မြေပဲဈေးနှုန်းဈေးကွက်
မြေပဲကို အပူပိုင်း၊ သမပိုင်းနှင့် သမပိုင်းရာသီဥတုရှိသောနေရာများတွင် စိုက်ပျိုးကြပါသည်။ မြေပဲကို မိုးရာသီနှင့် ဆောင်းရာသီဟူသော နှစ်ရာသီလုံးတွင် စိုက်ပျိုးကြပြီး အထက်မြန်မာပြည်ဘက်၌ မြေပဲသီးသန့် (သို့) ပဲစဉ်းငုံ၊ နှမ်းတို့နှင့် သီးညှပ်စိုက်ပျိုးကြပြီး အောက်မြန်မာပြည်ဘက်တွင်မူ စပါးသီးထပ်အဖြစ် စိုက်ပျိုးကြပါသည်။ မြေပဲမှာ ဆီထွက်သီးနှံများထဲတွင် မရှိမဖြစ်လိုအပ်သည့် သီးနှံဖြစ်ပါသည်။ စားသုံးဆီအပြင် မုန့်ပဲသားရေစာများတွင်လည်း ထည့်သွင်းအသုံးပြုနိုင်သောကြောင့် ဈေးကွက်ဝင်သီးနှံတစ်မျိုးဖြစ်သည့်အပြင် စားသုံးဆီအတွက် အဓိကသီးနှံလည်းဖြစ်ပါသည်။ နိုင်ငံတော်၏ဘဏ္ဍာကိုလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေသည့်သီးနှံဖြစ်ပါသည်။ မြေပဲကို ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ဆီဆိုင်၊ ဆိုက်ခေါင်၊ မိုင်းရှူး စသည့်မြို့နယ်များတွင် အများဆုံးစိုက်ပျိုးကြပါသည်။ မြေပဲကို မိုးဦး၌ မေလနှင့်ဇွန်လ၊ မိုးလယ်၌ ဩဂုတ်လ၊ မိုးနှောင်းတွင် အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးကြပါသည်။ ထို့ပြင် မြေပဲတွင် ရှမ်းမြေပဲနှင့် ဗမာမြေပဲဟူ၍နှစ်မျိုးရှိရာ ဗမာမြေပဲမှာ ရှမ်းမြေပဲထက်ပို၍ကောင်းမွန်ပြီး ဆီထွက်နှုန်းမှာလည်း ပိုမိုကောင်းမွန်သည်ဟုသိရပါသည်။ မြေပဲတစ်ပိဿာကို ဆီကြိတ်လျှင် ဆီ (၃၀/၄၀) ကျပ်သားခန့် ထွက်ရှိပြီး မြေပဲဆံတစ်တင်းကို ဆီကြိတ်လျှင် (၂) ပိဿာခန့်ထွက်သည့်အတွက် မြေပဲတစ်ဧကလျှင် ဆီ (၇၂) ပိဿာခန့်ထွက်ရှိမည်ဖြစ်ပါသည်။ ယခုအချိန်တွင် မြေပဲများစတင်ထွက်ပေါ်နေပြီဖြစ်ရာ ဈေးကွက်ထဲဝင်ရောက်လျက်ရှိပြီး လက်ရှိမြေပဲပေါက်ဈေးမှာ မြေပဲ(အတောင့်)နှစ်တင်းခွဲဝင် အိတ်တစ်အိတ်လျှင် (၆၀၀၀ဝိ/-) ကျပ်ခန့်ဈေးရှိပြီး မြေပဲဆံတစ်ပိဿာလျှင် (၈၀၀ဝိ/-) ကျပ်နှင့် မြေပဲဆီဈေးမှာ မြေပဲဆီရိုးရိုးတစ်ပိဿာလျှင် (၉၅၀ဝိ/-) ကျပ်၊ ဆီအသန့်တစ်ပိဿာလျှင် (၁၅၀၀ဝိ/- ၁၆၀၀ဝိ/-) ကျပ်ခန့်တို့ရှိသည်ဟု သိရှိရပါသည်။
DOCA(ရှမ်း)