Main menu

HighLight News

Powered by Drupal

ဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ တာဝန်ရှိသူတို့သည် ရပ်ကျေးအဖွဲ့များ၊ စည်ပင်သာယာရေးအဖွဲ့၊ စက်မှုကြီးကြပ်ဌာနတို့နှင့်အတူ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ( )ရက်နေ့၊ နံနက်(၁၁:၀၀ )နာရီအချိန်တွင် ဓနုဖြူအုန်းပင်ကွင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ စားသုံးဆီဖြန့်ဖြူးရောင်းချသူလုပ်ငန်းရှင်(၂၀)ဦးနှင့်တွေ့ဆုံ၍ စားသုံးသူ ကာကွယ်ရေးဆိုင်ရာအသိပညာများ ဟောပြောဆွေးနွေးခဲ့ပါသည်။

  အဆိုပါဟောပြောပွဲတွင် ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ ဦးခိုင်လွမ်းမိုးက တက်ရောက်လာသည့်လုပ်ငန်းရှင်တို့အား စားသုံးဆီ (ဆီဘူး)များနှင့်ပတ်သက်၍ မြန်မာဘာသာဖြင့်ဖော်ပြထားသော ကုန်အညွန်းအမှတ်အသားများနှင့် FDA ၏ထောက်ခံချက်ပါသော ဆီဘူးများကို ရောင်းချရန်နှင့် ကုန်စည်ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် မြန်မာဘာသာဖြင့် ပြည့်စုံအောင်ဖော်ပြရမည်ဖြစ်ပြီး တရားမဝင်ကုန်စည်များကို ရောင်းခြင်းမပြုရန်၊ စားသုံးသူကာကွယ်ရေးဥပဒေ၏ စီးပွားရေးလုပ်ငန်းရှင်တို့လိုက်နာရမည့်တာဝန်၊ တားမြစ်ချက်များကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။

 DOCA(ဧရာဝတီ)

ဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးအောက်ရှိ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ညောင်တုန်းမြို့နယ်၊ တာကွေ့ကျေးရွာအုပ်ချုပ်ရေးမှူးရုံးခြံဝန်းအတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စက်မှုကြီးကြပ်ဌာန၊ ရပ်ကွက်ကျေးရွာရပ်မိရပ်ဖများ၊ ညောင်တုန်းဆီလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ (--၂၀၂၄) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။

   ဟောပြောပွဲတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီသောကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ် များအကြောင်း၊ စားသုံးသူမိဘပြည်သူများအနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းကိုသိရှိလိုပါက  Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ဆီလုပ်ငန်းရှင် (၁၅)ဦးတက်ရောက်ခဲ့ကြပြီး တက်ရောက်လာသောလုပ်ငန်းရှင်များ ကလည်း သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

အုတ်ဖိုမြို့နယ်ရှိ လုပ်ငန်းရှင်များနှင့်တွေဆုံဆွေးနွေးခြင်း

   ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဦးသန်းစိုးနှင့် ဦးစီးမှူး ဒေါ်ခိုင်ခိုင်ရီတို့သည် (၂-၁-၂၀၂၄) ရက်နေ့၊ နေ့လယ် (၂း၀၀) နာရီအချိန်တွင် အုတ်ဖိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးတွင် အုတ်ဖိုမြို့နယ်ရှိ ဆန်စက်လုပ်ငန်းရှင်များ၊ ဆီကုန်သည်ကြီးများနှင့် တွေဆုံဆွေးနွေးခဲ့ပါသည်။

   ထို့သို့တွေ့ဆုံဆွေးနွေးရာတွင် ဆန်စပါးဈေးကွက်တည်ငြိမ်ရန်စေရေးနှင့် ကုန်ထုတ်စွမ်းအားများတိုးမြှင့်လာစေရေးတို့အတွက် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ခေတ်မီစက်ယူနစ်များ တပ်ဆင်ထားရှိမှု၊ ကုန်ကြမ်းရရှိမှုနှင့် ကုန်ချောဖြန့်ဖြူးမှုအခြေအနေများကိုဆွေးနွေးခဲ့ကြပါသည်။

    ဆီကုန်သည်ကြီးများမှာလည်း အုတ်ဖိုမြို့နယ်၏ စားအုန်းဆီရရှိမှု၊ ဖြန့်ဖြူးရရှိမှုအခြေအနေများနှင့် မြို့နယ်အတွင်း အရန်ဆီထားရှိဖြန့်ဖြူးနေမှုအခြေအနေများကို တင်ပြဆွေးနွေးခဲ့ပါသည်။ ၎င်းနောက် စိန်ငါးလုံးဆန်စက်တွင် Gasifier တပ်ဆင်၍ စက်လည်ပတ်မှုနှင့် ရေဆိုးစွန့်ပစ်မှုအခြေအနေကိုလည်းကောင်း၊ ဦးဝင်းထွဋ်၏ဆန်စက်တွင် Gasifier တပ်ဆင်ရန် ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း ကြည့်ရှု့စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိ

    စားသုံးသူပြည်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှုအခြေအနေတို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်ပူးပေါင်းကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာ (၁၆)ရက်နေ့မှ (၃၁)ရက်နေ့အတွင်း ပြည်ခရိုင်အနေဖြင့် ပြည်မြို့၊ ရွှေကူရပ်ကွက်ရှိ အေးခဲအစားအစာအရောင်းဆိုင်များနှင့် ပြည်မြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များသို့လည်းကောင်း၊  ရွှေတောင်မြို့၊ တည်ကုန်း (တောင်ပိုင်း) ရပ်ကွက်ရှိ စားသုံးဆီအရောင်းဆိုင်များသို့လည်းကောင်း၊ ပန်းတောင်းမြို့၊ ဥသျှစ်ပင်မြို့ပေါ်ရှိ အေးခဲအစားအစာအရောင်းဆိုင်များနှင့် ပန်းတောင်းမြို့မဈေးရှိ စားသုံးဆီအရောင်းဆိုင်များသို့လည်းကောင်း သွားရောက်၍ ကုန်အညွှန်းအမှတ်အသားပါ သတ်မှတ်ချက် များနှင့်ကိုက်ညီမှုရှိသောကုန်စည်များကို တင်သွင်းရောင်းချခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာန၏ထောက်ခံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းနှင့် စောင့်ကြည့်စစ်ဆေးခဲ့သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်ကိုက်ညီမှုရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်အတွင်းရှိ လုပ်ငန်းရှင်များအား ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားမှန်ကန်ပြည့်စုံစွာဖော်ပြမှုရှိစေရေး ရှင်းလင်းဆွေးနွေး

     စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူများအားလုံးသည် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေးအတွက် ခရိုင်အတွင်း  ထုတ်လုပ်လျက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြမှုရှိစေရေးရည်ရွယ်၍ ဆောင်ရွက်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်နေ့မှ (၃၁)ရက်နေ့အတွင်း ပြည်မြို့၊ ဝက်ထီးကန်မြို့နယ်ရှိ ဒေါ်ချိုမာခိုင်ဆန်စက်သို့လည်းကောင်း၊ ပေါင်းတလည်မြို့နယ်၊ ဗြူးကုန်းအုပ်စု၊ ကျောင်းကုန်းရွာရှိ ဒေါ်ဝင်းဝင်းငယ်၏ လမင်းဆန်စက်သို့လည်းကောင်း၊ ရွှေတောင်မြို့၊ ယွန်းတန်းရပ်ကွက်၊ ပျော်ဘွယ်တန်းလမ်းရှိ ဒေါ်ချစ်စု၏ MK ဆီစက်နှင့် ယွန်းတန်းရပ်ကွက်ရှိ ဦးကျော်ကျော်ဌေး၏ အောင်ချမ်းသာဆန်စက်သို့လည်းကောင်း၊ သက်ဆိုင်ရာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသွားရောက်၍ မိမိတို့ဖြန့်ဖြူးရောင်းချ လျက်ရှိသောကုန်စည်များတွင် အရည်အသွေး၊ အလေးချိန်၊ အချင်အတွယ်၊ ပမာဏနှင့်အမျိုးအစားများ မှန်ကန်စွာထည့်သွင်း၍ ဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်း နှင့်အညီ ထုတ်လုပ်ရောင်းချမှုရှိစေရေး၊ ကုန်စည်အလိုက်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံမှန်ကန်စွာဖော်ပြမှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်း ကာလများ၌ ကွင်းဆင်းစစ်ဆေးမှုများနှင့်အတူ အရေးယူဆောင်ရွက်မှုများပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အထူးအလေးထား လိုက်နာဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

(အ-ထ-က)ရွှေတောင်ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေး ပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ လူမှူဝန်ထမ်းဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(၃)ရက်နေ့တွင် (အ-ထ-က) ရွှေတောင်ကျောင်းတွင် စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပခဲ့ပါသည်။

     အဆိုပါဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်ရုံးမှ ဒု-ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဆင့်က စားသုံးသူကာကွယ်ရေးဥပဒေပါ အချက်များအနက် စားသုံးသူ၏အဓိပ္ပါယ်၊ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားပါအချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက Consumer Call Center No. (1535) နှင့် အခြားတိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်းကို ရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ရွှေတောင်မြို့နယ်၊ သရက်တောရပ်ကွက်ရှိ စာသင်ကျောင်းတွင် စားသုံးသူအသိပညာပေးဆွေးနွေးဟောပြောခြင်းဆောင်ရွက်

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သရက်တောရပ်ကွက် (အ-ထ-က) သရက်တောကျောင်းတွင် (၅-၁-၂၀၂၄)ရက်နေ့၊ နံနက်(၉:၀၀)နာရီအချိန်မှ (၁၁:၁၅)နာရီအချိန်ထိ ကျောင်းသား/ ကျေင်းသူ (၁၈၀)ဦးတို့အား စားသုံးသူအသိပညာပေးရေးကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးဟောပြောခဲ့ပါသည်။

    အဆိုပါဆွေးနွေးဟောပြောပွဲသို့ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများနှင့်အတူ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီး ဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်းတက်ရောက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် အသိပညာများကို ဟောပြောဆွေးနွေးခဲ့ပါသည်။ အသိပညာပေးဆွေးနွေးရာတွင် ရွှေတောင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဒု-ဦးစီးမှူး ဒေါ်ဇင်မာချောစုကြည်က ကုန်အညွှန်းအမှတ်အသား (၈)ချက်ကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါငြိမ်းငြိမ်းသန့်က လွတ်လပ်ရေးနေ့အကြောင်းကိုလည်းကောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဒေါ်နီလာမြင့်က စားဖိုဆောင်အတွင်းမှ တိုင်းရင်းဆေးများအတွက် အသုံးဝင်သောပစ္စည်းများအကြောင်းကိုလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ခင်နုနုဖြိုးက နွေရာသီအားကစားသင်တန်းများဖွင့်လှစ်မည့်အကြောင်းကိုလည်းကောင်းနှင့် လူမှုဝန်ထမ်းမှ ဒေါ်ခင်နှင်းနှင်းယုက သက်ငယ်မုဒိန်းအကြောင်းကိုလည်းကောင် စသည်ဖြင့် အသီးသီးဟောပြောဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

မိုးညှင်းမြို့၊ နောင်စွန်းရပ်ကွက်ရှိ Queen Mark (ကုန်စုံဆိုင်)အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ  ဦးကျော်မိုးလွင် (ဌာနခွဲစာရေး)သည် (၉-၁-၂၀၂၄) ရက်နေ့တွင် မိုးညှင်းမြို့၊ နောင်စွန်းရပ်ကွက်ရှိ Queen Mark (ကုန်စုံဆိုင်)သို့ သွားရောက်ကာ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

  ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ GOLDEN MOUNTAIN (ငရုပ်ဆီ) အမှတ်တံဆိပ်ပါ ငရုတ်ဆီနှင့်အချဉ်ရည်အမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြရမည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကိုဖော်ပြထားရှိခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး စီးပွားရေးလုပ်ငန်းရှင်မည်သူမျှ ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ပုဒ်မ၄၃နှင့်ကိုက်ညီမှုမရှိသည့် ကုန်စည်ကိုထုတ်လုပ်ခြင်း၊ကုန်သွယ်ခြင်း သို့မဟုတ် ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ပြီးနောက် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ကချင်)

ဆောက်လုပ်ရေးလုပ်ငန်းသုံးသံချောင်းလုံးနှင့် သံမဏိဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေး

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်)သည် (၉-၁-၂၀၂၄) ရက်နေ့တွင် မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်အတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်းလုံးနှင့်သံမဏိဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်(၁)ဦးနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရန်အချက်အလက်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်းဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ဆွေးနွေးရာတွင် ဦးဘောမ်ဇုန်း(ရုံးအုပ်)က စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်တွင် ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ၊ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကို စီးပွားရေးလုပ်ငန်းရှင်ဟုအဓိပ္ပါယ်ဖွင့်ဆိုကြောင်း၊စီးပွါးရေးလုပ်ငန်းရှင်သည် ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဥ်း၍ ဖော်ပြရမည့်အာမခံချက်များကို အာမခံချက်ပေးရမည်ဖြစ်ကြောင်း၊ စားသုံးသူသည် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကိုအသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက စီးပွားရေးလုပ်ငန်းရှင်တွင် တာဝန်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်(၁၁)ချက်၊ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်းလုံးနှင့်သံမဏိများရောင်းချသော စီပွားရေးလုပ်ငန်းရှင်များသည် အရည်အချင်းနှင့်အလေးချိန်ပြည့်မီသည့် သံချောင်းလုံးနှင့် သံမဏိ အမျိုးအစားများ ကိုသာရောင်းချသွားရန်၊ အရည်အသွေးကိုက်ညီမှုမရှိသည့်အမျိုးအစား၊ သတ်မှတ်အလေးချိန်ကိုက်ညီမှုမရှိသည့် အမျိုးအစားများကို ရောင်းချနေကြောင်းစစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပ‌ဒေပြဋ္ဌာန်းချက်နှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များသည် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဆောင်ရွက်သွားရန် ရှင်းလင်းဆွေးနွေးခဲ့ပြီး  စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ကချင်)

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံးတွင် ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံပွဲအခမ်းအနားပြုလုပ်

 ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၇ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ စားသုံးသူရေးရာဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်၊ ကုန်သွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းထွန်းဦးလိုက်ပါသောအဖွဲ့နှင့် တိုင်းဦးစီးမှူး ဦးစိုးအောင်၊ ဒုတိုင်းဦးစီးမှူးများ၊ ဌာနခွဲတာဝန်ခံများနှင့် အရာထမ်း၊ အမှုထမ်းများ တွေ့ဆုံခဲ့ပါသည်၊၊

   ထိုသို့တွေ့ဆုံခဲ့ပြီး တိုင်းဦးစီးမှူးဦးစိုးအောင်၊ ဒုတိုင်းဦးစီးမှူး ဦးထွန်းထွန်း၊ ဒုတိုင်းဦးစီးမှူး ဦးစိုးဦး ဌာနခွဲတာဝန်ခံများနှင့် အရာထမ်း၊ အမှုထမ်းများအားလုံး ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံအား တစ်ယောက်ချင်းစီ မိတ်ဆက်ဂါရဝပြုခဲ့ပါသည်၊၊

   တိုင်းဦးစီးမှူးရုံးရှိ ဝန်ထမ်းများအားလုံးသည် ပြည်ထောင်စုဝန်ကြီးအား မိတ်ဆက်ဂါရဝပြုပြီးနောက် ပြည်ထောင်စုဝန်ကြီး၏ ဩဝါဒစကားခံယူ၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ ဧရာဝတီ တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းများနှင့် ပြည်ထောင်စုဝန်ကြီးတွေ့ဆုံပွဲအခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်၊၊

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News