Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း( ၂၂.၉.၂၀၂၃ )

    ၂၂.၉.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၂.၉.၂၀၂၃ )

   ၂၂.၉.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ပေါက်ခေါင်းမြို့နယ်တွင် မိုးမြေပဲ စတင်ထွက်ပေါ်

    ပြည်ခရိုင်အတွင်းရှိ ပြည်မြို့နယ်နှင့် ပေါက်ခေါင်းမြို့နယ်တို့တွင် ယခုကဲ့သို့ မိုးလယ်ကာလတွင် မိုးမြေပဲများ စတင်ထွက်ပေါ်လျက်ရှိကြောင်းသိရှိရသည်။ မိုးမြေပဲများကို မိုးဦးကာလဖြစ်သော ဇွန်လတွင် စတင်စိုက်ပျိုးပြီး (၃)လအကြာ ယခုကဲ့သို့မိုးလယ်ကာလတွင် စတင်ထွက်ရှိကြောင်းသိရှိရသည်။ မိုးမြေပဲများ စတင်စိုက်ပျိုးချိန်မှစ၍ သီးနှံထွက်ရှိချိန်အထိ တစ်ဧကလျှင် (၆၅၀၀၀၀) ကျပ်နှင့် (၇၀၀၀၀၀)ကျပ်ခန့်ကုန်ကျစရိတ်ရှိပြီး အထွက်နှုန်းမှာ မြေအမျိုးအစားပေါ်မူတည်၍ တစ်ဧကလျှင် မြေပဲတင်း(၈၀)ခန့်ထွက်ပြီး အစေ့အဆန်ပေါ်မူတည်၍ မြေပဲအတောင့်တစ်တင်းလျှင် (၅)ပိဿာနှုန်းဖြင့် ပိဿာ(၄၀၀)ခန့်ထွက်ရှိသည်ဟုသိရှိရပါသည်။ မြေပဲများကိုကြိတ်ခွဲ၍ ရောင်းချကြပြီး မြေပဲအစေ့တစ်ပိဿာလျှင် မြေပဲအမျိုးအစားပေါ်လိုက်၍ ဈေးကွဲပြားလျက်ရှိပြီး မြေပဲအဖြူတစ်ပိဿာလျှင် (၅၅၀၀)ကျပ်၊ မြေပဲအနီတစ်ပိဿာလျှင် (၇၅၀၀) ကျပ်ဈေးဖြင့် မြေပဲခွဲစက်များမှ ဈေးပေးဝယ်ယူလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ဆင်ခရမ်းချဉ်သီး ဈေးကောင်းရ

   ၂၀၂၃ခုနှစ်၊ စက်တင်ဘာလဆန်းပိုင်းတွင် ပြည်ဈေးကွက်သို့ ဆင်ခရမ်းချည်သီးများ စတင်ဝင်ရောက်မှုရှိလာပြီး ဈေးကောင်းရနေကြောင်းသိရပါသည်။ ရခိုင်ပြည်နယ်၊ တောင်ကုတ်နှင့် ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်ဘက်တို့မှ ဝင်ရောက်မှုရှိသည့်အပြင် ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှလည်း ဝင်ရောက်မှုရှိနေကြောင်းသိရပါသည်။ တစ်ပတ်လျှင် ရက်ခြား ပြည်ဈေးကွက်သို့ အလုံးရေ (၁၅၀၀)ခန့်ဝင်ရောက်မှုရှိနေပြီး ဝယ်လိုအားကောင်းကြောင်းလည်းသိရပါသည်။

     ဆင်ခရမ်းချဉ်သီးသည် ခရမ်းချဉ်သီးမျိုးရင်းဆိုသော်လည်း အနှစ်များခြင်း၊ အသားထူခြင်း၊ အရသာအနေဖြင့် အချဉ်စူးခြင်း၊ အခါးဓာတ်နည်းနည်းပါခြင်း စသည့်အရသာရှိပြီး မမှည့်ခင်အချိန် အဝါရောင်မပြောင်းမီ အစိမ်းရောင်ရှိနေချိန်တွင် စားသုံးမှသာ  ဟင်းလျာများအတွက် အရသာထူးပြီး စားကောင်းကြောင်းလည်းသိရပါသည်။

      ဆင်ခရမ်းချဉ်သီးကို ကြက်သောက်ဆမ်းဟင်း၊ ငါး၊ ပုစွန်ခြောက်တို့နှင့်လည်း ငါးပိချက်ချက်၍သော်လည်းကောင်း၊ ငရုတ်သီး၊ ငပိဖုတ်၊ ပုစွန်ခြောက်တို့ကိုရော၍ ဆင်ခရမ်းချဉ်သီးထောင်းအဖြစ်လည်းကောင်း စားသုံးကြပြီး ဆင်ခရမ်းချဉ်သီးသည် ကျန်းမာရေးအတွက် ကောင်းမွန်ကြောင်းလည်းသိရပါသည်။

     ဆင်ခရမ်းချဉ်သီးတွင် ဗီတာမင် A,B,C နှင့် ပိုတက်ဆီယမ်၊ ရေဓာတ်၊ သံဓာတ်၊ အမျှင်ဓာတ်နှင့် ဗီတာမင် K တို့ပါဝင်သည့်အတွက် ကိုယ်ခံအားကောင်းစေခြင်း၊ ဆီးချိုရောဂါကိုကာကွယ်ပေးနိုင်ခြင်း၊ သွေးပေါင်ချိန်ထိန်းညှိပေးနိုင်ခြင်း၊ သွေးလည်ပတ်မှုကောင်းစေခြင်း၊ နှလုံးကျန်းမာရေးအတွက် အထောက်အကူပေးနိုင်ခြင်း၊ သွေးနီဥဆဲလ်များကိုဖြစ်ပေါ်စေသဖြင့် သွေးအားနည်းရောဂါကာကွယ်ပေးခြင်း၊ စသည့် ကျန်းမာရေးအကျိုးကျေးဇူးများရရှိစေပါသည်။

    ဆင်ခရမ်းချဉ်သီးအနေဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများရှိသော်လည်း ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များ၊ ရောဂါအခံရှိသောကလေးငယ်များနှင့် ကျန်းမာရေးအခြေအနေတစ်ရပ်ရပ်ကြောင့် ဆေးစွဲသောက်နေရသူများအနေဖြင့် ဆရာဝန်နှင့်တိုင်ပင်ပြီးမှသာ စားသုံးသင့်ကြောင်းလည်း လေ့လာသိရှိရပါသည်။

     ပြည်ဈေးကွက်အတွင်း ယခုကဲ့သို့ ဆင်ခရမ်းချဉ်သီးရှားပါးချိန်တွင် ပေါ်ဦးပေါ်ဖျား ဝင်ရောက်လာသည့်အတွက် ဈေးကောင်းရနေပြီး ဝင်ရောက်လာသည့် အလုံးအကြီး/ အသေးပေါ်မူတည်၍ (အကြီး)တစ်လုံးလျှင် (၂၅၀)ကျပ်၊ (အသေး)တစ်လုံးလျှင် (၁၈၀-၂၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ စက်တင်ဘာလ(တတိယပတ်)တွင်ရောင်းချလျက်ရှိသော အခြေခံစားကုန်ဈေးနှုန်းများ

       မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် မြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများနှင့် မိကျောင်းရဲ၊ တောင်တွင်းကြီး၊ သရက်၊ မင်းဘူး၊ မကွေးမြို့တို့မှ ကုန်စည်များမှာယူ၍ ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

      ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(တတိယပတ်)တွင် မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ရောင်းချလျက်ရှိ သော အခြေခံစားကုန်များ၏ဈေးနှုန်းများမှာ ဇီယာဆန်(၁)ပြည်လျှင် ကျပ်(၃၆၀၀)၊ ‌ပေါ်ဆန်း(ဖျာပုံ) (၁)ပြည်လျှင် ကျပ်(၅၁၀၀)၊ ပေါ်ဆန်း(ရွှေဘို)(၁)ပြည်လျှင် ကျပ်(၆၅၀၀)၊ ဧရာပဒေသာ(၁)ပြည်လျှင် ကျပ်(၅၄၀၀)၊ နှမ်းဆီ(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ပဲဆီ(၁)ပိဿာလျှင် ကျပ်(၁၄၅၀၀)၊ မျှင်ငပိ (၁)ပိဿာလျှင် ကျပ်(၆၄၀၀)၊ ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၃၀၀၀)၊ ကြက်သွန်ဖြူ(ရှမ်း)(၁) ပိဿာလျှင် ကျပ်(၈၀၀၀)၊ ကြက်သွန်ဖြူ(ဗမာ)(၁)ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ ငရုတ်သီးခြောက် (ရှည်)(၁)ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ ချင်းတက်(၁)(၁)ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ နနွင်းတက် (၁)ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ ပုဇွန်ခြောက်(၁)ပိဿာလျှင် ကျပ်(၇၀၀၀၀ - ၉၀၀၀၀)၊ အိမ်သုံးဆား (၁)ပိဿာလျှင် ကျပ်(၁၀၀၀)၊ ငရုတ်သီးစိမ်း (၁)ပိဿာလျှင် ကျပ်(၁၆၀၀)၊ ခရမ်းချဉ်သီး (၁)ပိဿာ လျှင် ကျပ်(၁၆၀၀-၂၀၀၀)၊ ခရမ်းသီး (၁)ပိဿာလျှင် ကျပ်(၁၆၀၀)၊ ပဲသီး (၁)ပိဿာလျှင် ကျပ်(၂၀၀၀-၂၅၀၀)၊ အာလူး(၁)ပိဿာလျှင် ကျပ်(၃၀၀၀)၊ မုန်လာဥနီ (၁)ပိဿာလျှင် ကျပ်(၆၀၀၀)၊ မုန့်ညှင်း (၁) ပိဿာလျှင် ကျပ်(၂၈၀၀)၊ ရုံးပတီသီး (၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ ပန်းဂေါ်ဖီ (၁)ပွင့်လျှင် ကျပ်(၁၅၀၀ -၁၇၀၀)၊ ဂေါ်ဖီထုပ် (၁)ထုပ်လျှင် ကျပ်(၁၈၀၀-၂၀၀၀)၊ ချဉ်‌ပေါင်ရွက်(၁)စည်းလျှင် ကျပ်(၅၀)၊ ကန်စွန်းရွက် (၁)စည်းလျှင် ကျပ်(၅၀)၊ သခွားသီး(၁)လုံးလျှင် ကျပ်(၁၅၀)၊ ပြောင်းဖူး(သကြား) (၁)ဖူးလျှင် ကျပ် (၄၀၀)၊ ပြောင်းဖူး(ရိုးရိုး) (၁)ဖူးလျှင် ကျပ်(၃၅၀)၊ မြေပဲ (၁)ပြည်လျှင် ကျပ်(၁၀၀၀၀)၊ ကုလားပဲ(၁) ပြည်လျှင် ကျပ်(၁၀၀၀၀)၊ မောင်မခေါ်ပဲ (၁)ပြည်လျှင် ကျပ်(၁၂၀၀၀)၊ ကြက်သား(CP)(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ကြက်သား(ဗမာ)(၁)ပိဿာလျှင် ကျပ်(၁၇၀၀၀)၊ ဝက်သား(၁)ပိဿာလျှင် ကျပ် (၁၃၀၀၀)၊ အမဲသား(၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ဆိတ်သား(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀-၂၀၀၀၀)၊ မြစ်ငါးကြင်း(၁)ပိဿာလျှင် ကျပ်(၂၄၀၀၀)၊ ကြက်ဥ(၁၀)လုံးလျှင် ကျပ်(၂၅၀၀-၃၀၀၀)၊ ဘဲဥ(၁၀)လုံးလျှင် ကျပ်(၃၈၀၀-၄၀၀၀)၊ ငုံးဥ(၁၀)လုံးလျှင် ကျပ်(၆၀၀) စသည်ဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

ဈေးကောင်းရနေသော ပြည်ကောက်ရိုးမှို

     ပြည်ဈေးကွက်အတွင်း ကောက်ရိုးမှိုများမှာ ဈေးကောင်းရလျက်ရှိနေပြီး အရောင်းအဝယ်မှာ မှိုဥ၊ မှိုငုံ၊ မှိုပွင့် စသည်ဖြင့်ရှိရာ မှိုငုံမှာ ဈေးသင့်တင့်သည့်အတွက် အရောင်းအဝယ်ပိုသွက်ကြောင်းသိရပါသည်။ ပြည်ဈေးကွက်သို့ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်နှင့် ပြည်မြို့ပတ်ဝန်းကျင်ရှိ ရပ်ကွက်နှင့် ကျေးရွာများဖြစ်သော မှော်ဇာရွာ၊ ကင်းပွန်ခြုံရွာနှင့် ခေတ္တရာမြို့သစ်ရပ်ကွက်များ၌ မျိုးစေ့ဝယ်ယူပြီး တစ်နိုင်တစ်ပိုင်စီးပွားဖြစ် စိုက်ပျိုးရောင်းချမှုများဆောင်ရွက်လျက်ရှိရာ တစ်နှစ်ပတ်လုံးနီးပါး ဝင်ရောက်မှုရှိကြောင်းသိရပါသည်။ ဝင်ရောက်မှုအနေဖြင့် တစ်ပတ်လျှင် ရက်ခြား ပိဿာချိန် ၈၀မှ ၁၀၀ကြားဝင်ရောက်မှုရှိပြီး ကောက်ရိုးမှိုကို ကန်စွန်းရွက်နှင့်တွဲဖက်၍ကြော်စားပါက အဆိပ်အတောက်ပြေလျော့ကာ သက်သက်လွတ်စားသုံးသူများအကြိုက် အာဟာရတန်ဖိုးမြင့်သည့် ဟင်းတစ်ခွက်ဖြစ်ပါသည်။ ကောက်ရိုးမှိုသည် ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးနိုင်ပြီး ပရိုတင်း၊ အင်ဇိုင်း၊ ကစီဓာတ်နှင့် ရေဓာတ်များပါဝင်သဖြင့် ဘေးဥပဒ်ဖြစ်စေနိုင်သောအဆီများကိုဖယ်ရှားပေး၍ ကိုလက်စထရောကို လျင်မြန်စွာလောင်ကျွမ်းစေနိုင်ကြောင်းသိရပါသည်။ ကောက်ရိုးမှိုဈေးနှုန်းများမှာ မှိုဥ (၁၀)ကျပ်သားလျှင် (၁၄၀၀-၁၅၀၀) ကျပ်၊ မှိုငုံ (၁၀)ကျပ်သားလျှင် (၁၂၀၀-၁၃၀၀) ကျပ်နှင့် မှိုပွင့် (၁၀)ကျပ်သားလျှင် (၉၀၀-၁၀၀၀) ကျပ်တို့ဖြင့် အသီးသီးရောင်းဝယ်မှုရှိနေကြကြောင်း သိရပါသည်။

DOCA(ပဲခူး)

ဈေးကွက်တင်ရောင်းချနေသော ပြည်ဇီးဖြူသီး

   “နွေအချို၊ မိုးအခါး၊ ဆောင်းအချဉ်”ဟူသော ဆိုရိုးစကားနှင့်အညီ ရာသီပေါ်ဇီးဖြူသီးကို ၂၀၂၃ခုနှစ်၊ စက်တင်ဘာလမှစတင်၍ ဈေးများတွင် ရောင်းချနေပြီဖြစ်ပါသည်။ ယခုကဲ့သို့ ရာသီချိန်၌ ထမင်စားပွဲမှာ ဇီးဖြူသီးထောင်း (သို့) ဇီးဖြူသီးထည့်၍ ချက်ထားသော ဟင်းလျာတစ်မျိုးမျိုးကိုစားသုံးကြပါသည်။ ဇီးဖြူသီးသည် နေရာတိုင်း၊ ဒေသတိုင်း၌ ပေါက်ရောက်တတ်သော အပင်တစ်မျိုးဖြစ်ပါသည်။ ဆီးဖြူသီးသည် အကြီးမျိုး၊ အငယ်မျိုး၊ အချဉ်မျိုး၊ အချိုမျိုး စသည်ဖြင့် ကွဲပြားမှုရှိသော်လည်း စွမ်းရည်သတ္တိများမှာ အတူတူပင်ဖြစ်ပါသည်။ တချို့ဒေသများတွင် ဆီးဖြူသီးကို သျှိသျှားသီးဟူ၍လည်း ခေါ်ဝေါ်ကြောင်းသိရှိရပါသည်။ ဒေသထွက်ဇီးဖြူသီးများကို မိုးရာသီနှင့် ဆောင်းရာသီများ၌ ဆွတ်ခူးရောင်းချကြပါသည်။ ဇီးဖြူသီးအလုံးချော နို့ဆီဘူးတစ်ဘူးလျှင် ကျပ် (၃၀၀)၊ ဇီးဖြူသီး အလုံးအသေး နို့ဆီဘူးတစ်ဘူးလျှင် ကျပ် (၂၀၀) ဖြင့် ရောင်းချနေကြောင်းသိရပါသည်။

DOCA(ပဲခူး)

ဈေးကောင်းရသော ငါးစီဖောင်း

    ငါးစီဖောင်းသည် ငါးဗိုက်အတွင်းမှ အဖြူရောင်လေဖောင်းအလုံး (၂)လုံးကိုခေါ်ဆိုခြင်းဖြစ်ပါသည်။ ငါးစီဖောင်း၏ အင်္ဂလိပ်အမည်မှာ Swimbladder (or) Air Bladder (or) Fish Maw ဖြစ်ပါသည်။ ငါးစီဖောင်းသည် အရိုးမာငါးအုပ်စုများတွင် အများဆုံးပါရှိပြီး စီဖောင်းအရွယ်အစားနှင့် ငါးအမျိုးအစားအလိုက် တန်ဖိုးကြီးမြင့်ပါသည်။ ငါးစီးဖောင်းမှန်သမျှ ဈေးကောင်းရရှိပြီး ဆေးဖက်ဝင်ကြပါသည်။ ငါးစီဖောင်းပါရှိသောငါးများတွင် စီဖောင်းအရွယ်အစားမှာ ရေချိုငါးတွင် ခန္ဓာကိုယ်ထည်၏ ၅% ပမာဏာရှိပြီး ရေငန်ငါးတွင် ၇%ရှိကြပါသည်။ ငါးစီဖောင်းစားခြင်းဖြင့် အကျိုးကျေးဇူးများမှာ ရိုးတွင်းချဉ်ဆီဓာတ်ဖြည့်တင်းပေးခြင်း၊ သွေးအားနည်းရောဂါကာကွယ်ပေးခြင်း၊ အဆုတ်သန့်စင်ခြင်း၊ ကျောက်ကပ်ရောဂါအတွက် အထူးကောင်းမွန်ခြင်း၊ အသားအရေလှပခြင်းနှင့် အရေးအကြောင်းများလျော့နည်းစေခြင်း၊ ကိုလက်စထောလုံးဝမပါဝင်ခြင်း၊ အသားဓာတ်နှင့် တခြားအာဟာရဓာတ်များစွာကြွယ်ဝပါသည်။

     ပင်လယ်ပိုင်းဒေသများတွင် အလှူအတန်းပြုလုပ်ပါက ငါးစီဖောင်းသုပ်ကိုကျွေးမွေးလေ့ရှိပါသည်။ ငါးရောင်၊ ငါးထွေ အစရှိသော ငါးမျိုးစိတ်တို့မှရရှိသော ပူစီဖောင်းများကို သုပ်၍စားပါက စီးပိုင်ပိုင်ရှိပြီး ဝါးရာတွင် ထုတ်ထုတ်လေးနှင့် အရသာထူးလှသော ပင်လယ်စာဟင်းတစ်မျိုးဖြစ်ပါသည်။ ငါးစီဖောင်းကို ကြော်၍လည်းစားသုံးကြပါသည်။ တရုတ်လူမျိုးများမှာ ငါးစီဖောင်းကို စွက်ပြုတ်အနေဖြင့် စားသောက်ကြပြီး ဟင်းသီးဟင်းရွက်များနှင့်ရော၍လည်း ချက်ပြုတ်စားသောက်ကြပါသည်။ ငါးစီဖောင်းကို ရေဒဏ်တောင့်တင်းစွာခံနိုင်သော ကော်အနေဖြင့်လည်းအသုံးပြုကြပါသည်။ တရုတ်လူမျိုးများ၏ အယူအဆအရ တန်ဖိုးအထားရဆုံးသော ရေထွက်အစားအစာဟင်းပွဲတစ်မျိုးဖြစ်ပြီး ၂၀၁၄ CICA SHANGHAI SUMMIT မှာ ဧည့်ခံခဲ့သော အထူးဟင်းပွဲတစ်မျိုးဖြစ်ပါသည်။ ငါးခြောက်ပြုလုပ်ရန် ငါးကိုခွဲသောအခါ ငါးစီဖောင်းကိုသီးခြားဖယ်ထားပြီး နေလှန်းကာခြောက်သွေ့ပါက နှစ်ပေါက် အောင်သိမ်းဆည်းစုဆောင်းထားပြီးနောက် ဈေးကောင်းကောင်းဖြင့်လည်း ရောင်းချကြပါသည်။ ပြည်မြို့ရှိ ဈေးများမှထွက်ရှိသော ငါးစီဖောင်းများကို ငါးရောင်းချသူများဆီမှ ရသမျှဝယ်ယူကာ ဒိုင်များသို့ ပြန်လည်ရောင်းချသည့်အပြင် တရုတ်ပြည်သို့လည်း ဆေးဖော်ရန်အတွက်ရောင်းချကြောင်းသိရှိရပါသည်။ ငါးစီးဖောင်းဈေးနှုန်းများမှာ အရွယ်အစားအလိုက် ဈေးနှုန်းကွာကျပါသည်။ အလုံးသေး (၁၀)ကျပ်သားလျှင် (၂၀၀၀)ကျပ်၊ အလုံးကြီး (၁၀)ကျပ်သားလျှင် (၃၀၀၀) ကျပ်နှုန်းဖြင့်ရောင်းချကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်အတွင်းရှိ ရာသီစာသီးနှံ ကျွဲကောသီး

   ကျွဲကောပင်ကို Pummelo ဟုခေါ်တွင်ပြီး ရုက္ခဗေဒအမည်မှာ Citius Grandisi ဖြစ်ပါသည်။ မျိုးရင်းမှာ Rutaceae မျိုးရင်းတွင် ပါဝင်ပါသည်။ ကျွဲကောသီးအပင်သည် နှစ်ရှည်မျိုးဖြစ်ပါသည်။ အသီးအရွယ်အစားမှာ ကြီးပြီး အခွံပါး၍ အရည်ရွှမ်းပါသည်။ နေအလင်းရောင် အသင့်အတင့်ရရှိပါက တောက်ပသောအဝါရောင်သီးခွံဖြစ်စေပြီး အလင်းပြင်းအားများပါက  အဝါဖျော့ရောင်အသီးခွံကိုဖြစ်စေပါသည်။ အသီးများမှည့်ခါနီးတွင် အိတ်စွပ်ပေးပါက အသီး၏အသားကိုနူးညံ့စေပြီး အရည်ကိုရွှမ်းစေပါသည်။ အပင်များကြီးထွားရန်အတွက် အသီးပင်တို့ကို ရေအလုံအလောက် ပေးသွင်းရန်လိုအပ်ပါသည်။ ရေမလုံလောက်ပါက ပန်းပွင့်နှင့်အသီးများကြွေကျခြင်း (သို့မဟုတ်) အသီးဖွံ့ဖြိုးမှုရပ်တံ့သွား၍ အလုံးအသေးများဖြစ်ပြီး ကြွေကျခြင်းတို့ဖြစ်တတ်ပါသည်။ ရေပေးသွင်းရာတွင် (၃)ရက်လျှင် တစ်ကြိမ်ပေးသွင်းရပါသည်။ အသီးများဆွတ်ခူးပြီး တစ်နှစ်လျှင်တစ်ကြိမ် မကောင်းသောအကိုင်းများ၊ ရှုပ်ထွေးနေသောအကိုင်းများ၊ အကိုင်းခြောက်များ၊ မြေကြီးနှင့်နီးသောအကိုင်းများနှင့် ပင်စည်တဝိုက်ရှိသောကိုင်းသေးများနှင့် ရာသီချိန်မဟုတ်သောကာလတွင်ရှိသော အသီးများကိုခူးဆွတ်ပေးရပါသည်။ ကျွဲကောသီးပင်တို့ကို စတင်စိုက်ပျိုးပြီးနောက် အချိန် (၅-၆)လအကြာတွင် ခူးဆွတ်နိုင်ပါသည်။ ကျွဲကောပင်တို့ကိုစိုက်ပျိုးရာတွင် ကိုင်းကူး၊ ကိုင်းဆက်ခြင်း၊ နည်းပညာဖြင့် စိုက်ပျိုးနိုင်သည့်အပြင် မျိုးစေ့တို့ကို အပင်ဖောက်၍လည်းစိုက်ပျိုးနိုင်ပါသည်။ ကျွဲကောသီးအတွင်းပိုင်း၏ အသားရောင်မှာ အဝါရောင်နှင့် ပန်းရောင်ဟူ၍ (၂)မျိုးရှိပါသည်။ ကျွဲကောပင်များအား ပြည်မြို့နှင့် ဒေသတဝိုက်ရှိ ကျေးလက်ဒေသများတွင်လည်းကောင်း၊ ရွှေတောင်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင်လည်း တစ်အိမ်လျှင် (၅-၆)ပင် စသည်ဖြင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည်။ ရာသီပေါ်ချိန်တွင် ကျွဲကောသီးများ လာရောက်ဝယ်ယူရာ၌ ပင်လုံးပြတ်ဝယ်ယူခြင်းများလည်းရှိပြီး အလုံးအကြီး/အသေးခွဲ၍လည်းဝယ်ယူခြင်းများလည်းရှိပါသည်။ ဒေသထွက် ကျွဲကောသီးတို့ကို တစ်ဆင့်ခံဝယ်ယူပြီး သစ်သီးဒိုင်များသို့ ပြန်လည်ပေးသွင်းကြပြီး ရန်ကုန်မြို့ရှိ သီရိမင်္ဂလာဈေးနှင့် ဒညင်းကုန်းဈေးများသို့လည်းတင်ပို့ရောင်းချကြောင်းသိရပါသည်။ ယခုဈေးကွက်အတွင်း ဝင်ရောက်လာသောကျွဲကောသီးများမှာ ဝါဆိုသီးဖြစ်ပါသည်။ သီတင်းကျွတ်လနှင့် တန်ဆောင်မုန်းလတို့တွင် ကျွဲကော်သီးများလှိုင်လှိုင်ထွက်ရှိပါသည်။ ကျွဲကောသီးအကြီးတစ်လုံးလျှင် (၁၀၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၈၀၀)ကျပ်ဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့နယ်အတွင်း သက်သာသောဈေးနှုန်းဖြင့် ဆန်/စားအုန်းဆီများရောင်းချပေးလျက်ရှိ

     ပဲခူးတိုင်းဒေသကြီး (အနောက်) ပြည်ခရိုင်၊ ပြည်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ များရှိ အခြေခံလူတန်းစားများသို့ သက်သာသောဈေးနှုန်းဖြင့် ဆန်နှင့်ဆီ (စားအုန်းဆီ)များကို နေ့စဉ် ရောင်းချပေးလျက်ရှိကြောင်းသိရှိရပါသည်။ ဆန်ရောင်းချမှုအနေဖြင့် မြို့မစည်ပင်သာယာဈေး၊ မြို့သစ်ဈေးနှင့် နဝဒေရပ်ကွက်များတွင် နေ့စဉ် နံနက်(၈)နာရီအချိန်မှ နံနက် (၁၁:၀၀) နာရီအချိန်ထိ တစ်ရက်လျှင် အနည်းဆုံး ဆန်(၁၀)အိတ်၊ တစ်ပြည်လျှင် (၂၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးနေကြောင်းသိရှိရပါသည်။ ဆီရောင်းချမှုအနေဖြင့် မြို့မစည်ပင်သာယာဈေး၊ မြို့သစ်ဈေးနှင့် ရပ်ကွက်/ ကျေးရွာများရှိ အခြေခံလူတန်းစားများသို့ နိုင်ငံတော်၏ ရည်ညွှန်းဈေးဖြစ်သော သက်သာသောဈေးဖြင့် ဆီ၊ စားအုန်းဆီများကို ပြည်ခရိုင်ဆီကုန်သည်အသင်းနှင့် ပြည်မြို့နယ်ဆီလုပ်ငန်းရှင်တို့က ဈေးကားများဖြင့် လှည့်လည်၍ တစ်ဦးလျှင် (၅၀)ကျပ်သားနှုန်း ဘူးခွံပါ တစ်ဘူးလျှင် (၂၅၀၀)ကျပ်နှုန်းဖြင့် နေ့စဉ် လှည့်လည်ရောင်းချပေးနေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း