Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အုတ်ဖိုဒေသထွက် ခရမ်းသီးစိုက်ပျိုးခြင်းဖြင့် အပိုဝင်‌ငွေရရှိနေ

    ပဲခူးတိုင်းဒေသကြီး ၊  သာယာဝတီခရိုင် ၊  အုတ်ဖိုမြို့နယ်အတွင်းတွင် ခရမ်းသီးများ စိုက်ပျိုးကြပါသည်။ ထိုသို့စိုက်ပျိုးထားရှိရာတွင် ခရမ်းသီးမှာအရင်းအနှီးနည်းပြီး အကျိုးအမြတ်များသဖြင့် စီးပွားဖြစ် တိုးချဲ့စိုက်လာပါသည်။ အများစိုက်ပျိုးသော ခရမ်းသီးအမျိုးအစားမှာ ဆင်စွယ်ခရမ်းသီးနှင့် ပြုတ်ခရမ်းသီးမျိုးများကိုသာ စိုက်ပျိုးကြကြောင်း သိရှိရပါသည်။ ခရမ်းသီးကို အုတ်ဖိုမြို့နယ်တွင် ကျေးရွာ အုပ်စု(၇)အုပ်စုမှ ကျေးရွာပေါင်း (၃၂)ရွာက စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

    ခရမ်းသီးစိုက်ပျိုးရန် ယာမြေအမျိုးအစားတွင် တစ်ကျိုးလျှင် အပင်ပေါင်း (၄၀၀၀)ခန့် စိုက်ပျိုးရပြီး တစ်ဧကစိုက်ပျိုးမည်ဆိုပါလျှင် အပင်ပေါင်း(၂၀၀၀၀)ခန့် စိုက်ပျိုးနိုင်ပါသည်။ စိုက်ပျိုးရန်အတွက် ပျိုးထား‌သောပျိုးပင်များကို စိုက်ခင်းများတွင် ရွေ့ပြောင်းစိုက်ပျိုးပြီး ရက်‌ပေါင်း ၅၀ခန့်‌‌‌‌ လောက်တွင် စတင်ခူးဆွတ်နိုင်ပါသည်။ ၁၀ ရက်လျှင် တစ်ကြိမ်ခူးဆွတ်နိုင်ပြီး အသီးခူးဆွတ်မှု သက်တမ်းမှာ ၉လခန့် ခူးဆွတ်နိုင်ကြောင်း သိရှိရပါသည်။

      ဆင်စွယ်ခရမ်းသီးမျိုး (F1 violet king) တစ်ဧက စိုက်ပျိုးစရိတ်မှာ မျိုးစေ့ဖိုးတစ်ထုပ်လျှင် ၅၂၀၀ ကျပ် ဖြင့် ၂၀ ထုပ် ၊ မျိုးဖိုး ၁၀၄၀၀၀ကျပ်ခန့် ၊ စုစုပေါင်း ၇၈၀၀၀၀ ကျပ်ခန့် ရှိပြီး ဆင်စွယ်ခရမ်း တစ်ဧကအထွက်နှုန်းမှာ အလုံးရေ ၁၀၀၀၀ ထွက်ရှိကာ ‌ရောင်းဈေးမှာ တစ်လုံးလျှင် ၁၅၀ ကျပ်ဈေးဖြင့် ရောင်းချရကြောင်း သိရပါသည်။  တစ်ဧကဝင်ငွေမှာ ၁၅၀၀၀၀၀/ ကျပ် ဝင်ငွေရရှိနိုင်ပါသဖြင့် တစ်ဧက အမြတ်ငွေ ၇၂၀၀၀၀ ကျပ်ခန့် အမြတ်ရရှိနိုင်ပါသည်။ ခရမ်းပြုတ်သီးမျိုးစေ့ တစ်ထုပ်လျှင် ၄၈၀၀ ကျပ်ဖြင့် ၂၀ ထုပ် ၉၆၀၀၀ ကျပ် ၊ စုစုပေါင်း ကုန်ကျစရိတ်အနေဖြင့် ၈၀၀၀၀၀  ကျပ်ခန့် ကုန်ကျပါသည်။ တစ်ပိဿာလျှင် အဝယ်ဒိုင်သို့ ရောင်းဈေး ၁၈၀၀ ကျပ်ဈေးဖြင့် ရောင်းချရပါသည်။ တစ်ဧကဝင်ငွေ ၁၅၃၀၀၀၀ကျပ် ရရှိနိုင်ပါသဖြင့် တစ်ဧကအမြတ်ငွေ ၇၃၀၀၀၀ ကျပ်ခန့် အမြတ်ရရှိနိုင်ပါသည်။ ခရမ်းစိုက်တောင်သူများ အကျိုးအမြတ်များ ရရှိနေပြီး တွက်ခြေကိုက်နေကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပေါ်ဦးပေါ်ဖျား ပြည်ခဝဲသီးဈေးကွက်

    ပြည်ခရိုင်အတွင်း မြို့နယ်များရှိဈေးများတွင် ပေါ်ဦးပေါ်ဖျားခဝဲသီးများမှာ ဈေးကောင်းရလျက် ရောင်းချနေကြပါသည်။ ခဝဲသီးအမျိုးအစား (၂) မျိုးရှိပြီး တစ်မျိုးမှာ အပုမျိုးဖြစ်၍ (၅) လက်မ၊ (၆) လက်မခန့်ရှိပါသည်။ အသီးပုံမှာ အမြီးပိုင်းတုတ်ပြီး အဖျားပိုင်းရှူးသွားပါသည်။ ကျန်တစ်မျိုးမှာ အရှည်မျိုးဖြစ်ပြီး တစ်ပေခန့်ရှည်၍ အရင်းအဖျားညီညာပြီး တစ်ဖြောင့်တည်းသေးသွယ်ပါသည်။ အများအားဖြင့် ဇွန်၊ ဇူလိုင်နှင့်ဩဂုတ်လများတွင် စိုက်ပျိုးကြသော်လည်း နွေရာသီတွင် ရေဝအောင်သွင်း၍ စိုက်ပျိုးကြပါသည်။ ယခုအချိန်ထွက်ရှိသောခဝဲသီးများသည် ရေသွင်းစိုက်ပျိုးသော အပင်များမှထွက်ရှိသည့် အရှည်သီးအမျိုးအစားအသီးများဖြစ်ပါသည်။ ပေါ်ဦးပေါ်ဖျားဖြစ်သောကြောင့် ဈေးကောင်းရလျက် ရောင်းချနေကြပါသည်။ ပြည်မြို့ဈေးကွက်တွင် ရွှေတောင်မြို့နယ်၊ မီးလောင်ရွာဘက်မှထွက်ရှိသောခဝဲသီးများကို စတင်၍ရောင်းချနေပြီဖြစ်ပါသည်။ ပေါ်ဦးပေါ်ဖျားဖြစ်သောကြောင့် ခဝဲသီးတစ်တောင့်လျှင် (၃၀၀) ကျပ်နှင့် (၄၀၀) ကျပ်တို့ဖြင့် ဈေးကောင်းရရောင်းချနေကြောင်း သိရပါသည်။

DOCA(ပဲခူး)

သရက်သီးမှသည် သရက်ပြင်ဈေးကွက်ဆီသို့

    ပြည်မြို့နယ်တွင် သရက်သီးအမျိုးအစားများစွာထွက်ပေါ်နေပြီဖြစ်ပါသည်။ မြကျောက်၊ ဘုတ်ထုံသရက်သီးများသည် ပေါ်ခါစကပင် ဈေးကောင်းရသောအသီးများဖြစ်ပါသည်။ ယခုအခါ သရက်သီးများလှိုင်လှိုင်ပေါ်နေပြီဖြစ်သောကြောင့် သရက်သီးကြိုက်သူများအနေဖြင့် အကြိုက်စားရနေပြီဖြစ်ပါသည်။ သရက်သီးကို အချိုပွဲအနေဖြင့်စားသုံးသည့်အပြင် သားရေစာအဖြစ်လည်း စားသုံးရန် အတွက် သရက်ပြင်ပြုလုပ်၍ရောင်းချကြောင်း သိရပါသည်။ သရက်ပြင်ပြုလုပ်ရာတွင် ပထမဦးစွာ သရက်သီးမှည့်ကို ရေသေချာဆေးပြီး အခွံခွာထားရပါမည်။ ပြီးလျှင် အစိတ်လေးများစိတ်ပြီး စက်ဖြင့်သော်လည်းကောင်း၊ လက်ဖြင့်သော်လည်းကောင်း ချေပေးရပါမည်။ ထို့နောက် ချေပြီးသောသရက်သီးအနှစ်များကို သကြားနှင့်ရောမွေပြီး မီးဖိုဖြင့်ကျိုပေးရပါမည်။ ပျက်သည့်အနေအထားရောက်ပါက ဆီသုတ်ထားသောဗန်းပေါ်သို့လောင်းထည့်ရပါမည်။ မျက်နှာပြင်ကိုညီအောင်ညှိပြီး ခြောက်သွေ့လာသည်အထိ နေလှန်းပေးရပါမည်။ ခြောက်သွေ့သွားသောအခါ စားသုံးရန် အသင့်ဖြစ်နေသောသရက်ပြင်ရရှိမည်ဖြစ်ပါသည်။ ပြည်မြို့တွင် မြကျောက်နှင့် ဘုတ်ထုံသရက်သီးကို ရွှေဘုံသာဘုရားသို့သွားသော လမ်းမဘေးရှိ ညောင်ပင်သာရွာမှထွက်ရှိသည့်အပြင် သရက်ပြင်ကိုလည်း ညောင်ပင်သာတစ်ရွာလုံး ပြုလုပ်ရောင်းချကြောင်း သိရှိရပါသည်။ သရက်ပြင်ပြုလုပ်ရာတွင် မြကျောက်နှင့် ဘုတ်ထုံသရက်သီးကိုသာ သရက်ပြင်ပြုလုပ်ပြီး သကြားနှင့်ပြုလုပ်သောကြောင့် ဝါဝါဝင်းဝင်းလေးနှင့် အရောင်လှကာ အရသာကောင်းသောကြောင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါသည်။ ပြည်မြို့ပေါ်ရှိ ဈေးများတွင် (၅၀၀) ကျပ်တန်အထုပ်သေးများထုပ်၍ ရောင်းချကြောင်း သိရပါသည်။ Online ဈေးကွက်တွင် (၅၀) ကျပ်သားလျှင် (၇၀၀၀) ကျပ်နှင့် (၂၅) ကျပ်သားကို (၃၅၀၀) ကျပ်တို့ဖြင့် ရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)

ပြည်ငရုတ်သီးခြောက်ဈေးကွက်

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် စားဖိုဆောင်သီးနှံသီးနှံတစ်မျိုးဖြစ်သည့် ငရုတ်သီးကို ဒေသတွင်း၌အနည်းငယ်သာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ငရုတ်ခြောက်ကို ပျဉ်းမနား၊ မိတ္ထီလာ၊ သာစည်ဒေသများနှင့် ရှမ်းပြည်နယ်နှင့် အောင်ပန်းဘက်တို့မှ တစ်ပတ်လျှင် ပိဿာ (၂၀) ဝင်ဆံ့သောအိတ် (၁၅၀-၂၀၀) ခန့်အဝင်ရှိကြောင်း သိရပါသည်။ ပြည်ခရိုင်အနေဖြင့် ငရုတ်ခြောက်စိုက်ဧကမှာ (၂၅၃) ဧကရှိပါသည်။ ပေါက်ခေါင်းမြို့နယ်တွင် (၄၉) ဧက၊ ပန်းတောင်းမြို့နယ်တွင် (၁၁၂) ဧကနှင့် ရွှေတောင်မြို့နယ်တွင် (၉၂) ဧကစိုက်ပျိုးပြီး ပြည်မြို့နယ်တွင်သာ စိုက်ပျိုးမှုမရှိသေးကြောင်း သိရပါသည်။ ၂၀၂၃ခုနှစ်၊ မေလ၊ နောက်ဆုံးအပတ်တွင် ငရုတ်သီးခြောက် တောင့်ရှည်တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်နှင့် ဗီယက်နမ်ခြောက်တစ်ပိဿာလျှင် (၂၈၀၀၀) ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

(၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်၏ ပြည်ခရိုင်၊ ဆန်ကွဲ၊ ဖွဲနုဈေးကွက်

    ၂၀၂၂ခုနှစ်၊ အောက်တိုဘာလမှစတင်၍ ပြည်ခရိုင်အတွင်းရှိ ဆန်ကွဲ၊ ဖွဲနုဈေးများမှာ ဆန်ကွဲ (Extra) တစ်အိတ်လျှင် (၃၉၀၀၀) ကျပ်၊ ဆန်ကွဲ (234) တစ်အိတ်လျှင် (၃၇၅၀၀) ကျပ်၊ ဆန်ကွဲ (12) တစ်အိတ်လျှင် (၃၈၅၀၀) ကျပ်နှင့် ဖွဲနုတစ်ပေါင်လျှင် (၂၈၀) ကျပ်ဈေးနှုန်းတို့ဖြစ်ခဲ့ပါသည်။ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလတွင် ဆန်ကွဲ (Extra) တစ်အိတ်လျှင် (၃၈၀၀၀) ကျပ်၊ ဆန်ကွဲ (234) တစ်အိတ်လျှင် (၃၇၀၀၀) ကျပ်၊ ဆန်ကွဲ (12) တစ်အိတ်လျှင် (၃၇၅၀၀) ကျပ်နှင့် ဖွဲနုတစ်ပေါင်လျှင် (၂၅၀) ကျပ်တို့ဖြစ်ခဲ့ပါသည်။ ဒီဇင်ဘာလတွင် ဆန်ကွဲ (Extra) တစ်အိတ်လျှင် (၃၇၅၀၀) ကျပ်၊ ဆန်ကွဲ (234) တစ်အိတ်လျှင် (၃၆၀၀၀) ကျပ်၊ ဆန်ကွဲ (12) တစ်အိတ်လျှင် (၃၇၀၀၀) ကျပ်နှင့် ဖွဲနုတစ်ပေါင်လျှင် (၂၆၀) ကျပ်ဈေးနှုန်းတို့ဖြစ်ခဲ့ပါသည်။

   ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင် ဆန်ကွဲ (Extra) တစ်အိတ်လျှင် (၄၂၅၀၀) ကျပ်၊ ဆန်ကွဲ (234) တစ်အိတ်လျှင် (၄၁၀၀၀) ကျပ်၊ ဆန်ကွဲ (12) တစ်အိတ်လျှင် (၄၂၀၀၀) ကျပ်နှင့် ဖွဲနုတစ်ပေါင်လျှင် (၂၈၀) ကျပ်ဈေးနှုန်းများမြင့်တက်လာခဲ့ပါသည်။ ၂၀၂၃ခုနှစ်၊ မတ်လနှင့် ဧပြီလတွင် ဆန်ကွဲ (Extra) တစ်အိတ်လျှင် (၄၃၅၀၀) ကျပ်၊ ဆန်ကွဲ (234) တစ်အိတ်လျှင် (၄၂၀၀၀) ကျပ်၊ ဆန်ကွဲ (12) တစ်အိတ်လျှင် (၄၂၅၀၀) ကျပ်၊ ဖွဲနုတစ်ပေါင်လျှင် (၂၉၅) ကျပ်ထိဈေးမြင့်တက်လာခဲ့ပါသည်။ ယခု မေလ၊ နောက်ဆုံးအပတ်တွင် ဆန်ကွဲ (Extra) တစ်အိတ်လျှင် (၄၅၅၀၀) ကျပ်၊ ဆန်ကွဲ (234) တစ်အိတ်လျှင် (၄၃၅၀၀) ကျပ်၊ ဆန်ကွဲ (12) တစ်အိတ်လျှင် (၄၅၀၀၀) ကျပ်၊ ဖွဲနုတစ်ပေါင်လျှင် (၃၂၅) ကျပ်ထိ ဈေးများပိုမိုမြင့်တက်လာခဲ့ပါသည်။ ထိုသို့ဈေးများမြင့်တက်လာရခြင်းမှာ ဆန်၊ စပါးဈေးများမြင့်တက်လာရခြင်းနှင့် မွေးမြူရေးသမားများက အဝယ်လိုက်လာသည့်အတွက် ဈေးနှုန်းများမြင့်တက်လာရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် သက်သာသောနှုန်းထားဖြင့် စားသုံးဆီများရောင်းချပေး

    တောင်ငူမြို့ရှိ အခြေခံလူတန်းစားများ သက်သာသောနှုန်းထားဖြင့် စားအုန်းဆီများ ဝယ်ယူရရှိနိုင်ရန်အတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် ပဲခူးခရိုင်ဆီကုန်သည်အသင်းမှ ဆီအရောင်းဈေးကားသည် တောင်ငူမြို့သို့လာရောက်၍ အခြေခံ လူတန်းစားများရာ ရပ်ကွက်များနှင့် အခြေခံလူတန်းစားများအများစုရှိရာ ဈေးများတွင် စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိပါသည်။

       ၂၀၂၃ခုနှစ်၊ဇွန်လ ၅ ရက်နေ့တွင် ပဲခူးခရိုင် ဆီကုန်သည်အသင်း ဈေးကားသည် တောင်ငူမြို့သို့ ရောက်ရှိပြီး တောင်ငူမြို့အမှတ်(၁၁)ရပ်ကွက်၊ ကန်တော်ရှိ အခြေခံလူတန်းစားများသို့လည်းကောင်း၊ တောင်ငူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝင်းအတွင်း၌ နိုင်ငံ့ဝန်ထမ်းမိသားစုများအား လည်းကောင်း စားသုံးဆီများကို ၅၀ ကျပ်သားဝင်ဘူးများဖြင့် လူတစ်ဦးလျှင် နှစ်ဘူး(တစ်ပိဿာ)နှုန်း၊ တစ်ပိဿာလျှင် ၄၆၀၀ ကျပ်နှုန်းဖြင့် စားသုံးဆီပိဿာ ၅၅၀ ကို‌ ရောင်းချပေးခဲ့ပါသည်။

   ပဲခူးခရိုင်မှ ဆီအရောင်းဈေးကားသည် ဇွန်လဆန်းပိုင်းက တောင်ငူမြို့သို့ရောက်ရှိပြီး အခြေခံလူတန်းစားများသို့ ဆီပိဿာ ၁၁၀၀ ကို ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းဆီကားသည် တစ်ပတ်လျှင် နှစ်ရက်နှုန်းဖြင့် တောင်ငူမြို့သို့ အပတ်စဉ်လာရောက်ရောင်းချပေးနိုင်ရေး စီစဉ် ဆောင်ရွက်ထားကြောင်း သိရပါသည်။

DOCA(ပဲခူး)

ရွှေတောင်ဒေသထွက် ရာသီစာတောက်တာဖူး

     မာလာဖူး၊ တောက်တာဖူး၊ မာလာပန်း စသည်ဖြင့် အမျိုးမျိုးခေါ်ဆိုကြသော တောက်တာဖူးပင်၏အရွယ်အစားမှာ အပင်ပုမျိုး (မြေကပ်ပင်) ဖြစ်ပြီး မြေပြင်အတွင်းမှ ထိုးထွက်လာပြီး တောထဲတွင်သာ အလေ့ကျပေါက်သည့်အပင်များဖြစ်ပါသည်။ တောက်တာဖူး၏အရသာသည် ပူရှိန်းရှိန်းရှတတရှိပါသည်။ ကျန်းမာရေးအတွက် အစာခြေစနစ်ကို ကောင်းမွန်စေပါသည်။ ခံတွင်းပျက်ခြင်း၊ အစာမကြေဖြစ်ခြင်း၊ လေပွခြင်းနှင့်အစာစားချင်စိတ်မရှိခြင်း စသည့်ရောဂါများအတွက် တောက်တာဖူးအားစားသုံးပေးခြင်းဖြင့် သက်သာစေပါသည်။ ထို့ပြင် ရောင်ရမ်းခြင်းနှင့် နာကျင်မှုကိုသက်သာစေပါသည်။

  ယခုအချိန်တွင် ရာသီစာအဖြစ် မိုးများတဖွဲဖွဲရွာသွန်းပြီးလျှင် မြေပြင်အတွင်းမှ တောက်တာဖူးပွင့်လေးများထိုးထွက်လာတက်ကြပါသည်။ ကျေးရွာဓလေ့အရ ညနေပိုင်းတွင် တောထဲသို့ တောက်တာဖူးခူးယူပြီးလျှင် ရေဇလားအတွင်းထည့်၍ ရေစင်စင်ဆေးပြီး တောက်တာဖူးအပွင့် (၃) ခုပါ အချို့မှာနှီးဖြင့်စည်း၍လည်းကောင်း၊ သီတံဖြင့်ထိုး၍လည်းကောင်း ဈေးများ၌ သွားရောက်ရောင်းချရာတွင် တောက်တာဖူးတစ်စည်းလျှင် (၁၅၀-၂၀၀) ကျပ်တို့ဖြင့် ဈေးကွက်တွင်ရောင်းချကြောင်း သိရပါသည်။

    တောက်တာဖူးကို ရာသီစာအဖြစ်စားသောက်ရာတွင် ငါးပိရည်နှင့်တို့စရာအဖြစ်လည်းကောင်း၊ ရေနွေးဖျော၍ မြေပဲ၊ ဆီချက်တို့ဖြင့် အသုပ်သုပ်၍ စားသောက်ကြသည့်အပြင် တောက်တာဖူးအပွင့်အစိမ်းအား ပါးပါးလှီးပြီး တို့ဖူးသုပ်ထဲတွင် ထည့်စားလျှင် အနံမွှေးမွှေးလေးဖြင့် အရသာကောင်းမွန်ပါကြောင်း သိရှိရသည်။

DOCA(ပဲခူး)

ဝင်ငွေရရှိနေသော တောင်ငူမြို့နယ်မှ နွားမွေးမြူရေးလုပ်ငန်း

      ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် ဥစားကြက်မွေးမြူရေး၊ အသား တိုးကြက်မွေးမြူရေး၊ ငုံးမွေးမြူရေး၊ ဘဲမွေးမြူရေး၊ ဒေသကျွဲ၊ ဒေသနွား၊ နို့စားနွား မွေးမြူရေးလုပ်ငန်းများရှိကြပါသည်။ ဒေသနွားမွေးမြူရေးအနေဖြင့် ယခင်က ခိုင်းစေရန်နှင့် ဒေသတွင်းစားသုံး ရန် မွေးမြူကြသော်လည်း ယခုအခါ ပြည်ပသို့တင်ပို့ခြင်းလုပ်ငန်းများ ဆောင်ရွက်လာသဖြင့် မျိုးကောင်းမျိုးသန့် နွားများကို ခြံလှောင်စနစ်ဖြင့် မွေးမြူလာကြပါသည်။

     တောင်ငူမြို့နယ်တွင် မိုးစပါး၊ နွေစပါးများစိုက်ပျိုးခြင်း၊ ဆီထွက်သီးနှံဖြစ်သော မြေပဲများ စိုက်ပျိုးခြင်း၊ မတ်ပဲစိုက်ပျိုးခြင်း၊ ဖူးစားပြောင်းစိုက်ပျိုးခြင်းများရှိသဖြင့် မွေးမြူရေးအစာအတွက် ကောက်ရိုး၊ မြေပဲရိုး၊ မတ်ပဲအခွံ၊ ပဲဖတ်၊ ဆန်ကွဲ၊ ဖွဲနုများလည်း အလွယ်တကူ ဝယ်ယူရရှိနိုင်ကြပါ သည်။ မွေးမြူရေးအစာ ပြန်လည်ရောင်းချကြသည့် တောင်သူများလည်း ဝင်ငွေရရှိကြပါသည်။ နို့စားနွား မွေးမြူထားသည့် လုပ်ငန်းရှင်အနေဖြင့် ကောက်ရိုးကို သယ်ယူခ၊ ကားအတင်အချ လုပ်သားခအပါအဝင် ခြံအရောက် ကားတစ်စီးလျှင် ၁၂၀၀၀၀ ကျပ်ကုန်ကျသည်ဟု သိရပါသည်။

     တောင်ငူမြို့နယ်တွင် ကျေးရွာအုပ်စု ၃၇ အုပ်စုရှိရာ ကျေးရွာများတွင် ခိုင်းနွားအထီး ၁၉၂၉၁ ကောင်၊ နွားမ ၁၂၈၆၂ ကောင်၊ ကျွဲထီး ၆၂၀၀ ကောင်၊ ကျွဲမ ၄၁၇၀ ကောင်နှင့် နို့စားနွားမ ၉၇ ကောင်ရှိကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။ နို့စားနွားမ များကို ကံရိုးကျေးရွာ၊ ဆိပ်ဖူးတောင်ကျေးရွာ၊ ကုက္ကိုပေါက်ကျေးရွာများတွင် မွေးမြူကြပါသည်။

    နို့စားနွားမတစ်ကောင်သည် တစ်ရက်လျှင် နွားနို့ ၅ ပိဿာနှင့် ဒေသနွားမတစ်ကောင်သည်  တစ်ရက်လျှင် နွားနို့ ၂ ပိဿာခန့် ထွက်ရှိကြောင်း သိရပါသည်။ ထွက်ရှိသော နွားနို့များကို တောင်ငူမြို့ပေါ်ရှိ ဒိန်ချဉ်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် နွားနို့သောက်သုံးသည့် စားသုံးသူ ပြည်သူများမှ တစ်ပိဿာလျှင် ၂၀၀၀ ကျပ်ဖြင့် ဝယ်ယူသည့်အတွက် ဒေသနွားမရှိသည့်တောင်သူများ၊ နို့စားနွားမွေးမြူသူများ ဝင်ငွေရရှိနေကြောင်း ကံရိုးကျေးရွာမှ နို့စားနွားမွေးမြူရေးလုပ်ငန်းရှင် ပြောကြားချက်အရ သိရပါသည်။

DOCA(ပဲခူး)

 

 

တောင်ငူမြို့တွင် ဟင်းသီးဟင်းရွက်အချို့ ဈေးနှုန်းကျဆင်း

    တောင်ငူမြို့ ၊ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတွင် ငရုတ်သီးစိမ်း (မိုးထောင်သီး) တစ်ပိဿာလျှင် ၉၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်အထိ၊ ကုလားအော်သီး တစ်ပိဿာလျှင် ၁၉၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်အထိ၊ ခရမ်းသီး (အဖြူ)  တစ်ပိဿာလျှင် ၁၃၀၀ ကျပ်မှ ၁၅၀၀ ကျပ်အထိ၊ ခရမ်းသီး(အညို) တစ်ပိဿာလျှင် ၁၈၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိဖြင့် ယခင်အပတ်ကအတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။

    ဒေသသခွားသီးမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၀၀၀ ကျပ်အထိရှိရာမှ ယခု အပတ်တွင် တစ်ပိဿာလျှင် ၆၀၀ ကျပ်၊ ရှမ်းပြည်သခွားသီးမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၂၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၇၀၀ ကျပ်မှ ၉၀၀ ကျပ်အထိ၊ ဂေါ်ဖီမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၆၀၀ ကျပ်အထိ ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၉၀၀ ကျပ်မှ ၁၀၀၀ ကျပ်အထိ၊ ခရမ်းချဉ်သီးမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၃၀၀ ကျပ်မှ ၁၅၀၀ ကျပ်အထိ ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၀၀၀ ကျပ်မှ ၁၃၀၀ ကျပ်အထိဖြင့် ဈေးနှုန်း ကျဆင်းပါသည်။

   ပြောင်းဖူး အကြီး တစ်ဖူးလျှင် ၂၀၀ ကျပ်မှ ၂၅၀ ကျပ်အထိရှိရာမှ ယခုအပတ်တွင် တစ်ဖူးလျှင် ၂၅၀ ကျပ်မှ ၃၀၀ ကျပ်အထိ၊ ပြောင်းဖူးအသေး တစ်ဖူးလျှင် ၁၃၀ ကျပ်မှ ၁၅၀ ကျပ်အထိ ရှိရာမှ ယခုအပတ်တွင် တစ်ဖူးလျှင် ၁၅၀ ကျပ်မှ ၂၀၀ ကျပ်အထိ၊ နံနံပင်မှာ ယခင်အပတ် က တစ်ဆယ်ကျပ်သားလျှင် ၆၀၀ ကျပ်မှ ယခုအပတ်တွင် တစ်ဆယ်ကျပ်သားလျှင် ၈၀၀ ကျပ်မှ ၁၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ် မြင့်တက်ပါသည်။

   ကန်စွန်းရွက်မှာ တစ်စည်း ၅၀ ကျပ်၊ ၁၀ စည်းယူလျှင် ၅၀၀ ကျပ်၊ ချဉ်ပေါင်ရွက်မှာ တစ်စည်း ၁၀၀ ကျပ်၊ ၁၀ စည်းယူလျှင် ၉၀၀ ကျပ်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

 

တောင်ငူမြို့တွင် စားအုန်းဆီနှင့်ကြက်သွန်နီဈေးအနည်းငယ်ကျပြီး ကြက်သွန်ဖြူဈေးအနည်းငယ်တက်

    တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော မြေပဲဆီမှာ ၂၀၂၃ခုနှစ်၊ ဇွန်လ(ဒုတိယပတ်)တွင် တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စားအုန်းဆီမှာ  ယခင်အပတ်က တစ်ပိဿာလျှင် ၆၄၀၀ ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၆၃၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျပါသည်။

      ကြက်သွန်နီမှာ ယခင်အပတ်က တစ်ပိဿာလျှင် အသေးမှာ ၂၅၀၀ ကျပ်၊ အလတ် ၂၇၀၀ ကျပ်၊ အကြီး ၃၀၀၀ ကျပ်နှင့် တရုတ်ကြက်သွန်နီ ၃၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာ လျှင် အသေးမှာ ၂၄၀၀ ကျပ်၊ အလတ် ၂၆၀၀ ကျပ်၊ အကြီး ၂၈၀၀ ကျပ်နှင့် တရုတ်ကြက်သွန်နီ ၂၈၀၀ ကျပ်ဖြင့်  ဈေးနှုန်းအနည်းငယ် ကျဆင်းပါသည်။

    ကြက်သွန်ဖြူမှာ တစ်ပိဿာလျှင် ယခင်အပတ်က အသေး ၅၂၀၀ ကျပ်၊ အလတ် ၅၆၀၀ ကျပ်၊ အကြီး ၆၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် အသေး ၅၅၀၀ ကျပ်၊ အလတ် ၆၀၀၀ ကျပ်၊ အကြီး ၆၅၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်ပြီး တရုတ်ကြက်သွန်ဖြူမှာ တစ်ပိဿာလျှင် ၆၅၀၀ ကျပ်ဖြင့် ယခင်အပတ်ကအတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။

     အာလူးမှာ ယခင်အပတ်က တစ်ပိဿာလျှင် အသေး ၁၅၀၀ ကျပ်၊ အလတ် ၂၇၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် အသေး ၂၂၀၀ ကျပ်၊ အလတ် ၂၆၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ်ကျဆင်းပြီး အာလူးအကြီး ၂၈၀၀ ကျပ်၊ တရုတ်အာလူးမှာ တစ်ပိဿာလျှင် ၃၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

    ငရုတ်သီးခြောက် အပုမှာ တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်အထိ၊ ငရုတ်သီး ခြောက်အရှည်မှာ တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်အထိနှင့် ငရုတ်သီးခြောက် အပွမှာ တစ်ပိဿာလျှင် ၂၃၀၀၀ ကျပ်မှ ၂၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

    မြေပဲဆံအဖြူမှာ တစ်ပိဿာလျှင် ၇၃၀၀ ကျပ်မှ ၇၅၀၀ ကျပ်အထိ၊ မြေပဲဆံအနီမှာ တစ်ပိဿာလျှင် ၈၀၀၀ ကျပ်မှ ၈၂၀၀ ကျပ်အထိ၊ ကုလားပဲခြမ်းမှာ တစ်ပိဿာလျှင် ၄၆၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း