Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရှမ်းတောင်ကြက်သွန်ဖြူ၏ ရှေ့ခရီး

   ကြက်သွန်ဖြူတွင် တရုတ်မျိုးနှင့် ရှမ်းတောင်မျိုးဟူ၍နှစ်မျိုးရှိပါသည်။ ဈေးကွက်အခေါ် ကြူကုတ်ကြက်သွန်ဖြူမှာ အရွယ်အစားကြီးမားကာ အမွှာကြီးပြီး ရှမ်းမြောက်ဒေသတွင် စိုက်ပျိုးမှုများပါသည်။ အခွံအရောင်မှာ မရမ်းစေ့ရောင်အစင်းကြားများပေါ်နေပါသည်။ ဒေါင်းဥတစ်လုံးမှာ မရမ်းစေ့ရောင်ဖြစ်ပါသည်။ ရှမ်းတောင်ကြက်သွန်ဖြူမှာ ရှမ်းတောင်တစ်ဝိုက်တွင်အစိုက်များပါသည်။ စိုက်ပျိုးသည့်ဒေသများမှာ ပင်လောင်း၊ တောင်တရား၊ တီဂျစ်၊ ဟိုပုံးနှင့် ဆိုက်ခေါင် စသည့်ဒေသများဖြစ်ပါသည်။ အရောင်မှာ အဖြူရောင်ဖြစ်ပြီး ဒေါင်းဥတစ်လုံးမှာလည်း အဖြူရောင်ဖြစ်ပါသည်။ ဈေးကွက်သဘောအရ ကြက်သွန်ဖြူအရွယ်အစားအလိုက် အဆင့်ခွဲခြားထားရာတွင် ထူး (၁) မှ ထူး (၅), ထူးလွန်အထိ (၆) မျိုးခန့်ရှိလေသည်။ ဒေါင်းဥတစ်လုံးနှင့်ဆိုလျှင် (၇)မျိုးခန့်ရှိသည်။

 ကြက်သွန်ဖြူမှာ အလွန်ဆေးဖက်ဝင်သော စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်ပါသည်။ သွေးတွင်းအဆီဓာတ်ကိုကျဆင်းစေနိုင်ပါသည်။ ကြက်သွန်ဖြူအလေးချိန် ၁၀၀ဂရမ်တွင် ကယ်လိုရီ ၁၁၇ဂရမ်၊ ပရိုတင်းဓာတ် ၃.၅ဂရမ်၊ အဆီဓာတ် ၀.၅ဂရမ်၊ ကစီဓာတ် ၂၇.၅ဂရမ်၊ ထုံးဓာတ် ၁၈မီလီဂရမ်၊ သံဓာတ် ၁.၅ဂရမ်၊ ဗီတာမင်အေအနည်းငယ်၊ ဗီတာမင်ဘီ (၁)၊ ၀.၂၄မီလီဂရမ်၊ ဗီတာမင် (၂) ၀.၀၅မီလီဂရမ်၊ နိုင်သာစင် ၀.၄မီလီဂရမ်၊ ဗီတာမင်စီ ၁၀မီလီဂရမ်ပါဝင်ပါသည်။ ကြက်သွန်ဖြူကို ရောဂါကာကွယ်မှုနှင့် အကျိုးပြုကယ်လိုရီများထက် ဟင်းချက်ရာတွင် အနံ့ ကောင်းသည်ဆိုသည့်အသိတစ်ခုဖြင့် သုံးစွဲကြခြင်းဖြစ်ပါသည်။

   ကြက်သွန်ဖြူကို ဩဂုတ်လမှ စက်တင်ဘာလအတွင်းစိုက်ပျိုးရန် မြေပြုပြင်ခြင်းပြုလုပ်ကြ၍ အောက်တိုဘာလနှင့် နိုင်ဝင်ဘာလတွင်စိုက်ပျိုးကြပြီး ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် အပင်များကိုပြုစုစောင့်ရှောက်ကာ ဖေဖော်ဝါရီလနှင့် မတ်လများတွင် တူးဖော်ရောင်းချကြသည်။ ကြက်သွန်ဖြူ၏သဘာဝအရ မြေဩဇာကောင်းမွန်သည့်မြေနုမြေပွများတွင် စိုက်ပျိုးထွက်ရှိသည့် အပွစ (တောင်ကြီးစ) ဟူ၍ခေါ်တွင်ပြီး မြေနီ၊ မြေကျစ်တွင် စိုက်ပျိုးထွက်ရှိသည့် အကျစ်စ (အောင်ပန်းစ) ဟူ၍နှစ်မျိုးခွဲခြားရောင်းဝယ်လျက်ရှိပါသည်။ တောင်ကြီးစ၏အရည်အသွေးမှာ သိုလှောင်မှုနှင့်မကိုက်ညီဘဲ ချက်ချင်းရောင်းဝယ်မှုပြုလုပ်ကြရသည်။ ဈေးအတက်အကျအရ တွက်ချေမကိုက်ဘဲသိုလှောင်မိပါက အလေးချိန်လျော့ကျခြင်း၊ အလေအလွင့်များခြင်းတို့ကြောင့် ဈေးကွက်၌ လူကြိုက်နည်းပါသည်။ အကျစ်စ (အောင်ပန်းစ) မှာ သိုလှောင်မှုနှင့် ကိုက်ညီပြီး တာရှည်သိုလှောင်နိုင်၍ အလေအလွင့်နည်းခြင်း၊ ဈေးအတက်အကျကိုစောင့်နိုင်ခြင်းတို့ကြောင့် လူကြိုက်များပါသည်။

  ကြက်သွန်ဖြူဈေးမှာ ယခုနှစ်ပေါ်ချိန် မတ်လကျော်မှစတင်၍ အနိမ့်ဈေး ၁၈၀၀ကျပ်မှ အမြင့်ဈေး ၃၅၀၀ကျပ်ခန့်၊ ဧပြီလတွင် အနိမ့်ဈေး ၂၅၀၀ကျပ်မှ အမြင့်ဈေး ၄၂၀၀ကျပ်ခန့်၊ မေလတွင် ၃၂၀၀ကျပ်မှ ၆၀၀၀ကျပ်ခန့်နှင့် ဇွန်လတွင် ယခုပေါက်ဈေး ၆၈၀၀ကျပ်မှ ၉၀၀၀ကျပ်အထိဈေးတက်လာပါသည်။ ဈေးကွက်သဘောအရ ပစ္စည်းကျန်ရှားပါး၍ အဝင်နည်းလျှင် ဈေးကွက်လိုအပ်မှုရှိ၍ ဈေးနှုန်းမြင့်တက်လေ့ရှိပါသည်။ ယခုနှစ်တွင် စိုက်ဧကလျော့ကျလာခြင်း၊ သွင်းအားစုဈေးကြောင့် အထွက်နှုန်းလျော့ကျခြင်းတို့ကြောင့်လည်းကောင်း၊ မြန်မာပြည်၏ ကြက်သွန်စိုက်ဧကများမှာ ဒေသအခြေအနေရိုက်ခတ်မှုကြောင့် စိုက်ဧကလျှော့ချ၍ အထွက်နှုန်းကျဆင်းလာကာ ဈေးကွက်လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်ခြင်းတို့ကြောင့် ဈေးနှုန်းအတက်ဘက်ကိုဦးတည်နေပါသည်။

   နောက်နှစ်လခန့် ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် စိုက်ပျိုးချိန်ရောက်တော့မည်ဖြစ်သဖြင့် မျိုးချန်ထားသူများမှာ တစ်ဧကလျှင် ပိဿာ၂၅၀ခန့်မျိုးစိုက်ထည့်ရမည်ဖြစ်၍ ယခုကြက်သွန်ဖြူပေါက်ဈေးနှင့်ဆိုလျှင် တောင်သူတချို့မှာ ရင်းနှီးစိုက်ပျိုးနိုင်ရန် မလွယ်ကူနိုင်ကြောင်း သုံးသပ်ရပေသည်။ စားသုံးသူများသည် နောင်နှစ်ပေါ်ချိန်မကျမီ အတက်ဈေးနှင့်ရင်ဆိုင်ရမည့်အပြင် နောင်နှစ်ပေါ်ချိန်၌ စိုက်ဧကပါလျော့ကျသွားနိုင်ပြီး ရှမ်းတောင်ကြက်သွန်ဖြူ၏ အနာဂတ်ကာလတွင် စားသုံးသူများအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နိုင်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ရှမ်း)

မုံရွာမြို့၊ သီရိရတနာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ အခြေအနေ

     မုံရွာမြို့ သီရိရတနာစျေးရှိ သစ်သီးဝလံများမှာ ရှမ်းပြည်နယ်၊ တောင်ကြီး၊ မြစ်ကြီးနား၊ သီပေါ၊  စစ်ကိုင်း၊ ပြင်ဦးလွင်နှင့် ဒေသတွင်းတို့မှ အသီးသီးဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။

    ၂၀၂၃ခုနှစ်၊ဇွန်လ နောက်ဆုံးအပတ်တွင် ရွှေလိမ္မော်(၁)ပိဿာလျှင် ကျပ်(၇၀၀၀မှ ၈၀၀၀)ကြား၊ ပျားလိမ္မော်(၁)ပိဿာလျှင် ကျပ်(၇၀၀၀မှ ၉၀၀၀)ကြား၊ လိမ္မော်(ရိုးရိုး) (၁)ပိဿာလျှင် ကျပ်(၅၀၀၀မှ ၇၀၀၀) ကြား၊ စတော်ဘယ်ရီ(၁)ပိဿာလျှင် ကျပ်(၇၅၀၀မှ ၈၅၀၀)ကြား၊  ပန်းသစ်တော် (၁)လုံး လျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ ပန်းသီး (၁)လုံးလျှင် ကျပ်(၇၀၀မှ ၁၅၀၀)ကြား၊ ထောပတ်သီး (၁)လုံးလျှင် ကျပ်(၇၀၀ မှ ၁၅၀၀)ကြား၊ ကျွဲကောသီး (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ တယ်သီး (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၀၀၀)ကြား၊ သခွားမွှေး (၁)လုံးလျှင် ကျပ်(၁၅၀၀မှ ၃၅၀၀)ကြား၊ ဖရဲသီး(ကြီး) (၁)လုံးလျှင် ကျပ်(၂၀၀၀မှ ၃၅၀၀)ကြား၊ ဖရဲသီး(သေး) (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၂၅၀၀)ကြား၊ နာနတ်သီး (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ နှင်းသီး(၁)ပိဿာလျှင် ကျပ်(၅၀၀၀မှ ၇၀၀၀)ကြား၊ နဂါးမောက်သီး (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၅၀၀)ကြား၊ ငှက်ပျောသီး ဖီးကြမ်း တစ်ဖီးလျှင် (၁၂၀၀)ကျပ်၊ ငှက်ပျောသီးမွှေး တစ်ဖီးလျှင် ကျပ်(၈၀၀မှ ၁၅၀၀)ကြား၊ စပျစ်သီး (၁)ပိဿာလျှင် ကျပ်(၈၀၀၀မှ ၁၂၀၀၀)ကြား ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင် ဖြစ်ပေါ်လျက်ရှိသော ရေထွက်ကုန်ပစ္စည်းဈေးနှုန်းဈေးကွက်

    မုံရွာမြို့၊ ချင်းတွင်းရတနာစျေး၌  ရောင်းချနေသော ပုဇွန်ခြောက်၊ ငါးခြောက်များမှာ ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်လျက်ရှိကြောင်းသိရပါသည်။ ပုဇွန်၊ ငါးခြောက်စျေးနှုန်းများမှာ ဝင်ရောက်သည့် ဒေသအ‌ပေါ် မူတည်၍လည်းကောင်း၊ အရည်အသွေးကိုလိုက်၍လည်းကောင်း ကွာခြားလျက်ရှိကြောင်း သိရှိရပါသည်။

 ၂၀၂၃ခုနှစ်၊ဇွန်လ(နောက်ဆုံးအပတ်)တွင် ရောင်းချနေသော ဈေးနှုန်းများမှာ ပုဇွန်ခြောက် (၁)ပိဿာလျှင် ကျပ်(၆၅၀၀၀)မှ ကျပ်(၈၅၀၀၀)၊ ငါးရံ့ခြောက် (၁)ပိဿာလျှင် ကျပ်(၅၅၀၀၀မှ ၈၀၀၀၀)၊ ငါးပုတ်လုံးခြောက်(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀မှ ၁၈၅၀၀)၊  ငါးပုတ်သင်(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၆၀၀၀) ၊ အာပြဲခြောက်(၁)ပိဿာလျှင် ကျပ်(၂၀၀၀၀မှ ၂၂၀၀၀)၊ ငါးကျည်းခြောက်(၁)ပိဿာလျှင် ကျပ်(၃၅၀၀၀မှ ၄၅၀၀၀)၊ ငါးနီတူးခြောက် (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀ မှ ၁၄၀၀၀)၊ ငါးဖန့်ဝိုင်း(ငါးပိကောင်) (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၇၅၀၀) ရှိကြောင်း ချင်းတွင်းရတနာဈေးတွင်ရောင်းချနေသော ငါးခြောက်ကုန်သည်များထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

မိတ္ထီလာမြို့တွင်ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ

     ၂၀၂၃ ခုနှစ် ၊ ဇွန်လ စတုတ္ထပတ်အတွင်း မိတ္ထီလာမြို့နယ်တွင် အခြေခံစားသောက်ကုန်များဖြစ်သော စိုက်ပျိုးရေးထွက်ကုန် ရွှေဘိုပေါ်ဆန်းအသစ် တစ်ပြည် ၄၅၀၀ ကျပ်နှင့် အဟောင်း တစ်ပြည်လျှင် ၅၀၀၀ ကျပ်၊ ဧည့်မထ တစ်ပြည် ၃၂၀၀ နှင့် ငစိန်တစ်ပြည် ၂၆၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီ တစ်ပိဿာလျှင် ၆၂၀၀ကျပ်၊ မြေပဲဆီ တစ်ပိသာလျှင် ၁၄၀၀၀ ကျပ် ၊ နှမ်းဆီ တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ လက်လီတစ်ပိဿာ ၂၂၀၀ ကျပ် ၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် ၆၀၀၀ ကျပ်၊ ချင်းတက် တစ်ပိဿာလျှင် ၈၀၀၀ကျပ် ၊ ငရုတ်သီးခြောက်အမျိုးအစားအလိုက် ၁၇၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်ထိ ၊ အာလူး တစ်ပိဿာလျှင် ၃၀၀၀ ကျပ် ၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၁၀၀၀ ကျပ် နှင့် ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ မုန်ညှင်းရွက်၊ ဆလပ်ရွက်တစ်စီးလျှင် ၂၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

      မွေးမြူရေးထွက်ကုန်များဖြစ်သော ကြက်ဥလက်လီဈေးနှုန်းမှာ အကြီးတစ်လုံး ၂၈၀ ကျပ်၊ အသေးတစ်လုံး ၂၄၀၊ ဘဲဥကြီး တစ်လုံး ၃၅၀ ကျပ်၊ အသေးတစ်လုံး ၃၀၀ ကျပ်ရှိသည်။ မိတ္ထီလာမြို့၏ သား/ငါးဈေးနှုန်းနှင့် ငါးခြောက် ဈေးနှုန်းများမှာ ကြက်သား (ဒေသကြက်)တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်၊ ကြက်သား (CP)တစ်ပိဿာလျှင် ၁၀၂၀၀ ကျပ်၊ ဝက်သား တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်  ၊ အမဲသား တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်ထိ ၊ ငါးကြင်း တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ ငါးမြင်းတစ်ပိသာ ၁၆၀၀၀၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ၈၀၀၀ ကျပ်၊ ငါးတန်တစ်ပိဿာလျှင် ၈၀၀၀ ကျပ် ၊ ငါးခူတစ်ပိဿာလျှင် ၈၀၀၀ ကျပ်၊ ငါးရံ့ တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ ငါးဘတ် တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ ငါးဖယ် တစ်ပိဿာလျှင် ၁၁၀၀၀ ကျပ်၊ ငါးခြောက်လက်လီ ဈေးနှုန်းမှာ အာပြဲခြောက် တစ်ပိဿာ ၂၃၀၀၀ ကျပ် ငါးရံ့ခြောက်တစ်ပိဿာ ၅၀၀၀၀ ကျပ်၊ ငါးတံခွန်ခြောက် တစ်ပိဿာ ၁၆၀၀၀ ကျပ်၊ ငါးနီတူခြောက် တစ်ပိဿာ ၁၂၀၀၀ကျပ်၊ ငါးရောင်ခြောက် တစ်ပိဿာ ၃၂၀၀၀ ကျပ်၊ ပုစွန်ခြောက် တစ်ပိဿာ ၄၃၀၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

မွေးပုလဲအကြောင်း

    မုတ်ကောင်များကိုရှာဖွေ၍မွေးမြူပြီး ပုလဲများထုတ်ယူရရှိသဖြင့် မွေးပုလဲဟုခေါ်ပါသည်။ ရေချိုကမာကောင်များမှ ရေချိုပုလဲကိုရရှိ၍ ရေငံမုတ်ကောင်များမှ ရေငံမွေးပုလဲကိုရရှိပါသည်။ မုတ်ကောင်များကို မျိုးပွားသားဖောက်၍ ပုလဲစုဆောင်းကြရပါသည်။ မွေးပုလဲသည် သဘာဝပုလဲထက် ပေါများလှပါသည်။ သို့သော် ပုံသဏ္ဌာန်အရွယ်အစားနှင့် အရောင်ပေါ်မူတည်၍ သဘာဝနီးပါး ဈေးကြီးလှပါသည်။ မွေးပုလဲတစ်လုံးရရှိရန် မုတ်ကောင်များကို ရှာဖွေစုဆောင်းရပြီး မုတ်ကောင်များ ၃နှစ်သားအရွယ်အထိ မွေးမြူထားပြီး အရွယ်ရောက်လာမှ ရွေးချယ်၍ ပုလဲများရရန် ဝတ်ဆံထည့်မွေးမြူကြပါသည်။ သေသည့်အကောင်များကို ဖယ်ထုတ်၍ ၂နှစ်ခန့်ကြာမှ မုတ်ကောင်များကို ဓာတ်ခွဲခန်းတွင် ထုတ်ယူရသဖြင့် ကျွမ်းကျင်ပညာရှင်များလိုအပ်ပြီး လုပ်ငန်းစဉ် ကာလတစ်လျှောက်လုံး ဂရုတစိုက်ဆောင်ရွက်၍ အချိန်များစွာလိုအပ်ပါသည်။ သားဖောက်အဆင့်နှင့် ပုလဲထုတ်ယူသည့်အချိန်အထိ အချိန်ကာလ၆နှစ်ခန့်ကြာမြင့်သောကြောင့် မွေးပုလဲသည်လည်း သဘာဝပုလဲနီးပါတန်ဖိုးရှိလှပါသည်။          ထွက်ရှိရာဒေသနှင့် ဓာတ်ဖွဲ့စည်းမူ အပေါ်မူတည်၍    ပုလဲအရောင်(၃)မျိုးရှိပြီး ပုလဲဖြူ၊ပုလဲနက်နှင့် အရောင်ရှိပုလဲဟူ၍ဖြစ်ပါသည်။ ထိုကြောင့်မွေးပုလဲသည်လည်း သဘာဝပုလဲနီးပါးတန်ဖိုးရှိလှပါကြောင်း   မှီငြမ်း (ကိုးကား၍) ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ကယား)

စက်သုံးဆီဆိုင်များသို့ကွင်းဆင်းဆောင်ရွက်ခဲ့

     စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၇)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်နှင့် ပန်ကန်းရပ်ကွက်ရှိ တော်ဝင်(၂) စက်သုံးဆီအရောင်းဆိုင်၊ ပြုံးပြုံးရွှင်စက်သုံးဆီအရောင်းဆိုင်နှင့် ကျော်လွင်စက်သုံးဆီအရောင်းဆိုင်များ၌ ပြည်နယ်ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီနှင့်အတူ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် စက်သုံးဆီဆိုင်များ၏ နေ့စဉ်ရောင်းချမှုအခြေအနေများ၊ စက်သုံးဆီဆိုင်များတွင် စက်သုံးဆီဈေးနှုန်း ကြေညာသည့်(LED ဘုတ်)ဈေးနှုန်းနှင့် ပေးချေရသည့် ဈေးနှုန်းများကွာဟမှု ရှိ/မရှိ၊ စက်သုံးဆီဆိုင်များ ပြင်ပသို့ပီပါ(တိုင်ကီ)များဖြင့်ရောင်းချမှုရှိ/မရှိ၊ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက နေ့စဉ်သတ်မှတ်ထားသော နှုန်းထားများအတိုင်း ရောင်းချမှု ရှိ/မရှိ၊ စက်သုံးဆီများ၏ အချိန်အတွယ်ပမာဏနှင့် အလေးချိန် မှန်ကန်မှု ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

ဈေးကွက်အတွင်းဖြစ်ပေါ်နေသောကြက်ဥဈေးနှုန်း

   ဈေးကွက်အတွင်း စဉ်ဆက်မပြတ် ရောင်းအားကောင်းလျက်ရှိ‌သော ကြက်ဥကို ရှမ်းပြည်နယ်၊တောင်ကြီးနှင့် အင်းလေးဒေသမှ အများဆုံးတင်သွင်းရောင်းချကြပါသည်။ ၂၀၂၃ခုနှစ်၊ ဇွန်လ(စတုတ္တပတ်)တွင် ဈေးကွက်အတွင်း ဖြစ်ပေါ်နေသောကြက်ဥဈေးနှုန်းမှာ ကြက်ဥအလုံးသေး တစ်လုံးလျှင် (၂၃၀)ကျပ်နှင့် ကြက်ဥအလုံးကြီး တစ်လုံးလျှင်(၂၅၀)ကျပ်ခန့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်မေလ(စတုတ္တပတ်)နှင့် နှိုင်းယှဉ်လျှင် ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တက်လျက်ရှိပါသည်။ ဒေသကြက်ခြံထွက် ကြက်ဥများမှာလည်း ရောင်းအားကောင်းလျက်ရှိပြီး အရောင်းအဝယ်သွက်လျက်ရှိကြောင်း နောင်ယားဈေးအတွင်းရှိ ကြက်ဥရောင်းချနေသူတစ်ဦးထံမှ သိရပါသည်။

DOCA(ကယား)

နမ့်ဆန်မြို့နယ်အတွင်း ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းအခြေအနေ

     ၂၀၂၃ခုနှစ်၊ ဇွန်လ (၁) ရက်နေ့မှ (၂၇) ရက်နေ့အတွင်း နမ့်ဆန်မြို့ဈေးတွင် အခြေခံစားကုန်များဖြစ်သော ပေါ်ဆန်းမွှေးတစ်ပြည်လျှင် (၆၀၀၀) ကျပ်၊ လုံးသွယ်မွှေးတစ်ပြည်လျှင် (၅၀၀၀) ကျပ်၊ မဂျမ်းတောတစ်ပြည်လျှင် (၄၅၀၀) ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     ကြက်သွန်နီလက်လီဈေးမှာ တစ်ပိဿာလျှင် (၂၇၀၀) ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်)တစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ ရှမ်းတစ်ပိဿာလျှင် (၆၀၀၀) ကျပ်၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ မန်ကျည်းသီးမှည့်တစ်ပိဿာလျှင် (၈၀၀) ကျပ်မှ (၁၂၀၀) ကျပ်အတွင်း၊ အာလူးတစ်ပိဿာလျှင် (၂၀၀၀) ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၁၅၀၀) ကျပ်မှ (၂၀၀၀) ကျပ်နှင့် ကြက်ဥတစ်လုံးလျှင် (၃၅၀) ကျပ်နှုန်းတို့ဖြစ်ပါသည်။

     နမ့်ဆန်မြို့၏ အသား/ငါးဈေးနှုန်းများမှာ ကြက်သား (CP) တစ်ပိဿာလျှင် (၁၁၀၀၀) ကျပ်၊ ဒေသကြက်တစ်ပိဿာလျှင်(၁၅၀၀၀) ကျပ်မှ (၂၀၀၀၀) ကျပ်အထိ၊ အမဲသားတစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၉၀၀၀) ကျပ်မှ (၂၄၀၀၀) ကျပ်အထိ၊ ငါးကြင်းတစ်ပိဿာလျှင် (၈၀၀၀) ကျပ်မှ (၁၆၀၀၀)ကျပ်အထိရောင်းဝယ်နေကြောင်း သိရှိရပါသည်။

     စားသုံးဆီဈေးနှုန်းများမှာ နေကြာဆီတစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ပဲဆီတစ်ပိဿာလျှင် (၂၄၀၀၀) ကျပ်နှင့် စားအုန်းဆီတစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်တို့ဖြင့် အသီးသီးရောင်းဝယ်နေကြောင်း နမ့်ဆန်မြို့နယ်အတွင်းရှိ ဈေးသည်များထံမှသိရှိရပါသည်။

DOCA(ရှမ်း)

ဒေသထွက် နဂါးမောက်သီးများ စတင်ရောင်းချရ၍ စိုက်ပျိုးသူများ ဝင်ငွေရရှိ

    ကန့်ဘလူမြို့သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်မြို့လေးတစ်ခုဖြစ်ပါသည်။ ကန့်ဘလူမြို့သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည်။ လယ် ၊ ယာထွက်ကုန်သီးနှံများကို စိုက်ပျိုးကြသကဲ့သို့ ဥယျာဉ်ခြံသီးနှံများကိုလည်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြသည်။

     ယခုအခါ စိုက်ပျိုးသူများအတွက် စီးပွားဖြစ်ဝင်ငွေ ရှာဖွေပေးနိုင်သည့်အပြင် စားသုံးသူများအတွက် လည်း ကျန်းမားရေးအကျိုးကျေးဇူးများကို ပေးစွမ်းသည့် “နဂါးမောက်သီး”များ ခူးဆွတ်ရာသီဖြစ်သောကြောင့် ဈေးကွက်အတွင်း စတင်ရောင်းချနေကြသည်။ “နဂါးမောက်သီး”သည် မေလမှ အောက်တိုဘာလအထိ အသီး(၇)ကြိမ်မှ (၈)ကြိမ်ခန့်ထွက်ရှိ၍ တစ်နှစ်လျှင် (၅)လမှ (၆)လခန့် ဝင်ငွေရရှိနိုင်သောကြောင့် စီးပွားရေးတွက်ချေကိုက်သော ဥယျာဉ်ခြံသီးနှံတစ်ခုဖြစ်သည်။

      မြန်မာနိုင်ငံ၌ စိုက်ပျိုးလျက်ရှိသော နဂါးမောက်မျိုး(၃)မျိုးမှာ (က) အပြင်အခွံ အနီရောင်နှင့် အတွင်းသားအဖြူရောင်ရှိသောမျိုး၊ (ခ) အပြင်ခွံ အနီရောင်နှင့် အတွင်းသားအနီရောင်ရှိသောမျိုး၊ (ဂ) အပြင်ခွံ အဝါရောင်နှင့် အတွင်းသားအဖြူရောင်ရှိသောမျိုးတို့ဖြစ်ပါသည်။

    ကန့်ဘလူခရိုင်အတွင်း၌ နဂါးမောက်သီးများကို တစ်ဦးချင်း ဧကအများကြီး စိုက်ပျိုးမှုမရှိသော်လည်း ကန့်ဘလူမြို့နယ် ဆိတ်ဖူးမြောင်ကျေးရွာ၊ အင်ကြင်းစုကျေးရွာနှင့် အခြာနေရာများတွင်လည်း မိသားစုတစ်ပိုင်တစ်နိုင်စိုက်ပျိုးကြပြီး ဈေးကွက်အတွင်း ခူးဆွတ်ရောင်းချကြောင်း သိရသည်။ ကန့်ဘလူမြို့ သစ်သီးဈေးကွက်တွင် ရောင်းချနေသော နဂါးမောက်သီး အသေးတစ်လုံးလျှင် (၅၀၀)ကျပ်၊ နဂါးမောက်သီး အကြီးတစ်လုံးလျှင် (၇၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သစ်သီးရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီး/ပြည်နယ်များသို့ ယခင်လနှင့် ယခုလ ဆန်စီးထွက်မှု အခြေအနေ

   စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ရွှေဘို၊ ကလေး၊ ကသာနှင့် ကန့်ဘလူခရိုင်များအနေဖြင့် ၂၀၂၃ခုနှစ်၊ မေလတွင် မန္တလေးတိုင်း‌ဒေသကြီးသို့ (၂၃၄၀၀၀)အိတ်၊ ရန်ကုန်တိုင်း ဒေသကြီးသို့ (၁၆၆၀၀၀)အိတ်၊ မ‌ကွေးတိုင်းဒေသကြီးသို့ (၃၀၀၀)အိတ်၊ ရှမ်း(တောင်)သို့ (၁၆၀၀၀) အိတ်၊ ရှမ်း(မြောက်)သို့ (၁၆၀၀၀)အိတ်၊ နေပြည်တော်သို့ (၄၉၀၀၀)အိတ်၊ ကချင်ပြည်နယ်သို့ (၁၀၀၀၀) အိတ်၊ စုစုပေါင်း(၄၉၄၀၀၀)အိတ်၊ တန်အားဖြင့် (၂၄၇၀၀)စီးထွက်ခဲ့ပြီး ၂၀၂၃ခုနှစ်၊ ဇွန်လတွင် မန္တလေး တိုင်း‌ဒေသကြီးသို့ (၁၀၃၆၈၀)အိတ်၊ ရန်ကုန်တိုင်းဒေသကြီးသို့ (၇၅၉၅၀)အိတ်၊ မ‌ကွေးတိုင်းဒေသကြီးသို့ (၁၂၀)အိတ်၊ ရှမ်း(တောင်)သို့ (၂၃၀၀၀)အိတ်၊ ရှမ်း(မြောက်)သို့ (၂၃၅၀၀)အိတ်၊ နေပြည်တော်သို့ (၃၁၅၀၀)အိတ်၊ ကချင်ပြည်နယ်သို့ (၆၅၀၀) အိတ်၊ စုစုပေါင်း(၂၆၄၂၅၀)အိတ်၊ တန်အားဖြင့် (၁၃၂၁၂.၅) စီးထွက်ခဲ့သည့်အတွက် ယခင်လနှင့် ယခုလနှိုင်းယှဉ်ပါက ယခုလတွင် အိတ်ရေ(၂၂၉၇၅၀)၊ တန်အားဖြင့် (၁၁၄၈၇.၅) လျော့နည်းစီးထွက်ခဲ့ပါကြောင်း လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း