သပြေပန်းပင်စိုက်ပျိုးခြင်းဖြင့် ကုသိုလ်လည်းရဝမ်းလည်းဝ
ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများသည် နေ့စဉ် နံနက်မိုးလင်းသည်နှင့်တစ်ပြိုင်နက် ဘုရားဝေယျာဝေစ္စဖြစ်သည့် မျက်နှာသစ်တော်ရေ၊ သောက်တော်ရေချမ်း၊ ပန်း၊ ဆီမီးနှင့် ဆွမ်းတော်၊ အမွှေးတိုင်တို့ကို ယုံကြည်မှုသဒ္ဓါတရားနှင့်အညီ ကပ်လှူပူဇော်ခြင်းဖြင့် ကုသိုလ်ယူလေ့ရှိကြပါသည်။ ထိုသို့ ကုသိုလ်ယူကြရာ ဘုရားပန်းတင်သည့်အခါတွင် အောင်သပြေပန်းမှာ မပါမဖြစ်ကပ်လှူလေ့ရှိသည့်ပန်းဖြစ်ပါသည်။
မကွေးတိုင်းဒေသကြီးရှိ သရက်မြို့တွင် အများစုစိုက်ပျိုးကြသော သပြေပန်းအမျိုးအစားမှာ အောင်သပြေ၊ အာဆီယံသပြေ (ခေါ်) ပတ္တမြားသပြေများကို အများဆုံးစိုက်ပျိုးကြပါသည်။ တခြားအောင်သပြေများဖြစ်သည့် ငုတ်ပါသောသပြေငုတ်နှင် ကံ့ကော်သပြေများကိုလည်း အနည်းငယ်စိုက်ပျိုးကြပါသည်။ သပြေပင်ကို ရာသီမရွေးစိုက်ပျိုးနိုင်ပြီး နှစ်ရှည်ပင်အမျိုးအစားဖြစ်၍ ရေကြိုက်သောအပင်အမျိုးအစားလည်းဖြစ်ပါသည်။ ထို့ကြောင့် သပြေပန်းပင်များကို စီးပွားဖြစ်စိုက်ပျိုးကြရာတွင် တစ်နေ့လျှင် အနည်းဆုံး (၁) ကြိမ်မှ (၂) ကြိမ်ထိ ရေသွင်း၊ ရေလောင်းပေးရန်လိုအပ်ပြီး မိမိတို့၏ခြံထဲတွင် အလှစိုက်ရန် (သို့မဟုတ်) မိသားစုတစ်နိုင်တစ်ပိုင်စိုက်ပျိုးရန်အတွက် ရေစီးရေလာကောင်းပြီး ရေဓာတ်အမြဲရနေသောနေရာများတွင် ရွေးချယ်စိုက်ပျိုးလျှင် ပိုမိုဖြစ်ထွန်းနိုင်ကြောင်းနှင့် နှစ်ရှည်ပင်အမျိုးအစားဖြစ်သည့်အတွက်ကြောင့် ရေကြိုက်ရခြင်းဖြစ်ကြောင်း၊ သပြေပင်စိုက်ရာတွင် ပင်ကြား၊ တန်းကြားကိုလူဝင်ထွက်နိုင်စေရန်နှင့် သပြေညွန့်များကို ခူးရလွယ်ကူစေရန် အကွာအဝေးကို (၁၅) လက်မမှ (၁၈) လက်မကြားထားရှိစိုက်ပျိုးကြပါကြောင်း၊ တစ်ခါတရံ သပြေပင်များတွင် ပိုးကျရောက်မှုများရှိသဖြင့် ပိုးသတ်ဆေးကို (၁) လလျှင် (၂) ကြိမ် (သို့မဟုတ်) (၃) ကြိမ်သုံးပေးသင့်ပါ ကြောင်း၊ သပြေစိုက်ပျိုးသူများအနေဖြင့် ပြုစုမှုကောင်းရင်ကောင်းသလောက် (၈) လမှ (၁) နှစ်ခွဲ အချိန်ကာလတွင် အညွန့်တလူလူတက်၍ (၁၅) ရက်လျှင် (၁) ခါ ခူးဆွတ်ရန်သင့်တော်သော အနေအထားသို့ရောက်ရှိလာမည်ဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့် သပြေစည်း (၁) စည်းလျှင် ကျပ် (၅၀၀) နှုန်းဖြင့် ဈေးထဲရှိ ပန်းရောင်းချသူများ၊ အလှူပွဲ၊ မင်္ဂလာပွဲအခမ်းအနားများနှင့် ဘုရားပန်းကပ်လှူရန် ခြံအရောက်လာဝယ်မှုများလည်းရှိကြောင်းနှင့် သရက်မြို့ရှိ သပြေပန်းပင်စိုက်ပျိုးသူတို့၏ ပြောကြားချက်အရ အပင် (၁၀၀) ခန့်မျှစိုက်ပျိုးနိုင်လျှင် တစ်လတွင် ပန်းရောင်းရငွေ ကျပ် (၃၅၀၀၀ မှ ကျပ် (၄၀၀၀၀) ထိရရှိနိုင်မည်ဟုလည်း ဒေသခံသပြေပန်းစိုက်ပျိုးသူတို့၏ ပြောပြချက်များအရ သိရှိရပါသည်။ ထို့ကြောင့် ကုသိုလ်လည်းရ ဝမ်းလည်းဝသည့်သပြေပန်းပင်များကို စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
DOCA(မကွေး)