Main menu

HighLight News

Powered by Drupal

ဖျာပုံမြို့၊ (၁၆) ရပ်ကွက်နေ ပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း

      ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ဖျာပုံမြို့၊ စားသုံးသူရေးရာဦးစီးဌာနရုံး၌ (၁၆)ရပ်ကွက်ရှိ ပြည်သူ(၁၀)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါအသိပညာပေးခြင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးမင်းဇော်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူတို့၏အခွင့်အရေးနှင့်တာဝန်များ၊ တားမြစ်ကုန်စည်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များအကြောင်း၊ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများကိုဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ စားသုံးသူများရွေးချယ်ဝယ်ယူခွင့်နှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက  တိုင်ကြားနိုင်သည့်စင်တာများဖွင့်လှစ်ထားရှိကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာနရုံးများသို့ လူကိုယ်တိုင်လာရောက်၍ဖြစ်စေ၊ ဖုန်းဖြင့် Call Center (1535) သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကန့်ဘလူမြို့နယ်တွင် ဆန်စက်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

    ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ရက်နေ့တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် (အငယ်တန်းစာရေး) တို့သည် ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ “သီရိရတနာ” ဆန်စက်လုပ်ငန်းသို့သွားရောက်ကွင်းဆင်း၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    အဆိုပါစီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးရာတွင် မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းက စားသုံးရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာ၌ အသိပညာ ပေးဟောပြောခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်းများဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် ဒေသတွင်း MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားပေးကူညီဆောင်ရွက်လျက်ရှိကြောင်း၊ MSMEs လုပ်ငန်းများ၏ လိုအပ်ချက်နှင့်အခက်အခဲများကို လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးကာ အထက်အဆင့်ဆင့်သို့တင်ပြပြီး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်က မိမိအနေဖြင့် သီးနှံပေါ်ချိန်မှသာ နဝလီကြိတ်ခွဲခြင်းဖြစ်ကြောင်း၊ ဒေသအခြေအနေနှင့် ဈေးနှုန်း၊ ဈေးကွက်ပေါ်မူတည်၍ ဝယ်ယူကြိတ်ခွဲခြင်းများလည်းရှိ‌ကြောင်း၊ ဆက်လက်၍ အလုပ်အကိုင်ဖန်တီးပေးနိုင်မှုနှင့် ဒေသတွင်းဖြစ်ပေါ်နေသည့် စပါး၊ ဆန်ဈေးနှုန်း၊ ဈေးကွက်အခြေအနေတို့ကို ဆွေးနွေးခဲ့ကြပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

                                               

ရွှေဘိုမြို့နယ်တွင် နွေစပါးနှင့် နွေသီးနှံစိုက်ပျိုးရန်အတွက် ဆည်ရေများစတင်ပေးဝေလျက်ရှိ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အနေဖြင့် ဆည်ရေရရှိသည့်အပေါ်မူတည်၍ မိုးစပါးနှင့် နွေစပါးများကို နှစ်စဉ်စိုက်ပျိုးလျက်ရှိပါသည်။ ယခုအချိန် (၂၀၂၃-၂၀၂၄) ခုနှစ်ထွက် စိုက်ပျိုးထားသော မိုးစပါးများကို (၁/၂၀၂၄)လကုန်တွင် ရိတ်သိမ်းပြီးစီးခဲ့ပြီဖြစ်ပြီး  (၂၀၂၃-၂၀၂၄) ခုနှစ်ထွက် နွေစပါးများစိုက်ပျိုးရမည့်အချိန်သို့ ရောက်ရှိလာပြီဖြစ်ပါသည်။ ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာနမှလည်း နွေစပါးနှင့်နွေတခြားသီးနှံများစိုက်ပျိုးရန်အတွက် သဖန်းဆိပ်ရေလှောင်တမံတွင် ဆည်ရေပေးဝေရန် ရေလုံလောက်မှုရှိကြောင်း၊ နွေတခြားသီးနှံစိုက်ပျိုးမည့်ကွင်းများကို အချိန်မီစိုက်ပျိုးနိုင်ရေး ဦးစားပေး၍ ရေပေးဝေမည်ဖြစ်ကြောင်းနှင့် တောင်သူဦးကြီးများသိရှိနိုင်ရန် ကြိုတင်အသိပေးကြေညာထားပြီးဖြစ်သည့်အပြင် ဆည်ရေများကို ဖေဖော်ဝါရီလ (၇)ရက်နေ့တွင် စတင်ပေးဝေခဲ့ကြောင်းသိရှိရပါသည်။       

      ရွှေဘိုခရိုင်ရှိ နွေစပါးနှင့်နွေသီးနှံများစိုက်ပျိုးကြမည့် တောင်သူဦးကြီးများမှာလည်း ဆည်ရေမရောက်ခင် လိုအပ်သည့်စိုက်ခင်းမြေပြုပြင်ခြင်းများကို ကြိုတင်ဆောင်ရွက်ကြသည့်အပြင် ရေဝင်သည်နှင့်တစ်ပြိုင်နက်  အချိန်မီစိုက်ပျိုးနိုင်ရန်လိုအပ်သည့် မြောင်းဖော်ခြင်း၊ ကန်သင်းပြင်ခြင်း၊ ထွန်ယက်မြေပြုပြင်ခြင်းများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း၊ ရွှေဘိုခရိုင်အနေဖြင့် (၂၀၂၂-၂၀၂၃) ခုနှစ်တွင် နွေစပါးမျိုးကွဲ (၇)မျိုးစိုက်ပျိုးခဲ့ပြီး မျိုးကွဲအလိုက် စိုက်ဧကမှာ (၈၁၀၄၈)ဧကဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏စာရင်းများအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ဆေးနှင့်ဆေးပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများအပြင်  စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များရှင်းလင်းဆွေးနွေးခြင်းများဆောင်ရွက်လျက်ရှိရာ (၁၃-၂-၂၀၂၄)ရက်နေ့၊  နံနက်(၁၁:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့နှင့် ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်(၁)ဆိုင်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ရွှေဘိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ်၊ (၂၁/၂၀၂၀) ဖြင့် Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံးကုန်ပစ္စည်းများအား ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း သို့မဟုတ် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းကိုတားမြစ်သည့် အမိန့်ကြော်ငြာစာကို ထုတ်ပြန်ထားပြီးဖြစ်သဖြင့် လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ယခုလအတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့က ကွင်းဆင်းစစ်ဆေးအသိပညာပေးရန် လမ်းညွှန်မှုပြုလာသဖြင့် ဈေးကွက်အတွင်းဆေးနှင့် ဆေးပစ္စည်းများဈေးနှုန်းမြှင့်တင်ရောင်းချမှုများမရှိစေရေးနှင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများမရှိစေရေး  ဆေးသိုလှောင်ထားသည့်နေရာများအား ကွင်းဆင်းစစ်ဆေးအသိပညာပေးခြင်းများကို  စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်များအားလုံး၌ ဆောင်ရွက်လျက်ရှိသဖြင့် ဆေးနှင့်ဆေးပစ္စည်းရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအားလုံးအနေဖြင့် လိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့မှုကို သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

“သန်လျင်မြို့နယ်၌ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆန်စပါးနှင့်ပဲမျိုးစုံတို့အား ပြည်တွင်းနှင့်ပြည်ပဈေးကွက်များသို့ တင်ပို့နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကျင်းပ”

    ဆောင်းသီးနှံပဲစိုက်တောင်သူများ၊ ပဲဝယ်ယူဖြန့်ဖြူးရောင်းချလျက်ရှိသော ပဲပွဲရုံမှတာဝန်ရှိသူများနှင့် သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများသည် ပဲတီစိမ်း၊ ပဲတီရွှေဝါနှင့် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲအား ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ သန်လျင်မြို့၊ အစည်းအဝေးခန်းမ၌  ၂၀၂၄ခုနှစ်၊ဖေဖော်ဝါရီလ (၂၀)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ကျင်းပခဲ့ကြောင်းသိရှိရပါသည်။

      အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးက ပဲစိုက်တောင်သူများအနေဖြင့် အရည်အသွေးကောင်းမွန်သော မျိုးကောင်းမျိုးသန့်ပဲမျိုးများကိုရွေးချယ်စိုက်ပျိုးကြရန်လိုအပ်ကြောင်း၊ သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်းမြို့နယ်များတွင် ပဲစိုက်ပျိုးဖြစ်ထွန်းမှုအောင်မြင်နေခြင်းမှာ သက်ဆိုင်ရာဌာနများမှ စိုက်ပျိုးထုတ်လုပ်ဝယ်ယူဖြန့်ဖြူးနေကြသောကုမ္ပဏီများ၊ ပဲစိုက်တောင်သူများနှင့်ပူးပေါင်းဆောင်ရွက်ခြင်းကြောင့်ဖြစ်ကြောင်း၊ မိရိုးဖလာနည်းစနစ်များအစား အဆင့်မြင့်လယ်ယာဖော်ထုတ်ဆောင်ရွက်ခြင်းကြောင့် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ ပဲတီစိမ်း(ပဲတီရွှေဝါ)သည် EU နိုင်ငံများ၊ ဂျပန်နိုင်ငံ၊ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံများသို့ တင်ပို့နိုင်ခဲ့သည်မှာ ဂုဏ်ယူစရာပင်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုမှလည်း ပဲစိုက်တောင်သူများအနေဖြင့် အဓိကပြဿနာဖြစ်သော ပြည်တွင်း/ပြည်ပဈေးကွက်များအတွင်း ရောင်းချရာတွင် ပိုးသတ်ဆေးဓာတ်ကြွင်း၊ ဓာတ်ကျန်များဖြစ်ပေါ်ရသည့်အချက်များမှာ ပိုးသတ်ဆေးသုံးစွဲပုံနည်းလမ်းမမှန်ကန်ခြင်းများကြောင့် အဓိကဖြစ်ကြောင်း၊ မှတ်ပုံတင်ထားသော ပိုးသတ်ဆေးများကိုသာ စနစ်တကျသုံးစွဲသင့်ကြောင်းနှင့် ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုနှင့်သက်ဆိုင်သော ကိစ္စရပ်များအကျယ်တဝင့်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးကလည်း ရန်ကုန်တိုင်းတွင် စိုက်ပျိုးမှုအများဆုံးဖြစ်သော သန်လျင်ခရိုင်အတွင်းရှိ ပဲစိုက်တောင်သူများအနေဖြင့် ပဲတီစိမ်း(ပဲတီရွှေဝါ) ပဲမျိုးစုံနှင့် ဆောင်းစပါးစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ အခက်အခဲများကို ဝိုင်းဝန်းဖြေရှင်းဆောင်ရွက်သွားနိုင်ရေးနှင့် ထွက်ရှိလာသောဆောင်းသီးနှံများ အရည်အသွေးကောင်းမွန်စေရေး၊ မှန်ကန်သောဈေးကွက်များနှင့်ချိတ်ဆက်ပေးနိုင်ရေးတို့အား မိမိတို့ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး ပဲစိုက်တောင်သူများ၏ ဆွေးနွေးတင်ပြခြင်းများနှင့် ၎င်းတို့၏ ဆွေးနွေးတင်ပြချက်များအပေါ် သက်ဆိုင်ရာဦးစီးဌာနများက ပြန်လည်ဖြည့်စွက်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။      

DOCA(ရန်ကုန်)        

“ကော့မှူးမြို့နယ်၌ စားအုန်းဆီဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းအား စိစစ်ကြပ်မတ်ဆောင်ရွက်သွားရန် သက်ဆိုင်ရာဌာနများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ”

      မြန်မာနိုင်ငံဆီကုန်သည်များအသင်းမှ ရောင်းချခွင့်ပေးထားသည့် စားအုန်းဆီလက်လီ/ လက်ကားအရောင်းဆိုင်ကိုယ်စားလှယ်များနှင့် စားအုန်းဆီတရားမဝင်သိုလှောင်ဖြန့်ဖြူး၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် ကျင်းပခဲ့ကြောင်းသိရသည်၊၊

    အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကော့မှူးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဒေဝက ကော့မှူးမြို့နယ်တွင် လက်လီ/ လက်ကားရောင်းချခွင့်ရရှိထားသည့်  ဆီအရောင်းကိုယ်စားလှယ်များအနေဖြင့် မိမိတို့ထုတ်ယူရရှိသည့် ဆီခွဲတမ်းများကို စားသုံးသူတို့အား  ဖြန့်ဖြူးရောင်းချရာ၌ နိုင်ငံတော်မှ သတ်မှတ်ထားသော ရည်ညွှန်းဈေးကိုအခြေခံ၍ သယ်ယူစရိတ်ပါ နှစ်ရာခိုင်နှုန်းအမြတ်ယူပြီး ဖြန့်ဖြူးရောင်းချကြရန်နှင့် တရားမဝင်သိုလှောင်ဖြန့်ဖြူး/ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုလုပ်ကြရန် ရှင်းလင်းပြောကြားဆွေးနွေးခဲ့ပါသည်။ ၎င်းနောက် စားသုံးသူရေးဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကိုဖွဲ့စည်းကာ စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင်  ဖြစ်ပေါ်နေသည့်ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ၊ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံ လက်ကားရည်ညွှန်းဈေးကို အပတ်စဉ်တနင်္လာနေ့တိုင်းတွင် ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများမပြုလုပ်စေရေး၊ ဈေးကွက်အတွင်း စားအုန်းဆီ လက်လီ/လက်ကားဖြန့်ဖြူးရောင်းချမှုများကို ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးမှူးရုံးအနေဖြင့် စဉ်ဆက်မပြတ် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ အချိန်နှင့်အမျှ နေ့စဉ်ကွင်းဆင်းစိစစ်ကြပ်မတ်စစ်ဆေးဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားထားပြီးဖြစ်ကြောင်း ရှင်းလင်းပြောကြားဆွေးနွေးခဲ့သည်ဟုသိရသည်၊၊

   လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာန၊ အမှုဆေညင်အရာရှိနှင့် ဈေးတာဝန်ခံ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် စားအုန်းဆီကိုယ်စားလှယ်များတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်၊၊

DOCA(ရန်ကုန်)

“ကော့မှူးမြို့နယ်၊ ဈေးကွက်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းဆက်စပ်ပစ္စည်းဈေးနှုန်းအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း”

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် ဆေးနှင့်ဆေးပစ္စည်းဆက်စပ်ပစ္စည်းများဝယ်ယူသုံးစွဲသူများ အဆင်ပြေရန်ရည်ရွယ်၍ စည်ပင်သာယာမြို့မဈေးအတွင်း/အပြင် နှင့် ရပ်ကွက်များ၌ ရောင်းချလျက်ရှိသောဆေးဆိုင်နှင့် ဆေးစတိုးဆိုင်များအား ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်နေ့၊ နံနက် (၁၁း၃၀) နာရီအချိန်တွင်  လုပ်ငန်းရှင်ဆေးဆိုင်ပိုင်ရှင်များနှင့် သွားရောက်တွေ့ဆုံပြီး ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်၊၊

   ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဈေးတာဝန်ခံ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ပူးပေါင်းအဖွဲ့သည် စည်ပင်သာယာမြို့မဈေးအတွင်းအပြင်နှင့် ဗိုလ်ချုပ်လမ်းမကြီး၊ မြို့မရပ်ကွက်၊ မကျီးတန်းရပ်ကွက်များရှိ ဆေးနှင့်စတိုးဆိုင်၊ ဆေးဆိုင်များမှ ဆိုင်ပိုင်ရှင်လုပ်ငန်းရှင်များနှင့် သွားရောက်တွေ့ဆုံပြီး ကိုဗစ်-၁၉ ရောဂါကုသရာတွင်အသုံးပြုသည့် ဆက်စပ်ဆေးပစ္စည်းများနှင့် တခြားဆေးနှင့် ဆေးပစ္စည်းများကို ဈေးကွက်အတွင်း ဝယ်ယူဖြန့်ဖြူးရောင်းချရာတွင် ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများမပြုလုပ်ကြရန်နှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ခွင့်ပြုချက်မပါရှိသော တရားမဝင်ဆေးဝါးများ၊ သက်တမ်းလွန်နေသော ဆေးဝါးများအား အဆိုပါဆေးဆိုင်များတွင်  ဖြန့်ဖြူးရောင်းချခြင်းမပြုလုပ်ကြရန်၊ ကုန်ညွှန်းအမှတ်အသားဖော်ပြချက်ပြည့်စုံစွာပါရှိသော ဆေးဝါးများကိုသာရောင်းချကြရန်နှင့် စားသုံးသူပြည်သူများအတွက် အဓိကကျသော  ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆေးဝါးများ ဈေးကွက်အတွင်း ပြတ်လပ်မှုမျိုးမဖြစ်စေရန် အထူးဂရုပြုစေလိုကြောင်း အသိပညာပေးပြောကြားခဲ့ကာ ဆေးနှင့်ဆေးပစ္စည်းဆက်စပ်ပစ္စည်းဈေးနှုန်းအခြေအနေများအား မေးမြန်းစုံစမ်းခဲ့ပြီး ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်၊၊

DOCA(ရန်ကုန်)

ဈေးကွက်အတွင်းရှိ ကုန်စုံဆိုင်များသို့သွားရောက်၍ စားအုန်းဆီလက်လီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဦး ဒုဦးစီးမှူးအပါအဝင် ဝန်ထမ်း (၄) ဦးတို့သည် (၂၂-၂-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၄၀)နာရီအချိန်တွင် လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ (၁၂)ရပ်ကွက်ရှိ စားအုန်းဆီလက်လီရောင်းချနေသော ကုန်စုံဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးခဲ့ရာတွင် (၁၂)ရပ်ကွက်ဥက္ကဋ္ဌ ဦးအောင်သန်းပါ အဖွဲ့ဝင်များလိုက်ပါလျက် ပဲခူးလမ်းမကြီးပေါ်ရှိ လက်လီရောင်းချနေသော ဒေါ်နီနီဝင်း(ကုန်စုံဆိုင်)၊ ဒေါ်သူဇာ (ကုန်စုံဆိုင်)၊ ဦးကြည်(ကုန်စုံဆိုင်)နှင့် ဒေါ်မြမြ(ကုန်စုံဆိုင်)တို့တွင် နေ့စဉ်ထုတ်ယူလျက်ရှိသော စားအုန်းဆီများကို စားသုံးသူတစ်ဦးလျှင် (၅)ကျပ်သားမှ (၅၀)သားအထိရောင်းချပေးလျက်ရှိကြောင်း၊ ၎င်းတို့ရောင်းချသော ဈေးနှုန်းမှာလည်း လက်ကားဈေးနှုန်းကို (၂) ရာခိုင်နှုန်းအမြတ်တင်၍ရောင်းချကြောင်း၊ တစ်နေ့ထုတ်ယူသောဆီများကို တစ်နေ့ကုန်အောင်ရောင်းချကြောင်း၊ ဆီလက်ကျန်မထားရှိကြောင်း၊ စားသုံးသူပြည်သူများအနေဖြင့်လည်း ယခင်က (၃၀)သား၊ (၅၀)သားဝယ်စား၍မရသောကြောင့်  အဆင်မပြေဖြစ်ခဲ့ရပြီး ယခုအခါတွင်မူ ဝယ်ယူ၍ရသောကြောင့် အဆင်ပြေကြောင်းသိရှိရပြီး မိမိတို့ဌာနအနေဖြင့်လည်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်နှင့် သိုလှောင်ထားခြင်းများမပြုလုပ်ရန်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

လော်ပန်ဘီစကစ်စက်ရုံ၌ စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေး

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း (ဦးစီးမှူး) ဦးဆောင်၍ ဝန်ထမ်း(၄)ဦးတို့သည် (၁၉-၂-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် အမှတ်(၁၂၃)၊ ဘုရင့်နောင်လမ်း၊ ရွှေပြည်သာစက်မှုဇုန်(၄)၊ အင်းစိန်မြို့နယ်ရှိ လော်ပန်ဘီစကစ်နှင့် ကွတ်ကီးစက်ရုံသို့သွားရောက်ကာ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

     ထိုသို့ဟောပြောဆွေးနွေးရာတွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ခိုင်ရွှေ (ဒု-ကြီးကြပ်ရေးမှူး) က ဌာန၏ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်တာဝန်များ၊ စားသုံးသူကာကွယ်ရေး ပေါ်ပေါက်လာပုံ၊ ဦးစီးဌာနအဆင့်ဆင့်ဖြစ်ပေါ်လာပုံ၊ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေ၌ အခန်း(၂၅)ခန်း၊  ပုဒ်မ(၈၄)ခု၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အခန်း(၁၈)၊ ပုဒ်မ(၄၁)မှ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်များ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ထုတ်လုပ်သည့်စက်ရုံအတွင်း/အပြင်၊ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး ကောင်းမွန်သောထုတ်လုပ်မှုစနစ်နှင့်အညီ ထုတ်လုပ်စေရေးအတွက် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းများအကြောင်း၊ တားမြစ်ချက်များအကြောင်း၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်း၊  စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက လူကိုယ်တိုင်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ Facebook Page၊ Website နှင့် Call Center (1535) သို့လည်းဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ပါသည်။

        အဆိုပါဟောပြောပွဲသို့ လော်ပန်ဘီစကစ်စက်ရုံရှိ စက်ရုံမန်နေဂျာနှင့်အတူ (၁၉)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

မြို့မဈေးအတွင်း စားသုံးသူကာကွယ်ရေးဟောပြောဆွေးနွေး

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ တိုက်ကြီးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်ဌေး၊ ရုံးအုပ်ပါ (၂)ဦးတို့သည် မြို့မဈေးရှိ ဈေးရုံးခန်းမတွင် ဈေးသူ/ ဈေးသားများအား စားသုံးသူကာကွယ်ရေးဟောပြောဆွေးနွေးခဲ့ပါသည်။

    ထိုသို့ဟောပြောဆွေးနွေးရာတွင် တိုက်ကြီးမြို့နယ် တာဝန်ခံ ဒေါ်တင်တင်ဌေးက စားသုံးသူဝယ်ယူသုံးစွဲမှုအဆင်ပြေစေရေး၊ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်များအပေါ် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြား ဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြမှုတွင်ပါဝင်သော ကုန်ပစ္စည်းများရောင်းချစေရန်လိုအပ်ကြောင်း အဓိကဟောပြောဆွေးနွေးခဲ့ပြီး ဈေးကွက်အတွင်း ဆေးနှင့်ဆေးပစ္စည်းများကိုလည်း ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရန်အတွက် အချိန်နှင့်တပြေးညီ သက်ဆိုင်ရာဌာနများနှင့်အတူ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ စားသုံးသူပြည်သူများအပေါ်  အဓိကအလေးထားဆောင်ရွက်လျက်ရှိကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။        

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News