Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ထိုင်းနိုင်ငံကြက်သားတင်ပို့မှုကို သက်တမ်း ၆ လ ထပ်မံတိုးလိုက်သည့် Saudi Arabia

          Saudi Arabia နိုင်ငံသည် ထိုင်းနိုင်ငံမှ ကြက်သားတင်ပို့မှုကို မှတ်ပုံတင်မှုပြုလုပ်ပြီးနောက် ထပ်မံသက်တမ်း ၆ လတိုးမြင့်လိုက်ကြောင်း Saudi သတင်းဌာန၏ ထုတ်ပြန်ချက်များအရ သိရပါသည်။ ထိုင်းနိုင်ငံ စိုက်ပျိုးကုန်ပစ္စည်းများနှင့်အစားအသောက်စံနှုန်းသတ်မှတ်ရေး ဗျူရို (ACPS) ၏ အတွင်းရေးမှူးချုပ်ဆိုသူ  Dr Chaiwat Yothakol က အဆိုပါ သက်တမ်းမြင့်တင်လိုက်ခြင်းသည် ထိုင်းနိုင်ငံအာဏာပိုင်အဖွဲ့အစည်းများနှင့် Saudi Arabia နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်၊ ရေနှင့် စိုက်ပျိုးရေးဝန်ကြီးဌာန (MEWA) တို့ကြား အပြန်အလှန်ဆွေးနွေးမှုအပြီးတွင် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရပါသည်။ ACPS ၏ ညွှန်ကြားရေးမှူးဆိုသူ Ravinan Chamchalerm ဦးဆောင်သော ထိုင်းအစိုးရအဖွဲ့နှင့် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဌာနနှင့် MEWA မှ အရာရှိတို့သည် Saudi GAP လိုအပ်ချက်များအတွက် တွေ့ဆုံခဲ့ကြောင်း သိရပါသည်။ အဆိုပါ ဆွေးနွေးပွဲအတွင်းတွင် ထိုင်းနိုင်ငံသည် MEWA ကိုယ်စား မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဌာနသို့ စုံစမ်းစစ်ဆေးခြင်းနှင့် လက်မှတ်များထုတ်ပေးရန် အဆိုပြုခဲ့ကြောင်း သိရပါသည်။ အဆိုပါ အဆိုပြုချက်သည် ထိုင်းနိုင်ငံတင်ပို့သူများ၏ ဝန်ထုပ်ဝန်ပိုးကိုလျော့ချစေနိုင်ကြောင်း သိရပါသည်။ လက်ရှိတွင် အဆိုပါအဆိုပြုချက်ကို Saudi အာဏာပိုင်များက စဥ်းစားလျက်ရှိ‌ကြောင်း သိရပါသည်။ MEWA သည် ၂၀၂၅ သြဂုတ်လအကုန်တွင် Naama ပလက်ဖောင်းမှ တစ်ဆင့် အွန်လိုင်း မှတ်ပုံတင်ခြင်း ပြုလုပ်နိုင်ရန်စီစဥ်လျက်ရှိကြောင်း သိရပါသည်။ အဆိုပါအွန်လိုင်းမှတ်ပုံတင်ခြင်းဖြင့် ထိုင်းနိုင်ငံကြက်သားလုပ်ငန်းများသည် Saudi GAP လက်မှတ်ကို တိုက်ရိုက်လျောက်ယူခွင့်ရှိမည်ဖြစ်ကြောင်း သိရပါသည်။ MEWA သည် ထိုင်းနိုင်ငံ၏ Saudi အစားအသောက်နှင့် ဆေးဝါးအဖွဲ့အစည်း (SFDA) တွင် မှတ်ပုံတင်ထားသော စက်ရုံ ၁၁ ခုအတွက် စည်းကမ်းအသစ်များ ကြပ်မတ်ခြင်းကို ရွေ့ဆိုင်းခွင့်ပေးရန် တောင်းဆိုမှုကို သဘောတူလက်ခံလိုက်ကြောင်း သိရပါသည်။ သို့ရာတွင် သက်ဆိုင်ရာစက်ရုံများအားလုံးသည် MEWA နှင့်အတူ မှတ်ပုံတင်ခြင်း လုပ်ငန်းစဥ်များကို သတ်မှတ်ရက်မတိုင်ခင်တွင် အပြီးသတ်ပြုလုပ်ရမည်ဖြစ်ကြောင်း သိရပါသည်။

Source: Nation Thailand

DOCA (ရန်ကုန်)                                                            

ဗီယက်နမ်နှင့် လိုက်လျောညီထွေဖြစ်စေရန်အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် တင်ပို့မှုကဏ္ဍများတွင် အရှိန်အဟုန်မြှင့်တင်တော့မည့် ထိုင်းနိုင်ငံ

          ဗီယက်နမ်နိုင်ငံရှိ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်း (FDI) သည် ယခုနှစ် ပထမနှစ်ဝက်တွင် ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်တိုးချဲ့သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံအပြည်ပြည် ဆိုင်ရာကုန်သွယ်မှုဌာန၏ ကြီးကြပ်မှုအောက်ရှိ စီမံကိန်းနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနမှ ထုတ်ပြန်သောအချက်အလက်များအရ သိရပါသည်။ ဇန်နဝါရီလနှင့်ဇွန်လအတွင်းတွင် ဗီယက်နမ်နိုင်ငံသည် FDI တွင် အမေရိကန်ဒေါ်လာ ၂၁.၅၁ ဘီလီယံခန့် ဆွဲဆောင်နိုင်ခဲ့ပြီး ယခင်နှစ်အလားတူ ကာလနှင့် နှိုင်းယှက်လျှင် ၃၂.၆ ရာခိုင်နှုန်းမြင့်တက်လျက်ရှိကြောင်း သိရပါသည်။ စုစုပေါင်း အမေရိကန်ဒေါ်လာ ၉.၂၉ ဘီလီယံတန်ကြေးရှိသော စီမံကိန်း ၁၉၈၈ ခု၊ အမေရိကန်ဒေါ်လာ ၈.၉၅ ဘီလီယံတန်ကြေးရှိသော မြို့ပြချဲ့ထွင်ရေးစီမံကိန်းသစ်များ၊ ဗီယက်နမ်စက်ရုံများမှ အမေရိကန် ဒေါ်လာ ၃.၂၈ ဘီလီယံခန့်တန်ကြေးရှိသော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများထံမှ ရရှိသောရှယ်ရာများ နှင့် သဘောတူညီမှု ၁၇၀၈ ခုစသဖြင့် စီမံကိန်းသစ်များ တိုးလာလျက်ရှိကြောင်း သိရပါသည်။ ထုတ်လုပ်ရေးနှင့် ငါးလုပ်ငန်းကဏ္ဍများမှ အများဆုံးရှယ်ယာရရှိမှုအနေဖြင့် အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံခန့် ၊ အိမ်ခြံမြေမှ အမေရိကန်ဒေါ်လာ ၅.၁၇ ဘီလီယံခန့်၊ အသက်မွေဝမ်းကျောင်း၊ သိပ္ပံနှင့် နည်းပညာလှုပ်ရှားမှုများမှ အမေရိကန်ဒေါ်လာ ၁.၁၈ ဘီလီယံခန့်၊ ရေထောက်ပံ့မှုနှင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုမှ အမေရိကန်ဒေါ်လာ ၉၀၂.၉ သန်းခန့် စသဖြင့် ရှယ်ယာများလက်ခံရရှိခဲ့ ကြောင်း သိရပါသည်။ စင်္ကာပူသည် FDI ၏ ရင်းနှီးမြှုပ်နှံမှုစာရင်းတွင် ထိပ်သီးရင်းနှီးမြှုပ်နှံမှုအနေဖြင့် အမေရိကန်ဒေါ်လာ ၂.၄၁ ဘီလီယံခန့်၊ တရုတ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၂.၁၃ ဘီလီယံ ခန့်၊ ဆွီဒင်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၁ ဘီလီယံခန့်၊ ဂျပန်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၈၃၂.၃ သန်းခန့်၊ ထိုင်ဝမ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၇၂၅.၈ သန်းခန့်၊ ထိုင်းနိုင်ငံသည် ရင်းနှီးမြှုပ်နှံသည့် နိုင်ငံ၉၂ နိုင်ငံတွင် အဆင့် ၁၄ အနေဖြင့် အမေရိကန်ဒေါ်လာ ၅၉.၄ သန်းခန့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းသစ်များ ပြုလုပ်မည်ဖြစ်ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့ (BOI) မှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအတွက် လျှောက်ထားချက်များသည် တိုးတက်လာကြောင်း သိရပါသည်။ ယခုနှစ်ပထမနှစ်ဝက်တွင် BOI ဆွဲဆောင်မှုဖြင့် ဘတ် ၇၃၇.၆ ဘီလီယံတန်ကြေးရှိသော ရင်းနှီးမြှုပ်နှံမှု FDI စီမံကိန်း၁၃၆၉ ခုကို လျောက်ထားပြီးဖြစ်ကြောင်းနှင့် တစ်နှစ်ထက်တစ်နှစ် ၁၃၂ ရာခိုင်နှုန်းခန့် မြင့်တက်လျက်ရှိကြောင်း သိရပါသည်။ စီမံကိန်းများနက် ထိပ်သီးစီမံကိန်းများမှာ သံနှင့်သတ္ထုစီမံကိန်း ၂၈၅ ခု၊ စက်နှင့် မော်တော်ကားစီမံကိန်း ၂၆၉ ခု နှင့် လျှပ်စစ်တပ်ဆင်ခြင်းနှင့် လျှပ်စစ်ပစ္စည်းများဆိုင်ရာစီမံကိန်း ၂၅၅ ခုတို့ဖြစ်ကြောင်း သိရပါသည်။ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးများမှာ ဒစ်ဂျစ်တယ်လုပ်ငန်းများတွင် ဘတ် ၄၁၀ ဘီလီယံခန့်၊ လျှပ်စစ်နှင့် လျှပ်စစ်ပစ္စည်းတပ်ဆင်ခြင်းများတွင် ဘတ် ၁၂၅.၆ ဘီလီယံခန့်၊ သံနှင့်သတ္ထုလုပ်ငန်းများတွင် ဘတ် ၅၉.၉ ဘီလီယံခန့်စသဖြင့်ရှိကြောင်း သိရပါသည်။

Source: Nation Thailand

DOCA (ရန်ကုန်)                                                            

အိန္ဒိယနိုင်ငံ၏ ဆန်တန်ချိန် သန်း ၂၀ စတင်တင်သွင်းမှုကြောင့် ထိုင်းနိုင်ငံ၏ ဆန်စျေးနှုန်းများ ကျဆင်းလာနိုင်သည်ဟု ကုန်သည်များက သတိပေး

          ထိုင်းနိုင်ငံဆန်ကုန်သည်များအဖွဲ့အစည်းက ထိုင်းနိုင်ငံ၏ ဆန်စျေးနှုန်းများသည် စက်တင်ဘာလတွင် အိန္ဒိယနိုင်ငံအစိုးရ၏ ဆန်တန်ချိန် သန်း၂၀ခန့်ကို ၎င်းတို့၏ သိုလှောင်ရုံများမှ စတင်တင်ပို့မည့် လုပ်ဆောင်ချက်အပြီးတွင် ကျဆင်းလာနိုင်သည်ဟု သတိပေးခဲ့ကြောင်း သိရပါသည်။ အဆိုခန့်မှန်းချက်ကို ထိုင်းနိုင်ငံဆန်ကုန်သည်များ အဖွဲ့အစည်းမှ ဥက္ကဌဆိုသူ Chukiart Opaswong က ခန့်မှန်းခဲ့ကြောင်း သိရပါသည်။ Chukiart က အိန္ဒိယနိုင်ငံအစိုးရသည် ၎င်းတို့၏ ဆန်တန်ချိန် သန်း ၂၀ ခန့်ကို စတင်သွင်းမည်ဆိုပါက ထိုင်းနိုင်ငံ၏ ကမ္ဘာ့စျေးကွက်အတွင်း ပြိုင်ဆိုင်မှုသည် အားနည်းလာနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါလုပ်ဆောင်မှု၏ ရလဒ်အနေဖြင့် ထိုင်းနိုင်ငံအတွင်းရှိ ဆန်စျေးနှုန်းများကျဆင်းလာနိုင်ပြီး လယ်သမားများသည် အခက်အခဲများနှင့် ရင်ဆိုင်ရနိုင်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ အစီရင်ခံစာများအရ အဆိုပါ ဆန်များကို အီသာနောထုတ်လုပ်သူများသို့လည်းကောင်း၊ ဆင်းရနွမ်းပါးသူများထံသို့လည်ကောင်း၊ ဆန်ကုန်သည်များသို့လည်းကောင်း နည်းလမ်းသုံးလမ်းဖြင့် ရောင်ချရန် နေရာချထားကြောင်း သိရပါသည်။ Chukiart က အိန္ဒိယဆန်တင်ပို့သူများသည် နိုင်ငံတကာဆန်တင်ပို့မှု စံချိန်များနှင့် ကိုက်ညီစေရန်အတွက် ဆန်တန်ချိန် ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၃၀ ခန့် ထပ်ပေါင်း အသုံးပြု ရမည်ဖြစ်ကြောင်းနှင့် အဆိုပါ ဆန်များကို ပြန်လည်ရောင်းချရာတွင်လည်း အမေရိကန်ဒေါ်လာ ၂၈၀ မှ ၃၀၀ အတွင်းရောင်းချမည်ဖြစ်ပြီး အဆိုစျေးနှုန်းသည် ထိုင်းနိုင်ငံ၏ လက်ရှိဆန်တင်ပို့ စျေးနှုန်းထက် လျော့နည်းကြောင်း မှတ်ချက်ပြုခဲ့ပါသည်။ လက်ရှိတွင် ထိုင်းနိုင်ငံ၏ ပြည်ပသို့ တင်ပို့သော ဆန်စျေးနှုန်းသည် ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၃၆၅ မှ ၃၇၀ ဖြင့် တင်ပို့လျက်ရှိ ကြောင်း သိရပါသည်။ အဆိုပါစျေးနှုန်းများဖြင့်ရောင်းချလျှင် လယ်သမားများသည် တစ်တန်လျှင် ဘတ် ၅၀၀၀ မှ ၆၀၀၀ အတွင်း ရရှိမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ၁ တန်လျှင် ဘတ် ၁၁၀၀၀ မှ ၁၂၀၀၀ အထိရရှိခဲ့မှုနှင့် နှိုင်းယှဥ်လျှင် ယခုနှစ် ထိုင်းနိုင်ငံ၏ လယ်သမားများရရှိသော ဆန်စျေးနှုန်း မှာ ကျဆင်းနေကြောင်း သိရပါသည်။ ယခုနှစ်ပထမ ၆ လအတွင်းတွင် အိန္ဒိယနိုင်ငံသည် ကမ္ဘာ့စျေးကွက်သို့ ဆန်တန်ချိန် ၁၁ သန်းတင်ပို့ခဲ့ပြီး ဗီယက်နိမ်နိုင်ငံသည် ဆန်ချိန် ၅.၂ သန်းတင်ပို့လျက်ရှိရာ ထိုင်းနိုင်ငံသည် ဆန်တန်ချိန်ပေါင်း ၃.၇ သန်းသာတင်ပို့နိုင်ခဲ့ကြောင်း သိရပါသည်။ ထို့အပြင် Chukiart က ကမ္ဘာ့ဆန်စျေးကွက်သည် အိန္ဒိယနိုင်ငံ၏ လွှမ်းမိုးမှုများနှင့် ကြုံတွေ့နေရကြောင်း ထပ်ပေါင်းပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံ ဆန်တင်ပို့မှုစျေးနှုန်းသည် ချက်ချင်းကျဆင်းလျက်ရှိပြီး ထပ်မံကျဆင်းမည်ဟု ဆန်ကုန်သည်များက ခန့်မှန်းနေကြောင်း သိရှိရပါသည်။

 

Source: Natio Thailand

DOCA (ရန်ကုန်)                                                              

ကမ္ဘာ့ ဒုတိယအကြီးဆုံးဖြစ်လာသည့် တရုတ်နိုင်ငံ၏ဆေးဖက်ဆိုင်ရာလုပ်ငန်း

            တရုတ်နိုင်ငံသည် ဆေးဘက်ဆိုင်ရာလုပ်ငန်းသည် ယခုအခါတွင် ကမ္ဘာ့ဒုတိယအကြီးဆုံး စျေးကွက်အဖြစ်ရောက်ရှိနေပြီး ဆန်းသစ်တီထွင်သောဆေးဝါးများဖွံ့ဖြိုးတိုးတက်မှုနှင့် သုတေသနလုပ်ငန်များကြောင့် ယခုအခါတွင် ၃၀ ရာခိုင်နှုန်းခန့် တိုးတက်လာကြောင်း သိရပါသည်။ ၎င်းနိုင်ငံသည် ယခုအခါတွင် ကလေးဆေး ၃၈၇ ခုနှင့် ရှားပါးရောဂါများအတွက် ဆေးဝါးထုတ်လုပ်မှု ၁၄၇ ခုကို အတည်ပြုထုတ်လုပ်ခွင့်ပေးလိုက်ကြောင်း တရုတ်နိုင်ငံဆေးဝါး ထုတ်လုပ်ရေးအဖွဲ့အစည်း၏ ဒုဥက္ကဌ ဆိုသူ Yang Sheng က သတင်းအချက်အလက် နည်းပညာဌာနမှ ကျင်းပပြုလုပ်သော ညီလာခံတွင်‌ပြောကြားခဲ့ပါသည်။ Yang က တရုတ်နိုင်ငံသည် ဆေးဝါးထုတ်လုပ်မှုလုံခြုံရေးနှင့် ဆေးဘက်ဆိုင်ရာလုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးနှင့် ပြည်သူလူထုအား ဆေးဝါးကုသပေးရေးလုပ်ငန်းစဥ်များကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

Source: Xinhua

DOCA (ရန်ကုန်)                                                                         

AI ရင်းနှီးမြှုပ်နှံမှုအား ထိပ်တန်းဦးစားပေးမူဝါဒအဖြစ် ချမှတ်လိုက်သည့် တောင်ကိုရီးယားနိုင်ငံ

          တောင်ကိုရီးယားနိုင်ငံသည် အမေရိကန်နိုင်ငံ၏ ကုန်သွယ်မှုတိုးမြင့်မှုကြောင့် ယခုနှစ်အတွက် ၎င်း၏ စီးပွားရေးတိုးတက်မှုအလားအလာခန့်မှန်းခြေကို လျော့ချလိုက်ရသဖြင့်  သြဂုတ်လ ၂၂ ရက်နေ့တွင် ဉာဏ်ရည်တု (AI) နည်းပညာတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းကို ထိပ်သီးဦးစားပေးမူဝါဒအဖြစ် ချမှတ်လိုက်ကြောင်း သိရပါသည်။ ဘဏ္ဍာရေးဝန်ကြီးဌာနက အစိုးရသည် ၂၀၂၅ ခုနှစ် ဒုတိယနှစ်ဝက်တွင် AI နှင့် တီထွင်ရေးစီမံကိန်း ၃၀ ခုကို ဆောင်ရွက်ရန်စီစဥ်‌နေကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါ AI နည်းပညာများတွင် စက်ရုပ်များ၊ ကားများ၊ သင်္ဘောများ၊ အိမ်သုံးပစ္စည်းများ၊ ဒရုန်းများ၊ စက်ရုံသုံးပစ္စည်းများနှင့် ချစ်ပ်ဆက်များ ပါဝင်ကြောင်း သိရပါသည်။ အစိုးရသည် စီမံကိန်းများတွင် ဘဏ္ဍာရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ၊ အခွန်မက်လုံးများ၊ ထိန်းသိမ်းရန်ရင်းနှီးမြှုပ်နှံမှုများ ထည့်သွင်းရန်စီစဥ်နေပြီး၊ အစိုးရသည် ရန်ပုံငွေ ဝမ် ၁၀၀ ထရီလီယံ (အမေရိကန်ဒေါ်လာ ၇၁.၅၆ ဘီလီယံ) ခန့်ကို နည်းဗျူဟာမြောက် ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း သိရပါသည်။ အစိုးရက ချမှတ်လိုက်သော အဆိုပါ မူဝါဒသည် တောင်ကိုရီးယားနိုင်ငံအား AI စွမ်းအားတွင် ထိပ်သီး ၃ နိုင်ငံတွင် ပါဝင်စေရန်နှင့် စီးပွားရေးတိုးတက်မှုတွင် မြှင့်တင်ပေးရန် ရည်ရွယ်ကြောင်း သိရပါသည်။ တောင်ကိုရီးယားနိုင်ငံ သည် ဇူလိုင်လတွင် အမေရိကန်နိုင်ငံနှင့် အ‌ကောက်ခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံရာမှ ၁၅ ရာခိုင်နှုန်းသာ ကောက်ခံရန် သဘောတူညီမှုများရေးထိုးခဲ့ကြောင်း  သိရပါသည်။ ၎င်းအစိုးရသည် ကုန်တင်ပို့မှုများအား ၀.၂ ရာခိုင်နှုန်းမြင့်တက်ရင် မျှော်မှန်းခဲ့ပြီး ၂၀၂၆ ခုနှစ်တွင် ၀.၅ ရာခိုင်နှုန်း ကျဆင်းမည်ဟု ခန့်မှန်းခဲ့ကြောင်း သိရပါသည်။ တောင်ကိုရီးယားနိုင်ငံ သမ္မတ Lee Jae Myung သည် တောင်ကိုရီးယားနိုင်ငံအား ယခုလာမည့် နှစ်တွင် အစိုးရအသုံးစရိတ် မြှင့်တင်မည် ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

Source: CNA

DOCA (ရန်ကုန်)                                                                             

Google နှင့် ဒေါ်လာ ၁၀ ဘီလီယံတန်ကြေးရှိသော သဘောတူညီချက် ပြုလုပ်ခဲ့သည့် Meta ကုမ္ပဏီ

             Meta ပလက်‌‌ဖောင်းသည် google ကုမ္ပဏီနှင့် ဒေါ်လာ ၁၀ ဘီလီယံတန်ကြေးရှိသော cloud ဝန်ဆောင်မှုများနှင့် ပတ်သက်သည့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ အဆိုပါသဘောတူညီမှုတွင် Meta သည် Google အားအသုံးပြု၍ cloud ၏ ဆာဗာ၊ storage၊ ကွန်ရက်နှင့် တစ်ခြားသော ဝန်ဆောင်မှုများကို အသုံးပြုသွားမည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါသတင်းသည် Meta ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Mark Zuckerberg ၏ အဆိုပါ ကုမ္ပဏီသည် များစွာသော AI ‌ဒေတာစင်တာများတည်ထောင်ရန်အတွက်‌ ဒေါ်လာ ဘီလီယံချီ သုံးစွဲသွားမည်ဟု ပြောကြားချက်အပြီးတွင်ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရပါ သည်။ အဆိုပါ ကုမ္ပဏီသည် ၎င်း၏ တစ်နှစ်တာအောက်ခြေ အသုံးစရိတ်ကို ၂ ဘီလီယံခန့်တိုးမြင့် ရန် ခန့်မှန်းထားပြီး ယခင်လတွင် ၎င်း၏ အသုံးစရိတ်ကို ၆၆ ဘီလီယံမှ ၇၂ ဘီလီယံ အထိ သတ်မှတ်ထားကြောင်း သိရပါသည်။ Meta သည် ဒေတာစင်တာတွင် ဒေါ်လာ ၂ ဘီလီယံခန့် ဖယ်ရှားခြင်းဖြင့် AI စွမ်းအား အသုံးပြုရန်အတွက် ကြီးမားသော အခြေခံအဆောက်အဦများတည် ဆောက်ရန် ရန်ပုံငွေများကို ပြင်ပကုမ္ပဏီများမှ ရှာဖွေလျက်ရှိကြောင်း ကုမ္ပဏီ၏ ထုတ်ဖော်ပြချက်များ အရသိရပါသည်။ ယခုလိုရှုပ်ထွေးသော သဘောတူညီမှုများကြားတွင် google ၏ cloud computing ယူနစ်များသည် ဒုတိယသုံးလပတ်ကာလတွင် ၃၂ ရာခိုင်နှုန်းခန့် မြင့်တက်လျက်ရှိကြောင်း သိရပါသည်။

Source: CNA 

DOCA (ရန်ကုန်)                                                                            

အမေရိကန်နိုင်ငံအခွန်မြင့်တက်မှုကြောင့် PlayStation စက်စျေးနှုန်းများမြင့်တက်လျက်ရှိ

          ဗီဒီယိုဂိမ်းစက်များထုတ်လုပ်သည့် Sony ကုမ္ပဏီသည် သြဂုတ်လ၂၀ ရက်နေ့တွင် ပြောင်းလဲနေသော စီးပွားရေးအခြေအနေများကြောင့် အမေရိကန်နိုင်ငံတွင် PlayStation 5 စက် တစ်ခုလျှင် ဒေါ်လာ ၅၀ ခန့် မြင့်တက်လာကြောင်း ပြောကြားခဲ့ပါသည်။ အမေရိကန်နိုင်ငံသမ္မတ Donald Trump ၏ အခွန်တိုးမြင့်ကောက်ခံမှုကြောင့် အမေရိကန်နိုင်ငံသို့ တင်ပို့သောကုန်ပစ္စည်းများ ထုတ်လုပ်မှုတန်ဖိုးသည် မြင့်တက်လျက်ရှိပြီး ဂျပန်နိုင်ငံမှ Sony ကုမ္ပဏီသည် ၎င်း၏ သုံးစွဲသူများအတွက် သက်သာမှုရှိအောင် စီစဥ်ပေးလျက်ရှိကြောင်း သိရပါသည်။ အစောပိုင်းအခွန် ၂၅ ရာခိုင်နှုန်း တိူးမြှင့်ကောက်ခံမည်ဟု ခြိမ်းခြောက်မှုအပြီးတွင် ဂျပန်နိုင်ငံသည် Trump အာဏာပိုင် အဖွဲ့အစည်းနှင့် ၁၅ ရာခိုင်နှုန်းသာကောက်ခံရန် ညှိနှိုင်းခဲ့ကြောင်း သိရပါသည်။ PS 5 အတွက် စျေးနှုန်းအသစ်သည်‌ ဒေါ်လာ ၅၅၀ ခန့်ကျမည်ဖြစ်ပြီး digital edition အတွက် ဒေါ်လာ ၅၀၀ခန့်၊ ပရိုဗားရှင်းအတွက် ဒေါ်လာ ၇၅၀ ခန့် ကျမည်ဖြစ်ကြောင်း Sony ကုမ္ပဏီမှ အကြံပေးဆိုသူ Tomatis ၏ ပြောကြားချက်အရ သိရပါသည်။ မေလတွင် Sony သည်အကောက်ခွန်များပြောင်းလဲ ရန်မျှော်မှန်းထားခဲ့ပြီး ယခုနှစ် ဘဏ္ဍာနှစ်တွင် ၎င်း၏ ကုန်ကျစရိတ်သည်ဒေါ်လာ သန်း ၆၈၀ ခန့် ကုန်ကျမည်ဟု ခန့်မှန်းခဲ့ကြောင်း သိရပါသည်။ Sony နှင့်အလားတူ တစ်ခြားသော အမေရိကန် ကုမ္ပဏီများသည်လည်း အခက်အခဲများနှင့် ရင်ဆိုင်နေရပါသည်။ NewYork အခြေစိုက် အလှကုန်ပစ္စည်းထုတ်လုပ်သည့် Estee Lauder ကုမ္ပဏီသည် Trump ၏ အကောက်ခွန်တိုးမြင့်မှုကြောင့် ၂၀၂၆ ဘဏ္ဍာနှစ်တွင် ကုန်ကျစရိတ် ဒေါ်လာ သန်း ၁၀၀ ကျသင့်မည်ဟုခန့်မှန်းခဲ့ကြောင်း သိရပါသည်။ အလားတူ Pepsi ကုမ္ပဏီသည်လည်း အမေရိကန်နိုင်ငံ၏ ၁၀ ရာခိုင်နှုန်းအခွန် တိုးမြင့်ကောက်ခံမှုကြောင့် ၎င်း၏ ထုတ်ကုန်အအေးများ၏ စျေးနှုန်းများကို တိုးမြင့်မည်ဟု ပြောကြားခဲ့ပါသည်။ အချို့သောစီးပွားရေးလုပ်ငန်းများသည် ၎င်းတို့မျှော်မှန်းထားသည့် ကုန်ပစ္စည်းများကို အကောက်ခွန်မဲ့ဝယ်ယူမှုများရှိလာသဖြင့် ရင်ဆိုင်ဖြေရှင်းနိုင်ခဲ့သော်လည်း အခြားသူများသည် ၎င်းတို့၏ စားသုံးသူများထံမှ အပိုကုန်ကျစရိတ်များကိုတစ်ဆင့်လွှဲပြောင်းကာ ဖြေရှင်းနိုင်ခဲ့ကြောင်း သိရပါသည်။

Source: Philstar

DOCA (ရန်ကုန်)

ဗီယက်နမ်၏ဒူးရင်းသီးတင်ပို့မှု နာလံထူမှုအားကောင်း

        ဒေသခံများ၊ စီးပွားရေးလုပ်ငန်းများနှင့် လယ်သမားများ၏အားထုတ်မှုများနှင့်အတူ ဗီယက်နမ်၏ ဒူးရင်းသီးတင်ပို့မှုသည် ၂၀၂၅ ခုနှစ်မေလမှစ၍ နာလံထူမှုအားကောင်းခဲ့ပြီး အားကောင်းသောကြီးထွားမှုအဟုန်ကို ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရပါသည်။ စိုက်ပျိုးမွေးမြူရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန၏အဆိုအရ မေလ၊ ဇွန်လနှင့် ဇူလိုင်လတို့တွင် နိုင်ငံသည် တန်ချိန် ၂၀၇၀၀၀ ကျော်ရှိသော လတ်ဆတ်သောဒူးရင်းသီးများ တင်ပို့ခဲ့ကြောင်း သိရပါသည်။ ထိုပမာဏသည် ၂၀၂၅ ခုနှစ် ပထမ ၄ လထက် ဆယ်ဆကျော်များပြားခဲ့ကြောင်း သိရပါသည်။ ထို့ပြင် နိုင်ငံသည် တန်ချိန် ၁၆၀၀၀ နီးပါးရှိသော အေးခဲထားသောဒူးရင်းသီးများကိုလည်း တင်ပို့ခဲ့ကြောင်း သိရပါသည်။ တင်ပို့မှုဆက်လက်အရှိန်မြှင့်တင်ရန်အတွက် အပင်ထုတ်လုပ်ရေးနှင့် ကာကွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး Huynh Tan Dat က ဗီယက်နမ်သည် ဒူးရင်းသီး စိုက်ပျိုးသည့်ဧရိယာများတွင် cadmium contamination map တည်ထောင်ရန် စီစဉ်နေကြောင်း သိရပါသည်။ ၎င်းသည် အစားအစာဖူလုံရေး၊ တင်သွင်းသည့်ဈေးကွက်လိုအပ်ချက် ကိုက်ညီရေးနှင့် တင်ပို့မှုစဉ်ဆက်မပြတ်ကြီးထွားရေးတို့အတွက် အဓိကစီမံချက်ဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် ၎င်းသည် ဗီယက်နမ်ဒူးရင်းသီးများ တရုတ်နိုင်ငံတွင်တည်ရှိမှုကို ထိန်းသိမ်းရန်နှင့် အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဂျပန်နှင့် တောင်ကိုရီးယား အစရှိသည့် အဆင့်မြင့်ဈေးကွက်များသို့ ထိုးဖောက်ဝင်ရောက်ရန်အတွက် မရှိမဖြစ်လိုအပ်ချက်ဖြစ်ကြောင်း သိရပါသည်။ Dat က ရလဒ် အားလုံးသည် ဒစ်ဂျစ်တယ်စနစ်ဖြင့် စိုက်ခင်းဧရိယာစီမံခန့်ခွဲမှုစနစ်သို့ ဝင်ရောက်မည်ဖြစ်ပြီး အာဏာပိုင်များ၊ စီးပွားရေးသမားများနှင့် စိုက်ပျိုးရေးသမားများအတွက် သတင်းအချက်အလက်များ လွယ်ကူစွာရရှိစေနိုင်မည်ဖြစ်ကာ စွန့်စားရမှုများကို ကာကွယ်ပေးနိုင်ကြောင်း သိရပါသည်။ ထိုအစီအစဉ်များအပြင် အော်ဂဲနစ်မြေဩဇာအသုံးပြုခြင်း၊ မြေဆီလွှာ pH မြှင့်တင်ခြင်းနှင့် အပင်များမှ cadmium စုပ်ယူမှုကိုကန့်သတ်ပေးမည့် ဇီဝထုတ်ကုန်များအသုံးပြုခြင်း အစရှိသည့် သတ္ထုဓာတ်ပါဝင်မှုကိုလျှော့ချပေးမည့် မြေဆီလွှာတိုးတက်ရေးမော်ဒယ်များကို ဖော်ပြသွားမည်ဟု သိရှိရပါသည်။

 

Vietnam Plus

DOCA (ရန်ကုန်)                                                                            

တရုတ်နိုင်ငံက အာဆီယံအဖွဲ့အတွက် အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ် ရှိနေဆဲဖြစ်ဟုဆို

    တရုတ်နိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ)အတွက် အကြီးဆုံးကုန်သွယ်ဖက် နိုင်ငံအဖြစ် တည်ရှိနေဆဲ ဖြစ်ကြောင်း ကုန်သွယ်ရေးတာဝန်ရှိသူ တစ်ဦးက စက်တင်ဘာလ ၈ ရက် တွင် ပြောသည်။

     ယခုကဲ့သို့ တရုတ်နိုင်ငံက အာဆီယံအဖွဲ့အတွက် အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ် ရပ်တည်နေသည်မှာ ၁၆ နှစ်ရှိလာပြီဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူက ဆက်ပြောသည်။

     ယခုနှစ် ပထမခုနစ်လအတွင်း တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့တို့ကြား ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၅၉၇ ဘီလီယံအထိ ရှိကြောင်း၊ ထိုပမာဏသည် ယမန်နှစ်ကထက် ၈ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်းနှင့်တရုတ်နိုင်ငံ၏စုစုပေါင်းပြည်ပကုန်သွယ်မှုပမာဏအနက် ၁၆ ဒသမ ၇ ရာခိုင်နှုန်းရှိကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ယန်ဒေါင်းက ပြော ထားခြင်း ဖြစ်သည်။

    ထို့ပြင် ယခုနှစ်၏ ဇူလိုင်လကုန်အထိ တွက်ချက်မှုများအရ   တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ တို့ကြား အပြန်အလှန် ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ဘီလီယံ ၄၅၀ ကို ကျော် လွန်လာကြောင်း ယန်ဒေါင်းကဆက်ပြောသည်။

    တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံမှ ကုမ္ပဏီများအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အခြေခံ အဆောက်အဦဆိုင်ရာ စီမံကိန်းများအတွက် ချုပ်ဆိုထားသည့် စာချုပ်တန်ဖိုးမှာ ဒေါ်လာ ဘီလီယံ ၄၈၀ ရှိကြောင်း သိရသည်။    

DOCA(ပြည်ထောင်စုနယ်မြေ)

မလေးရှားနိုင်ငံမှတစ်ဆင့် ဟာလာဈေးကွက်များသို့တင်ပို့မှုတိုးချဲ့ရန် ဗီယက်နမ်စိတ်ဝင်စား

                ဗီယက်နမ်သည် ကမ္ဘာ့ဟာလာဈေးကွက်သို့ဝင်ရောက်ရန် မဟာဗျူဟာမြောက်ဂိတ်တံခါး တစ်ခုဟု ရှုမြင်ထားသည့် မလေးရှားမှတစ်ဆင့် ဟာလာဈေးကွက်များသို့တင်ပို့မှုအရှိန်မြှင့်တင်ရန် ကြိုးပမ်းနေကြောင်း ဟိုချီမင်းမြို့တွင် ကျင်းပခဲ့သည့် စီးပွားရေးဖိုရမ်တွင်ပြောကြားခဲ့ပါသည်။ ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်နှင့် မလေးရှားကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၁၄.၂ ဘီလီယံထိ ရောက်ရှိခဲ့ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်၏ပထမနှစ်ဝက်တွင် အပြန်အလှန်ကုန်သွယ်မှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇.၇ ဘီလီယံဖြင့် ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ မလေးရှား၏စားသုံးမှုအလေ့အထသည် ဗီယက်နမ် နှင့် နီးစပ်ပြီး အာဆီယံနှင့် CPTPP သဘောတူညီချက်များအောက်တွင် ကုန်သွယ်ရေးအတား အဆီးများနည်းပါးမှုကြောင့် ကြီးထွားရန်အတွက် သိသာထင်ရှားသောအခန်း ကဏ္ဍရှိနေကြောင်း တာဝန်ရှိသူများက ရှုမြင်ကြပါသည်။ ၂၀၃၀ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာဟာလာဈေးကွက်သည် အမေရိကန်ဒေါ်လာ ၅ ထရီလီယံထိရောက်ရှိပြီး မလေးရှား၏ ဝေစုမှာ အမေရိကန်ဒေါ်လာ ၁၁၃.၂ ဘီလီယံ ရှိရန်ခန့်မှန်းရကြောင်း သိရပါသည်။ မလေးရှားကုန်သွယ်မှုမြင့်တင်ရေးအေဂျင်စီ က ၎င်းတို့၏အဆင့်မြင့်စီးပွားရေးဝန်းကျင်ကို အသားပေးပြောကြားခဲ့ပြီး ဗီယက်နမ်လုပ်ငန်းများ အား၎င်းတို့၏ ကုန်သွယ်ရေးမိတ်ဖက် ၂၀၀ ကျော်ရှိသည့်ကွန်ယက်ကို ဝင်ရောက်ရန် ဖိတ်ခေါ်ခဲ့ ကြောင်း သိရပါသည်။ အစိုးရမဟာဗျူဟာပံ့ပိုးမှုဖြင့် ဗီယက်နမ်ဟာလာလုပ်ငန်းနယ်ပယ်သည် ၂၀၃၀ ခုနှစ်တွင် ယုံကြည်စိတ်ချရသော ကမ္ဘာလုံးဆိုင်ရာဟာလာအချက်အချာဖြစ်လာရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ ကျွမ်းကျင်သူများက ဗီယက်နမ်အား အဓိကဟာလာအသိ အမှတ်ပြုသူများနှင့် အပြန်အလှန်အသိအမှတ်ပြုသဘောတူညီချက်များရယူရန်နှင့် ဟာလာစက်မှု ဇုန်များနှင့် ထောက်ပံ့ပို့ဆောင်ရေးအချက်အချာများတည်ထောင်ကာ ဗီယက်နမ်ဟာလာအသိ အမှတ်ပြုအမှတ်တံဆိပ်များတည်ထောင်ရန် တိုက်တွန်းခဲ့ကြောင်း သိရပါသည်။ လူသားအရင်း အမြစ်လေ့ကျင့်ရေးနှင့် တက္ကသိုလ်-စက်မှုလုပ်ငန်း အားကောင်းသောချိတ်ဆက်မှုကိုလည်း အသားပေးရမည်ဟု သိရပါသည်။ Maybank မလေးရှား၏ ဟာလာထုတ်ကုန်ညွှန်ကြားရေးမှူး Shariza Abdul Rasheed က ဗီယက်နမ်၏ဟာလာအသိအမှတ်ပြုအေဂျင်စီကို မလေးရှား အစ္စလာမ်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာကအသိအမှတ်ပြုသည့်အတွက် မလေးရှား၏ဖြန့်ဖြူးမှုစနစ် သို့ ဝင်ရောက်ရန် လွယ်ကူစေနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ စီးပွားရေးလုပ်ငန်းများကိုလည်း အဓိကဟာလာကုန်သွယ်ရေးပွဲအခမ်းအနားများသို့ပူးပေါင်းရန် တိုက်တွန်းခဲ့ကြောင်း သိရပါသည်။ မလေးရှား၏ Salaam Market နှင့် စီးပွားရေးချိတ်ဆက်မှုပရိုဂရမ်များ အစရှိသည့် e-commerce ပလက်ဖောင်းများသည်လည်း ဗီယက်နမ်ထုတ်လုပ်သူများကို မလေးရှားမိတ်ဖက်များနှင့် ချိတ်ဆက်ကာ ၂၀၃၀ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်ရေးရည်မှန်းချက် အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံရရှိရန် ကူညီပေးနိုင်မည်ဟု သိရပါသည်။

Vietnam Plus 

DOCA (ရန်ကုန်)                                                                           

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ