Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဈေးနှုန်းမြှင့်တက်လျက်ရှိသောကြက်သွန်ဖြူ(ရှမ်းစ/ဒေသစ)နှင့်(ကြူကုတ်စ)

      ကယားပြည်နယ်တွင် စားဖိုဆောင်သီးနှံဖြစ်သော ကြက်သွန်ဖြူကို ရှမ်းပြည်နယ် (တောင်ပိုင်း) မြို့နယ်များဖြစ်သော တောင်ကြီး၊ပင်လောင်း၊ဟိုပုံးမြို့နယ်များမှ အဓိကမှာယူ တင်သွင်းစားသုံး ကြပါသည်။ ယခင်ဇွန်လ ဒုတိယပတ်အတွင်း ကယားပြည်နယ်တွင် ဖြစ်ပေါ် နေသော ကြက်သွန်ဖြူ (ရှမ်းစ/ဒေသစ) ဈေးနှုန်းမှာ (၄၅၀၀) ကျပ်နှင့် ကြက်သွန်ဖြူ (ကြူကုတ်စ) ဈေးနှုန်းမှာ(၅၂၀၀)ကျပ် ဖြစ်ပြီး ယခု ဇူလိုင်လ ဒုတိယပတ်အတွင်း ကြက်သွန်ဖြူ (ရှမ်းစ/ဒေသစ) ဈေးနှုန်းမှာ (၈၀၀၀)ကျပ် နှင့် ကြက်သွန်ဖြူ (ကြူကုတ်စ)ဈေးနှုန်းမှာ (၇၂၀၀) ကျပ်အထိ မြင့်တက်လာခဲ့ပါသည်။ ယခင် ဇွန်လ ဒုတိယအပတ်နှင့် ယခု ဇူလိုင်လ ဒုတိယအပတ် ဈေးနှုန်း များကို နှိုင်းယှဉ်ကြည့်လျှင် ကြက်သွန်ဖြူ (ရှမ်းစ/ဒေသစ) ဈေးနှုန်းမှာ (၃၅၀၀) ကျပ်နှင့် ကြက်သွန်ဖြူ (ကြူကုတ်စ) ဈေးနှုန်းမှာ (၂၀၀၀) ကျပ်ခန့် ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း ဈေးနှုန်းမြင့်တက်ရခြင်းမှာ ဒေသအတွင်းစိုက်ပျိုး ထုတ်လုပ်မှုနည်းပါး၍ သယ်ယူစရိတ်များ မြင့်တက်ခြင်းကြောင့်ဖြစ်သည်ဟု သီရိမင်္ဂလာဈေးအတွင်းရှိ ကြက်သွန်ဖြူ/နီ လက်လီ၊လက်ကား ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)

လွိုင်ကော်မြို့ရှိ ဈေးကွက်သို့ အရောင်းသွက်နေသော ရာသီစာနာနတ်သီး

  ကယားပြည်နယ်၊ လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးတွင် ၂၀၂၃ခုနှစ်၊ဇူလိုင်လ(ပထမပတ်)အတွင်း ရာသီစာနာနတ်သီးများ ရောင်းအားကောင်းလျက်ရှိပါသည်။ နာနတ်သီးသည် အရည်ရွှမ်း၊ အနံ့မွှေး၍ အရသာကောင်းမွန်သည့်အပြင် ဗီတာမင်နှင့်သတ္တုဓာတ် များစွာကြွယ်ဝသဖြင့် ကျန်းမာရေးအတွက် များစွာအထောက်အကူပြုကြောင်း၊ နာနတ်သီးတွင် အဓိကပါဝင်သော အာဟာရဓာတ်များမှာ ကာဗိုဟိုက်ဒြိတ်၊ ဗီတာမင်၊ သတ္တုဓာတ်နှင့်အင်ဇိုင်း ဓာတ်များပါဝင်ပြီး အဆိုပါ အာဟာရဓာတ်များသည် ပင်ပန်းနွမ်းနယ်မှုများကို လျော့နည်းစေခြင်း၊ အရိုးကျန်းမာရေးကောင်းစေခြင်း၊ ကိုယ်ခံစွမ်းအားမြင့်မားစေခြင်း၊ ရောင်ရမ်းမှုနှင့် နာကျင်မှုများကို သက်သာစေခြင်း၊ စွမ်းအင်ထုတ်လုပ်ပေးခြင်း၊ အစာချေစနစ်ကောင်းစေခြင်း၊ သွေးလည်ပတ် မှုကောင်းစေခြင်း၊ နှလုံးကျန်းမာရေးကောင်းမွန်စေခြင်း စသည့်အကျိုးအာနိသင်များရရှိစေသည်။ နာနတ်သီးကို သဘာဝအတိုင်းအမှည့်စားသုံးခြင်း၊ ဖျော်ရည်ပြုလုပ်ခြင်း၊ ယိုထိုးခြင်း၊ သစ်သီးခြောက်ပြုလုပ်ခြင်း စသည်တို့ပြုလုပ်စားသုံးနိုင်သည်။ ဈေးကွက်တွင်အရောင်း သွက်လျက်ရှိသော ရာသီစာနာနတ်သီးသည် အလုံးကြီးတစ်လုံးသည် (၁၀၀၀) ကျပ်၊ အလုံးလတ် တစ်လုံး (၈၀၀)ကျပ်နှင့် အလုံးငယ်တစ်လုံး  (၅၀၀)ကျပ် ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်နှင့် ဆိုက်ခေါင်ကျေးရွာတို့မှ အများဆုံးတင်သွင်းရောင်းချလျက်ရှိကြောင်း သီရိမင်္ဂလာဈေးအတွင်းရှိ အရောင်းဆိုင်ပိုင်ရှင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)

ဈေးကွက်အတွင်းရှိ စိုက်ပျိုးရေးမှိုဈေးနှုန်းများ

    ကယားပြည်နယ်ဈေးကွက်အတွင်း ရောင်းချလက်ရှိသည့် စိုက်ပျိုးရေးမှိုများဖြစ်သော ငွေနှင်းမှို၊ ကောက်ရိုးမှုနှင့် အပ်မှိုတို့သည် အိမ်ရှင်မတိုင်းအတွက် အရသာရှိသော ဟင်းတစ်ခွက် ဖြစ်စေပါသည်။ အရသာရှိသည့်အပြင် ကျန်းမာရေးနှင့်လည်း ညီညွတ်လှပါသည်။ သဘာဝမှိုများသည် အဆိပ်ရှိတက်ပြီး စိုက်ပျိုးရေးမှိုများသည် အဆိပ်ကင်းပါသည်။ အစာလည်း ဆေး၊ ဆေးလည်းအစာဆိုသလို အလွန်အကျွံစားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါသည်။

    ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စိုက်ပျိုးရေးမှိုဈေးနှုန်းများမှာ ငွေနှင်းမှို တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ကောက်ရိုးမှို တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်နှင့် အပ်မှို တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သီရိမင်္ဂလာဈေးအတွင်းရှိ မှိုရောင်းချသူ တစ်ဦးထံမှ သိရပါသည်။

DOCA(ကယား)

ရာသီစာ ဒူးရင်းသီးဈေးကွက်

  ပြည်သီသစ်ဝလံဈေးကွက်တွင် အသီးမျိုးစုံရောင်းချလျက်ရှိရာ ဒူးရင်းသီး၊ နာနတ်သီး၊ မင်းကွတ်သီးများကို ဈေးကွက်အတွင်း ရောင်းချမှုများပြားကြသကဲ့သို့ ဝယ်ယူစားသုံးသူများကလည်း ရာသီစာသီးနှံများကို ဝယ်ယူစားသုံးမှုများကြပါသည်။ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ ပထမအပတ်တွင် ယိုးဒယားဒူးရင်းသီးသီးထက် ဈေးသင့်သောဗမာသီးများမှာ ပိုမိုရောင်းချရပါသည်။ ဗမာသီးတစ်လုံးလျှင် (၃၀၀၀) ကျပ်မှစတင်၍ (၅၀၀၀) ကျပ်၊ (၇၀၀၀) ကျပ်၊ (၈၀၀၀) ကျပ်တို့အထိ အရွယ်အစားလိုက်၍ ဈေးကွာခြားခဲ့သော်လည်း ဝယ်ယူစားသုံးသူများအနေဖြင့် ဈေးသင့်သောဗမာသီးများကို ပိုမိုစားသုံးကြကြောင်းသိရပါသည်။ ဒူးရင်းသီးအပြင် ဒူးရင်းယိုကိုမူ တစ်ပိဿာလျှင် (၃၀၀၀၀) ကျပ်မှ (၃၃၀၀၀) ကျပ်ဈေးနှုးတို့ဖြင့်ရောင်းချကြကြောင်း သိရပါသည်။

DOCA(ပဲခူး)

ပြည်ကုန်စည်ဒိုင်ရှိ မေလနှင့် ဇွန်လတို့၏ ဈေးကွက်အခြေအနေနှိုင်းယှဉ်ချက်

 ပြည်ကုန်စည်ဒိုင်ရှိ အရောင်းအဝယ်ဖြစ်လျက်ရှိသော မတ်ပဲ၊ ကုလားပဲတို့၏ ဈေးနှုန်းဈေးကွက်အခြေအနေနှင့် အရောင်းအဝယ်ဖြစ်မှုတို့ကိုလေ့လာသိရှိရပါသည်။

မတ်ပဲ

   ပြည်ကုန်စည်ဒိုင်တွင် ၂၀၂၃ခုနှစ်၊ မေလ၊ ပထမအပတ်တွင် မတ်ပဲတစ်တင်းလျှင် (၇၀၀၀၀-၇၁၀၀၀) ကျပ်ဖြင့်အရောင်းအဝယ်ရှိခဲ့ပါသည်။ ဒုတိယအပတ်တွင် မတ်ပဲဈေးတက်လာပြီး (၇၂၀၀၀-၇၃၀၀၀-၇၃၅၀၀) ကျပ်တို့ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ် (၁၅၀/၂၀၀) ခန့် အဝယ်ရှိခဲ့ပါသည်။ မေလ၊ တတိယအပတ်တွင် (၇၂၀၀၀-၇၃၀၀၀) ကျပ်တို့ဖြင့်ဈေးအေးနေခဲ့ပြီး မေလ၊ စတုတ္ထအပတ်တွင် မတ်ပဲတစ်တင်းလျှင် (၇၆၀၀၀-၇၆၅၀၀) ကျပ်တို့ဖြင့်ဈေးမြင့်လာခဲ့ပါသည်။ ဇွန်လ၊ ပထမအပတ်တွင် မတ်ပဲတစ်တင်းလျှင် (၇၆၅၀၀-၇၇၀၀၀) ကျပ်၊ ဒုတိယအပတ်တွင် (၈၀၀၀၀) ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ် (၂၀၀) ခန့်အဝယ်ရှိခဲ့ပါသည်။ ဇွန်လ၊ တတိယအပတ်တွင် မတ်ပဲဈေးနှုန်းပြန်ကျခဲ့ပြီး ပဲတစ်တင်းလျှင် (၇၇၅၀၀-၇၈၀၀၀) ကျပ်တို့ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ဇွန်လ၊ စတုတ္ထအပတ်တွင် မတ်ပဲဈေးမှာ (၇၄၀၀၀) ကျပ်အထိဈေးကျလာပြီး ရန်ကုန်အဝယ်ရှိခဲ့ပါသည်။

ကုလားပဲ

          မေလ၊ ပထမအပတ်တွင် ကုလားပဲ (HL) တစ်တင်းလျှင် (၇၅၀၀၀) ကျပ်၊ မြကြေးမှုံတစ်တင်းလျှင် (၇၆၀၀၀-၇၆၅၀၀) ကျပ်တို့ဖြင့် မြို့တွင်းခွဲစက်သမားများ အဝယ်ရှိခဲ့ပါသည်။ မေလ၊ ဒုတိယအပတ်တွင် ကုလားပဲ (HL) တစ်တင်းလျှင် (၇၆၅၀၀) ကျပ်၊ မြကြေးမှုံတစ်တင်းလျှင် (၇၇၅၀၀) ကျပ်၊ တတိယအပတ်တွင် ကုလားပဲ (HL) တစ်တင်းလျှင် (၇၉၀၀၀-၈၀၀၀၀) ကျပ်၊ မြကြေးမှုံတစ်တင်းလျှင် (၈၀၀၀၀-၈၀၅၀၀) ကျပ်၊ စတုတ္ထအပတ်တွင် ကုလားပဲ (HL) တစ်တင်းလျှင် (၈၅၀၀၀-၈၆၀၀၀) ကျပ်၊ မြကြေးမှုံတစ်တင်းလျှင် (၈၅၀၀၀-၈၆၀၀၀) ကျပ်တို့ဖြင့် မြို့တွင်းခွဲစက်သမားနှင့် တစ်ခါတစ်ရံတွင် ရန်ကုန်အဝယ်ရှိပါသည်။ ဇွန်လ၊ ပထမအပတ်တွင် ကုလားပဲဟော်လန်တစ်တင်းလျှင် (၉၁၀၀၀-၉၂၀၀၀) ကျပ်၊ မြကြေးမှုံတစ်တင်းလျှင် (၉၁၀၀၀-၉၂၀၀၀) ကျပ်တို့ဖြင့် ခွဲစက်သမားများ မြို့တွင်းအဝယ်နှင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ် (၃၀၀/၄၀၀) ခန့်အဝယ်ရှိခဲ့ပါသည်။ ဇွန်လ၊ ဒုတိယအပတ်တွင် ကုလားပဲ (HL) တစ်တင်းလျှင် (၉၂၀၀၀) ကျပ်၊ မြကြေးမှုံတစ်တင်းလျှင် (၉၂၀၀၀) ကျပ်၊ တတိယအပတ်တွင် ကုလားပဲ (HL) တစ်တင်းလျှင် (၉၂၀၀၀-၉၃၀၀၀) ကျပ်၊ မြကြေးမှုံတစ်တင်းလျှင် (၉၂၀၀၀-၉၃၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ရှိခဲ့ပါသည်။ ဇွန်လ၊ စတုတ္ထအပတ်တွင် ကုလားပဲ (HL) နှင့် မြကြေးမှုံတစ်တင်းလျှင် (၈၉၀၀၀-၉၀၀၀၀) ကျပ်တို့ဖြင့် မြို့တွင်းနှင့် နယ်စုံသို့ တင်ပို့မှုရှိပြီး တစ်ရက်လျှင် အိတ် (၃၀၀/၄၀၀) ခန့်အဝယ်ရှိခဲ့ပါသည်။

          ပြည်ကုန်စည်ဒိုင်တွင် မေလနှင့် ဇွန်လတို့၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော မတ်ပဲနှင့် ကုလားပဲသီးနှံဈေးနှုန်းဈေးကွက်များမှာ ဇွန်လတွင် ဈေးနှုန်းပိုမိုကောင်းမွန်ပြီး အရောင်းအဝယ်ဖြစ်မှုမှာလည်း ဇွန်လတွင် ပိုမိုကောင်းမွန်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

                            

ပြည်သရက်သီးဈေးကွက်တွင် စိန်တလုံးသရက်သီးနှင့် ဒေသထွက် မန္တလေးရင်ကွဲသရက်သီးမှည့်များအရောင်းအဝယ်ဖြစ်နေ

   ပြည်ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံဈေးကွက်တွင် ပြည်ဒေသထွက် မန္တလေးရင်ကွဲသရက်သီးနှင့် စိန်တလုံးသရက်သီးများမှာ ၂၀၂၃ခုနှစ်၊ ဇူလိုင်လဆန်းပိုင်းတွင် ရောင်းချမှုရှိခဲ့ကြပါသည်။ မေလနှင့် ဇွန်လများအတွင်း စိန်တလုံးနှင့် မြကျောက်သရက်သီးများ ဈေးကွက်အတွင်း အရောင်းအဝယ်သွက်၍ ရောင်းချခဲ့ကြသော်လည်း ယခုရာသီအချိန်တွင်မူ မြကျောက်သရက်သီးများတုန်းသွားသဖြင့် စိန်တလုံးနှင့် မန္တလေးရင်ကွဲသရက်သီးလက်ကျန်လေးများဖြင့် ရောင်းချနေခဲ့ကြရာ မန္တလေးရင်ကွဲသရက်သီးမှာ တစ်လုံးလျှင် (၁၀၀) ကျပ် မှ (၁၅၀/၂၀၀) ကျပ်အထိ အရွယ်အစားလိုက်၍ ရောင်းချမှုရှိသကဲ့သို့ စိန်တလုံးသရက်သီးတစ်လုံးလျှင် (၃၀၀) ကျပ်မှ (၄၀၀/၅၀၀) ကျပ်အထိရောင်းချမှုရှိခဲ့ကြပါသည်။ စိန်တလုံးသရက်သီးမှာ ပေါ်စရာသီအချိန်တွင် တစ်လုံးလျှင် (၈၀၀/၉၀၀) ကျပ်အထိဈေးကောင်းရရှိခဲ့ပြီး မြကျောက်သရက်သီးမှာ ပေါ်စရာသီအချိန်တွင် တစ်လုံးလျှင် (၇၀၀/၈၀၀) ကျပ်တို့ဖြင့် ရောင်းဝယ်ခဲ့ကြကြောင်း သိရပါသည်။

DOCA(ပဲခူး)

                  

ပြည်ကုန်စည်ဒိုင်တွင် ယခင်လနှင့် ယခုလတို့၏ ပဲဈေးနှုန်းပြောင်းလဲမှုအခြေအနေ

    ပြည်ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲစင်းငုံ၊ ပဲကြီးနှင့် ဘိုကိတ်ပဲဈေးနှုန်းပြောင်းလဲမှုများကို အာက်ပါအတိုင်း လေ့လာတွေ့ရှိရပါသည်-

ပဲစင်းငုံ

  ပြည်ကုန်စည်ဒိုင်တွင် ၂၀၂၃ခုနှစ်၊ မေလ၊ ပထမအပတ်တွင် ပဲစင်းငုံတစ်တင်းလျှင် (၇၇၀၀၀-၇၇၅၀၀) ကျပ်၊ ဒုတိယအပတ်တွင် ပဲစင်းငုံတစ်တင်းလျှင် (၇၉၀၀၀-၇၉၅၀၀) ကျပ်တို့ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ် (၂၀၀/ ၃၀၀) ခန့်အဝယ်ရှိခဲ့ပါသည်။ မေလ၊ တတိယအပတ်တွင် ပဲစင်းငုံတစ်တင်းလျှင် (၈၃၅၀၀-၈၄၀၀၀) ကျပ်ထိဈေးမြင့်လာခဲ့ပြီး မေလ၊ စတုတ္ထအပတ်တွင် ပဲစင်းငုံတစ်တင်းလျှင် (၉၀၀၀၀-၉၁၀၀၀) ကျပ်တို့ဖြင့် တစ်ရက်လျှင် ရန်ကုန်တင်ပို့မှုမှာ အိတ် (၂၀၀) ခန့်ရှိခဲ့ပါသည်။ ဇွန်လ၊ ပထမအပတ်တွင် ပဲစင်းငုံတစ်တင်းလျှင် (၁၀၅၀၀၀-၁၀၆၀၀၀) ကျပ်၊ ဒုတိယအပတ်တွင် (၁၀၄၀၀၀-၁၀၅၀၀၀) ကျပ်တို့ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ် (၂၀၀/၂၅၀) ခန့်အဝယ်ရှိခဲ့ပါသည်။ ဇွန်လ၊ တတိယအပတ်တွင် ပဲစင်းငုံဈေးနှုန်းကျဆင်းလာပြီး ပဲတစ်တင်းလျှင် (၁၀၁၀၀၀) ကျပ်၊ စတုတ္ထအပတ်တွင် ပဲစင်းငုံတစ်တင်းလျှင် (၉၂၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပါသည်။

ပဲကြီး

    မေလ၊ ပထမအပတ်တွင် ပဲကြီး (ရွှေကျွန်း) တစ်တင်းလျှင် (၈၈၀၀၀-၈၉၀၀၀) ကျပ်၊ မေလ၊ ဒုတိယအပတ်တွင် ပဲကြီး (ရွှေကျွန်း) တစ်တင်းလျှင် (၉၀၀၀၀) ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများ တစ်ရက်လျှင် အိတ် (၃၀၀) ခန့်အဝယ်ရှိပါသည်။ မေလ၊ တတိယအပတ်တွင် ပဲကြီး (ရွှေကျွန်း) တစ်တင်းလျှင် (၉၀၀၀၀) ကျပ်၊ စတုတ္ထအပတ်တွင် တစ်တင်းလျှင် (၉၃၀၀၀-၉၄၀၀၀) ကျပ်ဖြင့်ဈေးမြင့်လာခဲ့ပြီး မြို့တွင်းပဲကြော်သမားများအဝယ်ရှိပါသည်။ ဇွန်လ၊ ပထမအပတ်တွင် ပဲကြီး (ရွှေကျွန်း) တစ်တင်းလျှင် (၉၅၀၀၀) ကျပ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် ပဲကြီး (ရွှေကျွန်း) တစ်တင်းလျှင် (၉၅၀၀၀) ကျပ်ဖြင့် ဈေးအေးနေခဲ့ပါသည်။ ဇွန်လ၊ တတိယအပတ်တွင် ပဲကြီး (ရွှေကျွန်း) တစ်တင်းလျှင် (၉၄၀၀၀-၉၅၀၀၀) ကျပ်၊ ဇွန်လ၊ စတုတ္ထအပတ်တွင် ပဲကြီး (ရွှေကျွန်း) တစ်တင်းလျှင်  (၉၆၀၀၀-၉၇၀၀၀) ကျပ်တို့ဖြင့် မြို့တွင်းပဲကြော်သမားများ တစ်ရက်လျှင် အိတ် (၃၀၀) ခန့်အဝယ်ရှိခဲ့ပါသည်။

ဘိုကိတ်ပဲ

    မေလ၊ ပထမအပတ်တွင် ဘိုကိတ်တစ်တင်းလျှင် (၄၇၀၀၀) ကျပ်ဖြင့် တစ်ရက် အိတ် (၄၀/၅၀) ခန့် မြို့တွင်းအဝယ်ရှိခဲ့ပါသည်။ မေလ၊ ဒုတိယအပတ်တွင် ဘိုကိတ်တစ်တင်းလျှင် (၄၇၀၀၀) ကျပ်၊ တတိယအပတ်တွင် ဘိုကိတ်တစ်တင်းလျှင် (၄၇၀၀၀) ကျပ်ဖြင့် ဈေးအေးနေခဲ့ပါသည်။ မေလ၊ စတုတ္ထအပတ်တွင် ဘိုကိတ်တစ်တင်းလျှင် (၄၈၀၀၀-၅၀၀၀၀) ကျပ်တို့ဖြင့် ဈေးတက်လာခဲ့ပြီး မြို့တွင်းအဝယ်ရှိခဲ့ပါသည်။ ဒုတိယအပတ်တွင် ဘိုကိတ်တစ်တင်းလျှင် (၅၄၀၀၀-၅၅၀၀၀) ကျပ်အထိဈေးတက်လာခဲ့ပါသည်။ ဇွန်လ၊ တတိယအပတ်တွင် ဘိုကိတ်တစ်တင်းလျှင် (၅၈၀၀၀-၆၀၀၀၀) ကျပ်၊ စတုတ္ထအပတ်တွင် ဘိုကိတ်တစ်တင်းလျှင် (၅၉၀၀၀-၆၀၀၀၀) ကျပ်တို့ဖြင့် မြို့တွင်းအဝယ်တစ်ရက် အိတ် (၅၀/၁၀၀) ခန့်အဝယ်ရှိခဲ့ပါသည်။

  ပြည်ကုန်စည်ဒိုင်တွင် ယခင်မေလနှင့် ဇွန်လတွင် ပဲအရောင်းအဝယ်ဖြစ်မှုမှာ ပိုမိုကောင်းမွန်ပြီး အရောင်းအဝယ်ဖြစ်မှုမှာလည်း ပိုမိုကောင်းမွန်ခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)

ဆင်မြီးဆွဲဒေသထွက် မိုးရာသီစာမုန့်ကြာခွက်

    ယခုအချိန်သည် မိုးစပါးများစိုက်ပျိုးပြီးချိန်ဖြစ်သဖြင့် ဆင်မြီးဆွဲဒေသဘက်မှ မိုးရာသီတွင်ထုတ်လုပ်သော မုန့်ကြာခွက်များကို ခေါင်းရွက်သည်၊ အထမ်းသည်များက ပြည်မြို့ရှိ ရပ်ကွက်များသို့လှည့်လည်ကာ ရောင်းချနေကြကြောင်းသိရှိရပါသည်။ ဆင်မြီးဆွဲဒေသထွက် မုန့်ကြာခွက်ကို ဆန်မှုန့်၊ ထန်းညှက်၊ နှမ်းစေ့တို့ဖြင့်ပြုလုပ်ပြီး ပုံသွင်း၍ ဆီဖြင့်ကြော်ရကြောင်းသိရပါသည်။ ဆင်မြီးဆွဲမြို့တွင် မုန့်ကြာခွက်ပြုလုပ်သူ (၅) ဦးခန့်ရှိပြီး အလုပ်ခွင်တစ်ခွင်လျှင် လူဦးရေ (၄) ဦးဖြင့်ပြုလုပ်ရကြောင်းသိရှိရပါသည်။ မုန့်ဖိုတစ်ဖိုလျှင် မုန့်ကြာခွက်အခုရေ (၁၀၀၀၀) ကျော်ထွက်ရှိပြီး ထွက်ရှိလာသောမုန့်ကြာခွက်များကို ဆင်မြီးဆွဲဒေသတွင်း၌ ဝယ်ယူစားသုံးကြပြီး အရွက်သည်များက ပြည်မြို့သို့သွားရောက်၍လည်း လှည့်လည်ရောင်းချကြကြောင်းသိရပါသည်။ ပြည်မြို့အပြင် ရွှေတောင်မြို့နှင့် လက်ပံတန်းမြို့များသို့လည်း တင်ပို့ရောင်းချကြပါသည်။ မုန့်ကြာခွက်ကို မိုးရာသီတွင်ပြုလုပ်ရခြင်းမှာ တောင်သူများ မိုးစပါးစိုက်ပျိုးပြီး အလုပ်အားနေချိန်တွင် မိသားစုတစ်နိုင်တစ်ပိုင် နေ့စဉ် ဝင်ငွေများရရှိအောင်လုပ်ကိုင်ကြခြင်းဖြစ်ပြီး မိုးစပါးရိတ်သိမ်းခါနီးတွင် ထိုလုပ်ငန်းကို လတ်စသက်ကာ မိုးစပါးများကို ရိတ်သိမ်းကြကြောင်းသိရပါသည်။ မြို့များ၊ ရပ်ကွက်များသို့လှည့်လည်ရောင်းချသော မုန့်ကြာခွက်ဈေးနှုန်းများမှာ မုန့် (၃) ခုပါ တစ်ထုပ်လျှင် (၅၀၀) ကျပ်ဖြင့်ရောင်းချကြောင်း သိရပါသည်။ လှည့်လည်ရောင်းချသူများအနေဖြင့်လည်း ဝင်ငွေများရရှိသကဲ့သို့ ထိုလုပ်ငန်းကို လုပ်ကိုင်သူများအနေဖြင့်လည်း ယခုမိုးစပါးများစိုက်ပျိုးပြီးချိန်တွင် အပိုဝင်ငွေများရရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်နှမ်းမှာ ဈေးနှုန်းအမြင့်ဖြင့်ငြိမ်နေ

     ပြည်ခရိုင်တွင် ယခုအချိန်သည်  နှမ်းသီးနှံများဖြစ်သောမိုးနှမ်းများကို စိုက်ပျိုးနေချိန်ဖြစ်ပါသည်။ ပြည်ခရိုင်တွင် ၂၀၂၃ခုနှစ်၊ ဇွန်လကုန်အထိ မိုးနှမ်းစိုက်ပျိုးဧကမှာ (၈၇၃၉)ဧကရှိပြီး ပေါက်ခေါင်းမြို့ တွင် (၅၁၁၈)ဧက၊ ပန်းတောင်းမြို့နယ်တွင် (၂၀၄၃)ဧက၊ ပြည်မြို့နယ်တွင် (၁၂၁၄)ဧကနှင့် ရွှေတောင်မြို့နယ်တွင် (၃၆၄)ဧကစိုက်ပျိုးထားရှိပြီးဖြစ်ပါသည်။ မိုးနှမ်းများစိုက်ပျိုးနေချိန်ဖြစ်သဖြင့် အဝင်အနည်းငယ်သာရှိပြီး အရောင်းအဝယ်လည်း အနည်းငယ်သာဖြစ်လျက်ရှိပါသည်။ အရောင်းအဝယ်အနည်းငယ်ဖြစ်သော်လည်း ဈေးနှုန်းမှာ ယခင်ဇွန်လ၊ လကုန်အပတ်အတိုင်း ငြိမ်နေပါသည်။ မိုးနှမ်းများကို ယခုအချိန်တွင်စိုက်ပျိုးပြီး လာမည့် စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် နှမ်းသီးနှံများလှိုင်လှိုင်ထွက်ပေါ်လာမည်ဖြစ်ပါသည်။ ထိုသို့ နှမ်းသီးနှံများထွက်ပေါ်လာချိန်တွင် ရာသီဥတုဖျက်ဆီးမှုမရှိဘဲ အထွက်နှုန်းကောင်းမွန်ပါက နှမ်းစိုက်တောင်သူများအတွက် ပင်ပန်းရကျိုးနပ်မည်ဖြစ်ပါသည်။ ပြည်ခရိုင်အနေဖြင့် မိုးနှမ်းကိုသာ ပထမဦးစားပေးစိုက်ပျိုးပြီး ဆောင်းနှမ်းကို ဒုတိယဦးစားပေး၍စိုက်ပျိုးကြောင်းသိရပါသည်။ စိုက်ပျိုးသည့်နှမ်းအမျိုးအစားမှာ နှမ်းနက်မျိုးဖြစ်ပြီး နှမ်းနီကိုအနည်းငယ်သာစိုက်ပျိုးကြောင်း သိရပါသည်။ နှမ်းဈေးနှုန်းများအနေဖြင့် နှမ်းနီ(၃)တင်းလျှင် (၂၆၅၀၀၀)ကျပ်၊ နှမ်းနက်(၃)တင်းဝင် တစ်အိတ်လျှင် (၃၀၀၀၀၀)ကျပ်နှင့် စမုံနက်နှမ်း(၃)တင်းဝင်တစ်အိတ်လျှင် (၃၃၀၀၀၀)ကျပ်တို့ဖြင့် ပြည်ဈေးကွက်တွင် ဈေးနှုန်းအမြင့်ဖြင့် တည်ငြိမ်နေကြောင်းသိရပါသည်။

DOCA(ပဲခူး)

ပေါက်ခေါင်းမြို့နယ်တွင် နွေစပါးများစတင်ထွက်ရှိ

    ပေါက်ခေါင်းမြို့နယ်တွင် နွေစပါးကို မတ်လတွင် စတင်စိုက်ပျိုးပြီး ၂၀၂၃ခုနှစ်၌ စိုက်ပျိုးဧကမှာ (၁၁၄၂၄) ဧကစိုက်ပျိုးကြောင်း၊ ယခင်နှစ်တွင် (၁၁၁၁၄) ဧကစိုက်ပျိုးခဲ့သဖြင့် ယခုနှစ်တွင် စိုက်ဧကများပိုမိုကြောင်း၊ နွေစပါးများကို ဇွန်လ၊ တတိယအပတ်တွင် စတင်ရိတ်သိမ်းပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် တင်း (၁၂၀) မှ (၁၄၀) တင်းအထိထွက်ရှိကြောင်း၊ စိုက်ပျိုးသည့်စပါးမျိုးများမှာ GW(11) စပါးမျိုးနှင့် ရတနာတိုးစပါးမျိုးတို့ကိုအများဆုံးစိုက်ပျိုးကြောင်း၊ စပါးဈေးများအနေဖြင့် GW(11) စပါး ပေါင် (၅၀) တစ်တင်းလျှင် (၁၂၅၀၀) ကျပ်နှင့် ရတနာတိုးစပါး ပေါင် (၅၀) တစ်တင်းလျှင် (၁၄၅၀၀) ကျပ်ဖြစ်၍ ယခင်နှစ်ဈေးမှာ ပေါင် (၅၀) တစ်တင်းလျှင် (၇၀၀၀) ကျပ်ဈေးဖြစ်ခဲ့သဖြင့် ယခင်နှစ်ထက် ဈေးပိုရကြောင်းနှင့် နွေစပါးအထွက်နှုန်းမှာ မိုးစပါးအထွက်နှုန်းထက် ပိုမိုထွက်ရှိသောကြောင့် နွေစပါးစိုက်တောင်သူများအနေဖြင့် အကျိုးအမြတ်များပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း