Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုမြို့၏ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အခြေခံစားသောက်ကုန်ဈေးနှုန်းများ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများအား အပတ်စဉ်တင်ပြလျက်ရှိပါ သည်။
နိုဝင်ဘာလ၊ ပထမအပတ်တွင် ရွှေဘိုမြို့၌ ရောင်းချလျက်ရှိသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ အာမို၊ ကျွဲနက်တံဆိပ် (၁၅:၁၅:၁၅)ကွန်ပေါင်း ဓာတ်မြေဩဇာတစ်အိတ်လျှင် (၂၀၀၀၀ဝိ/-)ကျပ်၊ ဇာမဏီတံဆိပ် (၁၃:၅:၇) ကွန်ပေါင်းဓာတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၉၅၀၀ဝိ/-) ကျပ်၊ အာမို၊ ပုလဲတံဆိပ် ကွန်ပေါင်းဓာတ်မြေဩဇာတစ်အိတ်လျှင် (၁၁၀၀၀ဝိ/-)ကျပ်နှင့် ဒီမွန် 1.8 တံဆိပ် ထိသေ/ စားသေ (အဆိပ်ငွေ့) 500cc တစ်ဘူးလျှင် (၂၃၀၀ဝိ/-)ကျပ်၊ ငှက်ကြီးတောင်တံဆိပ် ထိသေ/ စားသေ(အဆိပ်ငွေ့) 100cc တစ်ဘူးလျှင် (၃၇၅၀ဝိ/-)ကျပ်၊ ဇိုင်ကလုံးတံဆိပ် ပင်လုံးပြန့်ပိုးသတ်ဆေး တစ်လီတာတစ်ဘူးလျှင် (၇၃၀၀ဝိ/-)ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး ပန်းဖူးတံဆိပ် ဓာတ်မြေဩဇာ၊ MC တံဆိပ် (၁၅:၁၅:၁၅) ကွန်ပေါင်းဓာတ်မြေဩဇာနှင့် ရှောင်လင်တံဆိပ် ထိသေ/ စားသေ(အဆိပ်ငွေ့)ပိုးသတ်ဆေးများမှာ ဈေးကွက်အတွင်း ပစ္စည်းပြတ်လျက်ရှိကြောင်း ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင် များမှ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ စိမ်းစားဥဈေးနှုန်း

     ထားဝယ်မြို့ရှိ ပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူများသည် မိမိတို့နေအိမ်ခြံဝင်းများနှင့် တောင်ယာများတွင် သီးပင်၊စားပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားလျက်ရှိရာ  စိမ်းစားဥပင် များကိုလည်း စိုက်ပျိုးထားပါသည်။  စိမ်းစားဥပင်များကို ဆောင်းရာသီတွင် နုံးမြေရှိသော အရပ်ဒေသတိုင်း၌ စိုက်ပျိုးနိုင်ပါသည်။ စိုက်ပျိုးသည့်အခါ မြေကြီးကို ကောင်းစွာညက်လာစေရန် ထွန်ယက်ပြီး ထယ်ကြောင်းပေး၍ အစေ့များကို ခပ်ထူထူစိုက်ပျိုးရသည်။  ဥများ ကောင်းစွာကြီးထွားရန်အတွက် ၅ လမှ ၆လ အထိကြာပြီး အပင်အို၍ ညှိုးကျလာသောအခါမှ ဥများကို တူးဖော်ရသည်။ စိမ်းစားဥသည် အရည်ရွှမ်း၍ စားလျှင် ရေငတ်ပြေသည်။

     ယခုကာလသည် ကထိန်၊အလှူကာလဖြစ်​သောကြောင့် သစ်သီး၊သစ်ဥများ ရောင်းကောင်းသော ကာလဖြစ်၍ စိမ်းစားဥ(အလုံးကြီး) တစ်ပိဿာလျှင် (၃၀၀၀ ကျပ်မှ၄၀၀၀ကျပ်) အတွင်းရှိပြီး (အလုံးငယ်) တစ်ပိဿာလျှင် (၂၀၀၀ကျပ် မှ ၂၅၀၀ကျပ်)အတွင်းရှိကြောင်း သိရှိရပြီး တောင်သူများတွက် ချေကိုက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

တနင်္သာရီတိုင်းဒေသကြီးမှ နိုဝင်ဘာလ ပထမပတ်အတွင်း ကွမ်းသီးတင်ပို့မှုနှင့် ဈေးနှုန်းဈေးကွက်

    တနင်္သာရီတိုင်းဒေသကြီးမှ နိုဝင်ဘာလ ပထမပတ်အတွင်း ကွမ်းသီးတင်ပို့မှုမှာ ထားဝယ်ခရိုင်မှ (၃၅၄၆၀၅)ပိဿာ တန်အားဖြင့်(၅၇၉.၀၅၁)ရှိပြီး၊ မြိတ်ခရိုင်မှ (၃၉၄၄၂၀) ပိဿာ တန်အားဖြင့်(၅၄၅၆၄.၂၄၀)ရှိပြီး၊ ကော့သောင်းခရိုင်မှ တင်ပို့မှုမရှိသေးကြောင်း သိရပါသည်။ ယခု တစ်ပတ်အတွင်း ထားဝယ်ခရိုင်တွင် ကွမ်းသီးခွဲခြမ်းဈေးနှုန်းမှာ တစ်ပိဿာလျှင် (၉၀၀၀)ကျပ်ရှိပြီး၊ မြိတ်ခရိုင် တွင် (၅၀၀၀ မှ ၆၀၀၀)ကျပ်ရှိပါသည်။  ကွမ်းအလုံးခြေက်တစ်ပိဿာလျှင်(၉၅၀၀ မှ၁၀၀၀၀) ကျပ်ရှိသဖြင့် တောင်သူများ တွက်ချေကိုက်လျက်ရှိကြောင်း သိရပါသည်။

DOCA(တနင်္သာရီ)

 

ရုံးပတီသီးကောင်းကျိုးများနှင့် စျေးနှုန်း/စျေးကွက်

     ရုံးပတီသီးသည် လူတိုင်းကြိုက်နှစ်သက်၍ ခန္ဓာကိုယ်အတွက် အလွန် ဆေးဖက်ဝင်သော အသီးတစ်မျိုးဖြစ်သည်။ ရုံးပတီသီးပင်ကို မိုးရာသီတွင် စတင်စိုက်ပျိုးကျပြီး (၄၅)ရက်အကြာတွင် ခူးဆွတ်ရောင်းချကြပါသည်။  ရုံးပတီသီးသည် အေးသောဂုဏ်သတ္တိရှိ၍ အစာအိမ်ရောင်ခြင်း၊ ကင်ဆာရောဂါ၊ သွေးအားနည်းခြင်း၊ အစာမကြေဖြစ်ခြင်းနှင့် အားကစားလူငယ်များ စားပေးသင့်ပါသည်။  အသဲ၊ကျောက်ကပ်၊ဒူးနာ၊ ခါးနားနှင့် ကိုယ်ခံအားကောင်းမွန်စေပြီး ဝမ်းလျှော၊ဝမ်းပျက်ခြင်းများကိုလည်း ကာကွယ်ပေးပါသည်။

     ရုံးပတီသီးပင်သည် ကုန်ကျစရိတ်နည်းပြီး အကျိုးအမြတ်ပိုမိုရရှိသဖြင့် အပင်ကိုပြုစုနိုင်လျှင် အသီးနှုန်းအားကောင်း၍ အကျိုးအမြတ် များရရှိနိုင်မည်ဖြစ်ပါသည်။ ယခုအခါ ရုံးပတီသီးစျေးနှုန်းမှာ တစ်တောင့်လျှင်(၁၀၀)ကျပ်ဖြင့် (၁၀)တောင့်လျှင် (၁၀၀၀)ကျပ်ရှိ ကြောင်းကုန်စိမ်း အရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိဘူးသီးစျေးကွက်

    ဘူးပင်ကို အထက်မြန်မာပြည်တွင် မေလနှင့် ဇွန်လ မိုးတွင်းပိုင်းအတွင်း စိုက်ပျိုးပြီး အောက်မြန်မာပြည်တွင် ဆောင်းတွင်းပိုင်း အောက်တိုဘာလတွင် အများဆုံးစိုက်ပျိုးပါသည်။ စိုက်ပျိုး ရာတွင် စင်တင်စိုက်ပျိုးခြင်းနှင့် မြေပြင်ကျင်းဖွဲ့ စိုက်ပျိုးခြင်းဟူ၍နှစ်မျိုးရှိသည့်အနက် တနင်္သာရီတိုင်းတွင် စင်တင်စိုက်ပျိုးခြင်းကိုသာ အသုံးပြုကြသည်။ စင်တင်စိုက်ပျိုးပါက စိုက်ဘောင် ပြုလုပ်ရာတွင် အလျား(၅)ပေ၊ အနံ(၃)ပေ အမြင့်(၁)ပေခန့် ဘောင်ပြုလုပ်ပြီး ဘူးစေ့များကို တစ်ကျင်းနှင့် တစ်ကျင်း (၁)ပေခွဲခြား၍ တစ်ကျင်းလျှင် ဘူးစေ့(၅)စေ့ခန့် ထည့်၍စိုက်ရပါသည်။ အပင်ပေါက်လာလျှင် နှစ်ပင်ခန့်သာထားရှိရပါသည်။

    ဘူးပင်စိုက်ပြီးတစ်လခန့် အကြာတွင် ဘူးညွန့်များခူးရပါသည်။ ဘူးညွန့်ခေါင်ညွန့်ကို ချိုးနှိမ်ပေးမှသာလျှင် ဘူးညွန့်များများ ထွက်လာပြီး အသီးများတင်နိုင်မည်ဖြစ်ပါသည်။ ဘူးပင် တစ်ပင်လျှင် ဘူးသီးအလုံး(၃၀)ခန့်သီးကြောင်း သိရှိရသည်။ ယခုအခါ ထားဝယ်ဈေးကွက်တွင်  ဘူးသီး အလုံးကြီး(၁)လုံးလျှင်(၅၀၀၀)ကျပ်ရှိပြီး အသေး(၁)လုံးလျှင် (၂၅၀၀)ကျပ်ရှိပါသည်။ ဘူးသီးသည် အစာကြေခြင်း၊ ဝမ်းမှန်ခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကိုလည်း သက်သာစေသည့်အပြင် ခန္ဓာကိုယ်အတွင်းရှိ သကြားဓာတ်ကို ထိန်းညှိပေး၍ ဆီးချိုသွေးချိုရောဂါဖြစ်သူများအတွက် ပိုမိုစားသုံးပေးသင့်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ပြည်မုန့်ညှင်းဖြူဈေးမြင့်သော်လည်းအရောင်းသွက်

              ယခုအောက်တိုဘာလကုန်ပတ်တွင် ပြည်ဈေးကွက်သို့ ရှမ်းပြည်နယ်တောင်ကြီးဘက်မှ မုန့်ညှင်းဖြူတစ်ဖာလျှင် (၆)ပိဿာဝင်ဆံ့သည့် (၁၀)ဖာကို ၅ရက်ခြားတစ်ကြိမ်ဝင်ရောက်မှုရှိကြောင်း သိရပါသည်။ ယခုမိုးကုန်ခါနီးတွင် ဟင်းသီးဟင်းရွက်အနည်းငယ်ရှားပါးသဖြင့် ပြည်ဈေးကွက်သို့ မုန့်ညှင်းဖြူအဝင်ရှိသလောက် အရောင်းအဝယ်သွက်နေကြောင်း သိရပါသည်။ ဖောက်သည်ဈေးတစ်ပိဿာ လျှင် ကျပ်(၁၅၀၀)နှုန်း ဝယ်ယူရသဖြင့် ပြည်မြို့ပေါ်ရှိဈေးများတွင် လက်လီ(၁၀)ကျပ်သားလျှင် ကျပ်(၁၈၀၀-၂၀၀၀)နှုန်းဖြင့် အသီးသီးရောင်းဝယ်မှုရှိနေကြောင်းသိရသည်။

              ယခင် အောက်တိုဘာလနောက်ဆုံးပတ်တွင် မုန်ညှင်းဖြူ(၁၀)သားလျှင် ကျပ်(၈၀၀-၁၀၀၀) ခန့်သာရှိခဲ့သဖြင့် နှိုင်းယှဉ်ပါက ကျပ်(၁၀၀၀)နှုန်းမြင့်တက်သွားပေမယ့် အဝင်ရှိသလောက်ရောင်းဝယ်မှုဖြစ်သဖြင့် အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိငရုတ်သီးစျေးကွက်

     မြန်မာနိုင်ငံတွင် ငရုတ်သီးကို တိုင်းဒေသကြီးတော်တော်များများ၌ စိုက်ပျိုးကြသည်။ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် အများဆုံးစိုက်ပျိုးပြီး တနင်္သာရီတိုင်းတွင် စီးပွားဖြစ် အသင့်အတင့်စိုက်ပျိုးသည်။ ငရုတ်သီးကို စိုက်ပျိုးနည်း (၂)နည်းဖြင့် စိုက်ပျိုးပြီး တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်တွင် တိုက်ရိုက်စိုက်ပျိုးနည်းဖြင့် စိုက်ပျိုးသည်။ စတင် စိုက်ပျိုးပြီး(၂)လအကြာတွင် ပန်းပွင့်၍ နောက်(၂)ပတ်အကြာတွင် ပထမအကြိမ် စတင်ခူးဆွတ်နိုင်သည်။ မျိုးနှင့် မြေအခြေအနေအပေါ်မူတည်၍ ငရုတ်သီးစိမ်း (၁)ဧကလျှင် (၄၀၀-၁၀၀၀) ပိဿာ ထွက်သည်။

     ထားဝယ်ဈေးကွက်တွင်း ငရုတ်သီးစိမ်းဈေးနှုန်းများမှာ ဈေးကောင်းလျက်ရှိသည်။ မိုးထောင်မျိုး(အရပ်ခေါ်)မိုးမျှော်ငရုတ်သီးကို အများဆုံးစားသုံးကြပြီး (၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်ရှိ၍ ထားဝယ်ခရိုင်အတွင်း မြို့နယ်များသို့ မော်လမြိုင်ဈေးကွက်မှ  ကားများဖြင့် လာရောက်ရောင်းချကြပါသည်။ ငရုတ်သီးသည် ဗီတာမင်စီ ကြွယ်ဝသဖြင့် ရောင်ရမ်းမှုကို သက်သာစေပြီး အနာအ ကျက်မြန်စေပါသည်။ အသင့်အတင့်စားသုံးပါက အစာအိမ်နှင့် အူလမ်းကြောင်းပြဿနာကို ဖြေရှင်း ပေးနိုင်သည့်အပြင် မျက်စိအားကောင်းစေပြီး ကင်ဆာရောဂါ ကာကွယ်စေနိုင်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ဆောင်းပဲတီစိမ်းသစ်များ ပြည်ပဲဈေးကွက်သို့ ဝင်ရောက်လာ

               ပြည်ဈေးကွက်သို့ ဆောင်းပဲတီစိမ်းသစ်များ အောက်တိုဘာလကုန်ပတ်တွင် ဝင်ရောက်လာခဲ့ပါသည်။ ပြည်အနီးတဝိုက်နှင့်  မင်းတုန်း၊ ကံမဖက်မှ ဝင်ရောက်ခဲ့ကြပြီး တစ်ရက်အဝင်အိတ် (၂၀၀/ ၃၀၀) ကျော်ရှိခဲ့ကြပါသည်။ ပဲဈေးနှုန်းအနေဖြင့် ပိဿာ (၂၀) တစ်တင်း ၇၀၀၀၀ ကျပ်မှ ၇၅၀၀၀ ကျပ် အတွင်းအရောင်းအဝယ်ဖြစ်ခဲ့ကြပါသည်။ ပဲဈေးကွက်မှာ ယခုနှစ်အတွင်း အခြားပဲသီးနှံအားလုံးလိုလို ကျပ်(၁)သိန်းအထက် ဈေးကောင်းရရှိနေခဲ့သော်လည်း ပဲတီစိမ်းသီးနှံကတော့ ယခုနှစ်မှာ ပဲသစ်စဝင်ကတည်းက ပဲဈေးကွက်မှာဈေးအနိမ့်ဖြင့်သာရောင်းဝယ်နေရသည့်အတွက် ဈေးအေးနေတဲ့သီးနှံဖြစ်နေခဲ့ပါသည်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ဝင်ရောက်မှုရှိသလောက် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိခရမ်းချဉ်သီးစျေးကွက်

     ခရမ်းချဉ်သီးကို အပူပိုင်းဒေသနှင့် သမနွေးပိုင်းဒေသတို့တွင် ကောင်းမွန်စွာ စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံအနေဖြင့် မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် အများဆုံး စိုက်ပျိုးကြပါသည်။ သမနွေးပိုင်းရာသီဥတုရှိသည့် ရှမ်းပြည်နယ်တွင် တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ပါသည်။ ခရမ်းချဉ်သီးကို ဘောင်ပေါ်မှ အစေ့ကိုအတန်းလိုက်ဖြစ်စေ၊ ကြဲပက်၍ဖြစ်စေ ပျိုးဘမ်း(သို့)ရေမဝပ်သည့်နေရာတွင် မြေဆွေး၊စက်ဖွဲပြာတို့ထည့်ပြီး ပျိုးထောင်နိုင်ပါသည်။ ပျိုးပြီး တစ်လ၊ တစ်လခွဲကြာလျှင် အစိုဓာတ်လုံလောက်သည့် စိုက်ခင်းတွင် ပြောင်း၍စိုက်ပျိုးနိုင်ပါသည်။

     ထားဝယ်‌‌ဈေးကွက်တွင် ခရမ်းချဉ်သီးဈေးနှုန်းများမှာ ဈေးကောင်းရရှိကာ အရောင်းသွက်လျက်ရှိပါသည်။ ရှမ်းသီးနှင့် ကိုင်းသီးဟူ၍ (၂)မျိုးရှိရာ ယခုအချိန်တွင် ရှမ်းသီးများသာ ဈေးကွက်အတွင်း၌ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ခရမ်းချဉ်သီး (၁)ပိသာလျှင် (၇၀၀၀)ကျပ်ရှိပြီး ထားဝယ်ခရိုင်အတွင်း မြို့နယ်များသို့ ရန်ကုန်ဈေးကွက်မှ ကားများဖြင့် လာရောက်ရောင်းချ ကြပါသည်။ ခရမ်းချဉ်သီးသည် ခန္ဓာကိုယ်အတွက် များစွာအကျိုးရှိသော သီးနှံတစ်မျိုးဖြစ်ပါသည်။ ခရမ်းချဉ်သီးတွင် ဗီတာမင်အေ၊ ဘီ၊ စီ၊ ကေတို့များစွာပါဝင်သောကြောင့် အဆီပြန်သည့် အသားအရေကို ထိန်းသိမ်းပေးပါသည်။ ခရမ်းချဉ်သီးတွင် လိုင်ကိုစင်းဓာတ် ပါဝင်သောကြောင့် ဆီးကျိတ်ကင်ဆာ၊ အူမကြီးကင်ဆာနှင့် အစာအိမ်ကင်ဆာများကိုလည်း ကာကွယ်ပေးနိုင်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ပြည်ခရိုင်အတွင်းရောင်းချလျက်ရှိသောဒေသထုတ်ကုန်များ

                 ပြည်ခရိုင်တွင် မြို့နယ်(၄)မြို့နယ်ရှိပြီး ပြည်၊ ပေါက်ခေါင်း၊ ပန်းတောင်းနှင့် ရွှေတောင်မြို့နယ် တို့ဖြစ်ပါသည်။ ထိုမြို့နယ်များထဲတွင် ပြည်မြို့နယ်သည် စီးပွားရေး၊ လူမှုရေးအရ အချက်အခြာကျသောမြို့နယ်တစ်ခုဖြစ်ပြီး ရထားလမ်း၊ ကားလမ်းဆုံရာမြို့ဖြစ်ပါသည်။ သီးနှံများရောင်းဝယ်ဖောက်ကားရာတွင် အဆင်ပြေစေရန် ပြည်ကုန်စည်ဒိုင်ကိုလည်းဖွင့်လှစ်ရောင်းချလျက်ရှိသလို ဈေးများအနေဖြင့် ပြည်မြို့မစည်ပင်သာယာဈေးကြီးအပြင် ဈေးများ(၈)ဈေးဖြင့် ရောင်းဝယ်ဖောက်ကားလျက်ရှိကြပါသည်။ ထိုအပြင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဒေသထုတ်ကုန်များကို တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်းဝယ်ယူရရှိနိုင်ရန်အတွက် ပြည်မြို့ ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်ရှေ့ရှိ ဗိုလ်ခံအဆောက်အဦတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ဖွင့်လှစ်ရောင်းချလျက်ရှိရာ ယခုအချိန်တွင် တစ်နှစ်ပြည့်ရန် ရက်အနည်းငယ်သာလိုတော့ပါသည်။ ထိုသို့ MSMEs ထုတ်ကုန်များကို စတင်ရောင်းချချိန်တွင် ပစ္စည်းအမျိုးအမည်ပေါင်း (၁၆၁)ခု ရောင်းချနိုင်ခဲ့ပြီး ယခုသက်တမ်း (၁)နှစ်ပြည့်ကာနီးကာလအပိုင်းအခြားတွင် ကုန်ပစ္စည်းအမျိုး အမည်ပေါင်း(၂၂၂)မျိုးတို့ဖြင့် ရောင်းချလျက်ရှိ၍ ဒေသထုတ်ကုန်များရောင်းချမှုတိုးတက် လာကြောင်း သိရပါသည်။

                 ပြည်ခရိုင်အတွင်း စိုက်ပျိုးထုတ်လုပ်ရောင်းချလျက်ရှိသော ဒေသထုတ်ကုန်များမှာ ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများ၊ ရာသီပေါ်ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများဖြစ်ကြပါသည်။ ထိုသီးနှံများကို မြို့နယ်များတွင် စိုက်ပျိုးကြပြီး ဒေသတွင်းစားသုံးမှုပိုလျှံမှသာ အခြားတိုင်းများနှင့် မြို့များသို့ တင်ပို့ရောင်းချကြပါသည်။ ပဲမျိုးစုံမှာ ဒေသအတွင်းစားသုံးမှုအပြင် ရန်ကုန်ဝယ်လက်များနှင့် မန္တလေးဝယ်လက်များကဝယ်ယူမှုရှိပြီး ဆီထွက်သီးနှံမှာ ဒေသတွင်းရှိဆီစက်လုပ်ငန်းရှင်များက ဆီကြိတ်ရန်ဝယ်ယူမှုရှိပြီး ပိုလျှံပါက နယ်ဝယ်လက်များကဝယ်ယူမှုရှိ၍ ပြည်မြို့တွင်ဒေသတွင်း စိုက်ပျိုးထုတ်လုပ်သောထုတ်ကုန်များမှာ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

              ထိုအပြင် ပြည်မြို့အတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စား MSMEs လုပ်ငန်းရှင်များမှ မိမိတို့၏ထုတ်ကုန်များဖြစ်သော ထမင်းသုတ်လုပ်ငန်းများ၊ ခေါက်ဆွဲလုပ်ငန်းများ၊ မုန့်ဟင်းခါးဖတ်လုပ်ငန်းများ၊ ယိုမျိုးစုံလုပ်ငန်းများ၊ မြေပဲယို၊ နှမ်းယိုလုပ်ငန်းများ၊ ချင်းရှောက်လုပ်ငန်းများအပြင် လူသုံးကုန်ပစ္စည်းများကိုလည်းထုတ်လုပ်ရောင်းချကြပါသည်။ ထိုသို့ဒေသထုတ်ကုန်များကို လုပ်ငန်းရှင်များကထုတ်လုပ်၍ အနယ်နယ်အရပ်ရပ်သို့တင်ပို့ရောင်းချသဖြင့် ဝင်ငွေများစွာရရှိ၍ MSMEsလုပ်ငန်းများလည်းဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ပါသည်။ ထိုသို့လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်အစိုးရမှလည်း အကူအညီအထောက်အပံ့များပေးပြီး အရောင်း စင်တာများကိုဖွင့်လှစ်၍ရောင်းချစေခြင်းဖြင့် မိမိတို့၏ဒေသထုတ်ကုန်များကို တိုင်းတွင်းသာမကဘဲ တနိုင်ငံလုံးသိပြီး ရောင်းအားများလည်းတိုးတက်လာနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် မိမိတို့၏ဒေသထုတ်ကုန်များအား တန်ဖိုးမြှင်တင်၍ တိုးတက်ထုတ်လုပ်လာနိုင်ပါက ပြည်တွင်းသာမကဘဲ ပြည်ပသို့ ဈေးကွက်ထိုးဖောက်ဝင်ရောက်လာနိုင်ပါက နိုင်ငံတော်အတွက်လည်း MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာနိုင်သလို ထုတ်လုပ်သူလုပ်ငန်းရှင်များအနေဖြင့်လည်း အကျိုးအမြတ်များစွာရရှိနိုင်မည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း