Main menu

HighLight News

Powered by Drupal

ကန့်ဘလူမြို့ရှိ “ပြည့်စုံဝင်း”ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စေရေး ကွင်းဆင်းဆောင်ရွက်ပေး

   “ထုတ်ကုန်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း စားသုံးသူများအတွက် ကုန်အညွှန်အမှတ်အသားများပြည့်စုံသော ကုန်စည်များကိုပိုမိုရွေးချယ်နိုင်စေရန် စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် ဒေသတွင်းရှိ MSMEs လုပ်ငန်းများသို့သွားရောက်၍ လစဉ် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်။

      ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၈ရက်နေ့တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်းတစ်ဦးတို့သည် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “ပြည့်စုံဝင်း”ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း စသည်တို့နှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခဲ့ရာ စီးပွားရေးလုပ်ငန်းရှင်ကလည်း သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ပြီး စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့၏မုန့်များပေါ်တွင် ထည့်သွင်းဖော်ပြမည့် ကုန်အညွှန်အမှတ်အသားများနှင့်စပ်လျဉ်း၍ ပြည့်စုံမှန်ကန်မှုရှိ/မရှိ စိစစ်ပေးနိုင်ပါရန် တင်ပြလျှောက်ထားလာကြောင်း၊ အခြားသော MSMEs လုပ်ငန်းများကိုလည်း ကုန်အညွှန်အမှတ်အသားပြည့်စုံမှန်ကန်စေရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

           

ကျွန်းလှမြို့၊ ကုန်စုံဆိုင်များရှိ စားသုံးဆအမျိုးမျိုးကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့်  စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ ကျွန်းလှမြို့နယ်တာဝန်ခံ (အကြီးတန်းစာရေး) ဒေါ်ဝေဝေအောင်သည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(၁၀)ရက်နေ့၊ နေ့လယ် (၁၂း၀၀)နာရီအချိန်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်အတွင်းရှိ ဦးနိုင်မျိုးလတ်+ ဒေါ်ဝင်းရွှေ  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်နှင့် ဦးအောင်သန်းဦးကုန်စုံဆိုင်တို့ရှိ   စားသုံးဆီများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     အဆိုပါ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင်ရောင်းချသည့် စားသုံးဆီများအား ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိ/ မရှိ၊ ကုန်အညွှန်း အမှတ်အသားများပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိနှင့် သက်တမ်းလွန်ကုန်စည်များရောင်းချနေခြင်းရှိ / မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ   Goody ဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ)ဘူးများတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသည့် ကုန်စည်များကိုသာတွေ့ရှိရကာ ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့် အချက်များနှင့်ကိုက်ညီမှုရှိပြီး သက်တမ်းလွန်စားသောက်ကုန်များကို ရောင်းချမှုမရှိသော်လည်း ရောင်းချသည့်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိရောင်းချသည့်ကုန်စည်နှင့်စပ်လျဉ်း၍ တာဝန်ရှိမှုကိုနားလည်သိရှိစေရန် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊  အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာထည့်သွင်ဖော်ပြ၍ ထုတ်လုပ်ဖြန့်ဖြူးသည့် ကုန်ပစ္စည်များကိုသာရောင်းချကြရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန၏ အတည်ပြုချက်ရယူနိုင်ရေး ဆောင်ရွက်ကြရန်နှင့် ယခုအချိန်ကာလတွင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကုန်အညွှန်းအမှတ်အသားလျှောက်ထားရာတွင် အခမဲ့ကူညီဆောင်ရွက်ပေးကြောင်း၊ ၎င်းနောက် ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် လိုက်နာရမည့်အချက်များအကြောင်းကို အသိပညာပေးဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

အိမ်ဆောက်ပစ္စည်းအမျိုးမျိုးနှင့် ကုန်မာဆိုင်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိရာ (၉-၁-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၄:၃၀)နာရီအချိန်တွင် ရွှေဘိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ အိမ်ဆောက်ပစ္စည်းအမျိုးမျိုးနှင့် ကုန်မာဆိုင်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ထိုသို့တွေ့ဆုံရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပြည်ပနိုင်ငံများမှတင်သွင်း၍လည်းကောင်း၊ ပြည်တွင်း၌ ထုတ်လုပ်၍လည်းကောင်း ဈေးကွက်အတွင်း ရောင်းလျက်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်းလုံးများဖြစ်သည့် HRB-500၊ HRB-400 အမျိုးအစားများနှင့် လုပ်ငန်းသုံးသံမဏိများဖြစ်သည့်  H-Beam၊ I-Beamနှင့် Hollow များရောင်းချမှုအခြေအနေများကိုစိစစ်ရာ အဆိုပါဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများအနေဖြင့် ပြည်ပ(တရုတ်နိုင်ငံ) နှင့် ပြည်တွင်း(ရန်ကုန်)မှထုတ်လုပ်သော ပစ္စည်းများကိုရောင်းချလျက်ရှိကြောင်း၊ ပြည်တွင်း/ပြည်ပဈေးနှုန်းများမှာ ကွာခြားမှုအနည်းငယ်သာရှိပြီး အရည်အသွေးမှာ ပြည်ပမှပစ္စည်းသည် ပြည်တွင်းထက် အရည်အသွေးကောင်းသဖြင့် ပြည်ပနိုင်ငံထုတ်သာအရောင်းများကြောင်း၊ ရောင်းချရာတွင် တန်အလိုက် ရောင်းချရမှုမရှိဘဲ အချောင်းလိုက်သာရောင်းချရကြောင်း၊ ယခုလက်ရှိအချိန်တွင် အရောင်းအဝယ်အေးနေကြောင်းသိရှိရသဖြင့် ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ပုဒ်မ-၂၃၊ ၂၄နှင့် ၂၅ပါ အချက်များနှင့်  ဌာနနှင့်သက်ဆိုင်သောအကြောင်းများကို မေးမြန်းစုံစမ်း နိုင်သည့် Consumer Call Center အကြောင်းများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကော့သောင်းမြို့၊ မူလွန်ကြေးနန်းဝင်းစာသင်ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းနှင့် ကျောင်းမုန့်ဈေးတန်းများအား ကွင်းဆင်းစစ်ဆေး

  ကော့သောင်းမြို့၊ မူလွန်ကြေးနန်းဝင်းစာသင်ကျောင်း၌  ကော့သောင်းခရိုင်၊ စားသုံးသူကာကွယ်ရေးဦးစီးဌာနမှ ဒေါ်မြသီတာ(ဦးစီးအရာရှိ) သည်  ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၁၅ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာလျှင် တောင်းဆိုနိုင်သည့်နည်းလမ်းများအကြောင်းကို ဟောပြောပို့ချခဲ့ပြီး ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်မေဇင်ဦး(ဦးစီးအရာရှိ)သည် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ် အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ပါသည်ဟုသိရှိရပါသည်။ ထို့နောက် မူလွန်ကြေးနန်းဝင်းစာသင်ကျောင်းရှိ ကျောင်းမုန့်ဈေးတန်းများအား သက်တန်းလွန်စားသောက်ကုန်များနှင့် စားသုံးရန်မသင့်သော စားသောက်ကုန်များအားစစ်ဆေးခဲ့ပြီးနောက် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသော စားသောက်ကုန်များနှင့် ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များကိုသာရောင်းချရန် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

ဆိပ်ဖြူမြို့နယ်၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုတို့ဖြင့် စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကိုကာကွယ်ရန်အတွက် ရည်ရွယ်၍ ဆိပ်ဖြူမြို့နယ်တွင် တာဝန်ထမ်းဆောင်နေသော ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်တင်မာရီတိုသည် မြို့နယ်ကြက်ခြေနီအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ (၈-၁-၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ တောင်ငယ်လုံးကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ဆရာ/ဆရာမ (၈)ဦး၊ ကျောင်းသား/ကျောင်းသူ(၄၀)ဦးတို့အား  စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

     ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက ကြိုဆိုနှုတ်ခွန်းဆက်အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဦးစီးအရာရှိ ဦးဇော်နေလင်းက ဌာန၏သမိုင်းကြောင်း၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်းကို ရှင်းလင်းခဲ့ပါသည်။

     ဆက်လက်၍  စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၉)ပါ စားသုံးသူများရရှိနိုင်မည့်အခွင့်အရေးများနှင့် လိုက်နာရမည့်တာဝန်များ၊ စားသုံးသူအခွင့်အရေးဦးစားပေးရန်မှာ အလွန်အရေးကြီးသောကြောင့် ယခုလိုအသိပညာပေးရခြင်းဖြစ်ကြောင်း၊ အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုရရှိခွင့်မှာ အရေးကြီးကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုရာတွင် သတင်းအချက်အလက်မှန်ကန်ပြည့်စုံစွာရရှိရန်လိုအပ်ကြောင်း၊ စိတ်ကြိုက်ရွေးချယ်ဝယ်ယူခွင့်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်ကိုက်ညီသည့် ကုန်စည်များကို စိစစ်ရွေးချယ်ဝယ်ယူစေလိုကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

     ၎င်းနောက် ဒုတိယဦးစီးမှူး ဒေါ်တင်မာရီက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်စည်များတွင်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများကို နမူနာပစ္စည်းများပြသ၍ ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းခဲ့ပြီးနောက် ယခုကဲ့သို့ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာမပါလျှင် ဝယ်ယူစားသောက်ရောင်းချခြင်းမပြုစေလိုကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှသာလျှင် ဝယ်ယူသုံးစွဲစေလိုကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့ပြင် ကုန်စည်နှင့်ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောရေးဆိုခွင့်၊ တိုင်ကြားနိုင်ခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များနှင့် CICC ရုံးများဖွင့်လှစ်ထားရှိပြီးဖြစ်၍ နစ်နာသည့်စားသုံးသူများက တိုင်ကြားနိုင်ကြောင်း၊ DOCA Website၊  Facebook စာမျက်နှာ၊ DOCA Myanmar Mobile Application နှင့်  Consumer Call Center No. (1535)တို့တွင် တိုင်ကြားနိုင်ကြောင်းတို့ကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ မြို့နယ်ကြက်ခြေနီအသင်းဝင် ဦးမောင်မောင်ဝင်းuလည်း ကြက်ခြေနီအကြောင်း သိကောင်းစရာအချက်အလက်များနှင့် ခွေးရူးပြန်ရောဂါကာကွယ်ရေးအချက်အလက်များကို ရှင်းလင်းအသိပညာပေးခဲ့ကြောင်းသိရှိရပါသည်။

  နိဂုံးချုပ်အနေဖြင့် မြို့နယ်တာဝန်ခံ ဦးဇော်နေလင်းက ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများအား သိလိုသည်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ဆင်ပေါင်ဝဲမြို့နယ်၊ မြို့မစည်ပင်သာယာဈေးအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊  မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တာဝန်ခံသည် တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် စားသုံးသူပြည်သူများ ‌ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် ကုန်စည်များရောင်းချစေရေး၊ သက်တမ်းလွန်ကုန်စည်များရောင်းချမှုမရှိစေရေးရည်ရွယ်ချက်ဖြင့် လစဉ် ဆောင်ရွက်လျက်ရှိရာ (၅-၁-၂၀၂၄) ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် ဆင်ပေါင်ဝဲမြို့နယ်< မြို့မစည်ပင်သာယာ‌ဈေးအတွင်းရှိ ကုန်စုံနှင့်စတိုးဆိုင်များ၌ စားသုံးရန်မသင့်ဟုထုတ်ပြန်ထားသည့် တော်ဝင်အမှတ်တံဆိပ်ပါ သစ်သီးယိုစုံရောင်းချမှုရှိ/မရှိ  မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

   ထို့သို့ကွင်းဆင်းစစ်ဆေးခဲ့ရာ စားသုံးရန်မသင့်ဟုထုတ်ပြန်ထားသည့် တော်ဝင်အမှတ်တံဆိပ်ပါ သစ်သီးယိုစုံကို ရောင်းချခြင်းမရှိကြောင်းတွေ့ရှိရပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တရားမဝင်ကုန်စည်များရောင်းချခြင်းမပြုရန်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးစည်းကမ်းများကိုလိုက်နာရန်နှင့် ယခုအချိန်အခါသည် ပွင့်လင်းရာသီဖြစ်သည့်အတွက် မီးဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်ရန်လိုအပ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးနိုင်ဦးကလည်း ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် ကုန်စည်များကိုသာရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြပါရှိရမည့် ကုန်စည်အုပ်စု(၈)အုပ်စုအကြောင်းကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

သရက်မြို့အတွင်းရှိ ပဲကြော်လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

    စားသုံးသူရေးရာဦးစီးဌာန၊  မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်တာဝန်ခံ ဦးအုန်းမြင့်(ဦးစီးမှူး)သည် မင်းတုန်းမြို့နယ်တာဝန်ခံ၊ ကံမမြို့နယ်တာဝန်ခံတို့နှင့်အတူ မိတ်ဖက် ဌာနများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ လစဉ် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းရေး၊ ကုန်စည်များလုံခြုံစိတ်ချရမှုရရှိစေရေး ပြုလုပ်ဆောင်ရွက်လျက်ရှိရာ (၃-၁-၂၀၂၄)ရက်နေ့၊ နံနက်(၀၈း၃၀)နာရီအချိန်တွင် သရက်မြို့၊ မြို့မစည်ပင်ဈေးအတွင်းရှိ ကုန်စုံဆိုင်များ၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် ကုန်စည်များရောင်းချခြင်းရှိ/မရှိ၊ သက်တမ်းလွန်ကုန်စည်များရောင်းချမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ DOOWEE အမှတ်တံဆိပ်ပါ ချောကလက်ဒိုးနတ် အသင့်စားမုန့်အား ရှောင်တခင်စစ်ဆေးခဲ့ရာ တွင်ကုန်အညွှန်းအမှတ်အသားများပြည့်စုံကြောင်းတွေ့ရှိရပြီး အခြားကုန်စည်များကိုလည်း လိုက်လံစစ်ဆေးခဲ့ရာ သက်တမ်းလွန်ကုန်စည်များရောင်းချခြင်းမရှိကြောင်း တွေ့ရှိခဲ့ရပါသည်။

     ထို့နောက် မင်းတုန်းတာဝန်ခံနှင့်အတူ မြခဲတောင်ဘုရားအနီးရှိ ရွှေကမ္ဘာပဲကြော်လုပ်ငန်း၊ အနောက်တောင်၊ အောင်သီရိရပ်ကွက်ရှိ ရွှေပန်ဒါပဲကြော်လုပ်ငန်းနှင့် ဇာမဏီပဲကြော်လုပ်ငန်းများသို့သွားရောက်၍ လုပ်ငန်းရှင်(၃)ဦးနှင့်တွေ့ဆုံကာ မိမိတို့၏ ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ရောင်းချလျက်ရှိရာ ယခုအခါ၌ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်းဖော်ပြပေးစေလိုကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အခန်း(၁၈)၊ ပုဒ်မ(၄၁)တွင်လည်း ကုန်အညွှန်းအမှတ်အသားဆိုင်ရာဖော်ပြချက်များ၏ ဥပ‌ဒေများပါရှိကြောင်းနှင့် ထို့ပြင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် အချက်များကိုလည်း အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

မြို့သစ်မြို့၊ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ရှောင်တခင်ဝင်ရောက်စစ်ဆေး

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ မြို့မစျေးကြီးအတွင်း ကုန်စုံဆိုင်များအား စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိ ရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်းကို (၈-၁-၂၀၂၄)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် သွားရောက်စစ်ဆေးခဲ့သည်။

     ထိုသို့စစ်ဆေးရာ၌ မကွေးတိုင်းဒေသကြီး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာန (FDA)မှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ဌာနဆိုင်ရာတာဝန်ရှိသူများသည် မြို့မစျေးကြီးအတွင်းရှိ ကုန်စုံဆိုင်များ၌ သက်တမ်းလွန်မုန့်များရောင်းချမှုရှိ/မရှိ၊ စားသုံးရန်မသင့်ကြောင်း ကြော်ငြာထားသည့် အစားအသောက်များရောင်းချခြင်းရှိ/မရှိ၊ ခွဲတမ်းရရှိသောစားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းစျေးအပေါ်တွင် (၂%) အမြတ်ထက်ကျော်လွန်ရောင်းချခြင်းရှိ/မရှိတို့အားစစ်ဆေးခဲ့ရာ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးစီးဌာနမှ စားသုံးရန်မသင့်ဟုတားမြစ်ထားသော လျှာရင်းမြတ် (ဇီးစပ်လုံး) (၁)ထုပ်လျှင် ကျပ်(၅၀)တန် (၉၅)ထုပ်၊ စုစုပေါင်းတန်ဖိုးငွေ ကျပ်(၄၇၅၀)အား စျေးတာဝန်ခံရုံးရှေ့တွင် အဖွဲ့စုံဖြင့် မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရှိရပါသည်။ 

DOCA(မကွေး)

 

ချောက်မြို့အနော်ရထာတံတားဂိတ်၌ တရားမဝင်ကုန်သွယ်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

    မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၊ ဧရာဝတီမြစ်ကူး အနော်ရထာတံတားဂိတ်၌ (၈-၁-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတားဆီးတိုက်ဖျက်ရေးကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ တရားမဝင်ကုန်သွယ်မှုများမရှိစေရေး မော်တော်ယာဉ်အဝင်/ အထွက်စစ်ဆေးခြင်းများနှင့် တာဝန်ထမ်းဆောင်ရာတွင် စနစ်တကျရှိစေရေးအတွက် ဆောင်ရွက်နေမှုကို ချောက်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဌေးဦးဆောင်၍  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဦးစိုးလွင်နှင့် ခရိုင်/ မြို့နယ်အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

      အဆိုပါအနော်ရထာတံတားဂိတ်တွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့ဝင်များဖြစ်သော မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင်ကုန်သွယ်မှုမရှိစေရေး မြို့နယ်အတွင်းသို့ ကုန်ပစ္စည်းဝင်‌ရောက်ရာ၌ တရားမဝင်ကုန်စည်များ၏အန္တရာယ်နှင့် တရားမဝင်ကုန်သွယ်မှုကြောင့် ဒေသတွင်းထိခိုက်မှုမရှိစေရေးအတွက် ရည်ရွယ်၍  စစ်ဆေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် ကဗျာ၊ ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

      မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာ‌ရေးဌာနတို့ပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် လွတ်လပ်‌ရေးနေ့အကြို အထိမ်းအမှတ်ဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကို (၃-၁-၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

   ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက လွတ်လပ်ရေးနေ့ နှစ်စဉ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်းအားလည်းကောင်း၊ အမှတ်(၁)၊ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအေးလွင်က လွတ်လပ်ရေးနေ့အကြောင်းသိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက စားသုံးရန်မသင့်သော အစားအစာများအကြောင်းကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။

   ဆက်လက်၍ ကျပန်းစကားပြောပြိုင်ပွဲကိုကျင်းပခဲ့ရာ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို ကျောင်းသား/ ကျောင်းသူလေးများအနေဖြင့် အစဉ်အမြဲအောက်မေ့နေစေရန် နေ့ထူးနေ့မြတ်များအကြောင်း ဗဟုသုတရရှိစေရန်ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် ကျပန်းစကားပြောပြိုင်ပွဲကို “လွတ်လပ်ရေးနေ့တို့မမေ့” ခေါင်းစဉ်ဖြင့်လည်းကောင်၊ ဇန်နဝါရီလ (၂)ရက်နေ့တွင် ကဗျာရွတ်ဆိုပြိုင်ပွဲကို “ဘိုးဘွားအမွေ” ခေါင်းစဉ်ဖြင့်လည်းကောင်း ကျင်းပပြုလုပ်ပေးခဲ့ရာ အမှတ်(၁)၊ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူ (၁၅)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ကျောင်းသား/ ကျောင်းသူများအား သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးက အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - HighLight News