Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မအူပင်မြို့နယ်မှ နေ့စဉ် ငါးရှဉ့်ပိဿာချိန် ၇၅၀၀၀ထိတင်ပို့လျက်ရှိ

         ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၌ ငါးရှဉ့်ရောင်းဝယ်ရေးလုပ်ငန်းများလုပ်ကိုင်လျက်ရှိပြီး  ချောင်း၊ အင်းအိုင်၊ မြောင်းလယ်ကွင်းများမှ သဘာဝအတိုင်း ရှာဖွေဖမ်းဆီးပြီး ဖမ်းစီးရရှိသော ဒေသထွက်ငါးရှဉ့်များကို ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့ရောင်းချပြီးလျက်ရှိ ကြောင်း ငါးရှဉ့်ရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦး၏ ပြောပြချက်အရသိရသည်။

      မအူပင်မြို့နယ်မှ ငါးရှဉ့်များကို ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း ငါးရှဉ့်ပိဿာချိန် ၇၅၀၀၀ ထိတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း မအူပင်မြို့နယ်ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံ မြင့်မိုရ်ငါးရှဉ့်ဒိုင်၏ ပြောပြချက်အရသိရသည်။ စက်တင်ဘာလအတွင်း ရန်ကုန်သို့ ငါးရှဉ့်ပိဿာချိန် ၅၅၀၀၀ ထိသာတင်ပို့ရောင်းချနိုင်ခဲ့ပြီး အောက်တိုဘာလတစ်လတာအတွင်း ငါးရှဉ့်ပိဿာချိန် ၇၅၀၀၀ ထိတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ မအူပင် ထနီး၊ မလတ်တို၊ ရေလဲ၊ အောင်ဟိတ်၊  စစ်ချောင်း၊ နတ်စဉ်၊ ငါးဖားအိုင် ကျေးရွာဘက်တို့မှ တစ်နေ့ကို ငါးရှဉ့်ပိဿာချိန် ၁၅၀၀ မှ ၂၀၀၀၊ ၂၅၀၀ ထိဝယ်ယူရရှိကြောင်း၊ ငါးရှဉ်ဆိုဒ်အမျိုးအစားအခွဲခြားဘဲ ဝယ်ယူပြီး၊ ရန်ကုန်သို့တင်ပို့ကာ ငါးရှဉ့်များကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှုအားကောင်းလာခြင်းဖြစ်ကြောင်းသိရသည်။

       ရန်ကုန်ဈေးကွက်မှတစ်ဆင့် အခြားပြည်တွင်း၊ ပြည်ပဈေးကွက်များဆီသို့ ဆက်လက်ဖြန့်ဖြူးရောင်းချကြောင်း၊ မအူပင်မြို့နယ်မှ ရန်ကုန်သို့ အဓိကထားတင်ပို့ပြီး ရန်ကုန်မြို့ ငါးရှဉ်ဒိုင်ကြီးများက ပြည်တွင်း၊ ပြည်ပဈေးကွက်ထိတင်ပို့နေကြောင်း မအူပင်မြို့နယ်ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေး မြင့်မိုရ်နှင့် မြင့်မြတ်သူလုပ်ငန်းပိုင်ရှင်တို့ကပြောသည်။ မအူပင်မြို့နယ်တွင် အောက်တိုဘာလအတွင်း တင်ပို့ရောင်းချခဲ့သည့် ငါးရှဉ့် ၁၀ပိဿာလျှင် ငွေကျပ်၁၃၅၀၀၀မှ ငွေကျပ်၁၅၀၀၀၀ထိဈေးပေါက်ခဲ့ကြောင်း၊ ယနေ့နိုဝင်ဘာလ (၁၁)ရက်နေ့ ပေါက်ဈေးအနေဖြင့်  ငါးရှဉ့် ၁ပိဿာကို ၁၈၀၀၀ကျပ်၊ ၁၉၀၀၀ကျပ်ထိဈေးပေါက်၍ ဈေးကောင်းနေပြီး ဝယ်ယူနေသည်။ ကထိန်လ အလှူရက်ဖြစ်၍ လာရောက်ရောင်းချမှုနည်းပါးသော်လည်း အလှူပြီးရက်များတွင် ပိဿာချိန်ပိုမိုရရှိနိုင်ကြောင်း ငါးရှဉ့်ရောင်းဝယ်ရေးလုပ်ကိုင်သူ ပွဲရုံလုပ်ငန်းရှင်ကပြောပြသည်။ အဆိုပါဒေသတွင် ရန်ကုန်ဈေးကွက်မှတစ်ဆင့် ပြည်ပနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံ တို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်းသိရပါသည်။

DOCA(ဧရာဝတီ)

 

ပြည်မုန်လာဥဖြူဈေးကောင်းရ

              ပြည်ဈေးကွက်အတွင်း ဆောင်းရာသီသီးနှံဖြစ်သည့် မုန်လာဥဖြူသီးနှံများ ယခုနိုဝင်ဘာပထမပတ်တွင် စတင်ဝင်ရောက်မှုရှိလာပြီး ဈေးကောင်းရလျက်ရှိကြောင်းသိရပါသည်။ ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် အရောင်းအဝယ်မှာကောင်းလျက်ရှိပြီး ဈေးကွက်သို့ ဆင်မြီးဆွဲ၊ ပုတီးကုန်း၊ ကင်ပွန်းခြုံ၊ မှုတ်ရှည်ရွာများမှ အဝင်ရှိနေပါသည်။ ဝင်ရောက်မှုမှာ တစ်ကြိမ်လျှင် (၅)လုံးပါအစည်း (၅၀-၆၀)ခန့်ဝင်ရောက်မှုရှိနေပြီး ဈေးကွက်အတွင်းရောင်းချသောဈေးနှုန်းမှာ တစ်စည်းလျှင် (၇၀၀-၈၀၀)နှုန်းဖြင့် ဈေးမြင့်နေသော်လည်း ပေါ်ခါစဖြစ်သောကြောင့် အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့နယ်ရှိလိမ္မော်သီးဈေးကွက်

                ပြည်မြို့ရှိ လိမ္မော်သီးဈေးကွက်မှာ ဈေးနှုန်းများကျဆင်းခြင်းမရှိဘဲ ပုံမှန်ဈေးအတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ လိမ္မော်ပင်များသည် ဒေသတစ်ခုနှင့် တစ်ခုစိုက်ပျိုးချိန်၊ မြေအနေအထား၊ ရာသီဥတုအခြေအနေ၊ ဒေသအနေအထားအရ အသီးသီးကွဲပြားပါသည်။ မတ်လနှင့် ဧပြီလတွင် စတင်အသီးသီးပြီး အောက်တိုဘာလတွင်အသီးများလှိုင်လှိုင်ထွက်ရှိပါသည်။ လိမ္မော်သီးအား တောင်ကြီးနှင့်လားရှိုးမြို့တို့တွင်စိုက်ပျိုးပြီး ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်များတွင်လည်း စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ ပြည်မြို့နယ်အတွင်း ဝင်ရောက်လာသောလိမ္မော်သီးများမှာ တောင်ကြီး၊ အောင်ပန်းဒေသများမှဝင်ရောက်ပြီး၊ ဟင်္သာတမြို့နယ်များမှ ဝင်ရောက်သောအသီးများမှာ ပိဿာချိန်ဖြင့်ရောင်းချရသောအသီးများဖြစ်ပြီး ပြည်မြို့မှတစ်ဆင့် အခြားမြို့နယ်များသို့ပြန်လည်၍ လက်လီ/ လက်ကားရောင်းချကြောင်းသိရပါသည်။ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသောလိမ္မော်သီးဈေးနှုန်းများမှာ အလုံးချောတစ်လုံးလျှင် (၁၅၀၀-၂၀၀၀)ကျပ်နှင့် အချိန်နှင့်ရောင်းချသော လိမ္မော်သီးဈေးနှုန်းများမှာ တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်တွင် ခရမ်းရောင်သစ်ခွပန်းများအရောင်းအဝယ်ဖြစ်

               ယခုအချိန်သည် ဆောင်းဦးပေါက်ရာသီဖြစ်၍ ဘုရားပန်းများကပ်လှူပူဇော်ရန် ခရမ်းရောင်သစ်ခွပန်းများ ပြည်မြို့ရှိဈေးကွက်များတွင် ရောင်းချလျက်ရှိပါသည်။ ထိုသစ်ခွပန်းသည် ဆောင်းရာသီကာလတွင်သာရရှိပြီး ပြည်ဒေသရှိ ပန်းရောင်းသူများသည် ရန်ကုန်မြို့မှ မှာယူတင်သွင်းရောင်းချကြောင်းသိရပါသည်။ ရန်ကုန်မြို့မှ ပန်းကုန်သည်များသည် ရှမ်းပြည်နယ်၊ တောင်ကြီးနှင့် ပြင်ဦးလွင် ဘက်မှဝယ်ယူ၍ တစ်ဆင့်ပြန်လည်ရောင်းချကြောင်း သိရပါသည်။ ရောင်းချသော ဈေးနှုန်းများအနေဖြင့် ပန်းခိုင် အကြီး/ အသေးရောရာ (၅)ခိုင်ပါတစ်စည်းလျှင် ၃၀၀၀ကျပ်ဖြင့် ရောင်းချကြပါသည်။ ယခင်နှစ်တွင် ထိုပန်းခိုင်တစ်ခိုင်လျှင် (၄၀၀-၅၀၀)ကျပ်ဖြင့် ရောင်းချခဲ့သဖြင့် ယခုနှစ်တွင် ဈေးအနည်းငယ်မြင့်တက်လာခဲ့ပါသည်။

                ထိုသစ်ခွပန်းသည် ဘုရားပန်းများကပ်လှူပူဇော်ရာတွင် လှပသပ္ပယ်ပြီး ကြာရှည်အထားခံ၍ ဝယ်ယူသူများပြီး အရောင်းအဝယ်သွက်သောပန်းဖြစ်ပါသည်။

 DOCA(ပဲခူး)

ပြည်မြို့ရှိဈေးကွက်များအတွင်းရောင်းချနေသောဝါးဥနှင့် ပီလောပီနံဥ(ခ)ကလောဥ

              ပြည်ဒေသရှိဈေးကွက်များတွင် ဝါးဥနှင့်ပီလောပီနံဥ(ခ)ကလောဥများ ရောင်းချလျက်ရှိပါသည်။ ဝါးဥကို ပုတီးကုန်း၊ သဲကုန်းဘက်မှဝင်ရောက်မှုရှိသလို ကလောဥကို ပန်းတောင်းမြို့နယ်နှင့်အခြားမြို့နယ်များမှ ဝင်ရောက်လျက်ရှိပါသည်။ ဝါးဥပင်ကို မိုးဦးကျကာလတွင်စိုက်ပျိုးပြီး ယခုလိုဆောင်းဦးရာသီဖြစ်သော နိုဝင်ဘာလဆန်းတွင် တူးယူ၍ရောင်းချကြပါသည်။ ယခုအချိန်တွင် ဝါးဥပေါ်စအချိန်ဖြစ်၍ ရောင်းချသောဈေးနှုန်းများမှာ တစ်ပိဿာလျှင် ၄၀၀၀ကျပ်ဖြင့်ရောင်းချပြီး နေ့စဉ် ပိဿာချိန် (၁၀)ပိဿာကျော်ဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပီလောပီနံဥ (ခ)ကလောဥကို ပန်းတောင်းမြို့နယ်၊ တည်ပင်ကျိုးကျေးရွာတွင် စီးပွားဖြစ်စိုက်ပျိုးပြီး စိုက်ပျိုးချိန်မှာ ကဆုန်လတွင်စိုက်ပျိုးပြီး စိုက်ပျိုးပြီး (၇)လအကြာတွင်ဖြစ်သော တန်ဆောင်မုန်းလတွင် စတင်တူးဖော်၍ရောင်းချကြပါသည်။ ပြည်ဈေးကွက်တွင်ရောင်ချသော ပီလောပီနံဥ(ခ)ကလောဥဈေးနှုန်းမှာ တစ်ပိဿာလျှင် ၂၀၀၀ကျပ်ဖြင့်ရောင်းချကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

မအူပင်ဆီကိုယ်စားလှယ်များအသင်းမှ မအူပင်ခရိုင်ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီရောင်းချခြင်း

       မအူပင်ခရိုင်၊ မအူပင်မြို့နယ်မှ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၊ စားသုံးဆီကိုယ်စားလှယ်များက အလှည့်ကျ မအူပင်ခရိုင်၊ မြို့နယ်ဝန်ထမ်းမိသားစုများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် သက်သာစွာစားသုံးနိုင်ရေး မအူပင်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ရုံးဝန်းတွင် (၁၂-၁၁-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၃း၃၀)နာရီအချိန်၌ စနစ်တကျရောင်းချပေးနေကြောင်းသိရသည်။

         မအူပင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဆီကိုယ်စားလှယ်များသည်  သက်ဆိုင်ရာဌာနတို့၏အမိန့်၊ ညွှန်ကြားချက်၊ လမ်းညွန်ချက်၊ သတ်မှတ်ချက်များအတိုင်း စားသုံးသူပြည်သူများ သက်သာစွာ စားသုံးဆီဝယ်ယူနိုင်ရေးကို စီစဉ်ဆောင်ရွက်လျက်ရှိပြီး တစ်လလျှင် အပတ်စဉ်အလိုက် ရပ်ကွက်နှင့် ကျေးရွာများအထိ အခြေခံလူတန်းစားများနှင့် ဝန်ထမ်းမိသားစုများ စားဝတ်နေရေးအဆင်ပြေစေရေးအတွက် မအူပင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် စားသုံးဆီရောင်းဝယ်ရေးမော်တော်ယာဉ်ဖြင့် သတ်မှတ်အရေအတွက်ကုန်ဆုံးသည်အထိ  ရောင်းချပေးလျက်ရှိပြီး၊ မအူပင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ရုံးဝန်းတွင် ဝန်ထမ်းမိသားစုများကို  သတ်မှတ်လူဦးရေအလိုက် စားအုန်းဆီအချိန် ပိဿာ၃၃၀ကို သတ်မှတ်ရည်ညွှန်းဈေး ၇၁၅၀ကျပ်ဖြင့် စနစ်တကျရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

“ တစ်ပတ်အတွင်း စားအုန်းဆီ ထုတ်ပေးမှုအခြေအနေ ”

               ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်ရှိ  သီလဝါစက်မှုဇုန်၊ Wilmar ဆီကန်မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များနှင့် အခြားတိုင်းဒေသကြီးပြည်နယ်များရှိ ကိုယ်စားလှယ်များသို့ စားအုန်းဆီနေ့စဉ်ထုတ်ပေးလျက်ရှိပါသည်။ စားအုန်းဆီအား ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အပတ်စဉ်ထုတ်ပြန်ထားသော အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအပေါ် လက်ကားပြန်လည်ဖြန့်ဖြူးရောင်းချသူများအနေဖြင့် ဒေသအရောက်ဈေးနှုန်းများအပေါ် (၂)ရာခိုင်နှုန်းအမြတ်ထက်မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချစေရေး ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်စေရေးတို့အတွက်လည်း ဝန်ထမ်းများမှကွင်းဆင်းကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် (၄.၁၁.၂၀၂၄)ရက်နေ့မှ (၉.၁၁.၂၀၂၄) ရက်နေ့အထိ ဆီကုမ္ပဏီ(၁၁)ခုနှင့် စားအုန်းဆီတန်ချိန် (၆၀၉၅.၁၈၇)တန်ကို ထုတ်ပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ကြံခင်းမြို့နယ် မိုးစပါးရိတ်သိမ်းထွက်ရှိမှု အခြေအနေ

                ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးစိုက်ဧက (၄၂၄၁၂) ဧကစိုက်ပျိုးပြီး၊ သီးထပ်ဖြစ် မတ်ပဲ၊ ပဲတီစိမ်းနှင့် နွေစပါးတို့ကို စိုက်ပျိုးကြပါသည်။ (၁၁.၁၁.၂၀၂၄) ရက်နေ့အထိ (၁၄၀၅၇)ဧက ရိတ်သိမ်းပြီးကြောင်းသိရှိရပါသည်။ အထွက်နှုန်းအနေဖြင့် ၁ဧကပျမ်းမျှ ၉၀.၂၉ တင်းထွက်ရှိပြီး စပါးဈေးနှုန်းမှာလည်း ကွင်းပေါက်ဈေး ပေါင်(၅၅) တင်း(၁၀၀)လျှင်(၁၆၀၀၀၀၀ကျပ်မှ၁၈၀၀၀၀၀ကျပ်)ဈေးဖြင့်စပါးအမျိုးအစားပေါ်မူတည်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဇလွန်မြို့နယ်ရှိ SMEs ထုတ်ကုန်ဖြစ်သော ပဲကြွပ်ကြော်လုပ်ငန်း

             ဧရာဝတီတိုင်း‌ဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ဒေသထုတ်ကုန်ဖြစ်သော ပဲကြွပ်ကြော်လုပ်ငန်းအား မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းအဖြစ် ထုတ်လုပ်ရောင်းချလျက်ရှိရာ မိမိတို့ဒေသဈေးကွက်အပြင် ခရိုင်အတွင်း၊ တိုင်းအတွင်း မြို့နယ်များသို့  ဖြန့်ဖြူးရောင်းချလျက်ရှိပြီး၊  ဒေသလက်ဆောင်အဖြစ်လည်းရောင်းချရကြောင်း  ဇလွန်မြို့နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်စိမ်းမြသီတာမှ (၇.၁၁.၂၀၂၄)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကွင်းဆင်းလေ့လာခဲ့ပါသည်။

                ပဲကြွပ်ကြော်ပြုလုပ်ရာတွင် အဓိကကုန်ကြမ်းအဖြစ် ပဲနီပြား၊ ဆီ၊ ဆား တို့ကိုအသုံးပြုပါသည်။ အဓိကအသုံးပြုသောပဲနီပြားကို ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင်မှဝယ်ယူပြီး တစ်ပတ် လျှင် (၆)တင်းခန့်ကြော်ရကြောင်း သိရှိရပါသည်။ ပဲနီပြားခြောက်တင်းလျှင် ဆီ၊ ဆား၊ ထင်းနှင့် လုပ်သားခ၊ ပလပ်စတစ်ထုတ်ပိုးမှုအပါအဝင် (၁၁၇၀၀၀၀/-)ခန့်ကုန်ကျကြောင်း၊ အထုပ်ကြီး၁ထုပ် လျှင် ၅၇၀၀ ကျပ်၊ အလတ်တစ်ထုပ်လျှင်   ၁၅၀၀ ကျပ်နှင့် အသေးတစ်ထုပ်လျှင် ၈၀၀ ကျပ်ရောင်း ချရပါသည်။   ပဲနီပြားခြောက်တင်းကုန်လျှင် ၁၂၅၀၀၀၀/- ဝန်းကျင်ရရှိပြီး၊ အကျိုးအမြတ်အနေဖြင့် (၈၀၀၀၀/-ကျပ်)ရရှိပါသည်။   ပဲကြွပ်ကြော်ပြုလုပ်ရာတွင် ပဲနီပြားကို ရေ၊ ဆော်တာနှင့် တစ်ရက်စိမ်ရပြီး၊ နောက်တစ်ရက်ပြန်ဖြန့်ကာ တတိယမြောက်နေ့တွင် ဆီ၊ ဆားနှင့် ကြော်ကာ အအေးခံ၍ထုတ်လုပ်ပါသည်။ မိုးတွင်းကာလများတွင် ရောင်းအားအနည်းငယ်သာရောင်းချရပြီး၊ နွေဦးကာလများတွင် ဘုရားဖူးလာသူများမှ အိမ်ပြန်လက်ဆောင်၊ ဒေသလက်ဆောင်အဖြစ်ဝယ်ယူခြင်းကြောင့် ရောင်းအားပိုမိုကောင်းမွန်ကြောင်းသိရှိရပါသည်။  မိသားစုလုပ်ငန်းဖြစ်သည့်အတွက် သင့်တင့်မျှတသောအကျိုးအမြတ်ရရှိပါသည်။ စားသုံးသူများကြိုက်နှစ်သက်သော ဒေသအစားအစာတစ်မျိုးဖြစ်ပြီး မြို့နယ်အတွင်း၊ ခရိုင်အတွင်းနှင့် အခြားတိုင်းဒေသကြီးများသို့ ဒေသလက်ဆောင်အဖြစ်  ဝယ်ယူစားသုံးမှုမြင့်တက်လျက်ရှိကြောင်းသိရှိပါသည်။

DOCA(ဧရာဝတီ)

ကွမ်းသီးတင်ပို့နေမှုနှင့် စျေးနှုန်းအခြေအနေ

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်မှ ထွက်ရှိလာသော ဒေသထွက်ကွမ်းသီးများကို နေ့စဉ်အခြားတိုင်းနှင့်ပြည်နယ်များသို့ တင်ပို့ရောင်းချလျက်ရှိရာ ၎င်းတို့ကို မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊  စားသုံးသူရေးရာဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနတို့ပါဝင်သောအဖွဲ့များဖြင့် စစ်ဆေးကြပ်မတ်ပြီး တင်ပို့ရောင်းချလျက်ရှိကြပါသည်။

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၏ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(၁၁)ရက်နေ့ရှိ ကွမ်းသီးစျေးနှုန်းသည် ကွမ်းသီးခြောက်တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်ခန့်နှင့် ခွဲခြမ်းတစ်ပိဿာလျှင် (၆၀၀၀)ကျပ်ခန့်ဖြစ်ပေါ်နေကြောင်း ကွမ်းသီးလုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း