Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေး

   ပဲခူးတိုင်းဒေသကြီး၊  သာယာဝတီခရိုင်အတွင်းရှိသော မြို့နယ်များဖြစ်သည့် သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ မိုးညို၊ အုတ်ဖို၊ ကြို့ပင်ကောက်မြို့များ၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေအဖွဲ့ဥက္ကဋ္ဌကြီးကြပ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ပူးပေါင်းကာ အခြေခံစားသောက်ကုန်များကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာ ပြည်သူများအား နေ့စဉ်ရောင်းချပေးလျက်ရှိပါသည်။

    အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ကြက်သား၊ ဝက်သား၊ အမဲသား၊ ဆိတ်သား၊ ငါး၊ ကြက်ဥနှင့်ဟင်းသီးဟင်းရွက်များကို သက်သာသောဈေးနှုန်းဖြင့် ဒေသခံပြည်သူများကို နေ့စဉ် နံနက် (၇:၀၀) နာရီအချိန်မှစတင်၍ ရောင်းချပေးလျက်ရှိပါသည်။ စားသုံးသူပြည်သူများအား နွေဆန် (အသစ်) တစ်ပြည်လျှင် ၂၅၀၀ကျပ်၊ မနောသုခဆန် (အဟောင်း) တစ်ပြည်လျှင် ၂၉၅၀ကျပ်၊ ကြက်သား (စီပီ) တစ်ပိဿာလျှင် ၉၀၀၀ကျပ်၊ အမဲသားတစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ ဝက်သားတစ်ပိဿာလျှင် ၁၃၀၀၀ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၅၀၀၀ကျပ် နှင့် ကြက်ဥတစ်လုံးလျှင် ၂၃၀ကျပ်တို့ဖြင့် အသီးသီးရောင်းချပေးလျက်ရှိပါကြောင်းသိရှိရပါသည်။ စားသုံးဆီများကိုလည်း မြို့နယ်များအလိုက် သက်သာသောဈေးနှုန်း (၅၁၀၀) ကျပ်ဖြင့် ရောင်းချပေးလျက်ရှိပါသည်။ သာယာဝတီခရိုင်၏ ခရိုင်မြို့ဖြစ်သော သာယာဝတီမြို့နယ်တွင် (၂၅-၆-၂၀၂၃) ရက်နေ့မှစတင်၍ စားသုံးဆီများကို နေ့စဉ် ရောင်းချပေးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပဲခူးမြို့၊ တောင်သူစုကျေးရွာအကြော်စုံလုပ်ငန်းအကြောင်း တစေ့တစောင်း

       ပဲခူးမြို့၊ တောင်သူစုကျေးရွာတွင် တောင်ကြီးပဲပွကြော်၊ စားတော်ပဲကြော်၊ ပဲလွန်းကြော်၊ နှစ်ပြန်ကြော်လုပ်ငန်းများဖြင့် အကြော်စုံလုပ်ငန်းအား  လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။

    အကြော်စုံလုပ်ငန်းမှ တောင်ကြီးပဲပွဲကြော်ကို တစ်မျိုးအားဖြင့် တရုတ်ပဲကြီးကြော်(သို့) ဒိုကြီးကြော်ဟုခေါ်ကြောင်း သိရှိရပါသည်။ တောင်ကြီးပဲနှင့် ပဲလွန်းများကို မန္တလေးတိုင်းဒေသကြီးမှ ပိဿာချိန် (၅၀) လျှင် (၃)သိန်းကျပ်ခန့်ဖြင့်  ဝယ်ယူရကြောင်း သိရပါသည်။

     ဝယ်ယူရရှိသော ပဲများကို သန့်စင်ပြီး စဉ့်အိုးများဖြင့် (၂၄)နာရီကြာရေစိမ်၍ ကြော်လှော်ခြင်း လုပ်ငန်းများကို အလျား(၄)ပေ၊ အနံ(၃)ပေရှိ ဆီဘွိုင်လာအိုးဖြင့်ကြော်ပြီး ပဲများကို အရသာ ရောယှက်ကာ Mixer ဖြင့် ရောသမမွှေ၍ လေလုံခံသည့် ပလတ်စတစ်အိတ်များဖြင့် ထည့်၍ ပီနံအိတ်များဖြင့် ထုပ်ပိုးသည်ဟု သိရှိရပါသည်။

     တောင်ကြီးပဲပွကြော်နှင့် စားတော်ပဲကြော်များကို ရန်ကုန်မြို့ရှိ ကျားကမ္ဘာပွဲရုံ၊ ဘုရင်နောင်ပွဲရုံ၊ ကျောက်ဆူးပွဲရုံများသို့ (၁)ပိဿာလျှင် (၆၀၀၀)ကျပ်နှုန်းဖြင့် တင်ပို့ရောင်းချပြီး ပဲခူးမြို့တွင်းနှင့် အနီးရှိမြို့ရွာများသို့ တောင်ကြီးပဲပွကြော်(၁)ပိဿာလျှင် (၈၀၀၀)ကျပ်၊ စားတော်ပဲကြော်(၁)ပိဿာလျှင် (၅၅၀၀) ကျပ်၊ ပဲလွန်းကြော်(၁)ပိဿာလျှင် (၅၀၀၀)ကျပ်နှင့် နှစ်ပြန်ကြော် (၁)ပိဿာလျှင်(၉၀၀၀) ကျပ်ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။

    ပဲခူးမြို့နယ် ၊တောင်သူစုကျေးရွာရှိ အကြော်စုံလုပ်ငန်းများသည် လွန်ခဲ့သော (၁၅)နှစ်ခန့်က စတင်လုပ်ကိုင်ခဲ့သော လုပ်ငန်းဖြစ်ကာ လုပ်သားအင်အား(၇)ဦးဖြင့် တစ်ပိုင်တစ်နိုင်မိသားစု အိမ်တွင်းမှု စီးပွားရေး လုပ်ငန်းအဖြစ် အကျိုးအမြတ်ရရှိနေကြောင်း သိရှိရသည်။   

DOCA(ပဲခူး)

                                               

ပဲခူးတိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသည့် မင်းဂွတ်သီးများ ဈေးကောင်းရနေ

    ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့၊ မြောင်းဦးကျေးရွာမှ ထွက်ရှိသည့် မင်းဂွတ်သီးများ စတင်ထွက်ရှိချိန်တွင် ဈေးကောင်းရနေကြောင်း မင်းဂွတ်သီး စိုက်ပျိုးသူများ၏ပြောဆိုချက်အရ  သိရပါသည်။ ပဲခူးမြို့ သီးနှံဈေးကွက်တွင် လတ်တလောတွင် မင်းဂွတ်သီး အကြီးတစ်လုံးလျှင် ငွေကျပ် ၂၀၀ နှင့် အသေးတစ်လုံးလျှင် ငွေကျပ် ၁၅၀ အထိ ဈေးနှုန်း ဖြစ်ပေါ်နေကာ  အလုံးရေ ၂၀၀ပါ ခြင်းတစ်ခြင်းလျှင် ငွေကျပ်  ၄၀၀၀၀ နှင့်  ၃၀၀၀၀  စသည်ဖြင့်  ဈေးနှုန်းအသီးသီးရှိကြောင်း သိရပါသည်။

   မင်းဂွတ်သီးသည် နိုဝင်ဘာလမှစ၍ အဖူးဖူးလေ့ရှိပြီး ခြောက်လခန့်အကြာတွင် ဆွတ်ခူးနိုင်ကြောင်း သိရပါသည်။ ခူးဆွတ်သည့်အခါတွင် ရောင်းတန်းဝင်စေရန် အညိုရောင်သန်းမှ အသီးများခူးပါက ပို၍ဈေးရကြောင်း သိရှိရပါသည်။ မင်းဂွတ်သီးသည် ရောဂါဒဏ်လည်း ခံနိုင်ကာ ရေမှန်မှန် ပေးရကြောင်း သိရှိရပါသည်။  မင်းဂွတ်ပင်တွင် သီးပုပ်နှင့် သီးခွံမာ ရောဂါသာရှိပြီး  ဒူးရင်းသီးကဲ့သို့  ပိုးကျရောက်မှုမရှိကြောင်း၊ သက်တမ်းအားဖြင့် ၁၀ နှစ်ဝန်းကျင်တွင် စတင်ဆွတ်ခူးနိုင်ပြီး သက်တမ်း  နှစ် ၄၀  မှ ၅၀ ခန့်အထိ ဆွတ်ခူးနိုင်ကြောင်း သိရပါသည်။

  ယခုလို ဒူးရင်းသီးပေါ်ချိန်တွင် မြန်မာနိုင်ငံရှိ လူအများစုသည် ဒူးရင်းသီးကို စားသုံးကြပြီးနောက် မင်းဂွတ်သီးကို စားသုံးလေ့ရှိကြသည်။ ဒူးရင်းသီး၏ သဘာဝမှာ အပူများ၍ မင်းဂွတ်သီးတွင် အေးသော သဘာဝဓာတ်ပါသဖြင့် အပူအအေးမျှတအောင် စားသုံးသင့်ကြောင်း သိရှိရပါသည်။ မင်းဂွတ်သီးကို ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့၌ စိုက်ပျိုးလေ့ရှိပြီး ဈေးကွက်ဝင် သီးနှံတစ်မျိုးဖြစ်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

ပဲခူးမြို့နယ်တွင် ခရမ်းသီးနှံစိုက်တောင်သူများအောင်မြင်ဖြစ်ထွန်း၍ အပိုဝင်ငွေများရရှိ

   ပဲခူးခရိုင် ၊ ပဲခူးမြို့နယ်အတွင်းရှိ ‌တောင်သူလယ်သမားများအနေဖြင့် မိုးစပါးအပြင် အခြားသီးနှံများ စိုက်ပျိုးလျက်ရှိရာ ပဲခူးမြို့နယ် ၊ မုန်တိုင်းကျေးရွာတွင် ခရမ်းစိုက်တောင်သူများ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ် ဆွတ်ခူး‌ရောင်းချနေရသဖြင့် အပိုဝင်ငွေရရှိကာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

    အဆိုပါ  ခရမ်းသီးနှံကို  တစ်ဧကလျှင် မျိုးစေ့ (၃၀၀) ဂရမ်နှုန်းဖြင့် ပျိုးနိုင်ခြင်း၊ တစ်ပင်နှင့် တစ်ပင်    ငါးပေခြား  စိုက်ပျိုး၍   ရေသွင်းရေထုတ်လွယ်ကူစေရန် မြေဘောင်များ  ပြုလုပ်ပေးရပါသည်။ အပင်ငယ်ချိန်တွင် မြေ ပေါင်းသင်ပေးကာ  တစ်လတစ်ကြိမ် အပင်ခြေများတွင်  မြေသြဇာ အနည်းငယ်မျှ ထည့်ရပြီး လိုအပ်ပါက  အပင်အားဖြည့်ဆေးနှင့် ပိုးသတ်ဆေး  ဖြန်းပေးရပါသည်။ စတင်စိုက်ပျိုးသည့် အချိန်မှစ၍ ခူးဆွတ်နိုင်သည့်ကာလမှာ အချိန် (၃)လ ခန့်ကြာမြင့်ပြီး  ဆွတ်ခူး ရောင်းချသည့်အခါ   ရက်ခြားခူး၍   ရောင်းရသကဲ့သို့  နေ့စဉ်ဆွတ်ခူး၍ လည်းရောင်းချရကြောင်း သိရှိရပါသည်။  ရင်းနှီးမြှုပ်နှံရသည့် (မျိုးစေ့၊ ပိုးသတ်ဆေး၊ အလုပ်သမား ငှားရမ်းခနှင့် ဓာတ်မြေသြဇာ) စသည့်ကုန်ကျစရိတ်များမှာ စုစုပေါင်း ကျပ် နှစ်သိန်း ဝန်းကျင်ခန့်ရှိပြီး ရောင်းစျေးအနေဖြင့်  ဖောက်သည်စျေး  ၁ပိဿာ ကျပ် ၁၈၀၀  မှ ၂၀၀၀ အထိ ရောင်းချ ရသည့်အတွက် နေ့စဉ် အပိုဝင်ငွေရရှိကာ မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

MSMEs ထုတ်ကုန်တစ်ခုဖြစ်သည့် ပဲခူးငါးချဉ်ဈေးကွက်

      ပဲခူးမြို့တွင် ဒေသထုတ်ကုန်အနေဖြင့် ငါးချဉ်လုပ်ငန်းကို တစ်နိုင်တစ်ပိုင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြရာ ပဲခူးမြို့အခြေပြု ထုတ်လုပ်ရောင်းချသော ငါးချဉ်အမှတ်တံဆိပ်များတွင် ပဲခူး(မနီ)၊ ငွေငါး၊ အေးမိစံ၊ ကမ္ဘာကျော်၊ ကောင်းထက်စံ၊ ပဲခူးအောင်၊ မမွန်လေး၊ မနိုင်၊ ကျော်ကြား၊ ရွှေဟင်္သာ စသည့် အမှတ်တံဆိပ်အမျိုးမျိုးဖြင့် ထုတ်လုပ်ရောင်းချလျက်ရှိသည့် လုပ်ငန်းရှင် (၂၀)ဦးကျော်ရှိကြောင်း သိရှိရ ပါသည်။ ပဲခူး၊ ဒိုက်ဦး၊ ညောင်လေးပင်၊ ပြွန်တန်ဆာ၊ ရွှေကျင်၊ ဝေါ၊ သနပ်ပင် စသည့်မြို့များတွင်လည်း ငါးချဉ်လုပ်ငန်းလုပ်ကိုင်သူ အများအပြားရှိကြောင်း သိရှိရပါသည်။

     ငါးချဉ်ထုတ်လုပ်သည့် လုပ်ငန်းငယ်တစ်ခုတွင် (၁)ရက် ငါးပိဿာအချိန် (၇၀)မှ (၈၀)အထိ လုပ်ကိုင်နိုင်ပြီး အချိန်(၁၀)လျှင် (၁၀)ကျပ်သား အထုပ်ရေ(၂၀၀)ခန့်ထွက်ရှိကြောင်း၊ အချိန်(၁၀)အတွက် ကုန်ကျစရိတ် (၂)သိန်းခန့် ကုန်ကျကြောင်း၊ ဈေးနှုန်းအနေဖြင့် ငါးချဉ်(၁၀)ကျပ်သား အထုပ်ငယ် တစ်ထုပ်လျှင် (၁၆၀၀)ကျပ်ခန့် ရောင်းချလျက်ရှိပြီး ဈေးကွက်အနေဖြင့် ပဲခူးမြို့တွင် ဒေသထွက် လက်ဆောင်အဖြစ် ဆိုင်များတွင် ရောင်းချကာ မြန်မာပြည်အနှံ့အပြားသို့လည်း တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

  တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အသေးစား၊ အငယ်စား၊ အလတ်စား MSMES ဒေသထုတ်ကုန်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး အလေးစားဆောင်ရွက်ပေးလျှက်ရှိရာ နိုင်ငံ့အကျိုးစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေများထုတ်ချေးပေးခြင်း၊ ဒေသထုတ်ကုန်ပြပွဲများ၊ ဈေးအရောင်းပွဲများတွင် ပြသစေခြင်းဖြင့် MSMEs ထုတ်ကုန်တစ်ခုဖြစ်သည့် ငါးချဉ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

 

တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်များကို အခြေခံလူတန်းစားများအား သက်သာသောဈေးနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေး

   ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တောင်ငူမြို့နေပြည်သူများအား အခြေခံစားကုန်များကို ဈေးနှုန်းသင့်တင့်စွာဝယ်ယူနိုင်ရေးအတွက် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများက ဆန်၊ ဆီ၊ အသားငါးနှင့် ဟင်းသီးဟင်းရွက်များကိုတိုက်ရိုက်ရောင်းချပေးလျက်ရှိရာ  ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၁၇ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် တောင်ငူမြို့၊ ဘုရင့်နောင်ဈေးအနီးရှိ သံတောင်လမ်းမကြီးဘေးတွင် ရောင်းချပေးခဲ့ပါသည်။

  ယနေ့တွင် တောင်ငူမြို့နယ်၊ ဆန်စက်ပိုင်ရှင်များအသင်းက ဆန်တစ်ပြည်လျှင် ၂၅၀၀ကျပ်ဖြင့် လူတစ်ဦးလျှင် နှစ်ပြည်နှုန်းဖြင့်ရောင်းချပေးပါသည်။ ပဲခူးခရိုင်၊ ဆီကုန်သည်အသင်းမှ ဆီအရောင်းဈေးကားသည် စားအုန်းဆီ ၅၀ကျပ်သားတစ်ဘူးလျှင် ၂၅၀၀ကျပ်ဖြင့် လူတစ်ဦးလျှင် တစ်ဘူးနှုန်းရောင်းချပေးပါသည်။

    မွေးမြူရေးလုပ်ငန်းရှင်များကလည်း အမဲသားတစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ ကြက်သားတစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ ဝက်သားတစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ ငါးတစ်ပိဿာလျှင် ၅၈၀၀ကျပ်၊ ကြက်ဥ ၁၀လုံးလျှင် ၂၅၀၀ကျပ်၊ ဘဲဥ ၁၀လုံးလျှင် ၂၇၀၀ကျပ်ဖြင့် ရောင်းချပေးလျက်ရှိရာ မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ပါသည်။

   ထို့တူ တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေးလုပ်ကိုင်သူများကလည်း ဟင်းသီးဟင်းရွက်များကို သင့်တင့်သောဈေးနှုန်းဖြင့် လာရောက်ရောင်းချပေးကြောင်း၊  ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ၏ ဆန်၊ ဆီ၊ အသားငါးနှင့် ဟင်းသီးဟင်းရွက်များ နေ့စဉ်တိုက်ရိုက်ရောင်းချနိုင်ရေးကို သက်ဆိုင်ရာဌာနများက စီမံဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)

 

ပဲခူးမြို့၊ မြို့မဈေးကြီးတွင် စားသုံးသူပြည်သူများသို့ အခြေခံစားကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

    ပဲခူးတိုင်းဒေသကြီးတွင် ဈေးကွက်အတွင်းဖြစ်ပေါ်နေသော အခြေခံစားကုန်ပစ္စည်းများ ဈေးနှုန်းမှန်ကန်စွာရောင်းချရေး၊ ပစ္စည်းပြတ်လပ်မှုမရှိစေရေး၊ သတ်မှတ်အရည်အသွေး၊ အလေးချိန်၊ အချိန်အတွယ်နှင့် ဈေးနှုန်းမှန်ကန်မှုရှိစေရေးတို့အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့်  စားသုံးသူပြည်သူများအား ဈေးနှုန်းသက်သာစွာ စားသုံးနိုင်ရန်အတွက် ပဲခူးမြို့၊ မြို့မဈေးကြီးတွင် ၁၇.၆.၂၀၂၃ ရက်နေ့မှစတင်၍ နေ့စဉ် နံနက်(၀၇:၀၀)နာရီမှ နေ့လယ် (၁၂:၀၀) နာရီအထိ အခြေခံ စားကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥ၊ အသားငါးမျိုးစုံ၊ စားဖိုဆောင်သီးနှံနှင့် ဟင်းသီးဟင်းရွက် အမယ်စုံတို့ကို ရောင်းချပေးလျက်ရှိရာ ဈေးနှုန်းအနေဖြင့် ဧည့်မထဆန်(၁)ပြည် လျှင် ၂၅၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ စားအုန်းဆီ(၁)ပိဿာလျှင် ၄၈၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဘဲဥ(၁)လုံးလျှင် (၂၉၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ ကြက်ဥ(၁)လုံးလျှင် (၂၃၀)ကျပ်နှုန်းဖြင့် လည်းကောင်း၊ ကြက်သား (၁)ပိဿာလျှင် (၈၀၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဝက်သား(၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်နှုန်းဖြင့် လည်းကောင်း၊ ဆိတ်သား(၁)ပိဿာလျှင် (၁၅၀၀၀)ကျပ် နှုန်းဖြင့်လည်းကောင်း၊ အမဲသား(၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ ပုစွန်(၁)ပိဿာလျှင် (၁၈၀၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ ငါးကြင်း(နီ) (၁)ပိဿာလျှင် (၅၀၀၀)ကျပ် နှုန်းဖြင့်လည်းကောင်း၊ ကြက်သွန်နီ(၁)ပိဿာလျှင် (၁၈၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း အသီးသီးရောင်းချပေးလျက်ရှိသဖြင့် စားသုံးသူပြည်သူများအနေဖြင့် ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပုပ္ပားဒေသထွက် နဂါးမောက်သီး ဈေးနှုန်းဈေးကွက်ကောင်းမွန်

    နဂါးမောက်သီးများကို  ပုပ္ပားကျေးရွာ၊ တောင်ကလပ်ကျေးရွာ၊ နတ်ကန်လည်ကျေးရွာများတွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ ပုပ္ပားဒေသထွက် နဂါးမောက်သီးပင်သည် အရည်အသွေးကောင်းမွန်သော်လည်း နဂါးမောက်သီး ခြံတိုင်းလှိုင်လှိုင်ထွက်ရှိချိန်တွင် ဈေးနှုန်းကျဆင်းသွားလေ့ရှိကြောင်း သိရှိရပါသည်။

     နဂါးမောက်သီးတွင် အဖြူသီးနှင့် အနီသီးနှစ်မျိုးရှိပြီး နဂါးမောက်သီးများမှာ ကဆုန်လတွင် စတင်ဖူးပွင့်ကာ နယုန်လတွင် အသီးမှည့်၍ စတင်ရောင်းချရကြောင်း သိရှိရပါသည်။ နဂါးမောက်သီးမှာ တစ်နှစ်တွင် (၄)ကြိမ်အထိ အသီးရရှိကြောင်း သိရှိရပါသည်။ နဂါးမောက်ပင်များသည့် (၁)ဧကလျှင် အပင်(၂၀၀)ကျော် စိုက်ပျိုးနိုင်ပြီး (၂)နှစ်သားမှစ၍ အသီးများစတင်ရရှိပြီး တစ်ဧကလျှင်(၁၀၀) ကီလိုကျော်အထိ ရရှိကြောင်း သိရှိရပါသည်။

     နဂါးမောက်သီးခြံများမှ တိုက်ရိုက်ဝယ်ယူသည့် ခြံဈေးအနေဖြင့် တစ်ကီလိုလျှင် (၁၃၀၀) ကျပ် ၊ (၈၀၀)ကျပ် ၊ (၃၀၀)ကျပ် ၊ အလုံးအရွယ်အစားလိုက် ဈေးအမျိုးအမျိုးရှိပြီး နေပြည်တော်၊ မန္တလေး၊ ရန်ကုန်များသို့ တင်ပို့လျှက်ရှိကြောင်းနဂါးမောက်သီးစိုက်ပျိုးသည့် တောင်သူထံမှ သိရှိရပါသည်။ ပဲခူးမြို့ ဈေးကွက်တွင် နဂါးမောက်သီး တစ်လုံးလျှင် ၁၅၀၀-၁၃၀၀-၁၀၀၀ ကျပ်ဖြင့် အသီးအရွယ်အစားပေါ် မူတည်၍ အ‌ရောင်းအဝယ်ဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။

   နဂါးမောက်သီးသည် နာတာရှည်ရောဂါ ခံစားနေရသူများ၊ အသားအရေ စိုပြည်လှပလိုသူများ၊ နှလုံးသွေးတိုး ဆီးချိုရောဂါနဲ့ အစာအိမ်အူလမ်းကြောင်း ပြဿနာရှိသူများ ရွေးချယ်စားသုံးသင့်သော အသီးအနှံတစ်မျိုးဖြစ်၍ နဂါးမောက်သီးသည် လူကြိုက်များပြီး ဈေးနှုန်းဈေးကွက် ကောင်းမွန်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပဲခူးမြို့တွင် ငှက်ပျောသီးဈေးနှုန်း ပြန်လည်ကျဆင်းလာ

     ၂၀၂၃ခုနှစ်၊ မိုးဦးကာလတွင် သဘာဝဘေးအန္တရာယ်ထိခိုက်မှုများကြောင့် ငှက်ပျောသီး ဈေးနှုန်း မြင့်တက်နေရာမှ ဇူလိုင်လအတွင်းတွင် ဈေးနှုန်းပြန်လည် ကျဆင်းလာကြောင်းသိရှိရပါသည်။ ငှက်ပျောသီး ဈေးကွက်တွင် ဖီကြမ်း၊ သီးမွှေး၊ ရခိုင်ငှက်ပျောများ အရောင်းအဝယ်အဖြစ်များပြီး ယခင်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ငှက်ပျောတစ်ဖီးလျှင် ၅၀ဝိ/-ကျပ်မှ ၁၀၀ဝိ/-ကျပ်အထိ ကျဆင်းလာကြောင်း သိရှိရပါသည်။

       ဖီးကြမ်းတစ်ဖီးလျှင် ယခင် ၂၀၀၀ကျပ်နှင့် ၄၀၀၀ကျပ် အကြားရှိရာမှ ယခုလျှင် ၁၈၀၀ ကျပ်နှင့် ၃၅၀၀ကျပ်အကြား၊ သီးမွှေးတစ်ဖီးလျှင် ယခင် ၄၀၀၀ ကျပ်ရှိရာမှ ယခုအခါ အသီးအရည်အသွေး အပေါ်မူတည်၍  ၂၅၀၀၀ကျပ်နှင့် ၃၅၀၀ ကျပ်အကြား၊ ရခိုင်ငှက်ပျောတစ်ဖီးလျှင် ၁၅၀၀ကျပ်ဝန်းကျင်မှ ယခုအခါ ၉၀၀ကျပ် ဝန်းကျင်အထိ ကျဆင်းလာကြောင်း သိရှိရပါသည်။

   ယခုနှစ်အတွင်း မိုခါမုန်တိုင်းနှင့် အခြားသောသဘာဝဘေးအန္တရာယ်များကြောင့် ငှက်ပျောစိုက်ခင်းများပျက်ဆီးဆုံးရှုံးခဲ့ပြီး ငှက်ပျောသီး သီးနှုန်းမြင့်တက်ခဲ့ရာမှ ယခုလအတွင်း ငှက်ပျောသီးဈေးနှုန်း ပြန်လည်ကျဆင်းခဲ့ခြင်း ဖြစ်သည်။

      စားသုံးမှုမြင့်မားသည့် ငှက်ပျောသီးများကို ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး ၊ နေပြည်တော်များတွင် အများဆုံးစိုက်ပျိုးကြပါသည်။ ဧရာဝတီတိုင်းဒေသကြီးတွင် ငှက်ပျောမျိုးစုံ စိုက်ပျိုးကြပြီး ပဲခူးမြို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့တွင် ငရုတ်သီးစိမ်းများဈေးတည်ငြိမ်ပြီး အခြားဟင်းသီးဟင်းရွက်များဈေးတက်နေ

     တောင်ငူမြို့၊ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတွင် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (စတုတ္ထအပတ်) ၌ ငရုတ်သီးစိမ်း (မိုးထောင်သီး) မှာ တစ်ပိဿာလျှင် ၇၀၀၀ကျပ်မှ ၈၀၀၀ကျပ်၊ ငရုပ်သီးစိမ်း (ကျောက်စိမ်းသီး) မှာ တစ်ပိဿာလျှင် ၃၀၀၀ကျပ်မှ ၄၀၀၀ကျပ်၊  ကုလားအော်သီးမှာ တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်၊ ခရမ်းသီး (အဖြူ)မှာ တစ်ပိဿာလျှင် ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်၊ ခရမ်းသီး (အညို) မှာ တစ်ပိဿာလျှင်  ၁၆၀၀ကျပ်မှ ၁၈၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။ ဂေါ်ဘီမှာ တစ်ပိဿာလျှင် ၆၀၀ကျပ်မှ ၈၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

      ဒေသသခွားသီးမှာ ယခင်လကုန်ပိုင်းတွင် တစ်ပိဿာလျှင် ၅၀၀ကျပ်မှ ၆၀၀ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၇၀၀ကျပ်မှ ၈၀၀ကျပ်အထိ၊ ရှမ်းပြည်သခွားသီးမှာ ယခင်လကုန်ပိုင်းတွင် တစ်ပိဿာလျှင် ၇၀၀ကျပ်မှ ၈၀၀ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၈၀၀ကျပ်မှ ၉၀၀ကျပ်၊ ဂေါ်ဘီမှာ ယခင်လကုန်ပိုင်းတွင် တစ်ပိဿာလျှင် ၆၀၀ကျပ်မှ ၈၀၀ကျပ်‌အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၂၀၀ကျပ်မှ ၁၅၀၀ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်လာခဲ့ပါသည်။

    ခရမ်းချဉ်သီးမှာ ယခင်လကုန်ပိုင်းတွင် တစ်ပိဿာလျှင် ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၇၀၀ကျပ်မှ ၂၀၀၀ကျပ်၊ နံနံပင်မှာ ယခင်လကုန်ပိုင်းတွင် တစ်ဆယ်ကျပ်သားလျှင် ၄၀၀ကျပ်မှ ၅၀၀ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ဆယ်ကျပ်သားလျှင် ၅၀၀ကျပ်မှ ၆၀၀ကျပ်၊ မုံလာဥဖြူမှာ ယခင်လကုန်ပိုင်းတွင် တစ်ပိဿာလျှင် ၁၆၀၀ကျပ်မှ ၁၈၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀ကျပ်မှ ၂၀၀၀ကျပ်၊ မုံလာဥနီမှာ ယခင်လကုန်ပိုင်းတွင် တစ်ပိဿာလျှင် ၁၅၀၀ကျပ်မှ ၁၇၀၀ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ၂၂၀၀ကျပ်အထိဖြစ်၍ ဈေးနှုန်းမြင့်တက်လာခဲ့ပြီး မုန်ညင်းဖြူမှာ တစ်ပိဿာလျှင် ၁၈၀၀ကျပ်မှ ၂၀၀၀ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

     ကန်စွန်းရွက်မှာ တစ်စည်းလျှင် ၂၀၀ကျပ်၊ ၁၀စည်းယူလျှင် ၁၇၀၀ကျပ်၊ ချဉ်ပေါင်ရွက်မှာ တစ်စည်းလျှင် ၁၀၀ကျပ်၊ ၁၀စည်းယူလျှင် ၇၀၀ကျပ်၊ ကင်ပွန်းချဉ်ရွက်မှာ တစ်စည်းလျှင် ၂၀၀ကျပ်နှင့် ၁၀စည်းယူလျှင် ၁၇၀၀ကျပ်တို့ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း