Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

သထုံခရိုင်၏ ဆန်စပါးဈေးနှုန်းနှင့် စီးဝင်/စီးထွက်မှု အခြေအနေ

      သထုံခရိုင်အတွင်းရှိ မြို့နယ်များတွင် ဇူလိုင်လ၏ ပထမအပတ်တွင် စပါး၊ ဆန် ဈေးနှုန်းမှာ တည်ငြိမ်လျှက်ရှိခဲ့ပါသည်။ သထုံခရိုင်အတွင်းမှ အခြားတိုင်းဒေသကြီးနှင့် အခြားခရိုင်မြို့နယ်များသို့ ဆန်စီးထွက်မှုနှုန်းမှာ မော်လမြိုင်ခရိုင်သို့ (၃၆၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၁၃၀၀) အိတ်ခန့်၊ စုစုပေါင်း(၄၉၀၀)  အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၄၀) တန်ခန့် စီးထွက်ခဲ့ပါသည်။ ယခုဇူလိုင်လ၏ ဒုတိယအပတ်တွင် မော်လမြိုင်ခရိုင်သို့ (၃၅၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၂၅၀၀) အိတ်ခန့်၊ စုစုပေါင်း (၆၀၀၀)  အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၉၀) တန်ခန့် စီးထွက်ခဲ့ပြီး ယခင်ပထမအပတ်နှင့် နှိုင်းယှဉ်ပါက အနည်းငယ်ပို၍ စီးဝင်ခဲ့ကြောင်းသိရှိရပါသည်။

   သထုံခရိုင်အတွင်းသို့ ဇူလိုင်လ၏ ပထမအပတ်တွင် ဆန်စီးဝင်မှုနှုန်းမှာ ရန်ကုန်တိုင်းဒေသကြီးမှ (၁၄၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၅၀၀) အိတ်ခန့်၊ စုစုပေါင်း (၂၉၀၀) အိတ်ခန့် တန်ချိန်အားဖြင့် (၁၄၀) တန်ခန့်စီးဝင်ခဲ့ပြီး၊ ဇူလိုင်လ၏ ဒုတိယအပတ်တွင် ရန်ကုန်တိုင်းဒေသကြီးမှ (၁၃၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၅၀၀) အိတ်ခန့်၊ စုစုပေါင်း (၂၈၀၀) အိတ်ခန့် တန်ချိန်အားဖြင့် (၁၃၅) တန်ခန့်စီးဝင်ခဲ့ပြီး၊ သထုံခရိုင်အတွင်းသို့ ဆန်စီးဝင်မှုနှုန်းမှာ ပထမအပတ်နှင့် နှိုင်းယှဉ်ပါက ပုံမှန်အတိုင်းစီးထွက်ခဲ့ပါသည်။

   သထုံခရိုင်အတွင်း၌ ဇူလိုင်လ၏ ဒုတိယအပတ်တွင် ဆန်ဈေးနှုန်းများမှာ စပါးတင်း (၁၀၀)လျှင် ဒေသပေါက်ဈေး ကျားပျံဟိုတယ် (၃၈၀၀၀၀၀)ခန့်၊ ပေါ်ဆန်းဝါ (၃၇၀၀၀၀၀) ခန့်၊ ကမာကြည် (၂၇၀၀၀၀၀)ခန့်၊ ဧည့်မထ (၂၂၀၀၀၀၀)ခန့်နှင့် (၂၄) ပြည်ဝင် ဆန် တစ်အိတ်လျှင် ကျားပျံဟိုတယ် (၁၃၇၀၀၀)ခန့်၊ ပေါ်ဆန်းဝါ (၁၃၅၀၀၀) ခန့်၊ ကမာကြည် (၁၁၅၀၀၀)ခန့်၊ ဧည့်မထ (၇၅၀၀၀)ခန့်ရှိပြီး ယခုအပတ်တွင် စပါး၊ ဆန်ဈေးနှုန်းမှာ ယခင်အပတ်တိုင်း တည်ငြိမ်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)

မွန်ပြည်နယ်ဒေသထွက် မင်းကွတ်သီးထွက်ရှိမှုနှင့် ဈေးနှုန်းအခြေအနေ

    မင်းကွတ်သီးကို  မွန်ပြည်နယ်အတွင်း မြို့နယ် (၁၀) မြို့နယ်လုံးတွင်  စိုက်ပျိုးလေ့ရှိသည်။ မင်းကွတ်သီးထွက်ရှိသည့် ဧပြီလကုန်နှင့်မေလအစတွင် အသီးများစတင်ခူးဆွတ်၍ ဈေးကွက်အတွင်းဝင်ရောက်နေပြီဖြစ်သည်။ ယခုနှစ်တွင် ဒေသစာ၊ ရာသီစာဖြစ်သော မင်းကွတ်သီးများအထွက်နှုန်းကောင်းကြောင်းသိရှိရပါသည်။  ပေါ်ဦးပေါ်စတွင် မင်းဂွတ်သီးဈေးကောင်းရရှိသည်။  မင်းကွတ်သီး၏ အရွယ်အစားပေါ်မူတည်၍ ဈေးနှုန်းကွာဟမှုရှိသည်။ ယခင်လမေလနှင့် ဇွန်လတို့တွင် မင်းကွတ်သီးဈေးနှုန်းမှာ (အကြီး)တစ်လုံးလျှင်၇၀၀ကျပ်၊ မင်းကွတ်သီး(အလတ်) တစ်လုံးလျှင် ၅၅၀ကျပ်နှင့် မင်းကွတ်သီး (အသေး)တစ်လုံးလျှင် ၃၀၀ကျပ်ခန့် ရရှိ၍ အရောင်းအဝယ်သွက်လျက်ရှိသည်။  ယခုလ ဇူလိုင်လတွင် မင်းကွတ်သီးဈေးနှုန်းမှာ  မင်းကွတ်သီး(အကြီး)တစ်လုံးလျှင်  ၅၀၀ကျပ်၊ မင်းကွတ်သီး (အလတ်) တစ်လုံးလျှင် ၃၅၀၀ကျပ်နှင့် မင်းကွတ်သီး (အသေး)တစ်လုံးလျှင် ၂၅၀ကျပ်ခန့် ဖြစ်သည်။

     မွန်ပြည်နယ်အတွင်း မင်းကွတ်သီးစိုက်ပျိုးသည့် ဧက ၆၀၀၀ကျော်ရှိသည်။         မင်းကွတ်သီးအထွက်နှုန်းမှာ ယခင်နှစ်ထက် အသီးထွက်ကောင်း၍ စိုက်ပျိုးသူတောင်သူများ အကျိုးအမြတ်ခံစားမှုရရှိသည်။ တောင်သူများအနေဖြင့် မင်းဂွတ်သီးစိုက်ပျိုးရာတွင် ဆုံးရှုံးမှု နည်း၍အမြတ်များသော သီးပင်ဖြစ်သည်။ မင်းကွတ်ပင်ကို ရေပုံမှန်ပေးနိုင်သောကြောင့် အထွက်နှုန်းကောင်း၊ အသီးအလုံးကောင်းများ ထွက်ရှိသည်ဟု မင်းဂွတ်သီးစိုက်ပျိုးတောင် သူများမှသိရသည်။  မွန်ပြည်နယ်အတွင်း ထွက်ရှိသည့် မင်းကွတ်သီးများကို တိုင်းဒေသကြီး/ ပြည်နယ်မြို့နယ်များသို့ အသီးသီးသို့ တင်ပို့လျှက်ရှိကြောင်းသိရှိရပါသည်။

    ၎င်းမင်းကွတ်သီးကို စားသုံးခြင်းဖြင့် ရေ၊ စွမ်းအင်၊ ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်နဲ့ အမျှင်ဓါတ်များ ကြွယ်ဝစွာပါဝင်သည့်အတွက်  ကျန်းမာရေးအထောက်အကူပြု၍ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော ကယ်လ်ဆီယမ်၊ သံဓါတ်၊ ဖေ့ဖရိတ်၊ ပိုတက်ဆီယမ်၊ ဇင့်၊ ကော့ပါးနှင့်မဂ္ဂနီစသော အာဟာရဓါတ်များကြွယ်ဝစွာပါဝင်သည်။ ထို့ကြောင့် မင်းကွတ်သီးကို  ရာသီစာ၊ အအေးစာ၊ ဓါတ်စာ၊ အေးမြချိုမွေးအရသာရှိသော မင်းကွတ်သီးကို စားသုံးမှု များကြောင်း တွေ့ရှိရပါသည်။

DOCA(မွန်)

ကန့်ဘလူမြို့နယ်တွင် ဘိလပ်မြေရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

           စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်း သန်းသည် ကန့်ဘလူမြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းရောင်းချသည့်ဆိုင်များသို့ အပတ်စဉ်ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၈ ရက် နံနက်(၀၉:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေ ရောင်းချသည့်ဆိုင်များ၏ ဘိလပ်မြေဝယ်ယူရရှိမှုအခြေအနေ ၊ လက်ကျန်အခြေအနေနှင့် ဈေးနှုန်း ဈေးကွက်အခြေအနေတို့အား ကွင်းဆင်းစိစစ်ခဲ့ရာ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် ဘိလပ်မြေတို့ကို မန္တလေးမြို့မှဝယ်ယူရကြောင်း၊ ဈေးနှုန်းအနေဖြင့် “CROWN” အမှတ်တံဆိပ် ဘိလပ်မြေ‌တစ်အိတ်လျှင် ၁၄၅၀၀ကျပ်နှင့် “ကြံ့နှစ်ကောင်” အမှတ်တံဆိပ်ဘိလပ်မြေ ဈေးနှုန်းမှာ တစ်အိတ်လျှင်ကျပ် ၁၃၅၀၀ ဖြင့်ရောင်းချကြောင်း ဇူလိုင်လပထမပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုတစ်ပတ်အတွင်း ဈေးနှုန်းများပြန်လည်မြင့်တက်လာကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်တွင် ဒေသထွက်နှင်းသီး(ခေါ်)လောင်ဂန်သီးများ စတင်ရောင်းချ

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ဆန်စပါး၊ဆီထွက်သီးနှံ၊ပဲမျိုးစုံတို့ကို အဓိက စိုက်ပျိုးကြပြီး သရက်၊ နဂါးမောက်၊ ဆီးသီး၊ နှင်းသီး(ခေါ်)လောင်ဂန်သီး စသည့်ဈေးကွက်ဝင် သစ်သီဝလံများကိုလည်း စိုက်ပျိုးကြသည်။ နှင်းသီး(ခေါ်)လောင်ဂန်သီး၏ အင်္ဂလိပ်အမည်မှာ Longan, Fruit (Longon, Dragon’s eyes,Eyeball tree) ဖြစ်ပြီး မြန်မာနိုင်ငံတွင် လူအများစုက လောင်ဂန်သီးဟု ခေါ်ဆိုကြောင်းသိရသည်။

      နှင်းသီး(ခေါ်)လောင်ဂန်သီးကို မြန်မာနိုင်ငံ၌ စစ်ကိုင်းတိုင်းဒေသကြီးတွင် အများဆုံးထွက်ရှိ ကြောင်း၊  ကန့်ဘလူမြို့နယ်တွင် နှင်းသီး(ခေါ်)လောင်ဂန်သီးပင်များကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြ ရာ နေအိမ်ခြံဝင်းများအတွင်းစိုက်ပျိုးနိုင်ပြီး အရိပ်လည်းရဝင်ငွေလည်းရရှိသောကြောင့် စိုက်ပျိုးသင့် သောအပင်တစ်မျိုးဖြစ်ကြောင်း၊ ယခုအခါအသီးများစတင်ထွက်ရှိပြီး ကန့်ဘလူမြို့သစ်သီးဈေး ကွက်အတွင်း ရောင်းချလျက်ရှိသည်။ နှင်းသီး(ခေါ်)လောင်ဂန်သီးတစ်ပိဿာလျှင် ၉၀၀၀ - ၁၀၀၀၀ ကျပ်ထိ ရောင်းချရကြောင်း သစ်သီးရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့ပေါ်ရှိ ဘိလပ်မြေ အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု ကန့်ဘလူခရိုင်ဦးစီးမှူး၏ကြီးကြပ်ကွပ်ကဲမှုတို့ဖြင့် ကျွန်းလှမြို့နယ်တာဝန်ခံသည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၈)ရက်နေ့ နံနက်(၀၈;၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊  ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့ပေါ် ရပ်ကွက်များရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့ အပတ်စဉ်သွားရောက် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ကျွန်းလှမြို့နယ်အတွင်းရောင်းချနေသော ဘိလပ်မြေအရောင်းဆိုင် များတွင်   ဘိလပ်မြေ ဝယ်ယူရရှိမှုအခြေအနေ၊ ဘိလပ်မြေအမျိုးအစားများ ၊ တစ်အိတ်ချင်းစီ၏ တစ်အိတ် ဈေးနှုန်း၊ ပစ္စည်းပြတ်လတ်မှု ရှိ/မရှိ ကုန်ပစ္စည်းလက်ကျန်အခြေအနေမျာကို မေးမြန်းခဲ့ရာ ဈေးကွက်အနေဖြင့် ကျွန်းလှမြို့နယ်အတွင်း ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်းနှင့် ဈေးနှုန်းအနေဖြင့် CROWN အမှတ်တံဆိပ် 525အမျိုးအစား တစ်အိတ်လျှင် ကျပ်၁၅၀၀၀၊ CROWN အမှတ်တံဆိပ် 425 အမျိုးအစား ဘိလပ်မြေ တစ်အိတ်လျှင် ကျပ် ၁၄၅၀၀ တို့ဖြင့် ဈေးနှုန်း အတက်အကျပေါ်မူတည်၍ ရောင်းချပေးလျက် ရှိကြောင်း နှင့် လက်ကျန် အခြေအနေ (၁၂၅)အိတ်ရှိကြောင်း ဘိလပ်မြေဆိုင်များတွင် ပစ္စည်းပြတ်လတ်မှု မရှိကြောင်း၊ ကုန်ပစ္စည်း လက်ကျန်ရှိကြောင်း ဇူလိုင်လ ပထမအပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ယခု ဇူလိုင်လ ဒုတိယအပတ်တွင် ယခင်အပတ်အတိုင်း ဘိလပ်မြေဈေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း သိရှိခဲ့ရပါသည်။

DOCA(စစ်ကိုင်း)

ငှက်ပျောပင်စိုက်ပျိုး ဝင်ငွေတိုး

             စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့တွင် ငှက်ပျောပင်များကို တစ်နိင်တစ်ပိုင်အနေဖြင့် စိုက်ပျိုးလျက်ရှိပါသည်။ ငှက်ပျောပင်စိုက်ပျိုးရာတွင် မိမိတို့ပိုင်ဆိုင်သည့် ယာမြေကွက်များ (သို့မဟုတ်) အိမ်ခြံဝင်းအတွင်းရှိမြေကွက်လပ် ပတ်ချာလည်များတွင် စိုက်ပျိုးကြပြီး ငှက်ပျောတစ်ပင်နှင့် တစ်ပင်ကြား(၁၀)ပေခန့် ခြား၍ စိုက်ပျိုးရပါသည်။ ငှက်ပျောပင်သည် စတင်စိုက်ပျိုးချိန်မှ (၆)လအကြာ တွင် အဖူးများငှက်ပျောသီးအဖီးများ စတင်ထွက်ရှိပါသည်။ အဖူးများငှက်ပျောသီးအဖီးများ စတင် ထွက်ရှိ ပြီး (၆)လကြာမှသာ ရင့်မှည့်သော ငှက်ပျောသီးအဆင့်သို့ရောက်ရှိလာခြင်းဖြစ်ပါသည်။ ငှက်ပျောစိုက်ပျိုးသည့် အမျိုးအစားများမှာ ဖီးကြမ်း(စိမ်း)၊ ဖီးကြမ်း(ငှက်ပြာ)၊ ကသည်းငှက်ပျော(ခေါ်)ရခိုင်ငှက်ပျော၊ ဝက်မလွတ်ငှက်ပျောနှင့်ဝက်မလွတ်(ဘရာဇီး)ငှက်ပျောတို့ကို အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။

          ငှက်ပျောပင်သည် ပင်စည်မှအစ အရွက်အဆုံး အကုန်ရောင်းစားရသော အပင်တစ်မျိုးလည်း ဖြစ်ပါသည်။ ငှက်ပျောပင်မှ ငှက်ပျောဖက်ရွက်ကို ကောက်ညှင်းထုတ်၊ မုန့်ဖက်ထုတ်၊ ငှက်ပျောထုတ်၊ မုန့်ဦးနှောက် နှင့် မုန့်နီထုတ်များ ထုတ်ရန်အတွက် ငှက်ပျောဖက်ကို အလိပ် အခေါက်များ လုပ်ပြီး ရောင်းစားနိုင်သလို၊ ငှက်ပျောအပင်ပွားများ၏ ပင်စည်ကိုလည်း  ခုတ်ပြီး မုန့်ဟင်းခါးချက်ရန်အတွက် ‌ ငှက်ပျောအူအဖြစ်လည်း ရောင်းရကြောင်း၊ ငှက်ပျောဖူးမှ အဖီးများဆုံးသည့် ငှက်ပျောဖူးများကိုလည်း ချက်စား၊ သုပ်စား၊ ဟင်းပေါင်းစားရန်အတွက် ရောင်းရပါသည်။ နောက်ဆုံး ငှက်ပျောသီးကိုတော့ ကိုယ်ခံအားအတွက် အားဆေးတစ်ပါးအတွက် စားသုံးသလို အစာပိတ်အချိုတည်းခြင်း အဖြစ်လည်း စားသုံးကြသည့်အတွက် ငှက်ပျောသီးဟာလည်းရောင်းအားကောင်းလျက်ရှိပါသည်။

           ၂၀၂၄ ခုနှစ်၊ ယခု ဇူလိုင်လ ၌ ငှက်ပျောသီး ဈေးနှုန်းအနေဖြင့် ဖီးကြမ်း ငှက်ပျောတစ်ဖီးလျှင် အဖီးလှ/မလှပေါ်မူတည်၍(၂၀၀၀/၂၅၀၀)ကျပ်၊ ဝက်မလွတ်(ဘရာဇီး)ငှက်ပျောအဖီး လှ/မလှပေါ်မူတည် ၍(၂၅၀၀/၃၀၀၀)ကျပ်၊ ကသည်းငှက်ပျော(ခေါ်) ရခိုင်ငှက်ပျောသီး လှ/မလှ ပေါ်မူတည်၍ တစ်ဖီးလျှင် (၁၅၀၀/၂၀၀၀)ကျပ်၊ ဝက်မလွတ်ငှက်ပျော တစ်ဖီးလျှင်(၁၅၀၀/၂၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အသီးသီး ရောင်းချလျက်ရှိပြီး ရာသီမရွေးစိုက်ပျိုးရောင်းချရသည့် နှစ်ရှည်သီးနှံပင် ဖြစ်သည့်အတွက်  စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(စစ်ကိုင်း)

 

 

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၁၅.၇.၂၀၂၄ )

၁၅.၇.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း ( ၁၅.၇.၂၀၂၄ )

၁၅.၇.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၅.၇.၂၀၂၄ )

၁၅.၇.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

မိုးညှင်းမြို့၊ နားခါရပ်ကွက် အတွင်းရှိ Baby Store သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင် (စစ်ဆေးရေးမှူး) သည် ၁၀.၇.၂၀၂၄ ရက်နေ့တွင် မိုးညှင်းမြို့၊ နားခါရပ်ကွက် အတွင်းရှိ ကလေးချစ်သူ (Baby Store)သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြဌာန်းချက် များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ Airliner (မီးလင်းလေယာဉ်) အမှတ်တံဆိပ်ပါ ကလေး ကစားစရာအရုပ်နှင့် ပစ္စည်းအမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ကြိုတင်သတိပေးချက်တို့ကို ကုန်အညွှန်း အမှတ်အသား ဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား အခြားကုန်ပစ္စည်းအမျိုးမျိုး ရောင်းချဖြန့်ဖြူးရာတွင်လည်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာဖော်ြပထားမှု မရှိသော ကုန်စည်များကို ရောင်းချဖြန့်ဖြူးခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း