Main menu

HighLight News

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း(၉/၂၀၂၃)ကျင်းပ

 စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ (၁၉-၉-၂၀၂၃) ရက်နေ့မှ (၂၀-၉-၂၀၂၃)ရက်နေ့အထိ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း(၉/၂၀၂၃) ကျင်းပပြုလုပ်ခဲ့ပါသည်။

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများဝမ်းစာပြည့်ဝရေး၊ Capacity မြှင့်တင်ရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ တစ်ဦးချင်းအနေဖြင့် အားထုတ်ကြိုးပမ်း‌ရန်လိုအပ်ပါကြောင်း၊ သင်တန်းပို့ချချက်များကိုလည်း သေချာစွာလေ့လာမှတ်သားကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။ သင်တန်းတွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါ်အေးအေးမိုး(လက်ထောက်ညွှန်ကြားရေးမှူး)က အငြင်းပွားမှုဖြေရှင်းရေး စေ့စပ်ညှိနှိုင်းသူ (Mediator)များ၏ အခန်းကဏ္ဍအကြောင်းကိုလည်းကောင်း၊ စီမံရေးရာဌာနခွဲတာဝန်ခံ ဦးသိန်းဦး(ဦးစီးအရာရှိ)က အဂတိလိုက်စားမှုနှင့်စပ်လျဉ်း၍ တားဆီးကာကွယ်ခြင်းကဏ္ဍအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ စားသုံးသူရေးရာဌာနခွဲနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ကြီးကြပ်သူအရာရှိ တာဝန်ခံ ဒေါ်အေးမဉ္ဇူခိုင်(ဦးစီးအရာရှိ)က ကုန်အညွှန်းအမှတ်အသားစိစစ်ရာတွင် သတိမူရမည့်အချက်များနှင့် လုပ်ငန်းရှင်များအား အဓိက  ထားဆွေးနွေးဟောပြောရမည့်အချက်များအကြောင်းကိုလည်းကောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်အေးအေးခိုင်(ဦးစီးမှူး)က စီးပွားရေးလုပ်ငန်းရှင်များသိသင့်သည့် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများကိုလည်းကောင်း Power Point များဖြင့် အသေးစိတ်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသောသင်တန်းသားများ၏ သိလိုသည်များမေးမြန်းမှုအပေါ် အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါသင်တန်းသို့ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးများနှင့်ဌာနတာဝန်ခံများ၊ အရာထမ်း/အမှုထမ်းများနှင့် သင်တန်းနည်းပြများ စုစုပေါင်း(၄၅)ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ 

DOCA(မကွေး)

 

ကန့်ဘလူမြို့တွင် စားသုံးသူအသိပညာပေးဟောပြောပွဲဆောင်ရွက်

  ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၁၄ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ သမဝါယမဦးစီးဌာန၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

    စားသုံးသူရေးရာဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်အိမွန်ကျော်က စားသုံးသူအခွင့်အရေး (၈)ချက်နှင့် စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ တိုင်ကြားနိုင်သည့်နည်းလမ်းများ စသည်တို့ကို ဟောပြောခဲ့ပါသည်။  

    ဆက်လက်၍ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းက စားသုံးသူအသိပညာပေးဟောပြောပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်၊ ဌာန၏မျှော်မှန်းချက်၊ အကောင်အထည်ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ ကုန်အညွှန်းအမှတ်အသားအကြောင်းနှင့် Onlineအသုံးပြုမှုဘေးအန္တရာယ်များအကြောင်း၊ ဌာန၏ Website အကြောင်း၊ Facebook Page နှင့် Consumer Call Center (1535) သို့ တိုင်ကြားနိုင်ကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများအား စားသုံးသူကာကွယ်ရေးအကြောင်းသိမှတ်ဖွယ်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ရှိ စက်သုံးဆီအရောင်ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

  စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၁)ဦးတို့သည် (၁၉-၉-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့ အမှတ်(၅)ရပ်ကွက်ရှိ “သိန်းကမ္ဘာ”စက်သုံးဆီအရောင်းဆိုင်သို့ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချနေခြင်းရှိ/မရှိကို ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့စစ်ဆေးရာတွင် စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချနေသည့် လုပ်ငန်းရှင်အနေဖြင့် တရားမဝင် စက်သုံးဆီ၊ ချောဆီများတင်သွင်းဖြန့်ဖြူးရောင်းချနေခြင်းကိုစစ်ဆေးတွေ့ရှိရပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက နေ့စဉ်ထုတ်ပြန်သော စက်သုံးဆီရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းမရှိစေရေး၊ ပြည်သူများအဆင်ပြေစွာဝယ်ယူနိုင်ရန်အတွက် စက်သုံးဆီအရောင်းဆိုင်များ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေးနှင့် စက်သုံးဆီများကို အချင်အတွယ်မှန်ကန်စွာရောင်းချနိုင်ရေး ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန် အသိပညာပေး၍ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့နယ်ဆီစက်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

     ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၁၃ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “ကျွန်းတောမိသားစု(၂)” ဆီစက်လုပ်ငန်းရှင်နှင့် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခဲ့ပါသည်။

  ဦးစွာ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းက လာရောက်တွေ့ဆုံရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းပြရာ စားသုံးရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းကောင်း၊ ဒေသတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးမှာလည်း မိမိတို့တတ်နိုင်သည့်နေရာမှ ပါဝင်ကူညီအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းရှင်များ၏လိုအပ်ချက်များ၊ အခက်အခဲများကို အထက်အဆင့်ဆင့်သို့တင်ပြ၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့ရာ လုပ်ငန်းရှင်ကလည်း မိမိတို့လုပ်ငန်းမှာ မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းဖြစ်ပြီး နဝလီကြိတ်ခွဲသည့်စက်ဖြစ်ကြောင်း၊ ယခုအချိန်သည် မိုးမြေပဲရာသီဖြစ်သဖြင့် ခဏသာကြိတ်ခွဲရကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိဆီစက်မှထွက် ရှိသည့် မြေပဲဆီများကို ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့် ဖြန့်ဖြူးရောင်းချလိုပါက ကုန်အညွှန်းအမှတ်အသားလျှောက်ထားခြင်းကို မိမိတို့ဌာနအနေဖြင့် လွယ်ကူလျင်မြန်စွာဆောင်ရွက်ပေးလျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၊ “ရွှေတောင်တန်း” ကိတ်၊ မွေးနေ့ကိတ်နှင့် မုန့်မျိုးစုံလုပ်ငန်းရှင်နှင့်တွေ့ဆုံအသိပညာပေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်သည် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၁၈)ရက်နေ့ နေ့လယ်(၁၂း၃၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊  ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ရှိ “ရွှေတောင်တန်း” ကိတ်၊ မွေးနေ့ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းရှင်နှင့်သွားရောက်တွေ့ဆုံဆွေးနွေး၍ အသိပညာပေးခဲ့ပါသည်။

    ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်က အသင့်စားရသည့်မုန့်ဖြစ်သောကြောင့် ထုတ်လုပ်ရောင်းချခြင်းနှင့်ပတ်သက်၍ စားသုံးသူကာအကွယ်ရေး ဥပဒေ(၂၀၁၉)၊ အခန်း(၁၅၊) ပုဒ်မ(၂၈)အရ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများလုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေး  အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ကုန်ပစ္စည်းများတွင် မြန်မာစာဖြင့် မဖြစ်မနေဖော်ပြရမည့် အသေးစိတ်စိစစ်ချက်များကိုဖော်ပြထားခြင်း ရှိ/မရှိတို့အတွက် “ရွှေတောင်တန်း” ကိတ်၊ မွေးနေ့ကိတ်နှင့် မုန့်မျိုးစုံလုပ်ငန်းသည် အသင့်စားရသော မုန့်များဖြစ်သည့်အတွက်  သန့်ရှင်းမှုရှိစေရေး၊ မုန့်များထုတ်လုပ်မှုအဆင့်ဆင့်တွင်လည်း သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်စေရေးနှင့် မုန့်များထုတ်လုပ်ရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြရန်အတွက် မိမိတို့စာသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် မိမိတို့မြို့နယ်အတွင်း ထုတ်လုပ်နေသောလုပ်ငန်းရှင်များ၊ မုန့်မျိုးစုံလုပ်ငန်းများနှင့် အစားအသောက်ထုတ်လုပ်နေသည့် လုပ်ငန်းရှင့်များကိုလည်း ကျွန်မတို့စားသုံးသူရေးရာဦးစီးဌာနက ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြခြင်းနှင့်ပတ်သက်ပြီး အခမဲ့ဆောင်ရွက်ပေးနေကြောင်း စကားလက်ဆင့်ကမ်းကူညီဆောင်ရွက်ပေးရန်နှင့်  ဒေသထွက် “ရွှေတောင်တန်း” ကိတ်၊ မွေးနေ့ကိတ်နှင့် မုန့်မျိုးစုံလုပ်ငန်းမှ ထုတ်လုပ်နေသော အမှတ်တံဆိပ်ကိုစိစစ်၍ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသေးပါသဖြင့် ပြည့်စုံအောင် ဖြည့်သွင်းကူညီဆောင်ရွက်ပေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားလျှောက်ထားရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ ထို့နောက် မိမိတို့ စားသုံးသူကာကွယ်းရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်တို့လိုက်နာဆောင်ရွက်ရမည့်တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးပြောကြားပြီး လက်ကမ်းစာစောင်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

ကျွန်းလှမြို့၊ “ဦးစန္ဒ+ ဒေါ်မြင့်မြင့်စိုး” ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့်  စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်အတွင်းရှိ ဦးစန္ဒ+ ဒေါ်မြင့်မြင့်စိုး ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်အား ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ယွန်းမီမီထွန်း၊ ကျွန်းလှမြို့မစခန်းမှ ရဲတက သိန်းဇော်ဌေး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းတစ်ဦး၊  စားသုံးသူရေးရာဦးစီးဌာန၊  ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်တို့က  ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

   အဆိုပါ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်တွင် ရောင်းချသည့်ကုန်ပစ္စည်းများမှာ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိနှင့် သက်တမ်းလွန်ကုန်စည်များရောင်းချနေခြင်းရှိ / မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ  ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသည့် ကုန်စည်များကိုသာတွေ့ရှိရကာ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ကိုက်ညီမှုရှိပြီး သက်တမ်းလွန်စားသောက်ကုန်များရောင်းချမှုမရှိသော်လည်း ရောင်းချသည့်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိရောင်းချသည့်ကုန်စည်အပေါ် တာဝန်ရှိမှုကိုနားလည်သိရှိစေရန် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်တို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊  အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာထည့်သွင်းဖော်ပြ၍ ထုတ်လုပ်ဖြန့်ဖြူးသည့် ကုန်ပစ္စည်းများကိုသာရောင်းချကြရန်နှင့် မိမိတို့ထံ လက်ဝယ်လာရောက်ပို့ဆောင်သော ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားမပြည့်စုံပါက လာရောက်ပို့ဆောင်သူအား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာထည့်သွင်းပေးရန်နှင့် မပြည့်စုံပါက မိမိတို့အနေဖြင့် ဝယ်ယူရောင်းချမည်မဟုတ်ကြောင်း လက်ဆင့်ကမ်းပြောကြားပေးရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန၏ အတည်ပြုချက်ရယူနိုင်ရေး ဆောင်ရွက်ကြရန်နှင့် မိမိတို့စားသုံးသူရေးရာဦးစီးဌာနမှ ကုန်အညွှန်းအမှတ်အသားလျှောက်ထားရာတွင် အခမဲ့ကူညီဆောင်ရွက်ပေးပါကြောင်း၊ ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် လိုက်နာရမည့်အချက်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကလေးမြို့ (အ.လ.ကခွဲ-၅)ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာန၊ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ( ၂၀ ) ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်၌ ကလေးမြို့ (အ.လ.ကခွဲ-၅) ကျောင်းသို့သွားရောက်၍ ဆရာ/ဆရာမ ( ၂၀ ) ဉီး၊ ကျောင်းသား/သူ ( ၅၀ ) ဉီး၊ စုစုပေါင်း ( ၇၀ ) ဉီးတို့အား အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင်  (အ.လ.ကခွဲ-၅)ကျောင်းမှ ကျောင်းဆရာမ ဒေါ်အိအိချောက အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဉီးစီးဌာန၊ ဒေါ်သန်းသန်းဝင်း(ခရိုင်ဉီးစီးမှူး)က  စားသုံးသူကာကွယ်ရေးဥပဒေ အခန်း( ၉ ) တွင်ပါရှိသည့် စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ အကြောင်းအရာများကို အသိပညာပေးဟောပြောရာတွင် ကျောင်းသား/သူများကို မည်သည့်ပစ္စည်းကိုဝယ်ယူသည်ဖြစ်စေ မိမိတို့အနေဖြင့် စားသုံးသူများအတွက် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှုရရှိစေရန်၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်ရှိစေရန် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူအသုံးပြုရာ၌ လိုအပ်သောသတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာသိရှိရန်နှင့် ပြေစာသို့မဟုတ် အထောက်အထားရယူခွင့်ရှိရန် စသည်တို့ကို အသေးစိတ်ရှင်းလင်း၍ အသိပညာပေးခဲ့ကြောင်း သတင်းရရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကလေးဝမြို့ (အ.လ.က-၁)ကျောင်းတွင် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာန၊ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ( ၁၈ ) ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်၌  ကလေးဝမြို့ (အ.လ.က-၁) ကျောင်းသို့ သွားရောက်၍ ဆရာ/ဆရာမ ( ၃၀ ) ဉီး၊ ကျောင်းသား/သူ ( ၁၅၀ ) ဉီး၊ စုစုပေါင်း ( ၁၈၀ ) ဉီးတို့အား အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင်  (အ.လ.က-၁)ကျောင်းအုပ်ဆရာမကြီး ဒေါ်လေးလေးမြင့်က အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဉီးစီးဌာန၊  ကလေးဝမြို့နယ်တာဝန်ခံ  ဦးကျော်ကျော်မိုး (ဒု-ကြီးကြပ်ရေးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေအစာအုပ် အခန်း(၁၅)တွင်ပါရှိသည့် ကုန်စည် သို့မဟုတ်  ဝန်ဆောင်မှုလုံခြုံစိတ်ချရမှုအကြောင်းကို အသိပညာပေးဆွေးနွေးရာတွင် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေးအတွက် လိုအပ်သောအစီအမံများပြုလုပ်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေးအတွက် လိုအပ်ပါက သက်ဆိုင်ရာစားသုံးသူကာကွယ်ရေးအသင်းအဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်ခြင်း၊ စားသုံးသူများအသုံးပြုမည့် ကုန်စည်များထုတ်လုပ်ခြင်းအပေါ် ဘေးအန္တရာယ်ကင်းရှင်းစေရေး ဆောင်ရွက်ခြင်းများဆွေးနွေးခဲ့ကြပြီး ဟောပြောပွဲအခမ်းအနားကို နံနက်(၁၁:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါကြောင်း သတင်းရရှိရပါသည်။

DOCA(စစ်ကိုင်း)

 

         

ကုန်အညွှန်းအမှတ်အသားလျှောက်ထားခြင်းများအတွက် ကူညီဆောင်ရွက်

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်များသုံးစွဲနိုင်ရန်နှင့် လုပ်ငန်းရှင်များထုတ်လုပ်ရောင်းချသော စားသောက်ကုန်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များ၊ မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည့်အချက်များ ပြည့်စုံစွာပါဝင်ရေးအတွက် ကုန်အညွှန်းအမှတ်အသားလျှောက်ထားခြင်းတို့စိစစ်ပြီး ဥပဒေညွှန်ကြားချက်များနှင့်ကိုက်ညီမှုရှိ/မရှိ တင်ပြဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးသို့ ကသာမြို့မှ ကိတ်နှင့်မုန့်မျိုးစုံထုတ်လုပ်ရောင်းချသော လုပ်ငန်းရှင် (၄)ဦးက ၎င်းတို့လုပ်ငန်းများမှ အသစ်ထပ်မံထုတ်လုပ်ရောင်းချသည့်မုန့်များအတွက် ကုန်အညွှန်းအမှတ်အသားလာရောက်လျှောက်ထားခဲ့ကြပါသည်။

    ဆက်လက်၍ ဒု-ခရိုင်ဦးစီးမှူး ဦးကြည်နိုင်ဦးက လျှောက်ထားလာသော မုန့်လုပ်ငန်းရှင်များ၏ မုန့်တံဆိပ်များတွင် လိုအပ်သည်များစစ်ဆေးပေးခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ ကုန်စည်များတွင် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များ၊ ကုန်စည်အမျိုးအစားအလိုက် ထည့်သွင်းဖော်ပြရမည့်အချက်များနှင့် လုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကသာမြို့ပေါ်ရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်များသုံးစွဲနိုင်ရန်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်စည်များလျော့နည်းပပျောက်စေရန်ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၂၀)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကြည်နိုင်ဦးနှင့်ဝန်ထမ်းများသည် ကသာမြို့ပေါ်ရှိ ကုန်စုံဆိုင်(၂)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

    ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စစ်ဆေးသည့်ဆိုင်များ၌ တွေ့ရှိရသည့် ကလေးအာဟာရဖြည့်စွက်စာများ၊ စားသုံးဆီဘူးများနှင့် အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များ၊ စားသုံးဆီများတွင် ထည့်သွင်းဖော်ပြရမည့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)ပါ သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြပါသည်။ ဆက်လက်၍ ရောင်းချသူဆိုင်ရှင်များအား ကုန်ပစ္စည်းများရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသော ကုန်ပစ္စည်းများကိုသာအဓိကထားရောင်းချကြရန်နှင့် သက်တမ်းလွန်ကုန်စည်များ၊ မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှထုတ်ပြန်ထားသည့် တားမြစ်ကုန်စည်များ စသည်တို့ကိုလည်း ရောင်းချခြင်းမပြုရန် မှာကြားခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အချက်များသိရှိစေရန်အတွက် စားသုံးဆီများတွင် ထည့်သွင်းဖော်ပြရမည့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) နှင့် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ  ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - HighLight News