Main menu

HighLight News

Powered by Drupal

ရေတာရှည်မြို့၊ ပြန်/ဆက်ရုံးစာဖတ်ဝိုင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး

  စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၇ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ရေတာရှည်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ပြုလုပ်သည့် စာဖတ်ဝိုင်းသို့တက်ရောက်လာကြသော စာပေဝါသနာရှင်များကို စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကို အသိပညာပေးဆွေးနွေးခဲ့ပါသည်။

  မြို့နယ်တာဝန်ခံက Commerce Journal အတွဲ(၂၂)၊ အမှတ် (၇) တွင်ပါရှိသည့် “စားသုံးသူအခွင့်အရေးပြည့်ဝစွာရရှိဖို့ ပြည်သူအားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြပါစို့” ခေါင်းစဉ်ပါ ဆောင်းပါးအချက်အလက်များကိုဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာကြသည့် စာပေဝါသနာရှင်များ၏သိလိုသည်များကို ပြန်လည်ရှင်းလင်း၍ဖြေကြားခဲ့ပါသည်။

 စာဖတ်ဝိုင်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်ကြူကြူခိုင်နှင့် စာပေဝါသနာရှင် ၈ဦးတို့တက်ရောက်ခဲ့ကြကြောင်း သိရပါသည်။

DOCA(ပဲခူး)

ပေါက်ခေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများကို စားသုံးသူအသိပညာပေးဆွေးနွေး

  စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင်အတွင်းရှိ ကျောင်းဆရာ၊ ဆရာမများမှတစ်ဆင့် ကျောင်းသားကျောင်းသူများ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးရည်ရွယ်၍ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများကို ပေါက်ခေါင်းမြို့၊ အ-ထ-က ကျောင်း၌ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၄) ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် စားသုံးသူအသိပညာပေးဆွေးနွေးဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။

  ဆွေးနွေးဟောပြောပွဲတွင် ပြည်ခရိုင်ဦးစီးမှူး ဦးမင်းဆွေက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူတို့၏အခွင့်အရေးများနှင့် လိုက်နာရမည့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားရေးသားဖော်ပြခြင်းဆိုင်ရာပြဋ္ဌာန်းချက်များနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခြင်းဆောင်ရွက်ခဲ့ပါသည်။

  အဆိုပါ ဆွေးနွေးဟောပြောပွဲသို့ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီး (၁၈၄) ဦးတက်ရောက်ခဲ့ကြပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များလည်းဝေငှပေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

                            

ပြည်ခရိုင်အတွင်းရှိ ကုန်ပစ္စည်းထုတ်လုပ်ရောင်းချသူများကို စားသုံးသူအသိပညာပေးဟောပြော

  စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင်အတွင်း ဈေးကွက်များတွင်ရောင်းချနေသော ကုန်စည်များ၏ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်မှုရှိစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက်ရည်ရွယ်၍ ကုန်ပစ္စည်းထုတ်လုပ်ရောင်းချနေသော စီးပွားရေးလုပ်ငန်းရှင်များကို ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့၊ နေ့လယ်ပိုင်းအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ စားသုံးသူအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

 ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး ဦးမင်းဆွေက စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စားသုံးသူတို့၏အခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်တို့လိုက်နာရမည့်ပြဋ္ဌာန်းချက်များ၊ ကုန်ပစ္စည်းများပေါ်တွင် ရေးသားဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားရေးသားဖော်ပြခြင်းဆိုင်ရာအချက်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်နိုင်သည့် ပြစ်မှုပြစ်ဒဏ်အကြောင်းတို့ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကာ တက်ရောက်လာကြသော စီးပွားရေးလုပ်ငန်းရှင်များ၏ သိရှိလိုသည်များကို ပြန်လည်မေးမြန်းမှုများအပေါ်  ရှင်းလင်းဆွေးနွေးခြင်းတို့ဆောင်ရွက်ခဲ့ကြပါသည်။

 အဆိုပါ ဆွေးနွေးပွဲသို့ လုပ်ငန်းရှင် (၂၀) ဦးတက်ရောက်ခဲ့ကြပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များလည်းဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

                                               

အုတ်တွင်းမြို့၊ ကသစ်တန်းရပ်ကွက်၊ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြော

 ကျောင်းသား၊ ကျောင်းသူများသိသင့်သိထိုက်သည့် အသိပညာဗဟုတများရရှိစေရန်အတွက် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၇ရက်နေ့ နံနက်ပိုင်းတွင် အုတ်တွင်းမြို့၊ ကသစ်တန်းရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်ပါသည်။

   ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်က စားသုံးသူအခွင့်အရေးနှင့်တာဝန်များသိရှိစေရန် စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်စေရန်နှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ဦးစီးဌာန၏ဆောင်ရွက်ချက်များကို ဟောပြောဆွေးနွေးခဲ့ပြီးနောက် အကြီးတန်းစာရေး ဒေါ်သင်းသင်းအေးက စားသုံးသူကာကွယ်ရေးဥပဒေတွင် ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားများဖော်ပြရန်ပြဋ္ဌာန်းချက်များ၊ ကုန်စည်များဝယ်ယူစားသောက်သုံးစွဲရာတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများဖော်ပြထားသော ကုန်စည်များကိုသာဝယ်ယူသုံးစွဲကြရန်တို့ကို ဟောပြောဆွေးနွေးခဲ့ပါသည်။

   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်ခင်ခင်မာက စာဖတ်ခြင်း၏အကျိုးကျေးဇူးများကို ဟောပြောဆွေးနွေးခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ ၁၆၂ဦးတက်ရောက်ခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)

 

အုတ်တွင်းမြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများဖြစ်ကြသော ဦးစောသန်းထိုက်ကျော်(ဌာနခွဲတာဝန်ခံ)နှင့် ဒေါ်အေးအေးခိုင်(မြို့နယ်တာဝန်ခံ)တို့သည် အုတ်တွင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စည်းကမ်းထိန်းသိမ်းရေး(၄) ဦးထွန်းအောင်ကျော်နှင့် အတူပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၇ရက်နေ့၊ နံနက်ပိုင်းတွင် အုတ်တွင်းမြို့၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

  ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အုတ်တွင်းမြို့၊ စည်ပင်သာယာဈေးရှေ့ရှိ ကုန်စုံဆိုင်ကြီးများဖြစ်ကြသော ဦးမြင့်ဦးကုန်စုံဆိုင်၊ ဝင်းသဇင်ကုန်စုံဆိုင်နှင့် မြဘုရင်ကုန်စုံဆိုင်ကြီးများ၌ရောင်းချနေသော စားသုံးဆီများနှင့်အသင့်စားခေါက်ဆွဲထုပ်များတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့်အညီ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများဖော်ပြထားခြင်းရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ဈေးကွက်စောင့်ကြည့်စစ်ဆေးစဉ် စစ်ဆေးရေးမှူးများက အရောင်းဆိုင်ပိုင်ရှင်များကို တရားမဝင်ဝင်ရောက်လာသောကုန်ပစ္စည်းများနှင့် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများဖော်ပြထားခြင်းမရှိသောကုန်ပစ္စည်းများရောင်းချခြင်းမပြုကြရန်  အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)

 

                                               

အုတ်တွင်းမြို့နယ်၊ အ-ထ-က(ခွဲ) ဘန့်ဘွေးကုန်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး ဟောပြော

  စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မူမူဝင်းဦးဆောင်သော ဝန်ထမ်းများနှင့်ပူးပေါင်းဆောင်ရွက်၍ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၆ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် အုတ်တွင်းမြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

    မြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်က စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာဝယ်ယူသုံးစွဲကြရန်လိုအပ်ကြောင်းနှင့် ကုန်စည်တွင်ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားများနှင့်အညီ လိုက်နာကြရန် အရေးကြီးပုံများကိုရှင်းလင်းပြောကြားခဲ့ပါသည်။

  ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မူမူဝင်းက မူးယစ်ဆေးဝါးအန္တရာယ်များကိုလည်းကောင်း၊ ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်ခင်ခင်မာက စာဖတ်ခြင်း၏အကျိုးကျေးဇူးများကိုလည်းကောင်း ဟောပြောခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ ၂၁၀ဦးတို့တက်ရောက်ခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

                            

တောင်ငူမြို့တွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

    ပဲခူးတိုင်းဒေသကြီး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် တောင်ငူခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSMEs) လုပ်ငန်းရှင်များတွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင်လ ၆ရက်နေ့၊ နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

  အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်က အဖွင့်မိတ်ဆက်စကားပြောကြားပြီးနောက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်မေသန်းနိုင်က အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံဖြိုးတိုးတက်လာစေရန်အတွက် MSMEs လုပ်ငန်းရှင်များအနေဖြင့် အသင့်ထုပ်ပိုးထားသောအစားအသောက်များ၏ အစားအသောက်သန့်ရှင်းရေးဆိုင်ရာအကြောင်းအရာများကိုလည်းကောင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိ (အစားအသောက်) ဒေါ်ဖြိုးဖြိုးပြည့်စုံက FDA ထောက်ခံချက်လက်မှတ်လျှောက်ထားနိုင်ရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

 ဆက်လက်၍ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးနေထွန်းဝင်းက စက်မှုမှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်နှင်းနန္ဒာလှိုင်က အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ထောက်ခံချက်လျှောက်ထားခြင်းဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

      ဆက်လက်၍ ရေတာရှည်မြို့နယ်မှ Light  House ကော်ဖီမှုန့်လုပ်ငန်းရှင် ဦးဇေယျာမင်း၊ အားသစ်ဂျုံခေါက်ဆွဲလုပ်ငန်းရှင် ဦးဇော်ဝင်းခိုင်နှင့် တောင်ငူမြို့နယ်မှ ရှယ်တောင်ကြီးမုန့်ဖတ်ခြောက်လုပ်ငန်းရှင် ဦးကျော်စွာတို့က သိရှိလိုသည်များကိုမေးမြန်းခဲ့ကြရာ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်မေသန်းနိုင်နှင့် သက်ဆိုင်ရာဌာနများမှ ခရိုင်ဦးစီးမှူးများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။

 ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမျိုးအောင်က စားသုံးသူလုံခြုံစိတ်ချရမှုရှိစေရေး အလေးထားဆောင်ရွက်ရေးကိုရှင်းလင်းဆွေးနွေးပြီးနောက် နိဂုံးချုပ်စကားပြောကြားကာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်ပါသည်။

  တွေ့ဆုံဆွေးနွေးပွဲသို့ တောင်ငူခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းကိုကို၊ တောင်ငူမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယဦးစီးမှူး ဒေါ်သိန်းသိန်းဌေးနှင့် တောင်ငူခရိုင်မှ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင် ၂၁ဦးတို့တက်ရောက်ခဲ့ကြကြောင်းသိရပါသည်။

DOCA(ပဲခူး)

တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် မိုးစပါးများစိုက်ပျိုးနေပြီဖြစ်

   တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် မိုးစပါးများကိုစတင်စိုက်ပျိုးနေပြီဖြစ်ပါသည်။ မနောသုခ၊ ဆင်းသုခ၊ ဗျော့ထွန်း၊ ရတနာစိုး၊ နယူးဧရာ စသည့်စပါးအမျိုးအစားများကိုစိုက်ပျိုးပြီး အဓိကအားဖြင့် ထိုင်းနှံကောက်စပါးမျိုးကို ပိုမိုစိုက်ပျိုးကြောင်းသိရပါသည်။

    မိုးစပါး(စိုက်ခင်း)၁ဧကအတွက် စပါးမျိုးမှာ ၁တင်းခွဲပျိုးထောင်ရပြီး ၆၀၀၀၀ကျပ်ကုန်ကျကြောင်းသိရပါသည်။ ပျိုးခင်းစတင်ထွန်ယက်ရာတွင် နွားနှစ်ရှဉ်းသုံးရပြီး ၃၀၀၀၀ကျပ်ကုန်ကျပါသည်။ ထိုသို့ထွန်ယက်ပြီးနောက် မျိုးစပါးများကိုပျိုးထောင်စိုက်ပျိုးရပါသည်။ စိုက်ပျိုးပြီး ၁၅ရက်ကြာလျှင် မြေဩဇာတစ်ကြိမ်စတင်ကြဲရပြီးနောက် ၂၂ရက်ကြာလျှင် ဒုတိယအကြိမ်၊ ၂၅ရက်ကြာလျှင် တတိယအကြိမ်ကြဲရကြောင်းသိရပါသည်။ မြေဩဇာ ၃ကြိမ်အတွက် ကုန်ကျငွေမှာ ၁၅၀၀၀ကျပ်ကုန်ကျပါသည်။

              ထို့နောက် ၁ဧကစိုက်ခင်းအတွက် နွားချေးလှည်း ၁စီးအသုံးပြုရပြီး ကုန်ကျငွေမှာ ၂၅၀၀၀ကျပ်ကျသင့်ပါသည်။ ထယ်ထိုး၊ ထွန်မွှေ၊ ကြမ်းတုံးရိုက် စုစုပေါင်းကုန်ကျစရိတ်မှာ ၁၃၅၀၀၀ကျပ်ကုန်ကျပါသည်။ ပျိုးနှုတ်ခမှာ ၁ဧကလျှင် လုပ်သားခ ၁၈၀၀၀ကျပ်ကျသင့်ပြီး ပျိုးပင်ထမ်းချရာတွင် လုပ်သားတစ်ဦးနှင့် ကောက်စိုက်လုပ်သားခဦးရေ ၁၁ဦးလျှင် ကုန်ကျငွေမှာ ၇၄၀၀၀ကျပ်ကျသင့်ကြောင်း အုတ်တွင်းမြို့နယ်ရှိ တောင်သူတစ်ဦးထံမှသိရှိရပါသည်။

DOCA(ပဲခူး)

ရေတာရှည်မြို့တွင် ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးဆေးဆိုင်များကို ကွင်းဆင်းစစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့နှင့်အတူ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၅ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ရေတာရှည်မြို့ရှိ ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးဆေးအရောင်းဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

 စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးဆေးများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ‌ဖော်ပြထားခြင်းရှိ/မရှိကိုလည်းကောင်း၊ အိုင်စီပီရွှေမည်းကုမ္ပဏီကထုတ်လုပ်သည့် မြင့်ပျံအမှတ်တံဆိပ်ဓာတ်မြေဩဇာများကို၊ တုပထားသည့်သဘောသက်ရောက်သည့် ဓာတ်မြေဩဇာများရောင်းချခြင်းရှိ/မရှိကိုလည်းကောင်း စစ်ဆေးကြည့်ရှုခဲ့ပြီး တရားမဝင်ဓာတ်မြေဩဇာများရောင်းချခြင်းသည် စားသုံးသူများကိုထိခိုက်နစ်နာစေသည့်ပြင် တရားမဝင်ကုန်သွယ်မှုပြုခြင်းလည်းဖြစ်၍ တရားမဝင်ကုန်စည်များကိုရောင်းချခြင်းမပြုရန် အသိပညာပေးခဲ့ပါသည်။

     ပူးပေါင်းအဖွဲ့တွင် ပါဝင်သည့်ဌာနဆိုင်ရာများအနေဖြင့်လည်း မိမိတို့ဌာနနှင့်သက်ဆိုင်သည်များကိုစစ်ဆေးပြီး အသိပညာပေးခဲ့ကြောင်းနှင့် ရေတာရှည်မြို့ရှိ ရွှေလမင်းစိုက်ပျိုးရေးဆေးဆိုင်၊ ရတနာဌေးစိုက်ပျိုးရေးဆေးဆိုင်၊ ရွှေရည်ဝင်းစိုက်ပျိုးရေးဆေးဆိုင်၊ ဒေါ်ခင်မာသီစိုက်ပျိုးရေး ဆေးဆိုင်များကိုစစ်ဆေးခဲ့ရာသက်ဆိုင်ရာဌာနဆိုင်ရာများ၏ဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားသည်ကိုတွေ့ရကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့နယ်၊ ခပေါင်းတိမ်ကျေးရွာတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြော

  တောင်ငူမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများကို သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ ဌာနဆိုင်ရာများပူးပေါင်းပြီး ကျေးရွာများသို့သွားရောက်ကာ သက်ဆိုင်ရာဌာနဆိုင်ရာများအလိုက် အသိပညာပေးဟောပြောခြင်းများဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်လည်း စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောမှုတို့ဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြပါသည်။

       စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၅ရက်နေ့၊ နေ့လယ်ပိုင်းအချိန်တွင် တောင်ငူမြို့နယ်၊ ခပေါင်းတိမ်ကျေးရွာဓမ္မာရုံ၌ ကျေးရွာနေပြည်သူများကို စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များကိုဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များရွေးချယ်ဝယ်ယူနိုင်ရေးနှင့် ကုန်စည်တွင်ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားနှင့်အညီ စားသောက်သုံးစွဲရေး၊ ကုန်စည်/ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ခြင်းများကို အကျယ်တဝင့်ဟောပြောဆွေးနွေးခဲ့ပါသည်။

 ထို့အတူ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငုဝါအေး၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်အင်ဂျင်နီယာ (ဆည်မြောင်းထိန်းသိမ်းရေး) ဦးသောင်းတင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာမြင့်နှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နီနီအေးတို့ကလည်း မိမိတို့နှင့် သက်ဆိုင်သည့်ဌာနဆိုင်ရာများအလိုက် အသိပညာပေးဟောပြောခဲ့ကြကြောင်းနှင့် ဟောပြောပွဲသို့ ခပေါင်းတိမ်ကျေးရွာမှ ကျေးလက်ပြည်သူ ၈၄ဦးတက်ရောက်ခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - HighLight News