ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်မြို့ရှိဈေးကွက်များတွင် ရောင်စုံပန်းအမျိုးမျိုးအရောင်းအဝယ်ဖြစ်လျက်ရှိ

             ဆောင်းရာသီကုန်ခါနီးအချိန်ဖြစ်၍ ရာသီဥတုမှာ နေ့ခင်းအချိန်များတွင် ပူပြင်းလာပြီး မနက်ခင်းအချိန်တွင် အေးလျက်ရှိနေပါသည်။ ထို့ကြောင့် ပြည်ခရိုင်၊ ပြည်မြို့ရှိ ပန်းဈေးကွက်အနေဖြင့် ယခုအချိန်တွင် ရောင်စုံပန်းများဖြစ်သော ဂန္ဓမာပန်း၊ သစ္စာပန်း၊ နှင်းဆီပန်း၊ မေမြို့ပန်း အစရှိသဖြင့် ပန်းများဈေးကွက်တွင် ရောင်းချလျက်ရှိနေပါသည်။ ထိုပန်းများကို ပြည်မြို့အနီးတဝိုက်ရှိ မှော်ဇာ၊ ကင်းပွန်းခြုံနှင့် ရွှေတောင်မြို့နယ်ရှိ ကသစ်ကိုင်းကျေးရွာများမှ လာရောက်ရောင်းချ ကြပါသည်။ ထိုကျေးရွာများမှ ပန်းများကို စီးပွားဖြစ်စိုက်ပျိုးကြသလို တစ်နိုင်တစ်ပိုင်လည်း စိုက်ပျိုးပါသည်။ ထွက်ရှိလာသောပန်းများကို ပန်းဒိုင်များ၊ ဈေးသည်များက အခင်းထဲအထိ လာရောက်ဝယ်ယူရောင်းချကြပါသည်။ ဈေးများတွင်ရောင်ချသော ပန်းများ၏ ဈေးနှုန်းများမှာ ဂန္ဓမာပန်း (အဖြူ၊ အဝါ) အကြီးအသေးရောရာ(၅)ခက်ပါတစ်စည်းလျှင် ၄၅၀၀ကျပ်၊ သစ္စာပန်း (၅)တံပါတစ်စည်းလျှင် ၂၀၀၀ကျပ်၊ နှင်းဆီပန်း အပွင့်အသေး (၁၀)ပွင့်ပါတစ်စည်းလျှင် ၃၅၀၀ကျပ်၊ နှင်းဆီပန်း (အကြီး) တစ်ပွင့်လျှင် ၅၀၀-၇၀၀ကျပ်၊ မေမြို့ပန်း (ကြွေဖြူ)တစ်စည်းလျှင် ၂၀၀၀ကျပ်၊ မေမြို့ပန်း (အက်စတာ)တစ်စည်းလျှင် ၅၀၀-၁၀၀၀ကျပ်ဖြင့် ရောင်းချလျှက်ရှိပါသည်။

             ပန်းဈေးများမှာ ယခင်နှစ်ထက်စာလျှင် ယခုနှစ်မှာဈေးများထက်ဝက်ခန့် မြင့်တက်လာရခြင်းမှာ မျိုးဈေးများကြီးမြင့်ခြင်း၊ အထွေထွေကုန်ကျစရိတ်များလည်း ကြီးမြင့်လာခြင်းတို့ကြောင့် ဖြစ်သည်ဟု သိရပါသည်။ ပြည်ဈေးမှတစ်ဆင့် ရန်ကုန်မြို့ရှိဈေးများနှင့် နေပြည်တော်မြို့သို့လည်း တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကံ့ကော်စိုက်ပျိုးဝင်ငွေတိုး

             ကံ့ကော်ပန်းသည် လူကြိုက်များသောပန်းပင်တစ်မျိုးပင်ဖြစ်ပါသည်။ ပန်းရနံ့မှာ အလွန်မွှေးကြိုင်ပြီး အမြဲစိမ်းလန်းစိုပြေနေသည့် သစ်မာပင်တစ်မျိုးဖြစ်ပါသည်။ သဘာဝကံ့ကော်ပင်မှာ တစ်နှစ်လျှင် တစ်ကြိမ် သာဖူးပွင့်ပြီး အမြင့်ပေရှစ်ဆယ်၊ လုံးပတ်ဆယ်ပေအထိရှိသော အရိပ်အာဝါသကောင်းသော အပင်မျိုးဖြစ် ပါသည်။ ကိုင်းဆက်ကိုင်းကူးဖြင့် ပြုလုပ်ထားသော စိုက်ပျိုးရေး ကံ့ကော်ပန်းပင်သည် တစ်နှစ်ပတ်လုံး ပွင့်ပါသည်။ စိုက်ပျိုးရေးကံ့ကော်ပန်းပင်မှာ အပင်ပုလေး များဖြစ်ပြီး လုံးပတ်မှာလည်းသေးပါသည်။ ကံ့ကော် ကိုင်းဆက်စိုက်ပျိုးရာတွင် ထိုင်ဝမ်မျိုး၊ စစ်ကိုင်း မျိုးစသည်ဖြင့် မျိုးများရှိပါသည်။ ယခုလက်ရှိ စိုက်ပျိုးရေး သမားများသည် စစ်ကိုင်းမျိုးကို စိုက်ပျိုး ကြပါသည်။ ရွှေတောင်မြို့နယ်အတွင်းရှိ တောင်လုံးညိုရွာတွင် ကိုင်းဆက်မျိုးဖြစ်သည့် စစ်ကိုင်းမျိုး ကို စိုက်ပျိုးထားကြောင်း သိရပါသည်။ ကံ့ကော်ပင်စတင်စိုက်ပျိုးပြီး တစ်နှစ်အကြာတွင် ပန်းပွင့်များ ပွင့်လာပါသည်။ စတင်ပွင့်လာသည့် ပန်းများသည် အပွင့်ရေ(၂၀)မှ (၂၅) အထိသာပွင့်သေး၍ အပွင့်ရေနည်းပါးပါသည်။ ထို့နောက် သက်တမ်းကြာလာသည့်အခါ ရာသီဥတု ပေါ်မူတည်ပြီး ပန်းပွင့်များ လှိုင်လှိုင်ပွင့်လာပါသည်။ ကံ့ကော်ပန်းပင်အား ပန်းပွင့်ခူးရာတွင် နံနက်အချိန်တွင် ခူးယူရပါသည်။ သို့မှသာအပွင့်များမှာချောမောပြီး ရောင်းပန်းလှမှာဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့နယ်အတွင်းရှိ ထန်းလျက်ဈေးကွက်

          ထန်းလျက်ဆိုသည်မှာ ထန်းရည်ချိုကိုချက်၍ရသောအစားအစာတစ်မျိုးဖြစ်ပါသည်။ ထန်းလျက်သည် အချိုဓါတ်ပါသော စားစရာတစ်မျိုးဖြစ်ပြီး ထန်းလျက်ကိုတမျိုးတည်းစား၍ရသလို အရည်ကျို၍ မုန့်လက်ကောက်ကြော်၊ နှမ်းကပ်ကြော်တို့နှင့်တို့၍လည်းကောင်း အမျိုးမျိုးလုပ်စား၍ ရပါသည်။

          ထန်းလျက်တွင် ကယ်လိုရီနှင့်ကာဗိုဟိုက်ဒရိတ်ဓါတ်များပါဝင်သည့်အပြင် ဖရက်တို့၊ ဂလူးကို့စ်၊ ဆူးခရို့စ်၊ သံဓါတ်၊ ကယ်လဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်နှင့် ခန္ဓာကိုယ် အတွက်လိုအပ်သော အခြားသတ္တုဓါတ်များလည်းပါဝင်ပြီး Vitamin C နှင့် Vitamin A တို့ ကြွယ်ဝစွာ ပါဝင်သောကြောင့် ကင်ဆာရောဂါဖြစ်နိုင်ခြေကို လျော့ကျစေသောကြောင့် စားသုံးသင့်သော အစားအစာတမျိုးဖြစ်ပါသည်။ တောင်ငူမြို့နယ်အတွင်း ထန်းလျက်တောင့် တစ်ပိဿာလျှင် ၆၅၀၀ ကျပ်၊ ထန်းလျက်(အဖြူ/အညို) တစ်ပိဿာလျှင် ၆၀၀၀ ကျပ်၊ ကြံသကာတစ်ပိဿာလျှင် ၆၀၀၀ ကျပ်၊ ထန်းလျက်ပျဉ်းတစ်ပိဿာလျှင် ၆၅၀၀ကျပ်ဖြင့် ပုံမှန်ရောင်းဝယ်လျက်ရှိကြောင်း စိန်သရဖူကုန်စုံ ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးအာရ်ဂျွန်း၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့နယ်အတွင်းရှိ သရက်သီးဈေးကွက်

          နွေဦးရာသီတွင် သရက်ဖူးလေးများလှိုင်လှိုင်ပွင့်နေကြပါသည်။ ပူအိုက်လာသော ရာသီဥတုဖြစ်လာသည်နှင့်အမျှ အစားအသောက်များပျက်လာတက်ကြပါသည်။ အစားအသောက်ပျက်ချိန်တွင် အချို ၊အချဉ် အရသာများကို ခံတွင်းတွေ့တက်ကြပါသည်။

          သရက်သီးသည် အနံ့၊ အရသာ၊ အရောင်အဆင်းများနှင့်ပြည့်စုံသည့်အပြင် သရက်သီးကို စားသုံးခြင်းကြောင့် အကျိုးကျေးဇူးများစွာရရှိစေကြောင်း လေ့လာချက်များအရ သိရှိရပါသည်။ သရက်သီးတွင် Vitamin A၊ Vitamin C၊ Vitamin K၊ VitaminE နှင့် Vitamin B တို့ပါဝင်သောကြောင့် ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်ပါသည်။ သရက်သီးတွင် ဖောလစ်အက်စစ် ပါဝင်သောကြောင့် ကိုယ်ဝန်ဆောင်မိခင် များအတွက် စားသုံးသင့်သော အသီးတမျိုး ဖြစ်ပါသည်။ သရက်သီးတွင် အမျှင်ဓါတ်နှင့် ရေဓါတ်ပါဝင် သောကြောင့် အူလမ်းကြောင်း ကျန်းမာရေးအတွက်များစွာ အကျိုးရှိစေ နိုင်ပါသည်။ ယခုအခါ သရက်သီး အရွယ်အစားပေါ်မူတည်၍ တစ်ပိဿာလျှင် ၃၅၀၀ ကျပ်မှ ၆၅၀၀ ကျပ်အထိ ဈေးကွက်ဖြစ်ပေါ်နေကြောင်း ညောင်ပင်လေးဈေးအတွင်းရှိ ဈေးသည်များ၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)

မြို့နေလူအများစု စားသုံးမှုများသည့် နံနက်စာ အီကြာကွေးနှင့်ပဲပလာတာ

ကျေးလက်နေပြည်သူအများစုသည် နံနံက်ခင်းအဆာပြေအတွက် ထမင်းကိုစားသုံးမှုများ ကြပြီး ၊ မြို့နေလူတန်းစားအများစုမှာ အခြားမုန့်ပဲသရေစာများကိုစားသုံးကြသလို လ္ဘက်ရည်ဆိုင် များတွင် လ္ဘက်ရည်နှင့်တွဲဖက်၍  အီကြာကွေးနှင့်ပဲပလာတာများကိုလည်း နေ့စဉ်စားသုံးကြပါသည်။ လူအများစားသုံးမှုများသည့် အီကြာကွေးနှင့်ပဲပလာတာပြုလုပ်ရန်အတွက်ဂျုံကိုအသုံးပြုရပြီး ဂျုံ တစ်ပိဿာလျှင်(၇၅၀၀)ကျပ်ဝန်းကျင်ဖြင့် ဝယ်ယူသုံးစွဲရကြောင်း ဂျုံတစ်ပိဿာကို အီကြာကွေး ပြုလုပ်ပါက ယနေ့ခေတ်ပုံမှန်အရွယ်အစားအနေဖြင့် အီကြာကွေး(၄၅)ချောင်းခန့်ရရှိနိုင်ပြီး၊ ပလာ တာပြုလုပ်ပါက(၅၀)ခုခန့် ရရှိနိုင်ပါသည်။ ကြော်ရန်အတွက် ဆီသုံးစွဲရမှုအနေဖြင့် ဂျုံတစ်ပိဿာ လျှင် ဆီတစ်ပိဿာခွဲခန့် ကုန်ကျနိုင်ပါကြောင်း၊ အီကြာကွေးတစ်ချောင်းလျှင်(၆၀၀)ကျပ်ဝန်းကျင်၊ ပဲပလာတာတစ်ချပ်လျှင်(၇၀၀)ကျပ်ဝန်းကျင်များဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရသည်။ တစ်ရက် လျှင် ဂျုံပိဿာချိန်နှစ်ပိဿာသုံးပိဿာခန့် ပြုလုပ်ရောင်းချရပါကြောင်း၊ ရောင်းချမှုဈေးနှုန်းနှင့် အရွယ်အစားများမှာ တစ်ဆိုင်နှင့်တစ်ဆိုင်မတူညီနိုင်ကြောင်းနှင့် စားသုံးသူအား စိတ်စေတနာထား ၍ လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ကိုယ့်မိတ်နှင့်ကိုယ်နေ့စဉ်လာရောက်စားသုံးမှုများ၍ ရောင်းအား ကျဆင်းမှုမရှိပဲ ပုံမှန်ရောင်းချရပါကြောင်း လ္ဘက်ရည်ဆိုင်လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(မန္တလေး)

 

တောင်ငူမြို့နယ်အတွင်း အရောင်းသွက်နေသော ဘူးသီးဈေးကွက်

          မြန်မာလူမျိုးများနှစ်သက်စွာ ချက်ပြုတ်စားသုံးကြသည့် ဟင်းသီးဟင်းရွက်များတွင် ဘူးသီးသည် လည်းအပါအဝင်ဖြစ်ပါသည်။ ဘူးသီးတွင် ဒေသမျိုးနှင့် ထိုင်ဝမ်မျိုးဟူ၍နှစ်မျိုးရှိပါသည်။

          ဘူးသီးကို မုန့်နှစ်ဖြင့်ကြော်၍ဖြစ်စေ၊ ဟင်းချိုချက်၍ဖြစ်စေ၊ အသားတစ်မျိုးမျိုးဖြင့် ရော၍ဖြစ်စေနည်း လမ်းမျိုးစုံဖြင့် ချက်ပြုတ်စားသုံးနိုင်ပါသည်။ ဘူးသီးကိုအလွယ် တကူစားသုံးနိုင် ရန်အတွက် မိမိတို့အိမ်နောက်ဖေးမြေကွက်လပ်တွင် တပိုင်တနိုင်စိုက်ပျိုးကြသော်လည်း စီးပွားဖြစ် စိုက်ပျိုး၍ ဈေးကွက်အတွင်းဖြန့်ဖြူးရောင်း ချကြသူများလည်းရှိပါသည်။ ဘူးသီးသည်စိုက်ပျိုးရန် လွယ်ကူသောကြောင့် နေရာဒေသမရွေးစိုက်ပျိုးနိုင်သော်လည်း ပူနွေးစိုစွက်သောရာသီဥတုတွင် ကောင်းစွာဖြစ်ထွန်း၍ ယခုအခါဘူးသီးများဖြိုင်ဖြိုင်ပေါ်သော အချိန်ဖြစ်ပါသည်။ ဘူးသီးဈေးနှုန်း သည် များစွာမြင့်တက်ခြင်းမရှိဘဲ အလုံးအကြီးအသေးပေါ်မူတည်၍ ဘူးသီးတစ်လုံးလျှင် (500)ကျပ်မှ (1500)ကျပ်အထိ ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း ရွှေဆံတော်ဘုရားဈေးရှိ ဘူးသီးရောင်းချသူထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

အညာမြေရဲ့ မုန့်လက်ဆောင်း

          ယခုချိန်အခါသည် ဆောင်းအကုန် နွေရာသီသို့ စတင်ဝင်ရောက်လာပြီဖြစ်ရာ ပူပြင်းလှသော အပူဒဏ်ကိုခံစားလာသည်နှင့်အမျှ လူအများသည် အေးမြသောနေရာများကို ရှာဖွေ၍နေထိုင်ကြ သလို၊ အေးမြသောအရည်များကိုလည်း သောက်သုံးလာကြပါသည်။ ရာသီအချိန်အခါလိုက် ပေါ်ထွက်သည့်သစ်သီးဖျော်ရည်များ၊ ရာသီနှင့်လိုက်ဖက်သော ဖျော်ရည်များ၊ အခြားအေးမြ ချိုစိမ့် သော မြန်မာ့သောက်သုံးစရာမုန့်များကိုလည်းသောက်သုံးမှုများလာကြရာ မုန့်လက်ဆောင်းမှာ လည်းတစ်ခုအပါဝင်ဖြစ်ပါသည်။ မြင်းခြံမြို့ပေါ်တွင်မုန့်လက်ဆောင်းများအား အရိပ်ကောင်းသော နေရာများ၌ နှစ်စဉ်ရောင်းချလျက်ရှိရာ ဖေဖော်ဝါရီလနောက်ဆုံးပတ်ခန့်မှစ၍ မုန့်လက်ဆောင်း များကို စတင်ရောင်းချလျက်ရှိရာ နေပူပူအမောပြေ သောက်သုံးသူများလာသဖြင့် ရောင်းအား ကောင်းလာသည်ကို တွေ့ရပါသည်။ မုန့်လက်ဆောင်းသည် ရာသီနှင့်အလိုက်ဖက်ဆုံး မုန့်တစ်မျိုး ဖြစ်သလို သောက်လိုက်လျှင်လည်း ရင်ထဲအေး၍ အမောပြေစေပါသည်။

          မုန့်လက်ဆောင်းကို ထန်းလျက်၊ ဆား၊ မုန့်ဖတ်၊ သကြား၊ အုန်းသီး ၊ နှမ်းလှော်ထောင်း၊ ရေခဲ တို့ဖြင့် ပြုလုပ်ရကြောင်း ၊ မုန့်လက်ဆောင်း တစ်ခွက်လျှင် (၁၀၀၀) ကျပ်ဖြင့် ရောင်းချရကြောင်း၊ ယခုလိုပူပြင်းသောရာသီတွင် နေအပူဒဏ်ကြောင့် ပြင်ပလုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ရန် ခက်ခဲ ပင်ပန်းနိုင်သည်ဖြစ်ရာ မုန့်လက်ဆောင်းပြုလုပ်တတ်သူများအနေဖြင့် သက်တောင့်သက်သာဖြင့် လုပ်ငန်းများရရှိ၍ မိသားစုစားဝတ်နေရေးအဆင်ပြေသလို မုန့်လက်ဆောင်းမှာကလေးလူကြီး ကြိုက်နှစ်သက်၍ တစ်ရက်လျှင်(၅၀၀၀၀)ကျပ်မှ(၆၀၀၀၀)ကျပ်ခန့်ထိ ရောင်းအားကောင်းကာ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)

တောင်ငူခရိုင် ဖြူးမြို့နယ် ရွာတန်းရှည်ကျေးရွာမှတံမြက်စည်းလုပ်ငန်း

              တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ရွာတန်းရှည်ကျေးရွာရှိ ဒေါ်ဝင်းဌေး၏ တံမြက်စည်းလုပ်ငန်းသည် အောင်မြင်နေသော အသေးစားလုပ်ငန်းတစ်ခုဖြစ်ပါသည်။ ကိုင်းတံမြက်စည်းပင်ကို ဝါးလက်ကိုင်ရိုးတပ်၍ ပြုလုပ်ရောင်းချခြင်းဖြစ်ပါသည်။ ကိုင်းတံမြက်စည်းများသည် ပဲခူးရိုးမတောင်တန်း တောင်စောင်းများတွင် ပေါက်ရောက်သည်။

              ကိုင်းတံမြက်စည်းပင်ကို ဇန်နဝါရီလမှ မတ်လအတွင်း ဝယ်ယူစုဆောင်းထားရပါသည်။ မတ်လနောက်ပိုင်းတွင် အပွင့်များပွင့်၍ တံမြက်စည်းပြုလုပ်ရန် မကောင်းတော့သဖြင့် တစ်နှစ်စာအတွက် ဝယ်ယူစုဆောင်းထားခြင်း ဖြစ်ပါသည်။ ကိုင်းတံမြက်စည်း တစ်ပိဿာလျှင်  ၃၀၀၀  ကျပ် ဈေးဖြင့် ဝယ်ယူရပါသည်။ အရင်းအနှီးစိုက်ထုတ်ဝယ်ယူထားပြီး ခြောက်သွေ့အောင်နေပူ လှန်း၍သိုလှောင်ထားပါက လုပ်ငန်းမပျက် လုပ်ကိုင်ရောင်းချမှု အဆင်ပြေပါသည်။

              တံမြက်စည်းတစ်ချောင်းဖြစ်ရန်အတွက် အလုပ်သမား (၅)ဦးဖြင့် အဆင့်ဆင့်ပြုလုပ်ရပါသည်။ တစ်ရက်လျှင် တံမြက်စည်းအချောင်း ၁၀၀ ထုတ်လုပ်နိုင်ကြောင်း သိရပါသည်။ သြဂုတ်လ ဒုတိယအပတ်တွင် ဖောက်သည်ဈေးအနေဖြင့် တံမြက်စည်း ၁၀ ချောင်းပါ တစ်စည်းလျှင် ၁၃၀၀၀ ကျပ်ဖြင့် ဖြူးမြို့နယ် အတွင်းရှိ ဈေးများသို့ ဖြန့်ဖြူးရောင်းချသည့်အပြင် ကရင်ပြည်နယ် ဘားအံမြို့ နှင့် မြဝတီမြို့များသို့လည်း တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

၂၀၂၅ခုနှစ် မတ်လ ဒုတိယပတ်၏ သီးနှံဈေးနှုန်း၊ ဈေးကွက် နှင့် စီးဆင်းမှုအခြေအနေ

          ရှမ်းပြည်နယ်(တောင်ပိုင်း) အောင်ပန်းဒေသတွင် ယခုတစ်ပတ် ပြောင်းသီးနှံမှာ တစ်ပိဿာလျှင်  (၁၄၈၀-၁၄၉၅)ကျပ်ဖြင့် ဈေးရှိနေပြီးဧရာဝတီ၊ မြစ်ကြီးနား၊ မြင်းခြံ နှင့် တပ်ကုန်း‌ ‌‌ဒေသများဘက်မှ ပြောင်းထွက်ရှိမှုကောင်းလာ၍ ရပ်စောက် နှင့် အေးသာယာဒေသတို့မှ ပြောင်းလက် ကျန်နည်းပါးလာကာ ဝယ်လက်ပါး၍ စီးဆင်းမှုနည်းပါးလာပါသည်။

          ကြက်သွန်ဖြူသီးနှံမှာ တစ်ပိဿာလျှင် ထူး ၁-၄၅၀၀ကျပ်၊ ထူး ၂-၄၈၀၀ကျပ်၊ ထူး ၃-၅၀၀၀ကျပ်၊ ထူး ၄-၆၀၀၀ကျပ်၊ ထူး ၅-၆၅၀၀ကျပ်၊ ထူးလွန်-၇၀၀၀ကျပ် နှင့် ဥတစ်လုံးဆိုဒ်မှာ ၂၅၀၀၀ကျပ်ဖြင့် ဈေးကွက်အဝင်များကာ စီးဆင်းမှုကောင်းနေပါသည်။

          အာလူးသီးနှံမှာ တစ်ပိဿာလျှင် မားကစ် S2/S1-၅၀၀၀ကျပ်၊ မျက်နီ S2/S1-၄၀၀၀ကျပ်၊ OK-၃၃၀၀ကျပ်၊ A1-၃၀၀၀ကျပ် နှင့် ဆွဲသီး-၂၅၀၀ကျပ်ဖြင့် ဈေးကွက်အဝင်များပြီး ဝယ်လက် ကောင်းနေသောကြောင့် စီးဆင်းမှုမှာ ကောင်းနေပါသည်။

          ချင်းသီးနှံမှာ အခက်ကြီး တစ်ပိဿာလျှင် (၃၀၀၀)ကျပ် နှင့် အလတ်မှာ (၂၅၀၀)ကျပ် ဖြင့် ဈေးငြိမ်လျက်ရှိပြီး စီးဆင်းမှုမှာ ကောင်းနေပါသည်။

          ကုန်စိမ်းသီးနှံများတွင် ဂေါ်ဖီ (၇၀၀-၁၀၀၀)ကျပ်၊ ပန်းမုံလာ (၇၀၀-၁၀၀၀)ကျပ်၊ ရွှေပဲ (၆၀၀၀-၆၅၀၀)ကျပ်၊ မုန်ညှင်း(၁၂၀၀-၁၅၀၀)ကျပ်၊ ဖရုံသီး (၁၃၀၀-၁၅၀၀)ကျပ်၊ ခရမ်းသီး (၃၀၀၀- ၃၅၀၀)ကျပ်၊ ခရမ်းချဉ်သီး (၆၀၀-၁၀၀၀)ကျပ်၊ ငြုပ်ပွ (၄၀၀၀-၄၉၀၀)ကျပ်၊ မုန်လာဥနီ (၂၅၀၀-၃၀၀၀)ကျပ်၊ ဘိုစား (၅၅၀၀-၆၀၀၀)ကျပ်ဖြင့် အသီးသီးဈေးရှိနေကြပြီး ဂေါ်ဖီ၊ ပန်းမုံလာ နှင့် ဖရုံသီး သီးနှံတို့မှာသယ်ယူရေးလမ်းကြောင်း နှင့် ဝယ်လက်နည်းမှုတို့ကြောင့်ဈေးကျဆင်းနေပြီးကျန်ကုန်စိမ်း သီးနှံများမှာ ဈေးတည်ငြိမ်လျက်ရှိပြီး အလှူ၊ ပွဲတော်ရက်များကြောင့် အဝယ်များသဖြင့် စီးဆင်းမှုမှာ ကောင်းနေပါကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)

 

ကျိုင်းတုံမြို့ဒေသထွက် မန်ကျည်းသီးဈေးကွက်

          ကျိုင်းတုံမြို့နယ်သည် ပွင့်လင်းရာသီရောက်လာသည်နှင့်အမျှ မတ်လအတွင်း သဘာဝက ပေးသော သီးနှံတစ်မျိုးဖြစ်သည့် မန်ကျည်းသီးဈေးကွက်အခြေအနေမှာ ကျိုင်းတုံမြို့ရှိ နေအိမ်များ၊ ဥယျာဉ်ခြံများ၌ ပေါက်ရောက်လျက်ရှိသော မန်ကျည်းပင်များကို အပင်ချုပ်စနစ်ဖြင့် ဝယ်ယူပြီး အစေ့ထုတ်ကာ ကျိုင်းတုံမြို့ရှိ ဈေးများ၌ အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

          ယခုနှစ်တွင် မန်ကျည်းအပင်ချုပ် တစ်ပင်ဝယ်လျှင် အထွေထွေကုန်ကျစရိတ်မှာ မန်ကျည်း သီးတစ်ပင်လျှင် (၅၀,၀၀၀)ကျပ်၊ အပင်တက်ခ (၃၀,၀၀၀)ကျပ်၊ မန်ကျည်းသီးကောက်ခ (၃၀,၀၀၀) ကျပ်၊ အစေ့ထုတ်ခ (၃၀,၀၀၀)ကျပ်၊ သယ်ယူပို့ဆောင်ခ (၄၀,၀၀၀)ကျပ်ဖြစ်၍ မန်ကျည်းတစ်ပင်၏ စုစုပေါင်းကုန်ကျငွေမှာ (၁၈၀,၀၀၀)ကျပ် ကုန်ကျပါသည်။

          မန်ကျည်းသီးတစ်ပင်၏ ထွက်ရှိနှုန်းမှာ ပျှမ်းမျှပိဿာချိန် (၄၀)မှ (၅၀)ထိ ထွက်ရှိကြောင်း သိရှိရပါသည်။ တစ်ပိဿာလျှင် ရောင်းဈေး (၇,၀၀၀)ကျပ်မှ (၈,၀၀၀)ထိ ရရှိကာ ပျှမ်းမျှ (၄၀) ပိဿာကို (၇၀၀၀/-)ကျပ်နှုန်းဖြင့်တွက်လျှင် (၂,၈၀၀,၀၀၀)သိန်းခန့်ရရှိပြီး မန်ကျည်းတစ်ပင်၏ ခူးဆွတ်ခြင်း အထွေထွေကုန်ကျစရိတ် (၁၈၀,၀၀၀)နုတ်လျှင် မန်ကျည်းပင်တစ်ပင်လျှင် (၁၀၀,၀၀၀) ကျပ်ခန့် အမြတ်အစွန်းရရှိနေပါကြောင်း မန်ကျည်းသီးရောင်းဝယ်ဖောက်ကားသူများထံမှ သိရှိရပါ သည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း