Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“ပဲတီစိမ်း(မိုးကြို)စိုက်ပျိုးမှု၊ ရိတ်သိမ်းမှုနှင့် စျေးနှုန်းအခြေအနေ”

      မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ပဲတီစိမ်း(မိုးကြို)ကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် (၆၄၄၆)ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၄၄၉၇)ဧက၊ မြစ်သားမြို့နယ်တွင် (၁၁၂၃၄)ဧက၊ စုစုပေါင်း (၂၂၁၇၇)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ယခုအချိန်ထိ (၂၁၂၅)ဧကရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ ပဲတီစိမ်း (မိုးကြို)ကိုမတ်လမှစတင်ပြီး တောင်သူအများစုသည် ဆည်ရေသောက်ရေသွင်းစနစ်ဖြင့် အများဆုံးစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် အရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်သော ရေဆင်း-၁၁ မျိုးနှင့် ကျောက်စိမ်းမျိုးများကိုသာရွေးချယ်စိုက်ပျိုးကြရာ (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၃၀၀၀၀၀/-) ကျပ်ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့်(၁)ဧကလျှင် (၁၁-၁၂)တင်းခန့်ထွက်ရှိပြီး စျေးနှုန်းအနေဖြင့် ယခင်နှစ်တွင် (၁)တင်းလျှင် (၅၅၀၀၀/-)ကျပ်စျေးနှုန်းရှိခဲ့ကြောင်း၊ ယခုအချိန်တွင် (၆၂၀၀၀/-)ကျပ်စျေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ (၁)ဧကအကျိုးအမြတ်အနေဖြင့် (၃၈၀၀၀၀/-)ကျပ်ခန့်ရရှိကြောင်း၊ ပဲတီစိမ်း(မိုးကြို) စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

သထုံမြို့နယ်၌ သက်သာသောဈေးနှုန်းဖြင့် ဆန်ရောင်းချခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည်  ၂၈-၆-၂၀၂၄ ရက်နေ့တွင် သထုံမြို့၊ နန်းခဲရပ်ကွက်တွင် ဆန်/စပါးလုပ်ငန်းရှင်အသင်းနှင့် ဆန်စက်လုပ်ငန်းရှင်အသင်းတို့ပူးပေါင်းပြီး ပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချရာတွင် စနစ်တကျရှိစေရေး၊ စားသုံးသူပြည်သူများလက်ဝယ်သို့ အမှန်တကယ်ရောက်ရှိရေး၊ သင့်တင့်မျှတသော ဈေးနှုန်းဖြစ်စေရေးအတွက် ကြီးကြပ်ဆောင်ရွက်ခဲ့သည်။

       အဆိုပါနေ့တွင် ဧည့်မထဆန် (၁၀မှတ်) တစ်ပြည်လျှင် (၃၂၀၀) ကျပ်ဖြင့် လူတစ်ဦးလျှင် (၂) ပြည်နှုန်းဖြင့်ရောင်းချခဲ့ရာ ပြည်သူလူထု (၆၀၀) ဦးအားရောင်းချပေးခဲ့ကြောင်းသိရှိရသည်။

      ထိုကဲ့သို့ ပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချခြင်းအား သထုံမြို့၊ မြို့ပေါ်ရပ်ကွက် (၅) ရပ်ကွက်တွင် တစ်ရက်ခြားစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မွန်)

ပေါင်မြို့နယ်တွင် သက်သာသောဈေးနှုန်းဖြင့် ဆန်ရောင်းချခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ ပေါင်မြို့နယ်တာဝန်ခံသည်   ၂၇-၆-၂၀၂၄ ရက်နေ့တွင် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ပေါင်မြို့နယ်၊ မင်္ဂလာဈေးအရှေ့တွင် ပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချရာတွင် စနစ်တကျရှိစေရေး၊ စားသုံးသူပြည်သူများလက်ဝယ် အမှန်တကယ်ရောက်ရှိရေး၊ သင့်တင့်မျှတသော ဈေးနှုန်းဖြစ်စေရေးအတွက် ကြီးကြပ်ဆောင်ရွက်ခဲ့သည်။

      အဆိုပါနေ့တွင် ဆန်စက်လုပ်ငန်းရှင်များနှင့် ကုန်သည်ကြီးများအသင်းတို့ပူးပေါင်း၍ အိမ်ထောင်စုတစ်စုလျှင် (၂) ပြည်နှုန်းဖြင့် ပေါ်ဆန်း (၁၀) အိတ်၊ ဧည့်မထ (၄၀) အိတ်အားရောင်းချပေးခဲ့ရာတွင် ပေါ်ဆန်းဆန်တစ်ပြည်လျှင် (၅၀၀၀) ကျပ်၊ ဧည့်မထတစ်ပြည်လျှင် (၃၂၀၀) ကျပ်ဖြင့်ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

မြိတ်ဒေသထွက် ကွမ်းသီးတင်ပို့မှုနှင့် စျေးနှုန်းစျေးကွက်

      တနင်္သာရီတိုင်းဒေသကြီးရှိ ခရိုင်များတွင် ရော်ဘာ၊ သီဟို၊ ကွမ်းသီးများစိုက်ပျိုးထားလျက်ရှိပြီး ကွမ်းသီးမှာ စျေးကွက်ပုံမှန်တည်ရှိလျက်ရှိပါသည်။ မြိတ်ခရိုင်၊ မြိတ်မြို့နယ်ရှိကျေးရွာများထဲမှ စန္ဒဝတ်၊ ပပြင်၊ အလယ်ချောင်း၊ ဒေါ၊ ကျောက်ဖြူ၊ မရမ်းပင်ချောင်း၊ သမုတ်၊ ပင်းအို၊ လော့လော့၊ နန်းတော်ရာ၊ တုန်း‌ဗျော၊ မဇော၊ သကန်(ရွာဟောင်း)၊ မရင်း၊ တပ်တောင် စသည့်ကျေးရွာတို့တွင် ကွမ်းသီးအများဆုံးထွက်ရှိပြီး မြို့ပေါ်ရှိအဝယ်ဒိုင်ကြီးများမှဝယ်ယူကာ  ကွမ်းသီးခြောက်၊ ကွမ်းသီးခြမ်း၊ ကွမ်းသီးပုတ်များဖြင့် ရန်ကုန်၊ မန္တလေးသို့အများဆုံးတင်ပို့ရောင်းချလျက်ရှိရာ အခြားပြည်နယ်နှင့်မြို့များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ထိုအပြင် ၎င်းတို့မှတစ်ဆင့် ပြည်ပနိုင်ငံများသို့လည်း တင်ပို့လျက်ရှိကြောင်းသိရှိရပါသည်။

       ၂၀၂၄ခုနှစ်၊ ဇွန်လ(၂၁)ရက်နေ့မှ (၂၇)ရက်နေ့အထိ မြိတ်ခရိုင်၏ ကွမ်းသီးတင်ပို့မှုသည် (၈၃၃၅၀၀)ပိဿာခန့်ရှိပြီး တန်အားဖြင့် (၁၃၆၁)တန်ခန့်ရှိကြောင်းသိရှိရပါသည်။ ကွမ်းသီးစျေးနှုန်းမှာ ယခုအပတ်တွင် တစ်ပိဿာလျှင် ၅၀၀၀ကျပ်မှ ၅၆၀၀ကျပ်ထိအရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကွမ်းသီးခြမ်းမှာ  တစ်ပိဿာလျှင် ၄၀၀၀ကျပ်ခန့်ဖြစ်နေကြောင်း ကွမ်းသီးလုပ်ငန်းရှင်ထံမှသိရှိရပါသည်။

DOCA(တနင်္သာရီ)

ကန့်ဘလူမြို့နယ်တွင် ဘိလပ်မြေဈေးနှုန်းများကျဆင်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းရောင်းချသည့်ဆိုင်များသို့ အပတ်စဉ်သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

    ၂၀၂၄ခုနှစ်၊ ဇွန်လ ၂၄ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေရောင်းချသည့်ဆိုင်များ၏ ဘိလပ်မြေဝယ်ယူရရှိမှုအခြေအနေ၊ လက်ကျန်အခြေအနေနှင့် ဈေးနှုန်းဈေးကွက်အခြေအနေတို့အားကွင်းဆင်းစိစစ်ခဲ့ရာ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် ဘိလပ်မြေတို့ကို မန္တလေးမြို့မှဝယ်ယူရကြောင်း၊ ဈေးနှုန်းအနေဖြင့် “CROWN” အမှတ်တံဆိပ် ဘိလပ်မြေ‌တစ်အိတ်လျှင် ၁၃၅၀၀ကျပ်နှင့် “ကြံ့နှစ်ကောင်” အမှတ်တံဆိပ်ဘိလပ်မြေဈေးနှုန်းမှာ တစ်အိတ်လျှင်ကျပ်၁၂၃၀၀ဖြင့်ရောင်းချကြောင်း ဇွန်လ တတိယပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုအပတ်အတွင်း ဈေးနှုန်းများကျဆင်းလျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်အတွင်းရောင်းချနေသော ခရမ်းချည်သီးဈေးနှုန်းတည်ငြိမ်လျက်ရှိ

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါဆောင် ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးကွက်အတွင်းသို့ ရှမ်းပြည်နယ်၊ အောင်ပန်းတို့မှထွက်ရှိသော ခရမ်းချည်သီးများကို မန္တလေးတိုင်းဒေသကြီးမှ မှာယူရောင်းချပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

       ခရမ်းချည်သီးများသည် ယခုအချိန်အခါကာလဖြစ်သည့် မိုးရာသီတွင် ဒေသထွက်ခရမ်းချည်သီးများ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှုမရှိသည့်အတွက် ရှမ်းပြည်နယ်၊ အောင်ပန်းဒေသထွက် ခရမ်းချည် သီးများကို မန္တလေးမြို့မှ မှာယူရောင်းချရပြီး ရှမ်းပြည်နယ်၊ အောင်ပန်းဒေသထွက် ခရမ်းချည်သီးများမှာ ရာသီမရွေးဝယ်ယူစားသုံးနိုင်ပြီး အခွံလည်းထူ၍ အချည်အရသာနည်းသည့်အပြင် အလုံးအရွယ်အစား လှခြင်း၊ အထားခံခြင်းတို့ကြောင့် လူအများကကြိုက်နှစ်သက်ကြသောကြောင့် ရောင်းအားကောင်းလျက်ရှိကြောင်းသိရှိရပါသည်။

      ကန့်ဘလူမြို့၏ ခရမ်းချည်သီးဈေးနှုန်းအနေဖြင့် ယခုဇွန်လ၊ စတုထ္ထအပတ်တွင် ထိုင်ဝမ်ခရမ်းချည်သီးဈေးမှာ အလုံးအရွယ်အစားအလိုက် တစ်ပိဿာလျှင် (၅၅၀၀/၆၀၀၀)ကျပ်ဈေးနှုန်းဖြင့် တည်ငြိမ်လျက်ရှိကြောင်း ကန့်ဘလူမြို့ကုန်စိမ်းသီးနှံအရောင်းအဝယ်လုပ်နေသူများထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့ဈေးကွက်အတွင်း မုန့်ညှင်းချဉ်များ စတင်ဝင်ရောက်

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဒေသထွက်အရန်ဟင်းဖြစ်သည့် လက်လုပ်ချဉ်အမျိုးမျိုးရောင်းချပြီး မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေရှာသည့်လုပ်ငန်းကိုလုပ်ကိုင်လျက်ရှိရာ ပေါ်ဦးပေါ်ဖျားရာသီစာဖြစ်သည့် မုန့်ညှင်းချဉ်လုပ်ငန်းကို စတင်လုပ်ကိုင်ရောင်းချလျက်ရှိကြောင်းသိရပါသည်။

     ကန့်ဘလူမြို့မစည်ပင်သာယာဈေး၌  အချဉ်မျိုးစုံဖြစ်သည့် ပဲတီချဉ်၊ မုန့်ညှင်းချဉ်၊ သရက်ချဉ်၊ မုံလာချဉ်၊ သရက်သီးကုလားတည်ချဉ်၊ နှမ်းပတ်ချဉ်နှင့် သံပရာချဉ်တို့လုပ်ကိုင်ရောင်းချလျက်ရှိရာ မုန့်ညှင်းချဉ်သည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး မုန့်ညှင်းချဉ်ပြုလုပ်သည့်မုန့်ညှင်းရွက်မှာ ရှားပါးသောရာသီဖြစ်သောကြောင့် ကုန်ကြမ်းဖြစ်သည့်မုန့်ညှင်းရွက်ကို ကန့်ဘလူမြို့ပေါ်ရပ်ကွက်များမှ ရေလောင်းစိုက်ပျိုးသည့် စိုက်ပျိုးရေးတောင်သူများထံမှ အနည်းငယ်သာဝယ်ယူရရှိပြီး မုန့်ညှင်းရွက်တစ်စည်းလျှင် (၄၀၀)ကျပ်၊ (၃)စည်းလျှင် (၁၀၀၀) ကျပ်ဖြင့် တစ်ရက်ကို အစည်း(၂၀)မျှသာဝယ်ယူရရှိသဖြင့် အနည်းငယ်သာ လုပ်ကိုင်ရသေးကြောင်း၊ အစည်း(၂၀)အချဉ်သိပ်လျှင် မုန့်ညှင်းချဉ်(၂)ပိဿာ (၅၀)ကျပ်သားခန့်ရရှိပြီး တစ်ပိဿာလျှင် (၃၂၀၀)ကျပ်ဈေးနှုန်းဖြင့်ရောင်းချရကြောင်း၊ လက်ဖက်ရည်သောက်ပန်းကန်လျှင် (၅၀၀)ကျပ်နှုန်းဖြင့်ရောင်းချရကြောင်း၊  ရောင်းချသည့်အတွက် မရှိမဖြစ်မို့သာလုပ်ကိုင်ရောင်းချရပြီး အမြတ်ငွေအများကြီးမရရှိကြောင်း မြို့မစည်ပင်သာယာဈေးတွင် လက်လုပ်ချဉ်များရောင်းချနေသူတစ်ဦးထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း ( ၁.၇.၂၀၂၄ )

၁.၇.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၁.၇.၂၀၂၄ )

   ၁.၇.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁.၇.၂၀၂၄ )

၁.၇.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း