Main menu

HighLight News

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး၌ (၁၂/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး၏ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် (၁၂/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  (၂၈-၁၂-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် တိုင်းဒေသကြီးဦးစီးမှူးဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပြီး ဒုတိယတိုင်းဒေသကြီးဦးစီးမှူးများ၊  ဌာနခွဲတာဝန်ခံများနှင့် ခရိုင်ဦးစီးမှူးများ၊ ဒုခရိုင်ဦးစီးမှူးများအပါအဝင် စုစုပေါင်း (၁၉) ဦးတက်ရောက်ခဲ့ကြပါသည်။

  ခရိုင်ဦးစီးမှူးများအနေဖြင့် လုပ်ငန်း‌ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ တွေ့ကြုံရသောလုပ်ငန်းအခက်အခဲများ၊ အားသာချက်၊ အားနည်းချက်များတင်ပြလာမှုအပေါ် ဆွေးနွေး၍ သက်ဆိုင်ရာဌာနခွဲတာဝန်ခံများကလည်း လုပ်ငန်းလိုအပ်ချက်များကို ခရိုင်ဦးစီးမှူးများအား ရှင်းလင်းပြောကြားခဲ့ပါသည်။

      ဆက်လက်၍ တက်ရောက်လာသော သက်ဆိုင်ရာခရိုင်မှူးများကလည်း မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းပိုင်းဆိုင်ရာအခက်အခဲများတင်ပြလာမှုအပေါ် ဌာနခွဲတာဝန်ခံများက ရှင်းလင်းဆွေးနွေးဖြေကြားပေးခဲ့ပြီး အစည်းအဝေးတွင် လိုက်နာဆောင်ရွက်ရမည့် အစည်းအဝေးဆုံးဖြတ်ချက် (၁၆) ချက်ချမှတ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

စက်မှုလုပ်ငန်းသုံးစားအုန်းဆီများကို လုပ်ငန်းများတွင် အမှန်တကယ်အသုံးပြုမှုရှိ/ မရှိ မြေပြင်ကွင်းဆင်း စစ်ဆေးကြီးကြပ်ခြင်းနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ညောင်ဦးပဲကြော်လုပ်ငန်းခွင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာ၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသန်းစိုးနှင့်ဝန်ထမ်းများသည် (၂၅-၁၂-၂၀၂၃)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် စက်မှုလုပ်ငန်းများ၌ အသုံးပြုနိုင်ရေး ရောင်းချပေးသောစက်မှုလုပ်ငန်းသုံးစားအုန်းဆီများကို လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏လုပ်ငန်းများ၌ အမှန်တကယ်အသုံးပြုမှုရှိ/မရှိကို ပဲကြော်လုပ်ငန်းခွင်များသို့သွားရောက်၍ မြေပြင်ကွင်းဆင်းစစ်ဆေးကြီးကြပ်ခြင်းနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

     ကွင်းဆင်းဆောင်ရွက်မှုအနေဖြင့် ညောင်ဦးမြို့နယ်ရှိ အနောက်အုံကျေးရွာနှင့် ဇီးစားမြင်ကျေးရွာတို့ရှိ ပဲကြော်လုပ်ငန်းများသို့သွားရောက်ကာ  ကွင်းဆင်းကြီးကြပ်စစ်ဆေးခဲ့ကြပြီး ထုတ်ကုန်များလုံခြုံစိတ်ချရမှုနှင့်ပတ်သက်၍ လုပ်ငန်းရှင်များအား မိမိတို့သည် စားသုံးကုန်များကို ထုတ်လုပ်သူများဖြစ်သည့်အတွက် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ထုတ်လုပ်သည့်ကုန်ကြမ်းပစ္စည်းများမှစ၍ အရည်အသွေးကောင်းမွန်ပြည့်ဝပြီး သန့်ရှင်းလတ်ဆတ်သောကုန်ကြမ်းများဖြင့် သန့်ရှင်းသပ်ရပ်စွာသုံးစွဲထုတ်လုပ်ကြရန်လိုအပ်ကြောင်း၊ ထုပ်ပိုးမှုများစနစ်တကျရှိရန်နှင့် ထုပ်ပိုးမှုအပြင်အဆင်ပေါ်တွင်ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသားများကိုလည်းသိရှိလိုက်နာရန်လိုအပ်ကြောင်း၊ ထုတ်လုပ်သည့်လုပ်ငန်းစဉ် တစ်လျှောက်တွင် အသုံးပြုရသည့်ပစ္စည်းကိရိယာများသန့်ရှင်းစင်ကြယ်ရန်နှင့် အစားအစာများထိတွေ့ကိုင်တွယ်မှုပြုလုပ်သူလူပုဂ္ဂိုလ်များမှာလည်း သန့်ရှင်းပြီး ကျန်းမာရေးကောင်းမွန်သူများလည်းဖြစ်ရန်လိုအပ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးကျင့်ဝတ်စည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း မှာကြားဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်(၁၀)ဦး၏ လုပ်ငန်းခွင်များတွင် ထုတ်လုပ်မှုအဆင့်ဆင့်တို့အား ကြီးကြပ်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

         

 

ညောင်ဦးခရိုင်ဦးစီးမှူးရုံးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိစေ‌ရေး အသိပညာပေးဆွေးနွေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးတွင်(၂၆-၁၂-၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါရှိစေရေးတို့အတွက် အသိပညာပေးဟောပြောဆွေးနွေးမှုများဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသန်းစိုးသည် တက်ရောက်လာသောစီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ပေးခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ တစ်ဦးချင်းသော် လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကိုခေါ်ဆိုကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်းကိုလည်းကောင်း၊ ဆက်လက်၍ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်များတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက် စသည့်အချက်များကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြပါရှိရမည်ဖြစ်ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ကြရန်နှင့် ကုန်စည်အမျိုးအစားအလိုက် အသေးစိတ်ညွှန်ကြားချက်များကို ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသောလုပ်ငန်းရှင်များ၏ သိရှိလိုသည့်အချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် အဆိုပါဟောပြောပွဲသို့ လက်ဖက်ရည်ဆိုင်လုပ်ငန်းရှင်များ၊ ဟော်တယ်လုပ်ငန်းရှင်များ၊ ကိတ်မုန့်ပေါင်မုန့်လုပ်ငန်းရှင်များ၊  အာလူးကြော်လုပ်ငန်းရှင်များ၊ ပဲကြော်လုပ်ငန်းရှင်များ၊ စုစုပေါင်း( ၃၅ )ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

 

မွန်ပြည်နယ်ဦးစီးမှူးရုံး၌ မုန့်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများဟောပြော

        စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌   (၂၇-၁၂-၂၀၂၃) ရက်နေ့တွင် မုန့်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများဟောပြောဆွေးနွေးခဲ့ကြောင်းသိရပါသည်။

      အဆိုပါဟောပြောဆွေးနွေးပွဲတွင် ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်မိရင်စနိုင်းမွန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မော်လမြိုင်ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင်က စားသုံးသူကာကွယ်ရေးဥပဒေ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြမည့် အချက် (၈) ချက်ကို အသေးစိတ်ရှင်းလင်းပြောကြားခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ၄၁၊ ပုဒ်မခွဲ(ခ)နှင့်ပုဒ်မခွဲ(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ(၄၃)ပါ ပြဋ္ဌာန်းချက်နှင့် ကိုက်ညီမှုမရှိသည့် ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း သို့မဟုတ် ရောင်းချခြင်းမပြုရန်ကို ပုဒ်မ(၆၈)၌ ပြဋ္ဌာန်းထားပြီး ပုဒ်မ(၆၈)ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ (၇၃) အရ နှစ်နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း၂၀၀ထက်မပိုသောငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်နိုင်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေသည် စားသုံးသူများကိုကာကွယ်ပေးခြင်းနှင့် လုပ်ငန်းရှင်များကိုထိန်းကျောင်းပေးသည့် ဥပဒေတစ်ခုဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

         အဆိုပါဟောပြောဆွေနွေးပွဲသို့ မုန့်လုပ်ငန်းရှင်စုစုပေါင်း (၁၇) ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

 

ဂန့်ဂေါမြို့အတွင်း ကုန်အညွှန်းအမှတ်အသားများပြည့်စုံသည့် စားသောက်ကုန်ပစ္စည်းများရောင်းချရေး အသိပညာပေး

     စီးပွားရေးနှင့်နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး၌ တာဝန်ထမ်းဆောင်နေသော ဒုတိယဦးစီးမှူး ဒေါ်ဇာဇာချိုဦးနှင့်ဝန်ထမ်းများသည် (၂၀-၁၂-၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်လာစေရေးနှင့် ပြည့်စုံသည့်စားသောက်ကုန်ပစ္စည်းများကိုရောင်းချရန်အတွက် ဂန့်ဂေါမြို့၊ စည်ပင်သာယာရပ်ကွက်ရှိ " 123 Minimarket " စတိုးဆိုင်လုပ်ငန်းရှင်ထံသို့ သွားရောက်၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။

       ဆွေးနွေးရာတွင် ဒုတိယဦးစီးမှူး ဒေါ်ဇာဇာချိုဦးက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြ ခြင်းဖြင့် ဈေးကွက်အတွင်းရှိ မိမိတို့ထုတ်ကုန်များမှာ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ အာမခံချက်ပေးခြင်း၊ သတင်းအချက်အလက်များပြည့်စုံမှန်ကန်စွာထည့်သွင်းခြင်းတို့ကြောင့် စားသုံးသူများအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအပေါ်  ယုံကြည်မှုများရရှိလာပြီး အကျိုးစီးပွားပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်သည့် ဥပဒေပြဋ္ဌာန်းချက်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များကို သိရှိလိုက်နာစေရန်ဆွေးနွေးခဲ့ပြီး         "Minimarket" စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံမှန်ကန်မှုရှိသည့် ကုန်စည်များကိုသာ ရွေးချယ်ရောင်းချရန်လိုအပ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များကိုတွေ့ရှိလာပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်သဖြင့် လုပ်ငန်းရှင်များအနေဖြင့် လိုက်နာဆောင်ရွက်ပေးစေလိုကြောင်း အသေးစိတ်ဆွေးနွေးခဲ့မှုကိုသိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူခရိုင်ဦးစီးမှူးရုံးတွင်Thursday Talk အသိပညာပေးအထောက်အကူပြုဟောပြောဆွေးနွေးပွဲ (၁၂/၂၀၂၃) ကျင်းပပြုလုပ်

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး၌ Thursday Talk အသိပညာပေးအထောက်အကူပြု ဟောပြောဆွေးနွေးပွဲ (၁၂/၂၀၂၃)ကို (၂၁-၁၂-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူခရိုင်ဦးစီးမှူးရုံး(CICC)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူး  ဦးဝေဠုအောင်က Thursday Talk အသိပညာပေးအထောက်အကူပြုဟောပြောဆွေးနွေးခြင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ဝန်ထမ်းများအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေကို ကျွမ်းကျင်ပိုင်နိုင်စွာသိရှိစေရန်နှင့် ဝန်ထမ်းများ၏ဆွေးနွေးချက်များအပေါ် အားသာချက်၊ အားနည်းချက်ရလဒ်များ ကိုရရှိစေပြီး ဝန်ထမ်းတစ်ဦးချင်း စွမ်းဆောင်ရည်မြင့်မားနိုင်စေရန်ရည်ရွယ်ကြောင်း ပြောကြားခဲ့ပါသည်။

      ဆက်လက်၍ ဆွေးနွေးကြသူများက စားသုံးသူကာကွယ်ရေးဥပဒေတွင်ပါရှိသော ဘေးအန္တရာယ်ရှိသောကုန်စည်ကို ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းစေခြင်း(သို့မဟုတ်)ရောင်းချဖြန့်ဖြူးခြင်းကိုတားမြစ်ခြင်းနှင့် ဘေးအန္တရာယ်ရှိသောဝန်ဆောင်မှုကို တားမြစ်ခြင်းဆိုင်ရာဆောင်ရွက်ပုံအဆင့်ဆင့်၊ ကုန်စည်နှင့်ဝန်ဆောင်မှုအပေါ် တာဝန်ရှိပုံအဆင့်ဆင့်၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းနှင့် အယူခံဝင်ခြင်းဆောင်ရွက်ပုံအဆင့်ဆင့်နှင့် တားမြစ်ချက်နှင့်သက်ဆိုင်သည့် ပြစ်မှုပြစ်ဒဏ်များ စသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြရာ ဝန်ထမ်းများက သိလိုသည်များကိုပြန်လည်ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးဟောပြောပွဲသို့ အရာထမ်း၊ အမှုထမ်းစုစုပေါင်း ဝန်ထမ်း(၁၈)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

ဆိပ်ဖြူမြို့ပေါ်ရှိ စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးအသိပညာပေး

     စီးပွားရေးနှင့်နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းနှင့်ဝန်ထမ်းသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၂၀-၁၂-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့သွားရောက်၍ ရောင်းချမှုနှင့်လက်ကျန်အခြေအနေကိုသိရှိရန် လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့ပါသည်။

      စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်အား ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းက စက်သုံးဆီတင်သွင်း/သိုလှောင်/ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ပေးသည့် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့်အညီ ရောင်းချရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းမပြုစေရေး၊ ကြေညာထားသောဈေးနှုန်းများအတိုင်း ရောင်းချစေရေး၊ အချင်အတွယ်မှန်ကန်စေရေးနှင့် စားသုံးသူစိတ်ကျေနပ်မှုရှိစေရန်  ဝန်ဆောင်မှုပေးနိုင်ရေးတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

သရက်မြို့နယ်၌ စားသုံးသူပြည်သူများအား အသိပညာပေး Talk Show ဟောပြောပွဲပြုလုပ်

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်တာဝန်ခံ ဦးအုန်းမြင့် (ဦးစီးမှူး) သည် (၂၀-၁၂-၂၀၂၃)ရက်နေ့၊ နံနက်(၀၈း၀၀)နာရီအချိန်တွင် စားသုံးသူပြည်သူများဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရန်အတွက် သရက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ အသိပညာပေး Talk Show ပွဲပြုလုပ်ကျင်းပခဲ့ပါသည်။

    အဆိုပါ Talk Show ပွဲတွင် သရက်မြို့နယ်တာဝန်ခံက လူသုံးကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ အစားအသောက်များဝယ်ယူသုံးစွဲရာတွင် သိရှိရမည့် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)တွင်ပါရှိသည့် အခန်း(၁၈)၊ ပုဒ်မ(၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာရွေးချယ်ဝယ်ယူတတ်စေရန်၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့်လည်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြရန်နှင့် မြန်မာဘာသာဖြင့်ဖော်ပြရမည့်အချက်များအား  မဖြစ်မနေထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်းကို အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့၊ သိင်္ဂါရပ်ကွက်ရှိ ကွမ်းသီးဖိုများအား အဖွဲ့စုံဖြင့် ရှောင်တခင်ကွင်းဆင်းစစ်ဆေး

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်အတွင်းရောင်းချနေသော ကွမ်းသီး၊ ကွမ်းသီးခြမ်းနှင့် ကွမ်းသီးစိပ်များအား စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ချွတ်ဆေးသုံးစွဲမှုအခြေအနေများအား မကွေးတိုင်းဒေသကြီး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်းပြီး နမူနာကွမ်းသီးခြမ်း၊ ကွမ်းသီးစိပ်များအား Mobile Lab ဖြင့်စစ်ဆေးခဲ့ပါသည်။

     မကွေးမြို့၊ သိင်္ဂါရပ်ကွက်၌ ကွမ်းသီးဖို(၈)ခုရှိပြီး ၎င်းကွမ်းသီးခြမ်း၊ ကွမ်းသီးစိပ်များ၌ သုံးစွဲထားသောချွတ်ဆေး(ကန့်)များသည် သတ်မှတ်ပမာဏထက်ကျော်လွန်ပါဝင်နေခြင်းမရှိ ကြောင်းတွေ့ရှိရပြီး ကုန်ကြမ်းကွမ်းသီးများအား မြိတ်မြို့၊ မော်လမြိုင်မြို့နှင့် ရန်ကုန်မြို့တို့မှ ကွမ်းသီး(၁)ပိဿာလျှင် ကျပ်(၂၅၀၀-၃၀၀၀)တို့ဖြင့်ဝယ်ယူရကြောင်း၊ ထွက်ရှိလာသော ကွမ်းသီး ခြမ်း၊ ကွမ်းသီးစိပ်များအား (၁)ပိဿာလျှင် ကျပ်(၄၅၀၀-၅၀၀၀-၅၅၀၀)တို့ဖြင့် ပြန်လည်ရောင်းချကြောင်း၊ ကွမ်းသီးစိပ်လုပ်ငန်း(အမျိုးသမီး)များအား ကွမ်းသီးခြမ်း (၁)ပိဿာလျှင် ကျပ်(၄၀၀)နှင့် ကွမ်းသီးစိပ်(၁)ပိဿာလျှင် ကျပ်(၅၀၀)နှုန်းတို့ဖြင့် လုပ်သားတစ်ဦးတစ်နေ့လျှင် ကျပ်(၆၀၀၀)မှ ကျပ် (၁၂၀၀၀) အထိ အသီးသီးဝင်ငွေရရှိနေကြောင်း လေ့လာသိရှိရပါသည်။

DOCA(မကွေး)

 

ကန့်ဘလူခရိုင်၏ ဒီဇင်ဘာလအတွင်း အသိပညာပေးဟောပြောပွဲဆောင်ရွက်နိုင်မှုအခြေအနေ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးလက်အောက်ရှိ ကန့်ဘလူခရိုင်မြို့နယ်တာဝန်ခံရုံးအနေဖြင့် စားသုံးသူအသိ ပညာပေးလုပ်ငန်းများကို အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ရပ်ကွက်များ၊ ကျေးရွာများ၊ ဈေးများနှင့်စက်ရုံအလုပ်ရုံတို့တွင် ဟောပြောဆောင်ရွက်လျက်ရှိပါ သည်။

     ထိုသို့အသိပညာပေးလျက်ရှိရာ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလအတွင်း စားသုံးသူအသိပညာပေးဟောပြောဆောင်ရွက်မှုအနေဖြင့် (၁၁-၁၂-၂၀၂၃)ရက်နေ့တွင် ကျွန်းလှမြို့ (အ.ထ.က)ကျောင်းနှင့် (၁၃-၁၂-၂၀၂၃) ရက်နေ့တွင် ကန့်ဘလူမြို့ “ကန့်ဘလူဘူတာ”တို့၌ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများက စားသုံးသူအခွင့်အရေး(၈)ချက်ကိုလည်းကောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ တိုင်ကြားနိုင်သည့်နည်းလမ်းများကိုလည်းကောင်း၊ စားသုံးသူရေးရာနှင့်သက်ဆိုင်သည့် သတင်းအကြောင်းအရာများနှင့် ပြည်တွင်း/ ပြည်ပကုန်သွယ်မှုသတင်းများကို နေ့စဉ်ဖြန့်ဝေလျက်ရှိသည့် ဌာန၏ Website၊ Facebook Page စသည်တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း၊ Consumer Call Center No.(1535) ကိုခေါ်ဆို၍ စားသုံးသူဆိုင်ရာကိစ္စရပ်များကို မေးမြန်းဆောင်ရွက်နိုင်ကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များကိုလည်းဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - HighLight News