောင်းချလျက်ရှိပြီး၊ လူသုံးကုန်ပစ္စည်းအဖြစ် တန်ဖိုးမြှင့်ထုတ်လုပ်၍ ရောင်းချပါက ဈေးကောင်းရရှိကြောင်း ဝါးဖြင့် အသက်မွေးဝမ်းကြောင်းပြုသူများထံမှသိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့တွင် ကျွဲခေါင်းသီးများပေါ်ပြီ

         ယခုအခါတွင် ကျွဲခေါင်းသီးများ ပေါ်နေပြီဖြစ်ရာ တောင်ငူမြို့ရှိ ဈေးကွက်ထဲ၌ ကျွဲခေါင်းသီးများကို တွေ့နေရပြီဖြစ်ပါသည်။ ကျွဲခေါင်းသီးကို ပြုတ်၍စားရပါသည်။  ကျွဲခေါင်းသီးစားခြင်းအားဖြင့် ကျောက်ကပ်နှင့် ဆီးအိမ်တို့ ကျောက်တည်ခြင်းကိုကာကွယ်ပေးခြင်း၊ သွားနှင့်သွားဖုံးတို့ကိုခိုင်မာစေခြင်းနှင့် နှလုံးရောဂါရှိသူများ ရောဂါသက်သာစေခြင်း စသည့် အကျိုးကျေးဇူးများရရှိစေပါသည်။

          ကျွဲခေါင်းသီးအလုံးအကြီး/ အသေးပေါ်မူတည်၍ ၅၀ကျပ်သားယူလျှင် ၂၅၀၀ကျပ်မှ ၃၅၀၀ကျပ်အထိ၊ တစ်ပိဿာယူလျှင် ၄၅၀၀ကျပ်မှ ၆၀၀၀ကျပ်အထိရောင်းချရကြောင်း၊ အရသာမှာ ဆိမ့်သောကြောင့် လူကြီး/ လူငယ်မရွေး ကြိုက်နှစ်သက်၍ ရောင်းအားကောင်းကြောင်း ကျွဲခေါင်းသီးရောင်းချသူတစ်ဦးထံမှသိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့၌ တန်ဆောင်မုန်းလပြည့်ကာလ မဲဇလီဖူးရောင်းအားကောင်း

        မဲဇလီပင်သည် အလေ့ကျပေါက်သည့် အပင်ကြီးများဖြစ်ပြီး မိုးကုန်ခါနီးမှ ဆောင်းတွင်းကာလအထိ အဖူးများဖူးပါသည်။ မဲဇလီဖူး၏အရသာမှာ အနည်းငယ်ခါးသက်သော်လည်း မဲဇလီဖူးသုပ်မှာ ခံတွင်းမြိန်စေသည့် အစားအစာတစ်မျိုးဖြစ်ရာ ကြိုက်နှစ်သက်သူများပါသည်။

         မြန်မာတို့သည့် တန်ဆောင်မုန်းလပြည့်ည၌ မဲဇလီဖူး၌ ဆေးပေါင်းခသည်ဟုအယူရှိရာ တန်ဆောင်မုန်းလပြည့်ကာလတွင် အိမ်တိုင်းလိုလို၌ မဲဇလီဖူးသုပ်စားကြသဖြင့် မဲဇလီဖူးရောင်းအားကောင်းပါသည်။

           ယခင်က မဲဇလီဖူးပြုတ် နို့ဆီဘူးတစ်ဘူးလျှင် ၃၅၀ကျပ်၊ သုံးဘူးယူလျှင် ၁၀၀၀ကျပ်ရှိခဲ့ရာမှ ယခုလပြည့်နီးသည့်ကာလတွင် နို့ဆီဘူးတစ်ဘူးလျှင် ၇၀၀ကျပ်၊ သုံးဘူးယူလျှင် ၂၀၀၀ကျပ် အထိရောင်းရပါသည်။ လပြည့်နေ့တွင် ယခုထက် ဈေးပိုနိုင်ကြောင်း မဲဇလီဖူးရောင်းချသူများထံမှသိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် အာလူးဈေးကွက်ကောင်း

          တောင်ငူမြို့သို့ ရှမ်းပြည်နယ်၊ တောင်ကြီးဒေသမှ အားလူများဝင်ရောက်လျက်ရှိရာ ယခင်လက အာလူးအသေးတစ်ပိဿာလျှင် ၄၀၀၀ကျပ်၊ အလတ် ၅၂၀၀ကျပ်နှင့် အကြီး ၇၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် အသေး ၅၀၀၀ကျပ်၊ အလတ် ၆၅၀၀ကျပ်နှင့် အကြီး ၈၀၀၀ကျပ်အထိဈေးနှုန်းမြင့်တက်ခဲ့ပါသည်။

       အာလူးကို နေအိမ်များတွင် ချက်စားသည့်အပြင် စားသောက်ဆိုင်များ၌ အသားဟင်းများနှင့်ရောချက်၍ ရောင်းချသကဲ့သို့ အသင့်စားအာလူးကြော်များကိုလည်း တောင်ငူဒေသတွင် ထုတ်လုပ်သဖြင့် တောင်ငူမြို့တွင် အာလူးများ အရောင်းအဝယ်ကောင်းကြောင်း ညောင်ပင်ဈေးရှိ အာလူးအရောင်းဆိုင်မှသိရပါသည်။

DOCA(ပဲခူး)

ရွှေဘိုမြို့တွင် အစေ့ထုတ်ပြောင်း ဈေးငြိမ်နေ

     ရွှေဘိုခရိုင်အနေဖြင့် စပါးကိုအဓိကစိုက်ပျိုးကြသော်လည်း မိုးကောင်းတောဒေသများတွင် ပဲ၊ ပြောင်း သီးနှံများကိုစိုက်ပျိုးကြရာ ၂၀၂၃-၂၀၂၄ခုနှစ် မိုးသီးနှံတွင် အစေ့ထုတ်ပြောင်း(၃၈၂၅)ဧက စိုက်ပျိုးကြောင်း၊ အစေ့ထုတ်ပြောင်းကို ပဲစဉ်းငုံနှင့် သီးညှပ်သော်လည်းကောင်း၊ သီးသန့် သော်လည်းကောင်းစိုက်ပျိုးကြပြီး ဇွန်လတွင်စတင်စိုက်ပျိုး၍ စက်တင်ဘာလတွင် ရိတ်သိမ်းကြကြောင်း၊ တစ်ဧကအထွက်နှုန်းမှာ(၅၄)တင်းခန့် ထွက်ရှိကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။ ရွှေဘိုမြု့ရှိ ပဲ၊ နှမ်းကုန်စည်ဒိုင်သို့ ရွှေဘိုခရိုင်သာမက နယ်မြေချင်း ထိစပ်လျက်ရှိသည့် ရေဦးခရိုင်နှင့် ကန့်ဘလူခရိုင်မှ အစေ့ထုတ်ပြောင်းများလည်း ဝင်ရောက်လျက်ရှိကြောင်း၊ အစေ့ထုတ်ပြောင်းမှာ စက်တင်ဘာလ၊ ဒုတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ပြီး နိုဝင်ဘာလ၊ ဒုတိယအပတ်တွင်အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ အစေ့ထုတ်ပြောင်းတစ်တင်းလျှင်(၂၄၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၂၂၅၀၀)တင်း/ (၅၆၁)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၂၄၅၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်နှင့် ယခင်အပတ် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူ၌ အစေ့ထုတ်ပြောင်း တစ်တင်းလျှင် (၁၇၀၀ဝိ/-) ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ကာလတူထက် အစေ့ထုတ်ပြောင်း တစ်တင်းလျှင် (၇၅၀ဝိ/-) ကျပ်ဈေးပိုမိုရရှိခဲ့ကြောင်း၊ ရွှေဘိုဈေးကွက်သို့ အစေ့ထုတ်ပြောင်းများ အဝင်များသော်လည်း ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် ရှမ်းပြည်ဒေသထွက်လိမ္မော်သီးများ ရောင်းအားကောင်း

      တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ သစ်သီးဈေးဆိုင်များတွင် ရှမ်းပြည်နယ်၏ သစ်သီးတစ်မျိုးဖြစ်သော လိမ္မော်သီးများ ပေါများစွာဝင်ရောက်နေပြီဖြစ်ပါသည်။ မိုးရာသီတွင် လိမ္မော်သီးများ ရှားပါး၍ သစ်သီးဆိုင်များတွင် အရောင်းအဝယ်မရှိခဲ့ရာက ယခု မိုးအကုန် ဆောင်းအကူးကာလတွင် လိမ္မော်သီးများ စတင်ဝင်ရောက်လာပြီဖြစ်ပါသည်။

           လိမ္မော်သီးမှာ အအေးဆိုင်များတွင် လိမ္မော်သီးဖျော်ရည်အဖြစ် တစ်ခွက်လျှင် အသီးပေါများမှုပေါ်မူတည်၍ ၂၅၀၀ကျပ်မှ ၃၀၀၀ကျပ်ဖြင့်ရောင်းချပေးလျက်ရှိပါသည်။ ရှမ်းပြည်လိမ္မော်သီး ဈေးနှုန်းများအနေဖြင့် အသီးအကြီး၊  အလတ်၊ အသေးပေါ်မူတည်၍ တစ်ပိဿာလျှင် ၅၀၀၀ကျပ်၊ ၈၀၀၀ကျပ်နှင့် ၁၀၀၀၀ကျပ်ထိဖြင့် ဈေးကောင်းရလျက်ရှိပါသည်။

            လိမ္မော်သီး၏အရသာမှာလည်း ခံတွင်းရှင်းပြီး စားကောင်းပါသည်။ ဗီတာမင် C နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်ခြင်း၊ ကယ်လ်လိုရီပါဝင်မှုနည်းပြီး အာဟာရဓာတ်အပြည့်အဝ ပါဝင်ခြင်း၊ သဘာဝအချိုဓာတ်ရရှိစေနိုင်သော သစ်သီးဖြစ်ခြင်းကြောင့် ကျန်းမာရေးအတွက် အထူးသင့်လျော်သည့်အသီးဖြစ်၍ လူကြိုက်များပြီး ရောင်းအားကောင်းကြောင်းသိရပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း