မကွေးတိုင်းဒေသကြီး MSMEs Agency နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် MSMEs လုပ်ငန်းရှင်များ တွေ့ဆုံပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဝင်းအပါအဝင် တိုင်းဒေသကြီး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စုစုပေါင်း (၂၅) ဦးနှင့် MSMEs စီးပွားရေးလုပ်ငန်းရှင်များ (၁၃၀) ဦး၊ စုစုပေါင်း ( ၁၅၅ ) ဦးတက်ရောက်ခဲ့ကြပါသည်။
ဦးစွာ တွေ့ဆုံပွဲတွင် မကွေးတိုင်းဒေသကြီး MSMEs Agency နာယက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးတိုင်းဒေသကြီးအတွင်း ထုတ်လုပ်မှုလုပ်ငန်းလုပ်ကိုင်သူများ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း စသည့် ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူများ၊ ရောင်းဝယ်မှုကဏ္ဍလုပ်ကိုင်သူများ၊ ရေသန့်လုပ်ငန်းရှင်များ၊ အစားအသောက်လုပ်ငန်းရှင်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ကိုင်သူများ စသည်ဖြင့် ကဏ္ဍပေါင်းစုံပါဝင်သည့် MSMEs လုပ်ငန်းရှင်များကို ဖိတ်ကြားပြီး ကြုံတွေ့နေရသည့်အခက်အခဲနှင့်လိုအပ်ချက်များကို သိရှိပြီး MSMEs Agency အနေဖြင့် လုပ်ဆောင်ပေးနိုင်မည့်အရာများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကူညီပေးနိုင်မည့်အပိုင်းများအား ကူညီပေးမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆောင်ရွက်မပေးနိုင်လျှင် ပြည်ထောင်စုကို ဆက်လက်တင်ပြပေးမည်ဖြစ်ကြောင်း၊ MSMEs လုပ်ငန်းရှင်များ၏အခက်အခဲကို တစ်ဖက်တစ်လမ်းမှကူညီပေးပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ချင်သည့်အတွက် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးအနေဖြင့် တိုင်းဒေသကြီးအတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် မကွေးတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီကို ပြင်ဆင်ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ MSMEs လုပ်ငန်းများမှာ စီးပွားရေးလုပ်ငန်းများ၏ (၉၀%) ကျော်ရှိနေသဖြင့် မြန်မာနိုင်ငံ၏ အဓိကကျောရိုးမဏ္ဍိုင်ဖြစ်နေပြီး နိုင်ငံလူဦးရေ၏လေးပုံသုံးပုံကို MSMEs လုပ်ငန်းများမှ အလုပ်အကိုင်အခွင့်အလမ်းများ ဖြည့်ဆည်းပေးနေသည့်အတွက် မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံများမှ MSMEs များ၏ အခန်းကဏ္ဍသည် အလွန်အရေးပါသောနေရာတွင် ရှိနေခြင်းဖြစ်ပါကြောင်း၊ MSMEs ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ ထုတ်လုပ်မှု၊ ရောင်းဝယ်မှု၊ ဝန်ဆောင်မှုနှင့် အခြား စသည့် စီးပွားရေးလုပ်ငန်းများအားလုံး အကျုံးဝင်သည့်အတွက် တိုင်းဒေသကြီးအတွင်းရှိ အစိုးရဌာနများတွင် တရားဝင်မှတ်ပုံတင်ထားသည့် စီးပွားရေးလုပ်ငန်းစုစုပေါင်း ( ၂၂၄၅၆ ) ခုရှိပြီး၊ MSMEs လုပ်ငန်းရှင်များကို SME Member Card ထုတ်ပေးမှုအနေဖြင့် အသေးစား ( ၂၈၉၈ ) ခု၊ အလတ်စား ( ၂၆၇ ) ခု၊ စုစုပေါင်း ( ၃၁၆၅ ) ခု ထုတ်ပေးထားပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်လမ်းညွှန်ခဲ့သည့် မကွေးတိုင်းဒေသကြီးအနေဖြင့် စားသုံးဆီနှင့်ချည်ထည်ပစ္စည်းများကို အများဆုံးထုတ်လုပ်သည့် တိုင်းဒေသကြီးဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်ရန်နှင့် ဒေသထွက် ကုန်ကြမ်းကို အခြေခံသည့် MSMEs လုပ်ငန်းများကို အားပေးဆောင်ရွက်ရန် လမ်းညွှန်မှာကြားသွား သည့်အတိုင်း မကွေးတိုင်းဒေသကြီး MSMEs Agency နှင့် MSMEs လုပ်ငန်းရှင်များ ပေါင်းစပ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မကွေးမြို့တွင် စက်မှုဇုန်တစ်ခု အကောင်အထည်ဖော်ရန်အတွက် ဆောင်ရွက်လျက်ရှိပြီး သတ်မှတ်ထားသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ဆောင်နေရသည့်အတွက် မကြာမီကာလတွင် မကွေးစက်မှုဇုန်အဖြစ် အကောင်အထည်ပေါ်လာမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ တက်ရောက်လာသည့် MSMEs လုပ်ငန်းရှင် (၃၄) ဦးက သိရှိလိုသည်များနှင့် ကြုံတွေ့နေရသည့်အခက်အခဲများအား မေးမြန်းတင်ပြခဲ့ကြရာ MSMEs လုပ်ငန်းရှင်များ၏ မေးမြန်းချက်များအပေါ် သက်ဆိုင်ရာဌာနများက ပြန်လည်ဖြေကြားပေးခဲ့ကြပြီး မကွေးတိုင်းဒေသကြီး MSMEs Agency နာယက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဆွေးနွေးတင်ပြချက်များအပေါ် ခြုံငုံသုံးသပ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆောင်ရွက်ပေးနိုင်မည့်ကိစ္စရပ်များနှင့်ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး တွေ့ဆုံဆွေးနွေးပွဲကို နေ့လယ် ( ၁၄:၀၀ ) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
DOCA(မကွေး)