Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ကုန်သွယ်ရေးစာချုပ်အတွက်ဆွေးနွေးမှုများရှိနေသော်လည်း အမေရိကန်သို့ သတ္တုတွင်းထွက်ပစ္စည်းကုန်ကြမ်းတင်ပို့မည်မဟုတ်သည့် အင်ဒိုနီးရှား

  သတ္တုနှင့် ကျောက်မီးသွေးတူးဖော်ခြင်းအပေါ် ဥပဒေနံပါတ်၃/၂၀၂၀ အရ အင်ဒိုနီးရှားနိုင်ငံသည် အမေရိကန်သို့ သတ္တုတွင်းထွက်ပစ္စည်းကုန်ကြမ်း တင်ပို့မည်မဟုတ်ကြောင်း အင်ဒိုနီးရှားနိုင်ငံစွမ်းအင်နှင့် သယံဇာတအရင်းအမြစ်ဝန်ကြီးဌာနက အတည်ပြုပြောကြားခဲ့ပါသည်။ သတ္တုနှင့်ကျောက်မီးသွေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Tri Winarno က ဥပဒေအရ အင်ဒိုနီးရှားသည် ဥပဒေအသက်ဝင်သည့် ၂၀၂၀ ခုနှစ်၏နောက် ၃ နှစ်အကြာတွင် သတ္တုတွင်းထွက်ပစ္စည်းကုန်ကြမ်းများ တင်ပို့မှုကိုရပ်တန့်ခဲ့ကြောင်း နှင့် ယခင်က COVID 19 ကြောင့် ဖြေလျှော့မှုများရှိခဲ့သော်လည်း အကယ်၍ ပြန်လည်ဖွင့်ပေးပါက ဥပဒေကိုပြောင်းလဲရ မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုရှင်းလင်းချက်သည် အိမ်ဖြူတော် website တွင် နှစ်နိုင်ငံကြားအပြန်အလှန်ကုန်သွယ်ရေးအပေါ်ညှိနှိုင်းဆွေးနွေးမှုအတွက် မူဘောင်သစ်နှင့် ပတ်သတ်၍ ထုတ်ပြန်ချက်တင်ထားခြင်းအပေါ် တုံ့ပြန်မှုတစ်ခုဖြစ်ကြောင်း သိရပါသည်။ အမေရိကန်အစိုးရ၏အဆိုအရ ထိုကုန်သွယ်ရေးမူဘောင်သည် အမေရိကန်စက်မှုနှင့် စိုက်ပျိုး မွေးမြူရေးထုတ်ကုန်များအပေါ် အင်ဒိုနီးရှားကချမှတ်ထားသည့် ကုန်သွယ်ရေးအတားအဆီးများ ၏ ၉၉ ရာခိုင်နှုန်းကို ဖျတ်သိမ်းခြင်းအားဖြင့် ကာလကြာရှည်အပြန်အလှန်ဆက်နွယ်မှု အားကောင်းရန် ရည်ရွယ်ကြောင်း သိရပါသည်။ အပြန်အလှန်အနေဖြင့် အမေရိကန်သည် အင်ဒိုနီးရှားထုတ်ကုန်များအပေါ်အကောက်ခွန်နှုန်းကို ၁၉ ရာခိုင်နှုန်းထိ လျှော့ချသွားမည်ဟု သိရပါသည်။ ထိုသဘောတူညီချက်တွင် အမှတ်တံဆပ်တပ်ခြင်း၊ အသိအမှတ်ပြုလက်မှတ် ထုတ်ပေး ခြင်းနှင့် မူပိုင်ခွင့်ကာကွယ်ခြင်းအစရှိသည့် အကောက်ခွန်အတားအဆီး မဟုတ်သည်များကို ဖြေရှင်းရန် ပူးတွဲအားထုတ်သွားမည်ဟု ဖော်ပြထားကြောင်း သိရပါသည်။ သို့သော်အိမ်ဖြူတော် ၏ ထုတ်ပြန်ချက်တွင် အင်ဒိုနီးရှားသည် အရေးပါသောတွင်းထွက် ပစ္စည်းများ အမေရိကန်သို့ တင်ပို့ခြင်းအပေါ်ကန့်သတ်ချက်များဖယ်ရှားပေးမည်ဟု ပါဝင်သော ကြောင့် ထိုအကြောင်းသည် ကုန်ကြမ်းပစ္စည်း သို့မဟုတ် ပြုပြင်ထုတ်လုပ်ထားသည့်ပစ္စည်း မည်သည်ကိုရည်ညွှန်းသည်နှင့် ပတ်သတ်၍ မေးခွန်းများမြင့်တက်လျှက်ရှိကြောင်း သိရပါသည်။ မူဘောင်တွင်ပါဝင်သည့် အခြားကတိကဝတ်များတွင် ထောက်ပံ့မှုကွင်းဆက် လုံခြုံမှုမြှင့်တင် ခြင်း၊ တတိယနိုင်ငံများတွင် မမျှတသောကုန်သွယ်ရေးအလေ့အထများဖြေရှင်းခြင်း၊ ပို့ကုန် သွင်းကုန်စည်းမျဉ်းများ အထူးသဖြင့် အမေရိကန်ဒစ်ဂျစ်တယ်၊ အစားအစာနှင့် စိုက်ပျိုး မွေးမြူရေးထုတ်ကုန်များအပေါ်ဖြေလျှော့ခြင်း နှင့် နယ်စပ်ဖြတ်ကျော်အချက်အလက် ဝေမျှခြင်း အတွက် တံခါးဖွင့်လှစ်ခြင်းတို့ပါဝင်ကြောင်း သိရပါသည်။ လုပ်သားနှင့် သဘာဝပတ်ဝန်းကျင် ဧရိယာတွင် အင်ဒိုနီးရှားသည် လုပ်သားထုအခွင့် အရေးများရရှိစေရေး၊ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာဥပဒေများအားကောင်းရေးနှင့် တရားမဝင် ငါးဖမ်းခြင်းတားဆီးရေး ကတိကဝတ် ပြုခဲ့ကြောင်း သိရပါသည်။ သဘောတူညီချက်တွင် အင်ဒိုနီးရှားနှင့် အမေရိကန်ကုမ္ပဏီများကြား လေယာဉ်၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များနှင့် စွမ်းအင်တို့ပါဝင်သည့် အမေရိကန်ဒေါ်လာ ၂၂ ဘီလီယံကျော်တန်စီးပွားရေးစာချုပ်များလည်း ပါဝင်ကြောင်း သိရပါသည်။ ကုန်သွယ်ရေး သဘောတူညီချက်အဆုံးသတ်ရန် ဆက်လက်ဆွေးနွေး မှုများကို လာမည့်ရက်သတ္တပတ်များတွင် ပြုလုပ်ရန်မျှော်မှန်းရကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

AI ဖွံ့ဖြိုးတိုးတက်ရေးတွင် တရုတ်၏ပံ့ပိုးမှုရရှိရန် အင်ဒိုနီးရှားမျှော်လင့်

  အင်ဒိုနီးရှားနိုင်ငံသည် ငါးလုပ်ငန်းနှင့် စိုက်ပျိုးမွေးမြူရေးအစရှိသည့် အဓိကကဏ္ဍများတွင် AI နည်းပညာနှင့် ဒစ်ဂျစ်တယ်ကျွမ်းကျင်သူများဖွံ့ဖြိုးတိုးတက်ရေးတွင် ပံ့ပိုးပေးရန် တရုတ်ကို တောင်းဆိုခဲ့ကြောင်း သိရပါသည်။ ဆက်သွယ်ရေးနှင့် ဒစ်ဂျစ်တယ်ရေးရာဝန်ကြီး Meutya Hafid က AI ဖွံ့ဖြိုးတိုးတက်‌ရေးတွင် ၎င်းတို့၏ ရည်ရွယ်ချက်များထဲမှတစ်ခုမှာ ငါးလုပ်ငန်းနှင့် စိုက်ပျိုး မွေးမြူရေးကဏ္ဍများဖြစ်ကြောင်းနှင့် တရုတ်ကပံ့ပိုးပေးရန်မျှော်လင့်ကြောင်း တရုတ်သံအမတ် Wang Lutong နှင့် ဆွေးနွေးပွဲအပြီးတွင် ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားသည် နိုင်ငံတစ်ဝှမ်းရှိ များစွာသော စိုက်ပျိုးမွေးမြူရေးဧရိယာများတွင် AI အသုံးပြုမှုတိုးချဲ့သွားရန် ဆန္ဒရှိကြောင်း သိရပါ သည်။ Hafid က စိုက်ပျိုးမွေးမြူရေးနှင့် ငါးလုပ်ငန်းကဏ္ဍများတွင် နိုင်ငံတော်ထုတ်လုပ်မှုအရှိန် မြှင့်တင်ရာ၌ AI အသုံးပြုသည့်စက်ပစ္စည်းများ၏စွမ်းရည် တိုးတက်စေရန်အတွက် တရုတ်၏ပံ့ပိုး မှုသည် အလွန်အရေးပါကြောင်း ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားနှင့် တရုတ်တို့သည် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံတွင်ပူးပေါင်းဆောင်ရွက်မှုအားကောင်းစေရန် ဆောင်ရွက် သွားမည်ဖြစ်ပြီး  ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုအရှိန်မြှင့်တင်ရန်အတွက် တက္ကသိုလ်အဆင့် မိတ်ဖက်ဖွဲ့ရန် ကြိုးပမ်းသွားမည် ဟု သိရပါသည်။  Hafid က ၎င်းတို့သည် တရုတ်ကုမ္ပဏီများနှင့် ပြည်တွင်းအစိုးရများကြား မိတ်ဖက်ဖွဲ့ရန်တိုက်တွန်းသွားဖြစ်ကြောင်းနှင့် ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းရေးတွင် နိုင်ငံအားလုံးနှင့်ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့် ဖြစ်နေကြောင်း ပြောကြားခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် ဆက်သွယ်ရေးနှင့် ဒစ်ဂျစ်တယ် ရေးရာဝန်ကြီးဌာန၏ အတွင်းရေးမှူးချုပ် Ismail က တရုတ်နိုင်ငံဘေဂျင်းမြို့ရှိ Tsinghua တက္ကသိုလ်တွင် ပညာသင်ကြားနေသည့် အင်ဒိုနီးရှားဒစ်ဂျစ်တယ်ကျွမ်းကျင်သူအရေအတွက် ကြီးထွားလာလျှက် ရှိကြောင်းနှင့် AI သင်ကြားခြင်းကိုအဓိကထားသည့် အင်ဒိုနီးရှား ကျောင်းခွဲဖွင့်လှစ်ရန်ဖြစ်နိုင်ချေ ပါဝင်သည့် ဆက်လက်ပူးပေါင်းဆောင်ရွက်ခြင်းများအတွက် Tsinghua တက္ကသိုလ်အား တိုက်တွန်းလျှက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)

အိန္ဒိယနိုင်ငံတွင် ပထမဆုံးကားအရောင်းပြခန်းဖွင့်လှစ်ခဲ့သည့် VinFast

   ဗီယက်နမ်လျှပ်စစ်ကားထုတ်လုပ်သူဖြစ်သည့် VinFast ၏လုပ်ငန်းခွဲဖြစ်သည့် VinFast Auto India သည် အိန္ဒိယနိုင်ငံတွင် ၎င်းတို့၏ ပထမဆုံးအရောင်းပြခန်းကို ဂူဂျာရတ်ပြည်နယ် ဆူရတ်မြို့တွင် ဇူလိုင်လ ၂၇ ရက်နေ့က ဖွင့်လှစ်ခဲ့ပါသည်။ ထိုအရောင်းပြခန်းကို အိန္ဒိယနိုင်ငံ Tamil Nadu ပြည်နယ် Thoothukudi မြို့ရှိ ၎င်းတို့၏ အမေရိကန်ဒေါ်လာ ၂ ဘီလီယံတန်စက်ရုံ ဖွင့်ပွဲမတိုင်မီ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ဆူရတ်တွင်ဖွင့်လှစ်ခဲ့သည့် ထိုအရောင်း ပြခန်းသည်  အားကောင်းပြီး ဝယ်ယူသူဗဟိုပြုသည့် လျှပ်စစ်မော်တော်ကားဂေဟစနစ် တည်ထောင်ရန်  ကုမ္ပဏီ၏ ရေရှည်ကတိကဝတ်ရှိမှုကို အသားပေးပြသနေကြောင်း ကုမ္ပဏီက ပြောကြားခဲ့ပါသည်။ ထိုအရောင်းပြခန်းတွင် VinFast ၏ အကောင်းစားလျှပ် စစ်ကားမော်ဒယ်များ ဖြစ်သည့် VF 6 နှင့် VF 7  တို့ကိုခင်းကျင်းရောင်းချသွားမည်ဟု သိရပါသည်။ ၎င်းတို့၏တိုးချဲ့မှု လမ်းပြမြေပုံ၏တစ်စိတ်တစ်ပိုင်းအနေဖြင့် ကုမ္ပဏီသည် ၂၀၂၅ ခုနှစ်ကုန်တွင် မြို့ပေါင်း ၂၇ မြို့တို့ တွင် အရောင်းကိုယ်စားလှယ် ၃၅ ခုတည်ထောင်ရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ VinFast ဆူရတ်အ‌ရောင်းပြခန်းကို အိန္ဒိယနိုင်ငံ၏ ထိပ်တန်းကားလက်လီရောင်းချသူ Chandan Car က ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရပါသည်။ ၃၀၀၀ စတုရန်းပေကျယ်ဝန်းသည့် ထိုပြခန်းတွင် ဝယ်ယူသူများအား ထိပ်တန်း ထုတ်ကုန်အတွေ့အကြုံများ၊ ဝယ်ယူမှုလုပ်ငန်းစဉ်မြန်ဆန်မှုနှင့် ကမ္ဘာ့အဆင့် ရောင်းချပြီး ဝန်ဆောင်မှုရရှိစေရန် ဆောင်ရွက်ပေးသွားမည်ဟု သိရပါသည်။ ဇူလိုင် လ ၁၅ ရက်နေ့ကလည်း VinFast သည် ၎င်းတို့၏ အကောင်းစား လျှပ်စစ် SUV များဖြစ်သည့် VF 6 နှင့် VF 7 တို့အတွက်ကြိုတင်မှာယူမှုများ တရားဝင်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရပါသည်။ မော်တော် ကားများကို Thoothukudi ရှိ VinFast ၏ မကြာမီဖွင့်လှစ်မည့်စက်ရုံတွင် တပ်ဆင်မည် ဖြစ်ပြီး အိန္ဒိယအား ဗျူဟာမြောက်ဈေးကွက်နှင့် အနာဂတ်လျှပ်စစ်ကားထုတ်လုပ်ရာအချက် အချာ အဖြစ် ကုမ္ပဏီ၏ တည်ရှိမှုကို အားသစ်လောင်းပေးခဲ့ကြောင်း သိရပါသည်။ VinFast Asia ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Pham Sanh Chau က ဆူရတ်ရှိ VinFast ၏ပထမဆုံး အရောင်းပြခန်းသည် အိန္ဒိယတွင် ကုမ္ပဏီ၏ နက်ရှိုင်းစွာကတိကဝတ်ပြုမှု၏ သင်္ကေတ ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။ ထိုအရောင်းကိုယ်စားလှယ်မိတ်ဖက်ဖွဲ့မှုနှင့်အတူ လုပ်ငန်းသည် လျှပ်စစ်မော်တော်ယာဉ်များသာမက အရည်အသွေး၊ ယုံကြည်မှုနှင့် အကောင်းဆုံးဝန်ဆောင်မှုတို့ တည်ဆောက်သွားမည်ဟု သိရပါသည်။

DOCA(ရန်ကုန်)

Preah Sihanouk ပြည်နယ်တွင် ဒေါ်လာ သန်း ၅၀ တန် အထူးစီးပွားရေးဇုန်သစ် တည်ဆောက်ရန် ရည်မှန်း

  အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော်တန်ဖိုးရှိ အထူးစီးပွားရေးဇုန်သစ်ကို Preah Sihanouk ပြည်နယ်တွင် တည်ဆောက်မည်ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်း ၇,၀၀၀ အထိ ဖန်တီးပေးနိုင်ရန် မျှော်မှန်းထားကြောင်း Preah Sihanouk ပြည်နယ်၊ အုပ်ချုပ်ရေးအဖွဲ့မှ ၂၉-၇-၂၀၂၅ ရက်နေ့တွင် ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့သည်။ Golden Port SEZ Development Co.,Ltd မှ ရေးဆွဲထားသော အဆိုပါ စီမံကိန်းသည် မြေဧရိယာ ၂၀၆ ဟက်တာတွင်“ISI အထူးစီးပွားရေးဇုန်” ကို တည်ထောင်ရန် ရည်မှန်းထားသည်။ ၂၉-၇-၂၀၂၅ ရက်နေ့တွင် Sihanouk ပြည်နယ်၊ ဒုတိယအုပ်ချုပ်ရေးမှူး Long Dimanche က စီမံကိန်း၏ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု အကဲဖြတ်ခြင်း (EIA) အစီရင်ခံစာ အပြည့်အစုံကို ပြန်လည်သုံးသပ်ရန်နှင့် မှတ်ချက်ပေးရန် ဝန်ကြီးဌာနများနှင့်အစည်းအဝေးကို ကျင်းပခဲ့ပြီး သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုကို ဦးစားပေးလုပ်ဆောင်ရန်နှင့် အပျက်သဘောဆောင်သည့် အကျိုးသက်ရောက်မှု များကို လျှော့ချရန် ပြင်းထန်သော လျော့ပါးသက်သာရေး အစီအမံများကို အကောင်အထည်ဖော် ရန် သက်ဆိုင်သူအားလုံးကို တိုက်တွန်းခဲ့သည်။ အဆိုပါအစည်းအဝေးတွင် ဒုတိယ အုပ်ချုပ်ရေးမှူး Long Dimanche  က ပြည်နယ်၏ တိုးချဲ့အခြေခံအဆောက်အအုံကွန်ရက်ကို အလေးပေး ပြောကြားခဲ့ပြီး ကုန်သွယ်ရေးနှင့် စက်မှုလက်မှုလုပ်ငန်းများအပြင်၊ Sihanoukville ပြည်နယ်သည် ၎င်း၏ ရိုးစင်းလှသောကမ်းခြေများနှင့် လှပသောကျွန်းများကြောင့် ခရီးသွားများ အတွက် ထင်ရှားသောနေရာတစ်ခုလည်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကမ္ဘောဒီးယား-တရုတ် ကူးသန်းရောင်းဝယ်ရေးအသင်း (CCCA) ၏ ဒုတိယဥက္ကဋ္ဌ Lor Vichet က နိုင်ငံတော်အစိုးရသည် နိုင်ငံတစ်ဝှမ်း သတ်မှတ်ထားသော စီးပွားရေးဇုန်များအတွင်း စက်ရုံများ တည်ထောင်ခြင်းနှင့် စက်မှုလုပ်ငန်းများကို အားပေးသည့် မူဝါဒများကို ဆက်လက်မြှင့်တင်နေကြောင်း ပြောကြားခဲ့သည်။ ပြည်နယ်၏ မဟာဗျူဟာကျသော တည်နေရာသည် အထူးသဖြင့် ရေနက်ဆိပ်ကမ်းစက်ရုံများသို့ ဝင်ရောက်နိုင်ခြင်းကြောင့် သွင်းကုန်ပို့ကုန်လုပ်ငန်းများကို အာရုံစိုက် ရင်းနှီးမြှုပ်နှံသူများအတွက် အဓိကဦးတည်ရာ ဖြစ်လာစေသည်ဟု Vichet က ဆက်လက်ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမခြောက်လအတွင်း အထူးစီးပွားရေးဇုန်များအတွင်း ရင်းနှီးမြှုပ်နှံမှုစီမံကိန်း စုစုပေါင်း ၁၅၇ ခုရှိခဲ့ပြီး စက်မှုဖွံ့ဖြိုး တိုးတက်ရေးနှင့် အလုပ်အကိုင် ဖန်တီးရေးတွင် အထူးစီးပွားရေးဇုန်များ၏ ကြီးထွားလာနေသော အခန်းကဏ္ဍကို ထင်ဟပ်နေကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီမှ အစီခံစာ ထုတ်ပြန်ထားသည်။

DOCA(ရန်ကုန်)

နိုင်ငံ၏ ကြီးမားသော ကုန်သွယ်မှုပြပွဲကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် လက်ခံကျင်းပရန် ပြင်ဆင်

ကမ္ဘောဒီးယားနိုင်ငံသည် ဆန်းသစ်တီထွင်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ရေရှည်တည်တံ့သော တိုးတက်မှုများအတွက် အခွင့်အလမ်းများဖန်တီးရန် 'CAMWATER, CAMBUILD, and CAMAUTO 2025' ကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ပြင်ဆင်နေသည်။ ကုန်စည်ပြပွဲကို ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ Diamond Island Exhibition & Convention Centre (DIECC) တွင် အောက်တိုဘာ ၁၄ ရက်မှ ၁၆ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း ၂၉-၇-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကြိုတင်ပြင်ဆင်မှုများ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် Informa Markets နှင့် ကမ္ဘောဒီးယား ရေပေးဝေသူများအသင်း (CWA) တို့သည် ကမ္ဘောဒီးယားနိုင်ငံ၏ ရေပေးဝေမှုဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ကို တွန်းအားပေးရန်အတွက် ဖနွမ်းပင်မြို့တွင် နားလည်မှုစာချွန်လွှာ (MoU) ကို တရားဝင် လက်မှတ်ရေးထိုးခဲ့ကြသည်။ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ ဗိသုကာဘုတ်အဖွဲ့၊ ကမ္ဘောဒီးယား အင်ဂျင်နီယာများအဖွဲ့၊ ကမ္ဘောဒီးယား ရင်းနှီးမြုပ်နှံသူများအသင်းနှင့် ကမ္ဘောဒီးယား မော်တော်ကားလုပ်ငန်းအဖွဲ့ချုပ်တို့မှ အကြီးတန်းကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ကမ္ဘောဒီးယား ဗိသုကာဘုတ်အဖွဲ့၏ အထွေထွေအတွင်းရေးမှူးနှင့် မြေယာစီမံခန့်ခွဲမှု၊ မြို့ပြနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန (MLMUPC) မှ အတွင်းရေးမှူးချုပ် Hang Sothsamphea က ပြပွဲ၏ အရေးပါမှုကို အလေးပေးပြောကြားခဲ့ပြီး လာမည့်ပြပွဲတွင် နိုင်ငံ၏ ဆောက်လုပ်ရေးကဏ္ဍနှင့် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးတွင် ပုဂ္ဂလိကကဏ္ဍ၏ အဓိကအခန်းကဏ္ဍကို မီးမောင်းထိုးပြသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ကမ္ဘောဒီးယား နိုင်ငံ၏ ရေသန့်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသင်းအနေဖြင့် ယခုနှစ်အတွင်း နိုင်ငံတကာအသင်းအဖွဲ့များနှင့် ကုမ္ပဏီများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်သွားရန် ရည်မှန်း ထားကြောင်း CWA ၏ အမှုဆောင်ဒါရိုက်တာ Lim Mich က ပြောကြားခဲ့သည်။ Cambodia Investor Contractor Architect Association ဥက္ကဋ္ဌ Seng Bunvirak က ပြပွဲ၏ အကျိုးကျေးဇူးများနှင့် ပတ်သက်၍ ပြောကြားရာတွင် ၎င်းသည် လုပ်ငန်းပိုင်ရှင်များနှင့် ကုမ္ပဏီများအတွက် ၎င်းတို့၏ ထုတ်ကုန်များကို ခင်းကျင်းပြသရန် ပလပ်ဖောင်းတစ်ခုအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ Informa Markets ၏ အထွေထွေမန်နေဂျာ Gerard Leeuwenburgh က အဆိုပါ ပြပွဲသည် အခြေခံအဆောက်အအုံ၊ ရေနှင့် သယ်ယူ ပို့ဆောင်ရေးတို့အတွက် ကမ္ဘောဒီးယား၏ အပြည့်စုံဆုံးသော စီးပွားရေးဂေဟစနစ်ကို ဖန်တီးရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။ Gerard Leeuwenburgh က တာဝန်ရှိသူများအပြင် ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် လုပ်ငန်းဆိုင်ရာအသင်းအဖွဲ့များ၏ ပံ့ပိုးကူညီမှုများအတွက် ကျေးဇူးတင်ရှိကြောင်း ဆက်လက်ပြောကြားခဲ့သည်။

DOCA(ရန်ကုန်)

ကမ္ဘောဒီးယားနိုင်ငံသည် ပထမနှစ်ဝက်တွင် ဒေါ်လာ ၁.၁ ဘီလီယံတန်ဖိုးရှိ မော်တော်ယာဉ်များ တင်သွင်း

  ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ်၊ ပထမခြောက်လအတွင်း ကန်ဒေါ်လာ ၁,၁၄၈ သန်း တန်ဖိုးရှိ မော်တော်ယာဉ်များတင်သွင်းခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလက ကန်ဒေါ်လာ ၇၆၉ သန်းထက် ၄၉ ရာခိုင်နှုန်း တိုးလာကြောင်း ကမ္ဘောဒီးယား အကောက်ခွန်နှင့် ကုန်စည်စီးဆင်းမှု ဦးစီးဌာန (GDCE) ၏ အစီရင်ခံစာအရ သိရသည်။ တင်သွင်းမှုတွင် မိသားစုကားများ၊ ထရပ်ကားများ၊ ဘတ်စ်ကားများ နှင့် မော်တော်ကားဆက်စပ်ပစ္စည်းများ ပါဝင်ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။  မိသားစုသုံးကားများ တင်သွင်းမှု ပမာဏသည် ဒေါ်လာ ၄၈၇ သန်းရှိပြီး ယမန်နှစ် အလားတူကာလက ကန်ဒေါ်လာ ၂၉၂ သန်းမှ ၆၆ ရာခိုင်နှုန်း တိုးလာခဲ့ သည်။ ကမ္ဘောဒီးယားနိုင်ငံ၊ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ(CDC) ၏ ဥက္ကဌ-၁ Sun Chanthol က ကမ္ဘောဒီးယားနိုင်ငံသည် ဒေသတွင်းနှင့် ကမ္ဘာ့စျေးကွက်နှစ်ခုလုံးအတွက် မော်တော်ယာဉ် အစိတ်အပိုင်းများနှင့် အီလက်ထရွန်နစ်ပစ္စည်းထုတ်လုပ်ရေးတို့အတွက် အဓိကအချက်အချာ ကျသည့် နေရာတစ်ခုအဖြစ် အသွင်ပြောင်းရန် ရည်မှန်းထားကြောင်း ထုတ်ပြန်ထားသည်။ ၂၀၂၄ ခုနှစ်တွင် အဆိုပါကဏ္ဍတွင် ခန့်မှန်းခြေအားဖြင့် ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၇၄၆ သန်းကို ရရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ကမ္ဘောဒီးယားနိုင်ငံ၌ လက်ရှိတွင် Ford၊ Toyota၊ Hyundai နှင့် Isuzu အပါအဝင် မော်တော်ယာဉ် တပ်ဆင်သည့် စက်ရုံများစွာရှိသည်။

DOCA(ရန်ကုန်)

ကမ္ဘောဒီးယား ပညာရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုကို စိတ်ဝင်စားနေသော တရုတ်ကုမ္ပဏီ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Nanjing Xinyada နည်းပညာကုမ္ပဏီသည် ကမ္ဘောဒီးယား နိုင်ငံ၏ ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေပြီး ပညာရေး၊ လူငယ်နှင့် အားကစားဝန်ကြီးဌာနထံမှ အလားအလာရှိသော ပံ့ပိုးကူညီမှုများကို ရှာဖွေလျက်ရှိသည်။ ၂၈-၇-၂၀၂၅ ရက်နေ့က ဖနွမ်းပင်မြို့တွင် ပညာရေး၊ လူငယ်နှင့် အားကစားဝန်ကြီး Hang Chuon Naron နှင့် Nanjing Xinyada နည်းပညာကုမ္ပဏီ မှ ညွှန်ကြားရေးမှူးချုပ် Zeng Botao  တို့ တွေ့ဆုံစဉ် ပညာရေးပူးပေါင်းဆောင်ရွက်မှုသည် ကမ္ဘောဒီးယား-တရုတ် အသက် မွေးဝမ်းကျောင်းနှင့် နည်းပညာဆိုင်ရာပညာရေး၊ ကမ္ဘောဒီးယား-တရုတ် ဒစ်ဂျစ်တယ် တက္ကသိုလ် ထူထောင်ရေးနှင့် နိုင်ငံတကာ ပညာရေးဆိုင်ရာ တရုတ်တက္ကသိုလ်များနှင့် ကမ္ဘောဒီးယားနိုင်ငံ ICT အကြား ချိတ်ဆက်မှုတို့ကို အဓိကထားဆွေးနွေးခဲ့ကြသည်။ Chuon Naron က ကမ္ဘောဒီးယားနိုင်ငံရှိ ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်မြှင့်တင်ရေးတို့တွင် အထောက်အကူဖြစ်စေရန်အတွက် ဝန်ကြီးဌာနနှင့် ရင်းနှီးမြှုပ်နှံကာ ပူးပေါင်းဆောင်ရွက် လိုသည့် တရုတ်ကုမ္ပဏီ၏ ရည်ရွယ်ချက်ကို ထောက်ခံအားပေးကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ Chuon Naron က ကမ္ဘောဒီးယား နိုင်ငံ၏ ပညာရေး၊ အထူးသဖြင့် ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရန် အလေးအနက်ပြောကြားပြီး လက်ရှိနှင့် အနာဂတ်တွင် အလုပ်သမားစျေးကွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့တစ်ရပ်ထူထောင်ကာ ဆက်လက်၍ စောင့်ကြည့်ဆွေးနွေးသွားရန် အကြံပြုခဲ့သည်။

DOCA(ရန်ကုန်)

Nimul သည် စင်္ကာပူရင်းနှီးမြှုပ်နှံသူများကို ပံ့ပိုးကူညီရန် ကတိကဝတ်ပြု

   ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Cham Nimul သည် စင်္ကာပူစီးပွားရေးလုပ်ငန်းများနှင့် ကမ္ဘောဒီးယားနိုင်ငံရှိ ရင်းနှီးမြှုပ်နှံသူများပိုမို အဆင်ပြေ ချောမွေ့စေရန်နှင့် ပံ့ပိုးကူညီရန် ၂၉-၇-၂၀၂၅ ရက်နေ့က ကတိပြုခဲ့ပြီး စီးပွားရေးအခြေအနေ တိုးတက်စေရန်နှင့် စျေးကွက်အခွင့်အလမ်းများချဲ့ထွင်ရန် နိုင်ငံတော်၏ ဆက်လက်ကြိုးပမ်းမှု များကို ရှင်းလင်းပြောကြားခဲ့သည်။  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် ပြုလုပ်သည့် စင်္ကာပူစီးပွားရေး အဖွဲ့ချုပ် (SBF) ၏ နိုင်ငံတကာ စီးပွားရေး အမှုဆောင် ဒါရိုက်တာ Soo Wei Chieh ဦးဆောင်သော  ကိုယ်စားလှယ် အဖွဲ့နှင့်တွေ့ဆုံစဉ် Nimul သည် ကမ္ဘောဒီးယားနိုင်ငံတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ရှာဖွေရန် SBF ၏ စိတ်ဝင်စားမှုကို ကျေးဇူးတင်ကြောင်းနှင့် စီးပွားရေးကွဲပြားမှု တိုးမြှင့်ရေး၊ ကုန်သွယ်မှု တိုးတက် ရေး၊ စျေးကွက်ဝင်ရောက်မှုအားကောင်းစေရေးနှင့် အလုံးစုံယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ရန် ရည်ရွယ်သည့် အစိုးရ၏ စဉ်ဆက်မပြတ် ပြုပြင်ပြောင်းလဲရေးတို့အတွက် ကိုယ်စားလှယ်အဖွဲ့ လာရောက်ခြင်းကို အသိအမှတ်ပြုကြောင်း ပြောကြားခဲ့သည်။ အပြန်အလှန်အားဖြင့် Soo Wei Chieh က  ကမ္ဘောဒီးယားနှင့် ပိုမိုခိုင်မာသော စီးပွားရေးဆက်ဆံမှု တည်ဆောက်ရာတွင် SBF ၏ စိတ်ဝင်စားမှုများကို ထင်ဟပ်စေကြောင်းနှင့် ကမ္ဘောဒီးယားနိုင်ငံ၊ အစိုးရ၏မူဝါဒပံ့ပိုးမှုများနှင့် မက်လုံးပေးမှု ယန္တရားများမှတစ်ဆင့် ပုဂ္ဂလိကကဏ္ဍကို အားကောင်းလာစေရန်အတွက် ၎င်း၏ စီးပွားရေးကို လိုလားသည့် ကြိုးပမ်းမှုများအတွက် တော်ဝင်အစိုးရအား ချီးကျူးဂုဏ်ပြုခဲ့သည်။ Nimul သည် စင်္ကာပူစီးပွားရေးလုပ်ငန်းများနှင့် နီးကပ်စွာလုပ်ဆောင်ရန် အဆင်သင့်ရှိကြောင်း နှင့် ကမ္ဘောဒီးယားတွင် ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုများအတွက် အထောက်အကူဖြစ်စေမည့် ပတ်ဝန်းကျင်ကို သေချာစေရန်အတွက် ဝန်ကြီးဌာနသည် အဆင်သင့်ဖြစ်နေကြောင်း ကတိပြုခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် နှစ်နိုင်ငံကြား ကုန်သွယ်မှုသည် ကန်ဒေါ်လာ ၉၀၁ သန်းရှိခဲ့သည်။ စင်္ကာပူနိုင်ငံသို့ ကမ်ပူငရုတ်ကောင်း၊ ထန်းလျက်သကြား၊ သရက်သီး၊ ဆန်နှင့် အထည်အလိပ်များ တင်ပို့မှုသည် ကန်ဒေါ်လာ ၁၀၃ သန်းအထိ မြင့်တက်လာခဲ့သည်။ စင်္ကာပူမှ တင်သွင်းမှုတွင် လောင်စာဆီ၊ လျှပ်စစ်ပစ္စည်း၊ နို့ထွက်ပစ္စည်းနှင့် အဖျော်ယမကာများကဲ့သို့ မရှိမဖြစ်လိုအပ်သော စက်မှုနှင့် လူသုံးကုန်ပစ္စည်းများ ပါဝင်သည်။ ကမ္ဘောဒီးယားနှင့် စင်္ကာပူ နိုင်ငံတို့ကြား ကုန်သွယ်မှုပမာဏသည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် ကန်ဒေါ်လာ ၃၉၁.၅၂ သန်းအထိ ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်၊ အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၃ ရာခိုင်နှုန်း ကျဆင်းခဲ့ ကြောင်း အကောက်ခွန်နှင့် ကုန်စည်စီးဆင်းမှု ဦးစီးဌာန (GDCE) မှ ထုတ်ပြန်ထားသည်။

DOCA(ရန်ကုန်)

 

၂၀၂၅ ခုနှစ်၏ ပထမနှစ်ဝက်တွင် ဗီယက်နမ်-စင်ကာပူကုန်သွယ်ရေးကြီးထွားမှု အားကောင်း

           ၂၀၂၅ ခုနှစ်၏ ပထမနှစ်ဝက်တွင် ဗီယက်နမ်-စင်ကာပူကုန်သွယ်ရေးတန်ဖိုးမှာ စင်ကာပူ ဒေါ်လာ ၁၉.၅ ဘီလီယံရှိခဲ့ပြီး ၂၀၂၄ ခုနှစ် တူညီသည့်ကာလထက် ၂၈.၅ ရာခိုင်နှုန်းရှိခဲ့ကာ ဗီယက်နမ်သည် စင်ကာပူ၏ ၁၀ ခုမြောက်အကြီးမားဆုံးကုန်သွယ်ရေးမိတ်ဖက်ဖြစ်ကြောင်း စင်ကာပူ၏ Accounting and Corporate Regulatory Authority (ACRA) ၏အဆိုအရ သိရပါ သည်။ စင်ကာပူသည် ဗီယက်နမ်သို့ စင်ကာပူဒေါ်လာ ၁၃.၉ ဘီလီယံတန်ဖိုးတင်ပို့ပြီး ဗီယက်နမ် ထံမှ စင်ကာပူဒေါ်လာ ၅.၅ ဘီလီယံတန်ဖိုးတင်သွင်းကြောင်း သိရပါသည်။ ထိုပထမနှစ်ဝက်တာ ကာလတွင် စင်ကာပူ၏ပြည်တွင်း၌ထုတ်လုပ်သည့်ကုန်ပစ္စည်းတင်ပို့မှုတန်ဖိုးမှာ စင်ကာပူဒေါ်လာ ၃.၉ ဘီလီယံနှင့် ယာယီတင်သွင်းပြီးပြန်လည်တင်ပို့သည့်တန်ဖိုးမှာ စင်ကာပူဒေါ်လာ ၁၀.၁ ဘီလီယံတန်ဖိုးရှိကြောင်း သိရပါသည်။ စင်ကာပူသည် ကုန်သွယ်ရေးပိုငွေ စင်ကာပူဒေါ်လာ ၈.၄ ဘီလီယံရရှိခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်သို့ပို့ကုန်များကြားတွင် HS 85 (လျှပ်စစ်စက် ပစ္စည်း၊ အစိတ်အပိုင်းနှင့်တပ်ဆင်ပစ္စည်းများ)နှင့် HS 27 (လောင်စာ၊ ရေနံနှင့်ဆက်စပ်ပစ္စည်း များ)တို့မှာ စုစုပေါင်းတန်ဖိုးစင်ကာပူဒေါ်လာ ၉.၅ ဘီလီယံရှိကြောင်း သိရပါသည်။ တစ်ချိန် တည်းမှာပင် စင်ကာပူသည် ဗီယက်နမ်ထံမှ HS 85 ကိုစင်ကာပူဒေါ်လာ ၂.၇ ဘီလီယံတန်ဖိုး တင်သွင်းခဲ့ပြီး စုစုပေါင်းတင်သွင်းမှုတန်ဖိုး၏ ၄၉.၈ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။ စင်ကာပူရှိ ဗီယက်နမ်ကုန်သွယ်ရေးအတိုင်ပင်ခံ Cao Xuan Thang က ဗီယက်နမ်၏စင်ကာပူနှင့် ထိပ်တန်း ကုန်သွယ်ရေးမိတ်ဖက်အဖြစ်တည်ရှိနေခြင်းသည် စီးပွားရေးချိတ်ဆက်မှုနက်ရှိုင်းခြင်းကို ရောင်ပြန်ဟပ်ပြီး ထောက်ပံ့မှုကွင်းဆက်၊ ဟာလာဈေးကွက်ဝင်ရောက်ခြင်းနှင့် အစိမ်းရောင်နှင့် ဒစ်ဂျစ်တယ်ကနဦး ဆောင်ရွက်မှုများအစရှိသည့် အပြန်အလှန်အကျိုးရှိသောဧရိယာများတွင် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းသစ်များအတွက် အခြေခံအုတ်မြစ်တစ်ခုဖြစ်ခဲ့ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Vietnam Plus

အင်ဒိုနီးရှားတွင် VF7 SUV မော်ဒယ်ကိုစတင်မိတ်ဆက်ခဲ့သည့် VinFast

          ဗီယက်နမ်လျှပ်စစ်ကားထုတ်လုပ်သူ VinFast သည် ၎င်းတို့၏ ညာမောင်း VF7 မော်ဒယ်ကို အင်ဒိုနီးရှားနိုင်ငံတွင် ဇူလိုင်လ ၂၃ ရက်နေ့က စတင်မိတ်ဆက်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း သိရပါသည်။ အခမ်းအနားတွင် VinFast အင်ဒိုနီးရှား၏ အထွေထွေညွှန်ကြားရေးမှူး Kariyanto Hardjosoemarto က VF 7 မိတ်ဆက်ရောင်းချခြင်းသည် အင်ဒိုနီးရှားတွင် ကုမ္ပဏီ၏ကြီးထွားမှုအတွက် သိသာထင်ရှားသောမှတ်တိုင်တစ်ခုဖြစ်ခဲ့ကြောင်းနှင့် ၎င်းသည် ထုတ်ကုန်တည်ရှိမှုကိုသာမက ကျယ်ပြန့်သောလျှပ်စစ်ကားဂေဟစနစ်တည်ဆောက်ရန်အတွက် ကုမ္ပဏီ၏ ကတိကဝတ်ရှိမှုကို ‌ရောင်ပြန်ဟပ်ကြောင်း ပြောကြားခဲ့ပါသည်။ VF7 သည် ကောင်းမွန်သောဒီဇိုင်း၊ အဆင့်မြင့်နည်းပညာ၊ အားကောင်းသောစွမ်းရည်၊ လုံခြုံမှုမြင့်မားသော စံနှုန်းများနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသောဈေးနှုန်းတို့ဖြင့် အင်ဒိုနီးရှားယာဉ်မောင်းနှင်မည့်သူများအတွက် ကောင်းမွန်သောစွမ်းရည်တို့ကို ပေးစွမ်းနိုင်မည်ဟု သိရပါသည်။ အပြည့်အဝအားသွင်းထားပါက ၄၇၁ ကီလိုမီတာထိမောင်းနှင်နိုင်စွမ်းရှိကြောင်း သိရပါသည်။ VinFast သည် ပထမဆုံး VF7 ကားများကို အင်ဒိုနီးရှားစားသုံးသူများထံ ယခုနှစ်နှောင်းပိုင်းတွင် စတင်ဖြန့်ချိရန် စီစဉ်ထားကြောင်း သိရပါသည်။ ထိုမော်ဒယ်၏ဈေးနှုန်းသည် အင်ဒိုနီးရှားဈေးကွက်တွင် ဆွဲဆောင်နိုင်စွမ်းနှင့် ယှဉ်ပြိုင်နိုင်စွမ်းကို ပိုင်ဆိုင်ထားကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Vietnam Plus

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ