Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျောင်းဖွင့်ရာသီ ကျောပိုးအိတ်မျိုးစုံ ရောင်းဝယ်မှုသွက်နေ

     ယခု ကျောင်းဖွင့်ရာသီတွင် ပြည်မြို့ရှိ ကျောင်းသုံးစာရေးကိရိယာဆိုင်များ၊ ကျောင်းသုံးပစ္စည်းများ အရောင်းအဝယ်သွက်လျက်ရှိနေခဲ့ကြပါသည်။ စာရေးကိရိယာပစ္စည်းများဖြစ်သည့် စာအုပ်မျိုးစုံ၊ ဘောပင်မျိုးစုံ၊ ပေတံ၊ ခဲတံမျိုးစုံ ရောင်းချမှုများပြားသလို မိုးကာများ၊ ထီးများကလည်း အရောင်းအဝယ်များကြပါသည်။ အဆိုပါကျောင်းသုံးစာရေးကိရိယာ ပစ္စည်းများအပြင် မူကြို KG တန်းမှ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ် အရွယ်ထိ အသုံးများလာကြသော ကျောပိုး အိတ်မျိုးစုံမှာလည်း ယခုနှစ် ကျောင်းဖွင့်ရာသီမှာ အရောင်းသွက်ကြောင်း သိရပါသည်။ KG အရွယ်မှ Grade 3 / 4 / 5 အရွယ်များအတွက် ကာတွန်းပုံ၊ စက်ရုပ်၊ Spider Man၊ Frozen ပုံကျောပိုးအိတ်လေးများ ရောင်းချမှုပိုများပြားပြီး Size မှာ (15) လက်မ၊ (၁၁.၅)လက်မ၊ (၅.၅)လက်မ အရွယ်အစားများမှာ တစ်လုံးလျှင် (၁၀၀၀၀)ကျပ်မှ (၂၀၀၀၀)ကျပ်ကျော်၊ (၃၀၀၀၀) ကျပ်ကျော် အထိ အရည်အသွေးပေါ်မူတည်၍ကွာခြားသလို အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ် အဆင့်ထိ အသုံးပြုလို့ရသော (15) လက်မ၊ (၁၂)လက်မ၊ (၅.၅)လက်မ အရွယ်အစား အိတ်များမှာ ပစ္စည်းအမျိုးအစား Brand အပေါ်မူတည်၍ ကျပ် (၂၀၀၀၀) ကျော်မှ (၅၀၀၀၀)ကျပ် ကျော်အထိ ဈေးကွာခြားပြီး ကျောပိုးအိတ်အရွယ်စုံ၊ အမျိုးစုံ၊ အားလုံးလိုလို အရောင်းအဝယ်သွက်ခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

ပုသိမ်ခရိုင်၊ ပုသိမ်မြို့တွင် အခြေခံစားသောက်ကုန်များ အားဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိ

    ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်တွင် အခြေခံစားသောက်ကုန်များ ဖြစ်သော ဆီ၊ ဆား၊ ကြက်ဥနှင့် ငါးတန်ငါးများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာရောင်းချပေးခြင်းကို စားသုံးသူရေးရာဦးစီးဌာနကဦးဆောင်၍ သက်ဆိုင်ရာဌာနများဖြစ်သော တိုင်းဆားလုပ်ငန်းဦးစီးဌာန၊ တိုင်းမွေးမြူရေးဌာနနှင့်ကုသ‌ရေးဦးစီးဌာန၊ တိုင်းဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်းပါဝင်ပြီး ၂၀၂၃ခုနှစ်၊ ဇွန်လ (၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းစီမံကိန်း၊ တိုင်းဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ပုသိမ်ပညာရေးကောလိပ်တွင် ရောင်းချပေးခဲ့ကြောင်းသိရပါသည်။

          ထိုသို့ ရောင်းချရာတွင် ကြက်ဥ (၄) လုံးလျှင် (၁၀၀ဝိ/-) ကျပ်နှုန်းဖြင့် ကြက်ဥအလုံး (၂၄၀၀)၊ ဆား (၁) ပိဿာလျှင် (၃၀ဝိ/-) ကျပ်နှုန်းဖြင့် ဆားပိဿာ (၂၅၀)၊ ငါးတန် (၁) ပိဿာလျှင် (၃၃၅ဝိ/) ကျပ်နှုန်းဖြင့် ငါးတန်ပိဿာ (၃၀)၊ ဆီ (၁) ပိဿာလျှင် (၄၂၀ဝိ/-) ကျပ်နှုန်းဖြင့် ဆီပိဿာ (၆၁၀) ရောင်းချပေးခဲ့ကြောင်းသိရပါသည်။

DOCA(ဧရာဝတီ)

 

ဗုံလုံသီး(သို့)ပဲလင်းမြွေသီး

     ရာသီစာတစ်မျိုးဖြစ်သော ဗုံလုံသီးမှာ ယခုအခါ ဈေးကွက်ထဲတွင် လှိုင်လှိုင်ပေါနေပြီဖြစ်ပါသည် ။ တစ်ချို့က ဗုံလုံသီးကို ပဲလင်းမြွေသီးဟုလည်း ခေါ်ဆိုကြပါသည်။ ဗုံလုံသီးကို သူ့ချည်း သက်သက်ကြော်စားနိုင်သလို ကြိုက်သည့် အသား/ငါးဖြင့် အစာသွပ်ပြီးတော့ စားသုံးနိုင်ပါသည်။ ဟင်းချိုကြိုက်သည့်သူများအတွက် ကြာဇံနဲ့ရောပြီး သောက်သုံးနိုင်သည့် ဟင်းတစ်ခွက်ဖြစ်ပါသည်။ တစ်ချို့ကတော့ ဗုံလုံသီးကနေ စစ်ထုတ်ယူထားတဲ့ ဖျော်ရည်ကိုသောက်လျှင် အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ပြီး အစာချေဖျက်မှုကိုလည်း ကူညီပေးကြောင်း သိရပါသည်။ ဗုံလုံသီးကို ပြည်မြို့နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ တစ်နိုင်တစ်ပိုင် စိုက်ပျိုးပြီး ပြည်မြို့ရှိဈေးများသို့ တင်သွင်းကြောင်း သိရပါသည်။ ဗုံလုံသီး အချောတစ်တောင့်လျှင် ကျပ်(၅၀၀/၈၀၀) ထိ၊ အလတ်တစ်တောင့်လျှင် ကျပ်(၃၀၀/၅၀၀)ထိ၊ အသေးတစ်တောင့်လျှင်ကျပ် (၁၀၀/၂၀၀)ထိ ရှိပြီး အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

ကင်မွန်းချဉ်နှင့်ဆူးပုပ် တစ်ပိုင်တစ်နိုင်စိုက်ပျိုးသူများ ဝင်ငွေကောင်း

        တောင်ငူခရိုင်၊ ဖြူးမြို့မှ ခြံဝင်းကျယ်ကြီးများရှိ မြေကွက်လွတ်များတွင် ဆူးပုပ်နှင့် ကင်မွန်းချဉ် စိုက်ပျိုးသူများမှာ ဝင်ငွေကောင်းလျက်ရှိပါသည်။ ဆောင်းရာသီနှင့် နွေရာသီတို့တွင် ရောင်းအားကောင်းပြီး မိုးရာသီတွင်မူ တခြားရာသီပေါ် ဟင်းသီးဟင်းရွက်များ ပေါများသဖြင့် ရောင်းအား အနည်းငယ်ကျကြောင်း သိရပါသည်။

         ယခုကာလတွင် ဆူးပုပ်ရွက်၊ ကင်မွန်းချဉ်ရွက် စိုက်ပျိုးသူများအနေဖြင့် ဆူးပုပ်အခက် ၇ ခက်ပါ တစ်စည်းလျှင် ၁၀၀ ကျပ်နှင့် ကင်မွန်းချဉ် အခက် ၈ ခက်ပါ တစ်စည်းလျှင် ၁၀၀ ကျပ်ဖြင့် ဖြူးမြို့ စည်ပင်သာယာဈေးရှိ ဟင်းသီးဟင်းရွက်ရောင်းချသူများသို့ ပို့ဆောင်ပေးရပါသည်။

      ဆောင်းရာသီနှင့် နွေရာသီများတွင် တစ်နေ့လျှင် စည်ပင်သာယာဈေးသို့ တစ်မျိုးလျှင် အစည်း ၈၀ မှ ၁၀၀ ခန့် ပို့ဆောင်ပေးရပြီး ယခုမိုးကာလတွင် အစည်း ၅၀ ခန့်သာ ပို့ဆောင်ရောင်းချပေးရကြောင်း ခြံဝင်းမြေကွက်လပ်တွင် ဆူးပုပ်နှင့် ကင်မွန်းချဉ်စိုက်ပျိုးသူ ဒေါ်သန်းသန်းအေး၏ ပြောပြချက်အရ သိရပါသည်။

DOCA(ပဲခူး)

 

ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်)

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ရည်ညွှန်းပါစာလမ်းညွှန်ချက်အရ ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်) ၂၂/၂၀၂၃ အား သိရှိလမ်းညွှန်မှုပြုနိုင်ပါရန် တင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

   တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၇.၆.၂၀၂၃ )

    ၂၇.၆.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တောင်ငူမြို့မှ ငါးပိဈေးကွက်

     မြန်မာလူမျိုးများအနေဖြင့် ထမင်းဝိုင်းတွင် ငါးပိရည်ကျို၊ ငါးပိကြော်၊ ငါးပိထောင်း စသည်တို့သည် မပါမရှိဖြစ်ပါသည်။ ငါးပိကို ငါးပိပြုလုပ်သည့် ငါးအမျိုးအစားပေါ်မူတည်၍ ဈေးနှုန်း အမျိုးမျိုးဖြင့် ရောင်းချလျက်ရှိပါသည်။

     တောင်ငူမြို့ ညောင်ပင်ဈေးတွင် ငါးအစုံငါးပိ တစ်ပိဿာလျှင် ၂၀၀၀ ကျပ်၊ ငါးတံခွန်/ ငါးဖောင်ရိုးငါးပိ တစ်ပိဿာလျှင် ၂၀၀၀ ကျပ်၊ ငါးဇင်ရိုင်းငါးပိ တစ်ပိဿာလျှင် ၂၅၀၀ ကျပ်မှ ၃၅၀၀ ကျပ်အထိ၊ ငါးပြင်မငါးပိ တစ်ပိဿာလျှင် ၃၀၀၀ ကျပ်မှ ၃၅၀၀ ကျပ်အထိ၊ ငါးရံ့ငါးပိ တစ်ပိဿာ လျှင် ၄၅၀၀ ကျပ်မှ ၅၅၀၀ ကျပ်အထိ၊ ဝက်ကျွေးငါးပိ (ငါးပိအကြေ) တစ်ပိဿာလျှင် ၁၃၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။

    စိမ်းစားငါးပိ တစ်ဆယ်ကျပ်သားလျှင် ၅၀၀ ကျပ်၊ ၂၅ ကျပ်သားလျှင် ၁၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။ ငါးပိမှထွက်သော ငံပြာရည်ကို တစ်လီတာ ဘူးတစ်ဘူးလျှင် ၄၀၀ ကျပ်၊ ၁၀ ဘူးယူလျှင် ၃၅၀၀ ကျပ်၊ ၆၀၀ မီလီလီတာ ဘူးတစ်ဘူးလျှင် ၂၅၀ ကျပ်၊ ၁၀ ဘူးယူလျှင် ၂၃၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။

     ငါးပိကို ရာသီမရွေး အမြဲရောင်းရလျက်ရှိကြောင်း၊ ယခုအပတ်တွင် ငါးပိဈေးနှုန်း အနည်းငယ်မြင့်တက်သော်လည်း အရောင်းအဝယ်မှာ ပုံမှန်အတိုင်းရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

ညောင်ပင်လေးဈေးမှ ရာသီပေါ် ဟင်းချက်စရာအသီးများ

     တောင်ငူမြို့ ညောင်ပင်လေးဈေးတွင် ရာသီပေါ် အသီးအနှံများ ရောင်းချလျက်ရှိရာ ပဲသီး (ခေါ်)ပဲတောင့်ရှည်သီး (၁၅)တောင့်ပါ အစည်းသေးတစ်စည်းလျှင် ၅၀၀ ကျပ်၊ အစည်းသေး (၅) စည်းပါ အထုံးကြီးတစ်ထုံးလျှင် ၂၀၀၀ ကျပ်နှင့် အတိုအရှည် မျှစည်းထားသော ပဲသီးတစ်ထုံးလျှင် ၁၀၀၀ ကျပ်ဖြင့် ရောင်းချပါသည်။

       ပဲလင်းမြွေသီး(ခေါ်)ဗုံလုံသီးမှာ တစ်တောင့်လျှင် ၂၀၀ ကျပ်၊ ၁၀ တောင့်ပါ အစည်းတစ် စည်းလျှင် ၁၈၀၀ ကျပ်နှင့် အတိုအရှည် ၁၀ တောင့်ပါ  အစည်းတစ်စည်းလျှင် ၁၀၀၀ ကျပ်ဖြင့် ရောင်းချပါသည်။

      ခဝဲသီးမှာ အလုံး သုံးလုံးလေးလုံးပါသည့် အစည်းတစ်စည်းလျှင် ၂၀၀ ကျပ်နှင့် (၃)စည်း လျှင် ၅၀၀ ကျပ်ဖြင့် ရောင်းချပါသည်။ နောက်အပတ်များတွင် အသီးများလည်း လှိုင်လှိုင်ပေါ်လာမည်ဖြစ်သဖြင့် ဈေးနှုန်းကျဆင်းနိုင်ကြောင်း ညောင်ပင်လေးဈေးမှ ကုန်စိမ်းရောင်းချသူများ၏ ပြော ပြချက်အရ သိရပါသည်။

DOCA(ပဲခူး)

 

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

     အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဇွန်လ(၁၄)ရက်နေ့မှ ဇွန်လ (၂၀)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်(ပိဿာ)ကျပ် ၁၀၀၀ မှ ၁၅၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၅၀၀ မှ ၁၅၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၇၀၀ မှ ၂၀၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၂၄၀၀ မှ ၂၇၀၀ အတွင်း၊ မုန့်လာဉနီ(ပိဿာ) ကျပ် ၁၆၀၀ မှ ၃၀၀၀ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် ၁၀၀၀ မှ ၅၀၀၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် ၅၀၀ မှ ၂၀၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၂၀၀၀ မှ ၂၅၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၁၈၀၀ မှ ၂၂၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ)ကျပ် ၄၅၀၀ မှ ၆၆၀၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် ၆၈၀၀ မှ ၆၉၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၆၀၀၀ မှ ၇၅၀၀ အတွင်း၊ ဆလပ်ရွက် (စီး) ကျပ် ၂၀၀ မှ ၃၀၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် ၆၀ မှ ၁၀၀ အတွင်း၊ ခရမ်းသီး  (ရှည်) (ပိဿာ)ကျပ် ၁၀၀၀ မှ ၂၂၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၃၀ မှ ၁၅၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ)ကျပ် ၂၀၀၀ မှ ၃၀၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၁၅၀၀ မှ ၈၀၀၀ အတွင်း ဖြစ်ကြောင်း သိရှိရပါတယ်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက် သတ္တပတ် အတွင်း သံပုရာသီးအလုံးပေါင်း(၂၃၉၂၀၀)ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ) (၁၅၂၁၀)ကျော်၊ ဗူးသီးအလုံးပေါင်း (၁၅၀၀)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း(၃၉၀၀)ကျော်၊ ဂေါ်ဖီ ထုပ်ပေါင်း (၃၃၅၀၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၂၁၅၅၀)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၈၃၂၀)ကျော်၊ ဖရဲသီးလုံးပေါင်း (၇၂၀၀)ကျော်  အသီးသီးကုန်အဝင်ရှိကြောင်း သိရပါတယ်။

DOCA(ရန်ကုန်)

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း