Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ဖိလစ်ပိုင်နိုင်ငံသည် ဆန်တင်သွင်းမှု ဆက်လက်ပိတ်ထားရန်စဉ်စားနေ

          ဖိလစ်ပိုင် သမ္မတ Ferdinand Romualdez Marcos သည် လက်ရှိနှစ်လကြာ ဆန်တင်သွင်းမှု ဆိုင်းငံ့ထားခြင်းကို သက်တမ်းတိုးခြင်းနှင့် ပြည်ပဆန်များအပေါ် အခွန်တိုးမြှင့်ခြင်းဖြင့် နိုင်ငံ၏ ဆန်တင်သွင်းမှု မူဝါဒကိုတင်းကြပ်ရန် ဆောင်ရွက်နေကြောင်း စက်တင်ဘာလ ၂၄ ရက်နေ့တွင် စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

          စိုက်ပျိုးရေးဝန်ကြီး Francisco Tiu Laurel က သမ္မတသည် တင်သွင်းမှုဆိုင်းငံ့ထားခြင်းကို သက်တမ်းတိုးရန် ညွှန်ကြားထားကြောင်း ပြောခဲ့ပါသည်။

      ဆန်တင်သွင်းမှု ဆိုင်းငံ့ထားခြင်းနှင့် သွင်းကုန်ဆန်အပေါ် အခွန်တိုးမြှင့်နိုင်ခြေကို လယ်သမားတို့ရောင်းသည့် ဈေးနှုန်းနှင့် ပမာဏ အချက်အလက်များပေါ်မူတည်ပြီး ဆုံးဖြတ်မည်ဟု Tiu Laurel က သမ္မတနှင့် ဆွေးနွေးပြီးနောက် ပြောကြားခဲ့ပါသည်။စက်တင်ဘာ ၁ ရက်နေ့တွင် စတင်ပြီး နိုင်ဝင်ဘာ ၂ ရက်နေ့တွင် ပြီးဆုံးရန် သတ်မှတ်ထားသည့် သွင်းကုန်ရပ်ဆိုင်းမှုကို ဈေးသက်သာသော သွင်းကုန်ဆန်များကြောင့် ဖြစ်ပေါ်လာသော ဆန်စပါးကျဆင်းမှုမှ လယ်သမားများ ပြန်လည်ဈေးကောင်းရလာစေရန် ကနဦး ဆိုင်းငံ့ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။Source : Xinhua                                                                                 

DOCA (ရန်ကုန်)

ကမ္ဘောဒီးယားနှင့် ဂျပန်တို့သည် ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်မှုကို မြှင့်တင်ရန် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန် ဆွေးနွေး

          ကမ္ဘောဒီးယားနိုင်ငံ၊ ခရီးသွားလာရေး ၀န်ကြီး Huot Hak နှင့် ဂျပန်နိုင်ငံ Nagoya မြို့တော်ဝန် Hirosawa Ichiro တို့သည် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်၊ ကမ္ဘာ့အမွေအနှစ်နေရာများအား အသုံးချခြင်းနှင့် သံတမန်ဆက်ဆံရေးကို မြှင့်တင်ရန် ၂၄-၉-၂၀၂၅ ရက်နေ့တွင် ဆွေးနွေးခဲ့ကြသည်။ အဆိုပါအစည်းအဝေးကို ဂျပန်နိုင်ငံ နာဂိုယာမြို့၌ ကျင်းပပြုလုပ်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံမှ အကြီးတန်းခေါင်းဆောင်များနှင့် ကမ္ဘောဒီးယား ပုဂ္ဂလိက ကဏ္ဍမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

             အဆိုပါအစည်းအဝေးတွင် ပူးတွဲစျေးကွက်ရှာဖွေရေးလှုပ်ရှားမှုများ၊ ခရီးသွားကဏ္ဍတွင် ပညာရှင်များဖလှယ်ရေးအတွက် အစီအစဉ်များနှင့် Angkor Wat အပါအဝင် ကမ္ဘောဒီးယားနိုင်ငံ၏ ကမ္ဘာ့အမွေအနှစ်နေရာများကို ဂျပန်ခရီးသွားများထံ မြှင့်တင်ရေးတို့ကို အဓိကထားဆွေးနွေးခဲ့ကြသည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုသည် ဟိုတယ်များ၊ ခရီးသွားလုပ်ငန်းရှင်များ၊ စားသောက်ဆိုင်များနှင့် ဒေသခံလက်မှုပညာသမားများအတွက် စီးပွားရေးအကျိုးခံစားခွင့်များ ပေးဆောင်ရန် ဂျပန် ပြည်ပခရီးသွားဈေးကွက်တွင် ကမ္ဘောဒီးယား၏တည်ရှိမှုကို အားကောင်းစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။ MoT ၏ ထုတ်ပြန်ချက်အရ ခရီးသွားလုပ်ငန်းဗျူဟာများကို ချိန်ညှိကာ ယဉ်ကျေးမှုနှင့် အမွေအနှစ်ပစ္စည်းများကို အသုံးချခြင်းဖြင့် ကမ္ဘောဒီးယားနှင့် ဂျပန်နှစ်နိုင်ငံစလုံးသည် ဧည့်သည်အရေအတွက်များ စဉ်ဆက်မပြတ် တိုးပွားလာစေရန်၊ ပြည်တွင်းစီးပွားရေးလုပ်ငန်း များကို ပံ့ပိုးပေးကာ နှစ်နိုင်ငံစီးပွားရေးဆက်ဆံမှု တိုးမြှင့်ရန် မျှော်လင့်ထားသည်။ Source: Khmer Times                          
DOCA (ရန်ကုန်)          

ကမ္ဘောဒီးယားသည် GAC မော်တော်ယာဉ်ထုတ်လုပ်ခြင်းအတွက် သီးသန့်အခွင့်အရေးကို ရရှိထား

          တရုတ်နိုင်ငံ အခြေစိုက် Guangzhou Automobile (GAC) Group Co., Ltd. သည် ကမ္ဘောဒီးယားနိုင်ငံတွင် GAC မော်တော်ကားများ ထုတ်လုပ်ရန် သီးသန့်လုပ်ပိုင်ခွင့်များ အာမခံထားကြောင်း ကမ္ဘောဒီးယား ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) မှ အတည်ပြုပြီးနောက် ကမ္ဘောဒီးယားနိုင်ငံသည် ၎င်း၏ မော်တော်ယာဉ်လုပ်ငန်းကို ချဲ့ထွင်ရန် သိသာထင်ရှားသော ခြေလှမ်းတစ်ရပ်ကို လုပ်ဆောင်ခဲ့သည်။ CDC လက်အောက်ရှိ ကမ္ဘောဒီးယား ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့ (CIB) ၏ အထွေထွေအတွင်းရေးမှူးချုပ် Chea Vuthy က ၁၉-၉-၂၀၂၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံး၏ စီးပွားရေးနှင့် ကုန်သွယ်မှုအကြံပေး Zhong Jie၊ GAC Group နှင့် TH Group တို့မှ ကိုယ်စားလှယ်များနှင့်အတူ အဆိုပါသဘောတူညီချက်ကို ထုတ်ပြန်ခဲ့သည်။

          GAC Group နှင့် TH Automotive Manufacturing အကြား ပူးပေါင်းဆောင်ရွက်မှုသည် ကမ္ဘောဒီးယားနိုင်ငံ၏ စက်မှုဖွံ့ဖြိုးတိုးတက်မှုအတွက် သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပြီး ဝန်ကြီးချုပ် Hun Manet ၏ အုပ်ချုပ်မှုအောက်တွင် နိုင်ငံတော်၏ မူဝါဒများအပေါ် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု တိုးမြင့်လာစေကြောင်း မီးမောင်းထိုးပြခဲ့သည်။ အဆိုပါ အကျိုးတူပူးပေါင်းဆောင်ရွက်မှုသည် အလုပ်အကိုင်ဖန်တီးမှု၊ နည်းပညာလွှဲပြောင်းမှုနှင့် ရေရှည်တည်တံ့ခိုင်မြဲသောတိုးတက်မှုကို ပံ့ပိုးပေးရန်အတွက် နိုင်ငံ၏စက်မှုစွမ်းရည်ကို အားကောင်းစေခြင်း အပါအဝင် ပိုမိုကျယ်ပြန့်သော စီးပွားရေးအကျိုးအမြတ်များ ပေးအပ်နိုင်မည်ဟု မျှော်လင့်ကြောင်း Vuthy  ကပြောကြားခဲ့သည်။ Source: Khmer Times                          

DOCA (ရန်ကုန်)          

အီးယူသည် ဗီယက်နမ်၏ စွမ်းအင် အသွင်ကူးပြောင်းရေး ပရောဂျက်အတွက် ရန်ပုံငွေ ထောက်ပံ့

    ဥရောပသမဂ္ဂ (EU) သည် Just Energy Transition Partnership (JETP) လက်အောက်ရှိ ဗီယက်နမ်၏ အဓိကကျသော ပရောဂျက်တစ်ခုဖြစ်သည့် Bac Ai pumped-storage ရေအားလျှပ်စစ်စီမံကိန်းကို တိုးတက်လာစေရန်အတွက် ယူရိုသန်း ၄၃၀ (အမေရိကန်ဒေါ်လာ ၄၉၇.၇ သန်း နီးပါး) တန်ဖိုးရှိ ထောက်ပံ့မှုအစီအစဉ်ကို ကြေညာခဲ့သည်။

     အောက်တိုဘာ ၉ ရက်မှ ၁၀ ရက်အထိ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ကျင်းပသည့် ဒုတိယအကြိမ် Global Gateway ဖိုရမ်တွင် အဆိုပါ ကြေညာချက်ကို အီးယူ စွမ်းအင်ဆိုင်ရာ ကော်မရှင်နာ Jozef Síkela က ပြောကြားရာတွင် Bac Ai စီမံကိန်းသည် ဗီယက်နမ်နှင့် EU ၏ စိမ်းလန်းသော၊ တည်ငြိမ်ပြီး ရေရှည်တည်တံ့သော စွမ်းအင်စနစ် တည်ဆောက်ရန် အတွက် အဓိက အခြေခံအုတ်မြစ်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Global Gateway ပဏာမခြေလှမ်းအားဖြင့် EU သည် ၎င်း၏ ကတိကဝတ်များကို ခိုင်မာသော လုပ်ဆောင်ချက်များအဖြစ် လူများ၊ ကမ္ဘာမြေနှင့် မျှဝေသာယာဝပြောရေးတို့အဖြစ် ပြောင်းလဲနေကြောင်း ၎င်းက အခိုင်အမာ ပြောကြားခဲ့သည်။

     အဆိုပါ စီမံကိန်းသည် နိုင်ငံတော်၏ ဓာတ်အားစနစ်၏ တည်ငြိမ်မှုကို မြှင့်တင်ရန်၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖွံ့ဖြိုးတိုးတက်မှုကို ချဲ့ထွင်ရာတွင် လွယ်ကူချောမွေ့စေရန်နှင့် ဗီယက်နမ်၏ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပန်းတိုင်များသို့ အထောက်အကူဖြစ်စေရန် မျှော်လင့်ပါသည်။

     ယူရိုငွေ သန်း ၄၃၀ ထောက်ပံ့ရေး ပက်ကေ့ချ်သည် EU၊ ၎င်း၏အဖွဲ့ဝင်နိုင်ငံများနှင့် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (AFD)၊ ဥရောပရင်းနှီးမြှုပ်နှံမှုဘဏ် (EIB)၊ ဂျာမနီနိုင်ငံ KfW ဖွံ့ဖြိုးတိုးတက်ရေးဘဏ် (KfW)၊ အီတလီနိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးဘဏ် (Cassa Depositi e Prestiti – CDP AF ဘဏ္ဍာရေးဆိုင်ရာ ဌာနခွဲများ) တို့ပါ၀င်သည့် Team Europe Initiatives ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

      ၂၀၂၁ - ၂၀၂၇ ကာလအတွင်း EU သည် ဗီယက်နမ်ကို အနည်းဆုံး ယူရို ၂၉၃ သန်း ပေးအပ် ရန် ကတိပြုထားပြီး JETP အတွက် ဥရောပမိတ်ဖက်များထံမှ စုစုပေါင်း အလှူငွေ ယူရို ၂.၈ ဘီလီယံ ကျော် ရှိနေပါသည်။ ဤရင်းနှီးမြှုပ်နှံမှုသည် အစိမ်းရောင်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက် ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော စွမ်းအင်အကူးအပြောင်းကို မြှင့်တင်ရန်နှင့် အာဆီယံအတွင်း ဒေသတွင်း လျှပ်စစ်ဓာတ်အား ချိတ်ဆက်မှုကို အားကောင်းစေမည်ဖြစ်သည်။

DOCA(ပြည်ထောင်စုနယ်မြေ)

နိုင်ငံ၏ငွေကြေးတွင် သုညလေးလုံးဖြုတ်ရန် အီရန်လွှတ်တော် အတည်ပြု

     အီရန်နိုင်ငံ၏ငွေကြေးဖြစ်သည့် ရီယယ်တွင် သုညလေးလုံးကိုဖြုတ်ရန် အီရန်လွှတ်တော်က အောက်တိုဘာလ ၅ ရက်တွင် အတည်ပြုလိုက်ကြောင်း အီရန်နိုင်ငံပိုင် IRNA သတင်းဌာနက ဖော်ပြထားသည်။

     နိုင်ငံ၏ငွေကြေးတွင် သုညလေးလုံးကို ဖြုတ်ရေးနှင့်ပတ်သက်သည့် ဥပဒေကိုအတည်ပြုနိုင် ရန် ဆန္ဒမဲကောက်ခံရာတွင် ထောက်ခံမဲ ၁၄၄ မဲ၊ ကန့်ကွက်မဲ ၁၀၈ မဲနှင့် ပျက်ကွက်မဲသုံးမဲတို့ဖြင့် အတည်ပြုလိုက်နိုင်ခြင်းဖြစ်သည်။

     အီရန်အစိုးရအဖွဲ့က နိုင်ငံ၏ငွေကြေးတွင် သုညလေးလုံးဖြုတ်မည့် အစီအစဉ်ကို အကောင် အထည်ဖော်ရေးနှင့် ပတ်သက်၍ဩဂုတ်လကတည်းက အတည်ပြုခဲ့ခြင်းဖြစ်သည်။ ယခုအခါ ထိုဥပဒေကိုလွှတ်တော်က အတည်ပြုလိုက်သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကောင်စီ၏ တရားဝင်ခွင့်ပြုချက်ရရှိရန် လိုအပ်နေသေးသည်။

      နိုင်ငံ၏ငွေကြေးတွင် သုညလေးလုံးကို ဖြုတ်ရခြင်းသည် ငွေကြေးလွှဲပြောင်းမှုများ လုပ် ဆောင်ရာတွင် ပိုမိုလွယ်ကူအကျိုးရှိစေရန်ဖြစ်ကြောင်း၊ ငွေကြေးအခေါ်အဝေါ်ကိုမူ ပြောင်းလဲခြင်း မရှိကြောင်း IRNA ကဆက်လက်ဖော်ပြထားသည်။ ထိုကဲ့သို့ သုညများကို ဖြုတ်ခြင်းကြောင့် ၁ ရီယယ်သည် ရီယယ် ၁၀၀၀၀ နှင့် ညီမျှမည်ဖြစ်ကြောင်း သိရသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

တရုတ်နိုင်ငံသည် အဆင့်မြင့်ထားသော ကုန်ထုတ်လုပ်ငန်းများကို နိုင်ငံတကာစက်မှုပြပွဲတွင် ပြသမည်

          ၂၀၂၅ ခုနှစ် ကမ္ဘာ့ကုန်ထုတ်လုပ်ငန်းဆိုင်ရာပြပွဲကို စက်တင်ဘာလ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့အထိ တရုတ်နိုင်ငံအ‌ရှေ့ပိုင်း အန်ဟွေးပြည်နယ် မြို့တော် Hefei တွင် ကျင်းပမည်ဖြစ်ပြီး အဆင့်မြင့် ကုန်ထုတ်လုပ်ငန်းများနှင့် ခေတ်မှီနည်းပညာများကို အဓိကထားဆွေးနွေးမည် ဖြစ်ကြောင်းသိရှိရပါ သည်။

          လေးရက်ကြာကျင်းပမည့် အဆိုပါပြပွဲတွင် အစိုးရအရာရှိများ စီးပွားရေးခေါင်းဆောင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ကုန်သွယ်ရေးအသင်းအဖွဲ့များမှ ခေါင်းဆောင်များ၊ နိုင်ငံ ၄၀ ကျော်မှ ကိုယ်စားလှယ်များ ပါဝင်မည်ဖြစ်ပါသည်။

          ပထမဆုံးအကြိမ်အဖြစ် ပြပွဲတွင် အသိညဏ်ရှိသော စက်ရုပ်ပြပွဲတစ်ခုပါဝင်ပါသည်။ Anhui ပြည်နယ် ယခုနှစ် ပထမနှစ်ဝက်အတွင်း ၎င်း၏ မော်တော်ကားထုတ်လုပ်စွမ်းအင်အသစ် ယာဉ် (NEV) သည် တစ်နိုင်ငံလုံးရှိ မော်တော်ကားထုတ်လုပ်မှုနှင့် တင်ပို့မှု၏ ပထမနေရာတွင် ရပ်တည်လျက်ရှိပါသည်။

          ၎င်းပြည်နယ်သည် ကမ္ဘာ့ဖန်သားပြားထုတ်လုပ်မှု၏ ၁၀ ရာခိုင်နှုန်းခန့် တရုတ်နိုင်ငံ၏ စက်ရုပ်ထုတ်လုပ်မှုများ၏ ၈ ရာခိုင်နှုန်းခန့်၊ နိုင်ငံ၏ NEVs များ၏ ၁၁ ရာခိုင်နှုန်းနှင့် နိုင်ငံ၏ ဆိုလာ ပြားမှန်ထက်ဝက်ကျော်ကို ထုတ်လုပ်နေကြောင်း ပြည်နယ်အစိုးရအဖွဲ့၏ ဒုတိယ အတွင်းရေးမှူးချုပ် chang Yejun က ပြောကြားခဲ့ပါသည်။

          အဆိုပါ ပြပွဲသည် နည်းပညာနယ်ပယ်အသစ်များကိုလည်း ပြသမည်းဖြစ်ပါသည်။ BEST ၏ မော်ဒယ်အသစ်နှင့် နိုင်ငံပေါင်း ၁၆၃ နိုင်ငံနှင့် ဒေသများမှ သုံးစွဲသူများအတွက် ကွန်ပျူတာလုပ်ငန်းပေါင်း ၆၉၀၀၀၀ ဆောင်ရွက်ပြီးစီးခဲ့ပြီး ကမ္ဘာတစ်ဝှမ်းလာရောက်ကြည့်ရှုသူ ပေါင်း ၃၄ သန်းကျော်ရှိ သည့် Origin Wikong quantum ကွန်ပျူတာကိုလည်း ပြသမည်ဖြစ်ကြောင်း သိရှိရပါသည်။

Source : Xinhua 

DOCA(ရန်ကုန်)                                                                                   

အိန္ဒိယနိုင်ငံ၊ ကတ်ရှ်မီယားမှ ပန်းသီးစိတ်တောင်သူများ အဝေးပြေးလမ်းမ ပိတ်ဆို့မှုကြောင့် ဆုံးရှုံးမှုများရင်ဆိုင်ရ

          အိန္ဒိယနိုင်ငံ၊ ကတ်ရှ်မီးယားမှ ပန်းသီစိုက်တောင်သူများသည် ပြီးခဲ့သည့် သုံးပတ်တွင် အဝေးပြေးလမ်းမကြီး တစ်လျှောက် ပိတ်မိနေသဖြင့် ကုန်တင်ကားများပေါ်တွင် တန်ပေါင်းမျာစွာသော အဖိုးတန်သီးနှံများ ပုပ်သို့လျက်ရှိနေသဖြင့် ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိပါသည်။

          တောင်သူများက ၎င်းတို့၏ ဒေသကို Jammu နှင့် အိန္ဒိယပြည်မကို ဆက်သွယ်ထားသည့် တစ်ခုတည်းသော လမ်းဖြစ်သည့် Srinagar – Jammu အဝေးပြေးလမ်းမကြီးပေါ်တွင် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

          အဝေးပြေးလမ်းမကြီးသည် ပြီးခဲ့သည့်လက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှု၊ ‌ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ရာ ပျက်စီးမှုများစေခဲ့ပါသည်။ Udhampur အနီးတွင် လမ်းမကြီး၏ အစိတ် အပိုင်းတစ်ခုလုံး ‌ရေတိုက်စားသွားခဲ့ပါသည်။ Chenani, Udhampur, Nashri and Banihal ကြားရှိ အပိုင်းများတွင်လည်း လမ်းမကြီးပြင်းထန်စွာ ပျက်စီးစေခဲ့ပါသည်။

          အပျက်အစီးများကို ရှင်းလင်းရန်အာဏာပိုင်များက ကြိုးပမ်းနေကြသော်လည်း လုပ်ငန်းများ အပြည့်အဝလည်ပတ်နိုင်ရန်လိုအပ်နေသေးကြောင်း သိရှိရပါသည်။ ပိတ်မိနေသော ယာဉ်ပေါင်းများ စွာတွင် ပန်းသီးသေတ္တာကုန်တင်ကားအများဆုံးဖြစ်ကြောင်း သိရှိရပါသည်။

          ပန်းသီးစိုက်တောင်သူများနှင့် ကုန်သည်များသည် ယခုအထိ အမေရိကန်ဒေါ်လာ ၁၁၃ သန်း ကျော်ဆုံးရှုံးမှုများရှိမည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။

Source : Xinhua 

DOCA(ရန်ကုန်)                                                                                   

မက်ဆီကိုနိုင်ငံ သို့သွားရောက်လည်ပတ်မည့် ကနေဒါနိုင်ငံမှ ဝန်ကြီးချုပ်

          ကနေဒါနိုင်ငံဝန်ကြီးချုပ် Mark Carney သည် စက်တင်ဘာလ ၁၆ ရက်နေ့တွင် နှစ်နိုင်ငံလုံး၏ လက်တွဲမှု ပိုမိုလေးနက်စေရန်နှင့် မြောက်အမေရိကန်၏ ကြွယ်ဝချမ်းသာခြင်းများ ပြန်လည်အသက်ဝင်လာစေရန်အတွက် မက်ဆီကိုနိုင်ငံသို့ သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ ဝန်ကြီးချုပ်၏ တရားဝင်ထုတ်ပြန်သော ဝက်ဆိုဒ်မှ ထုတ်ပြန်ချက်များအရ Carney သည် မက်ဆီကိုနိုင်ငံသမ္မတ Claudia Sheinbaum နှင့် နှစ်နိုင်ငံကြားအပြန်အလှန် ဆက်ဆံရေးကို လုံခြုံရေး၊ အခြေခံအဆောက်အဦး၊ ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်နှင့် ကုန်သွယ်ရေးများ တွင် အားစိုက်မှုနှင့်အတူ ကျယ်ပြန့်မြှင့်တင်ရန်အတွက် တွေ့ဆုံမည်ဖြစ်ကြောင်း သိရပါသည်။ ကနေဒါအစိုးရအသစ်သည် ၎င်းတို့၏ ကုန်သွယ်မှုဆက်ဆံရေးကို ယုံကြည်ရသောမိတ်ဖက်များနှင့် အတူ ခိုင်မာအောင် ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ကနေဒါနိုင်ငံ၏ မက်ဆီကိုနိုင်ငံနှင့် ကုန်သွယ်မှု၊ ရင်းနှီမြှုပ်နှံမှုသည် တိုးတက်ဆဲရှိပြီး ယခင်နှစ်တွင် နည်းလမ်း ၂ လမ်း ကုန်သွယ်မှု ဖြင့် ကနေဒါဒေါ်လာ ၅၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၁ ဘီလီယံခန့်) ရရှိခဲ့ကြောင်း သိရှိရပါသည်။

Source: Xinhua

DOCA (ရန်ကုန်)

၂၀၂၆ ခုနှစ်တွင် အထည်ချုပ်လုပ်ငန်းအတွက် လစဥ်လုပ်အားခကို အနည်းဆုံး အမေရိကန်‌ဒေါ်လာ ၂၁၀ အထိ တိုးမြှင့်လိုက်သည့် ကမ္ဘောဒီးယားနိုင်ငံ

          ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ဆိုသူ Hun Manet က စက်တင်ဘာလ ၁၇ ရက်နေ့တွင် ၂၀၂၆ ခုနှစ်၌ အဝတ်အထည်၊ ဖိနပ်နှင့် ခရီးသွားပစ္စည်းလုပ်ငန်းများတွင် လစဥ်လုပ်အားခကို အနည်းဆုံး အမေရိကန်ဒေါ်လာ ၂၁၀ ခန့် တိုးမြှင့်သတ်မှတ်လိုက်ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါ လစဥ်လုပ်အားခ တိုးမြှင့်ခြင်းကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ၊ ၁ရက်နေ့တွင် စတင်အကျိုးသက်ရောက် မည် ဖြစ်ကြောင်း သိရပါသည်။ အလုပ်သမားများသည် လစဥ်အနည်းဆုံးလုပ်ခတိုးမြှင့်ခြင်းများ အပြင် အလုပ်သမားအကျိုးခံစားခွင့်များဖြစ်သည့် လစဥ်ရက်မှန်ကြေး ၁၀ ဒေါ်လာ၊ အိမ်ငှားရမ်းခ နှင့် သွားလာရေးအတွက် ၇ ဒေါ်လာ အပြင်၊ လုပ်သက်ခအတွက် ဒေါ်လာမှ ၁၁ဒေါ်လာ စသဖြင့် အပိုထပ်ဆောင်းခံစားခွင့်များကို ရရှိမည်ဖြစ်ကြောင်း သိရပါသည်။ အဝတ်အထည်၊ ဖိနပ်နှင့် ခရီးသွားပစ္စည်းများ ကဏ္ဍသည် ကမ္ဘောဒီးယားနိုင်ငံ၏ အကြီးမားဆုံး နိုင်ငံခြားငွေများရှာဖွေနိုင် သည့် ကဏ္ဍများဖြစ်ပြီး အဆိုပါကဏ္ဍများတွင် စက်ရုံပေါင်း ၁၅၀၀ နှင့် အလုပ်သမားအင်အား ၉၀၀၀၀၀ ဦးခန့်ဝင်ရောက်လုပ်ကိုင်နေသည့် ရုံးခွဲများ ပါဝင်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ အလုပ်သမား နှင့် အသက်မွေးဝမ်းကျောင်းလေ့ကျင့်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော အချက် အလက်များအရ သိရပါသည်။ အရှေ့တောင်အာရှသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း တွင် အမေရိကန်ဒေါ်လာ ၇.၆၂ ဘီလီယံတန်ကြေးရှိသော အဆိုပါထုတ်ကုန်များကို တင်ပို့ခဲ့ပြီး ယခင်နှစ်တူညီသော ကာလတွင်တင်ပို့ခဲ့သော အမေရိကန်ဒေါ်လာ ၆.၂၄ ဘီလီယံနှင့် နှိုင်းယှဥ်လျှင် ၂၂ ရာခိုင်နှုန်းခန့် တိုးတက်လာကြောင်း အကောက်ခွန်နှင့် ယစ်မျိုးခွန်ဦးစီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ သိရှိရပါသည်။

Source: Xinhua

DOCA (ရန်ကုန်)

ဗြိတိန်နိုင်ငံတွင်အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံတော့မည့် Microsoft

          Microsoft ကုမ္ပဏီသည် ဗြိတိန်စီးပွားရေးလုပ်ငန်းနှင့် Ai အခြေခံအ‌ဆောက်အဦးများတွင် ၄ နှစ်ကြာ အမေရိကန် ဒေါ်လာ ၃၀ ဘီလီယံကျော်ခန့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ Donald Trump ၏ ဒုတိယအကြိမ်မြောက် ဗြိတိန်နိုင်ငံသို့ လည်ပတ်မှုအပြီးတွင် ၎င်း၏ ဆော့ဝဲလ်ပြုလုပ်သူမှ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

          အဆိုပါ စီမံကိန်းတွင် Microsoft ကုမ္ပဏီသည် ၎င်း၏ ဗြိတိန်နိုင်ငံတွင် လုပ်ငန်းအသုံးစရိတ်ကို အမေရိကန်ဒေါ်လာ ၁၅.၅ ဘီလီယံခန့် တိုးချဲ့အသုံးပြုသွား မည်ဖြစ်ကြောင်း နှင့် အဆင့်မြင့် AI ချစ်ပ်ဆက်များ ၂၃၀၀၀ ခန့် တိုးချဲ့သွားမည်ဖြစ်ကြောင်း ကုမ္ပဏီ၏ ဥက္ကဌ ဆိုသူ Brad Smith က သတင်း‌‌ထောက်များကို ပြောကြားခဲ့ပါသည်။ Microsoft ၏ Activision Blizzard ဝယ်ယူမှုကို ဆန့်ကျင်မှု ကျဆင်းသွားပြီးနောက် ဗြိတိန်၏ စီးပွားရေးရာသီဥတုသည် နှစ်အနည်းငယ်အတွင်း တွင် တိုးတက်ကောင်းမွန်လာခဲ့ကြောင်း Smith က ပြောကြားခဲ့ပါသည်။

Source: CAN

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ