Main menu

HighLight News

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒု-တိုင်းဦးစီးမှူးသည် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဒုတိယတိုင်းဦးစီးမှူး ဦးစိုးဦး၊ စားသုံးသူရေးရာဦးစီးဌာနခွဲတာဝန်ခံ ဦးကျော်စိုးရီနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်ဖြူဖြူလတ်တို့သည် ဟင်္သာတမြို့နယ်အတွင်းရှိ ဓာတ်မြေဩဇာရောင်းချလျက်ရှိသော လုပ်ငန်းရှင် (၄)ဦးတို့နှင့် ဩဂုတ်လ (၁၆)ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

  ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ စစ်ဆေးရေးမှူးနှင့်ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ (၂၈) ရက်နေ့နှင့် ဩဂုတ်လ (၁၀) ရက်နေ့တို့တွင် ဟင်္သာတမြို့ရှိ ဓာတ်မြေဩဇာရောင်းချလျက်ရှိသော အရောင်းဆိုင် (၄) ဆိုင်၌ ကုန်ညွှန်းအမှတ်အသားပြည့်စုံမှုမရှိခြင်းနှင့် မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းကိုမတွေ့ရှိရပါသဖြင့် နောင်တွင် သက်ဆိုင်ရာဌာနများ၏ထောက်ခံချက်၊ စားသုံးသူရေးရာဦးစီးဌာနကသတ်မှတ်ထားသော ကုန်ညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြရန်နှင့် မြန်မာဘာသာဖြင့်ဖော်ပြထားသော ဓာတ်မြေဩဇာများကိုသာရောင်းချရန် ကတိဝန်ခံချက်ရေးထိုးခိုင်းပြီးနောက် ဒု-တိုင်းဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များကိုရှင်းလင်းပြောကြား၍ စားသုံးသူရေးရာဌာနခွဲတာဝန်ခံကလည်း ဦးစီးဌာန၏လုပ်ပိုင်ခွင့်နှင့်လုပ်ငန်းတာဝန်များအကြောင်းကိုအသိပညာပေးခဲ့ပြီးနောက် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံကလည်း ကုန်ညွှန်းအမှတ်အသားများနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ဧရာဝတီတိုင်းဒေသကြီးမှ စားသုံးသူရေးရာဦးစီးဌာန (ရုံးချုပ်) တွင်ကျင်းပပြုလုပ်သော Commodity Price Data Base Software သုံးစွဲခြင်းအစည်းအဝေးသို့တက်ရောက်

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ် (နေပြည်တော်)၊ ရုံးအမှတ် (၅၂) ၌ ဩဂုတ်လ (၁၅) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် Virtual စနစ်ဖြင့် Commodity Price Data Base Software သုံးစွဲခြင်းအတွက်  လိုအပ်ချက်များကို ထပ်မံရှင်းလင်းခြင်းအစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး၊ ဦးစီးမှူးရုံးနှင့် ခရိုင်ဦးစီးမှူးရုံးမှ လုပ်ငန်းတာဝန်ခံများတက်ရောက်ခဲ့ကြပါသည်။

   ရုံးချုပ်၊ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး၊ ဦးဆန်းမြင့်၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ညွှန်ကြားရေးမှူးတို့မှ ပြည်နယ်/ တိုင်းဒေသကြီးများရှိ Commodity Price Data Base Software သုံးစွဲသူများအားတွေ့ဆုံ၍ လိုအပ်သည်များကို ရှင်းလင်းမှာကြားခဲ့ပြီး အဆိုပါ အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး၊  သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံ ဦးစံကြည်၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲတာဝန်ခံ ဦးလှိုင်ထွဋ်၊ ပုသိမ်ခရိုင်ဦးစီးမှူး ဦးတင်စိုးလှိုင်နှင့် စာရင်း‌‌ရေးသွင်းသူ (၂) ဦး၊ ခရိုင်များမှ ဈေးနှုန်းကောက်ယူသောတာဝန်ခံနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ရုံးတွင် MSME အား ပေးမြှင့်တင်ရန် Action Plan ရေးဆွဲခြင်းညှိနှိုင်းအစည်းအဝေးပြုလုပ်

   ဧရာဝတီတိုင်းဒေသကြီးအတွင်း MSME များကိုအားပေးမြှင့်တင်ရန် One region One Product ထုတ်ကုန်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်မည့် Action Plan ရေးဆွဲရန်တို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အစည်းအဝေးခန်းမ၌ ဩဂုတ်လ(၁၆)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ သက်ဆိုင်ရာကော်မတီအဖွဲ့ဝင် တိုင်းအဆင့်ဌာနဆိုင်ရာများနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-တိုင်းဦးစီးမှူး ဦးစိုးဦးတက်ရောက်ခဲ့ပါသည်။

   ဧရာဝတီတိုင်းဒေသကြီးအတွင်း One Product ထုတ်ကုန်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်မည့် Action Plan ရေးဆွဲရာတွင် အဓိကထုတ်ကုန်အမျိုးအစားများဖြစ်သော ဆန်၊ ဆန်ထွက်ပစ္စည်း၊ ပဲအမျိုးမျိုး၊ ရေထွက်ပစ္စည်း၊ အသားငါး၊ ပြောင်း၊ နှမ်း၊ ဝဥ၊ ကော်ဖီစေ့၊ ရော်ဘာ၊ သီဟိုဠ်၊ ပီလောပီနံ စသည့်လယ်ယာထွက်ကုန်သီးနှံများအား အကောင်အထည်ဆောင်ရွက်မည့် သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့်ပူးပေါင်းဆောင်ရွက်ရန်နှင့် ထို့ပြင် ပြည်တွင်းထုတ်ကုန်များကိုပေးမြှင့်တင်ရန်၊ သွင်းကုန်အစားထိုးလုပ်ငန်းများဆောင်ရွက်ရန်သာမက ဧရာဝတီမှ ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်မည့်အချိန်အကန့်အသတ် Target Time Line ဖြင့်ဆောင်ရွက်ရန် MSME များကို အားပေးမြှင့်တင်ရေးအစီအစဉ် အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်ရန်တို့အတွက် Action Plan ရေးဆွဲခဲ့ကြကြောင်းသိရသည်။

DOCA(ဧရာဝတီ)

 

စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးတွင် ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေး ကွန်ပြူတာသင်တန်း(၂/၂၀၂၃) အခမ်းအနားပိတ်ပွဲကျင်းပ

    ဝန်ထမ်းစွမ်းဆောင်ရည်မြင့်မားလာစေရေးအထောက်အကူဖြစ်စေရန်အတွက် ရုံးလုပ်ငန်းသုံး အစီရင်ခံ ကွန်ပျူတာ(မွန်းမံ)သင်တန်းပိတ်ပွဲအခမ်းအနားအား (၁၆-၈-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၆:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

    အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက အမှာစကားပြောကြားခဲ့ပြီးနောက် ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်က သင်တန်းတက်ရောက်ရခြင်းကြောင့် ရရှိသောအကျိုးကျေးဇူးကိုပြောကြားပြီး သင်တန်းနည်းပြ ဦးဇေယျထူးက ကျေးဇူးတင်နှုတ်ဆက်စကားပြောကြား၍ အခမ်းအနားပိတ်ပွဲအစီအစဉ်ကျင်းပခဲ့ကြောင်းသိရသည်။

   အဆိုပါအခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးရှိ အရာထမ်း၊ အမှုထမ်းစုစုပေါင်း (၁၅) ဦးသင်တန်းတက်ရောက်ခဲ့ပြီး သင်တန်းတွင် အခြေခံရုံးသုံးကွန်ပျူတာဘာသာရပ်များဖြစ်သော Microsoft word, Microsoft Excel, Powerpoint နှင့် Email ပေးပို့ခြင်း/ လက်ခံခြင်းများ, Software အဖြုတ်/အတပ် စသည်တို့ကို (၁၄-၈-၂၀၂၃) ရက်နေ့မှ (၁၆-၈-၂၀၂၃)  ရက်နေ့အထိ (၃) ရက်တာ စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

 

ရုံးတွင်းစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကွင်းဆင်းလေ့လာ

    ဝန်ထမ်းများအသိပညာဗဟုသုတများတိုးပွားစေရေး၊ လုပ်ငန်းများဆောင်ရွက်ရာတွင် သတင်းအချက်အလက်များမျှဝေနိုင်ရေး၊ ကိုးကားဖော်ပြနိုင်ရေးနှင့် အလွယ်တကူရှာမှီးနိုင်စေရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများတွင် ရုံးတွင်းစာကြည့်တိုက်များထားရှိလျက်ရှိရာ စာကြည့်တိုက်လုပ်ငန်းဖွံ့ဖြိုးစေရေးနှင့် စနစ်တကျရေရှည်လည်ပတ်နိုင်စေရေးအလို့ငှာ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ သတင်းနည်းဌာနခွဲတာဝန်ခံ ဦးမျိုးဝင်းနိုင်နှင့် ရုံးတွင်းစာကြည့်တိုက်တာဝန်ခံ ဒေါ်သီတာဌေး (ဒု-ကြီးကြပ်ရေးမှူး)နှင့်ဝန်ထမ်းများသည် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့သွားရောက်၍ စာကြည့်တိုက်လုပ်ငန်းများကို ကွင်းဆင်းလေ့လာခဲ့ကြောင်းသိရသည်။

   ထိုသို့ လေ့လာရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးအေးက ပြည်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၏ ဖွဲ့စည်းဆောင်ရွက်မှု၊ စာအုပ်စာတမ်းများကို အမျိုးအစားရာစုအလိုက် ထားသိုသိမ်းဆည်းမှု၊ စာအုပ်ငှားရမ်းမှု နှင့် e-Library စနစ်ဖြင့်  Data Base စာရင်းထည့်သွင်းမှုအခြေအနေများကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ဝန်ထမ်းများက သိလိုသည်များကို ပြည်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။

   စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ ရုံးတွင်းစားကြည့်တိုက်အား ၂၀၂၂ခုနှစ်  အောက်တိုဘာလတွင် စတင်ဆောင်ရွက်ခဲ့ပြီး ဘာသာရပ်ဆိုင်ရာစာအုပ်များဖြစ်သည့် သိမှတ်ဖွယ်ရာများ၊ ဥပဒေ/မူဝါဒဆိုင်ရာစာအုပ်စာတမ်းများ၊ ကုန်သွယ်မှုဆိုင်ရာအချက်အလက်များ၊ သမိုင်းမှတ်တမ်းများ၊ သုတ/ရသစာပေများနှင့် မဂ္ဂဇင်း၊ သတင်းစာ၊  ဂျာနယ် စသည့်စာအုပ်စာတမ်းပေါင်း ၁၁၄အုပ်ကိုစုဆောင်းထားရှိပြီး ဝန်ထမ်းများသို့ အခမဲ့ငှားရမ်းပေးလျက်ရှိကြောင်းနှင့် ယခုကဲ့သို့ ဆောင်ရွက်ခြင်းအားဖြင့် ဝန်ထမ်းများသည် လုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သောသတင်းအချက်အလက်များကို အချိန်တိုအတွင်း ရှာဖွေကိုးကားနိုင်မည်ဖြစ်ပြီး လုပ်ငန်းစွမ်းဆောင်ရည်မြင့်တက်လာမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

 

ဂွမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေး

   ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သံတွဲခရိုင်၊ ဂွမြို့နယ်တာဝန်ခံ ဒေါ်မာမာလေးသည် (၁၄-၈-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအခမ်းအနားကို ဂွမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ကျင်းပခဲ့ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အဆင့် ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ အခြားလူမှုရေးအသင်းအဖွဲ့များက သက်ဆိုင်ရာအသိပညာများကို ဟောပြောဆောင်ရွက်ခဲ့ပါသည်။  

    ဆွေးနွေးပွဲတွင် ဂွမြို့နယ်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ကောင်းစံမြတ်က ကျောင်းကျန်းမာရေးအတွက် သီတင်းပတ်လှုပ်ရှားမှုများနှင့် ရှေ့လုပ်ငန်းစဉ်များအကြောင်းကိုရှင်းလင်းပြောကြားခြင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန (မိခင်နှင့်ကလေးကျောင်းကျန်းမာရေးအာဟာရ) ဌာနမှ ဒေါ်နီလာအေး (ဦးစီးမှူး) က အစားအစာအာဟာရများနှင့်ပတ်သတ်၍ လူတစ်ဦးလျှင် တစ်နေ့တာလိုအပ်သည့် အာဟာရအုပ်စု(၃)မျိုးအကြောင်းကိုအကျယ်တဝင့်ရှင်းပြခြင်း၊   စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်မာမာလေး(ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူတို့၏အခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်တို့လိုက်နာရမည့် ပြဋ္ဌာန်းချက်များ၊ ကုန်ပစ္စည်းများပေါ်တွင် ရေးသားဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်းဆိုင်ရာအချက်များ၊ မည်သည့်ကုန်စည်မဆို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြထား‌သော ကုန်စည်များကိုသာဝယ်ယူစားသုံး/ အသုံးပြုစေရေး၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဝယ်သူအသုံးပြုခြင်းကြောင့် ဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများကို အကျယ်တဝင့်ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားဆွေးနွေးဆောင်ရွက်ခဲ့ကြပါသည်။

    အဆိုပါ ဆွေးနွေးပွဲသို့ (၁၃၀)ဦးခန့်တက်ရောက်ခဲ့ကြပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များလည်းဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရခိုင်)       

ကိတ်မုန့်/ပေါင်မုန့်လုပ်ငန်းနှင့် ငါးမုန့်ကြော်လုပ်ငန်းတို့အား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေး

     ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (၁၇) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ တာချီလိတ်မြို့၊ ပါလျှံ(၂)၊ ရန်အောင်မြေရပ်ကွက်ရှိ “VIP”တံဆိပ်ကိတ်/ပေါင်မုန့်လုပ်ငန်းနှင့် ပန်ဟတ်ကျေးရွာရှိ ပုစွန်တံဆိပ် ငါးမုန့်ကြော်လုပ်ငန်းတို့အား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

  ထိုသို့ စစ်ဆေးရာတွင် “VIP”တံဆိပ်ကိတ်မုန့်/ပေါင်မုန့်နှင့် ပုစွန်တံဆိပ် ငါးမုန့်ကြော်သည် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်အမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကိုလည်း သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်ဖြန့်ချိသည်ကိုစစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် လုပ်ငန်းရှင်များအား စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းလိုင်စင်နှင့် ထောက်ခံချက်များပြုလုပ်ရန်၊ လုပ်ငန်းတွင်အသုံးပြုသော စက်ပစ္စည်းများကို သန့်ရှင်းရေးပုံမှန်ပြုလုပ်ပေးရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို လိုက်နာဆောင်ရွက်ရန်ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေး

     စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၂၅) ရက်နေ့၊ နံနက် ( ၁၀:၀၀ ) နာရီအချိန်တွင် ဝန်ထမ်း( ၅ )ဦးသည် လွိုင်ကော်မြို့၊ နောင်ယား(က) ရပ်ကွက်ရှိ အမှတ်( ၂ )၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား / ကျောင်းသူ၊ ဆရာ/ ဆရာမစုစုပေါင်း (၁၀၀)ဦးကို စားသုံးသူကာကွယ်ရေးအကြောင်း  အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

  အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးမိုးညွန့်ဦး (ဦးစီးအရာရှိ)က စားသုံးသူဟူသည့်အဓိပ္ပါယ်ကိုလည်းကောင်း၊ စားသုံးသူများတွင် အခွင့်အရေးများရှိကြောင်း၊ ကျောင်းသူ/ ကျောင်းသားများအနေဖြင့် မိမိတို့ရရှိပိုင်ခွင့်ရှိသည့် အခွင့်အရေးများကိုသိရှိထားရန်လိုအပ်ကြောင်း၊ အဆိုပါ အခွင့်အရေးများကို စားသုံးသူရေးရာဦးစီးဌာန၏ဥပဒေအရ အကာအကွယ်ပေးထားကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဒေါ်နော်ကြူကြူ (ဒု-ဦးစီးမှူး)က ကျောင်းသား / ကျောင်းသူများအား ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများနှင့် စားသုံးသူများလိုက်နာရမည့်တာဝန်များကိုလည်းကောင်း၊ ကုန်အညွန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ကုန်ပစ္စည်းများဝယ်ယူသုံးစွဲခြင်းမပြုမီ သတိပြုရမည့်အချက်များကိုလည်းကောင်း၊ စားသုံးသူအခွင့်အရေးများနစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC)သို့ လူကိုယ်တိုင်ဖြစ်စေ၊ Website မှဖြစ်စေ၊ Doca Myanmar application များမှဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း၊ Consumer call center No. (၁၅၃၅) သို့ခေါ်ဆို၍ စားသုံးသူရေးရာနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကိုမေးမြန်းနိုင်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး  တက်ရောက်လာသော ကျောင်းသူ/ကျောင်းသားများအား အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးအပ်ပြီး ဗွီနိုင်းကို ကျောင်းအုပ်ဆရာမကြီးထံသို့ ပေးအပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

ကယားပြည်နယ်၏ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ ဇူလိုင်လအထိ လုပ်ငန်းဆောင်ရွက်နိုင်မှုအခြေအနေ

     စာသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပြည်နယ်အတွင်းရှိ စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကိုဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ရန်နှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက်သော်လည်းကောင်း၊ စားသုံးသူအခွင့်အရေးနှင့်ပတ်သက်၍ သိရှိစေရန်အတွက်သော်လည်းကောင်း၊ အခွင့်အရေးများနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများရှိပါက တောင်းဆိုရယူတတ်စေရန်ရည်ရွယ်၍ စားသုံးသူအသိပညာပေးဟောပြောဆွေးနွေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ဝန်ထမ်းများ လုပ်ငန်းခွင်အတွင်း စွမ်းဆောင်ရည်ပြည့်ဝစေရန် သင်တန်းများဖွင့်လှစ်ပို့ချခြင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် ပြည့်စုံစွာထည့်သွင်းဖော်ပြလာစေရေး စိစစ်ဆောင်ရွက်ပေးခြင်း၊ Online စနစ်ဖြင့် Talk Show များဆွေးနွေးဆောင်ရွက်ခြင်း၊ အငြင်းပွားမှုများနှင့်ပတ်သက်၍ အရေးဆိုတိုင်တန်းလာပါက ညှိနှိုင်းဖြေရှင်းပေးနိုင်ရန်အတွက် စားသုံးသူရေးရာကော်မတီအစည်းအဝေးများကျင်းပပြုလုပ်ခြင်း စသည့်လုပ်ငန်းများကို ကျယ်ပြန့်စွာဆောင်ရွက်လျက်ရှိပါသည်။

    ထိုသို့ဆောင်ရွက်ရာတွင် ကာလဒေသအခြေအနေအရ ပြည်နယ်တစ်ခုလုံးကိုလွှမ်းခြုံနိုင်မှုရှိအောင် မဆောင်ရွက်နိုင်သော်လည်း လုပ်ငန်းများဆောင်ရွက်နိုင်သည့် လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ် မြို့ပေါ် ရပ်ကွက်များအတွင်းရှိ ဈေးများ၊ စာသင်ကျောင်းများ၊ စတိုးဆိုင်၊ ကုန်စုံဆိုင်များ၊ လည်ပတ်လျက်ရှိသည့်ဆီစက်များ၊ စီးပွားရေးလုပ်ငန်းရှင်များ စသည်တို့ထံသို့သွားရောက်၍ အသိပညာပေးခြင်း၊ ဆွေးနွေးခြင်းများ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောက်ရွက်လျက်ရှိပါသည်။

  (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ ဇူလိုင်လအတွင်း စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းကို တက္ကသိုလ်/ကောလိပ်များတွင် (၁)ကြိမ်၊ အခြေခံပညာအထက်တန်းကျောင်းများ၌ (၁)ကြိမ်၊ Online စနစ်ဖြင့် Talk Show (၁)ကြိမ်၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း(၃)ကြိမ်၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၁၇)ကြိမ်၊ ကော်မတီအစည်းအဝေး(၁)ကြိမ်ဆောင်ရွက်ခဲ့ပါသည်။ ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်(၁)ဦးက ကုန်စည်အမျိုးအစား(၂)မျိုးတို့မှာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉) ညွှန်ကြားချက်ပါ အချက်အလက်များနှင့်ကိုက်ညီမှုရှိကြောင်း အတည်ပြုပြန်ကြားခြင်းများဆောင်ရွက်ခဲ့ပါသည်။

  စားသုံးသူကာကွယ်ရေးလုပ်ငန်းသည် နိုင်ငံသားတိုင်းနှင့်သက်ဆိုင်သည်ဖြစ်၍ သက်ဆိုင်ရာအစိုးရဌာန၊ အသင်းအဖွဲ့၊ လုပ်ငန်းရှင်များနှင့်ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်း၍ လုံခြုံစိတ်ချရမှုရှိသောကုန်စည်နှင့်ဝန်ဆောင်မှုများကို ရွေးချယ်ဝယ်ယူသုံးစွဲတတ်လာပြီး စီးပွားရေးလုပ်ငန်းရှင်များကလည်း ကျင့်ဝတ်၊ စည်းကမ်းသတ်မှတ်ချက်များနှင့်အတူ အရည်အသွေးပြည့်မီပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့်ကိုက်ညီသော ကုန်စည်များထုတ်လုပ်ဖြန့်ဖြူးတင်သွင်းရောင်းချပါက ဒေသတွင်းစီးပွားရေးပိုမိုတိုးတက်လာဖြစ်ပြီး ဈေးကွက်ဝေစုများပိုမိုရရှိကာ ဌာန၏ရည်မှန်းချက်၊ မျှော်မှန်းချက်တို့မှာလည်း ပိုမိုအောင်မြင်လာမည်ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(ကယား)

 

မကွေးမြို့၊ တောင်တွင်းလမ်းရှိ ဆယ်စုသစ်စက်သုံးဆီအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေး

  မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီလက်ကားရည်ညွှန်းစျေးနှုန်းများကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

    မကွေးမြို့နယ်တွင် စက်သုံးဆီဆိုင်(၂၃)ဆိုင်ရှိရာ ဆိုင်များအားလုံးမှာ ပုံမှန်ဖွင့်လှစ်ရောင်းချပေးလျက်ရှိပြီး (၁၄-၈-၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၆:၁၅) နာရီအချိန်တွင်  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှ(လက်ထောက်ညွှန်ကြားရေးမှူး) နှင့်ဝန်ထမ်းများသည် မကွေးမြို့၊ တောင်တွင်းလမ်းပေါ်ရှိ ဆယ်စုသစ်စက်သုံးဆီအရောင်းဆိုင်သို့သွားရောက်၍ စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကထုတ်ပြန်ထားသော စက်သုံးဆီလက်ကားရည်ညွှန်းစျေးနှုန်းများအတိုင်း ရောင်းချမှုရှိ/မရှိကို ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ (၁၄-၈-၂၀၂၃)ရက်နေ့တွင်ရောင်းချနေသော စက်သုံးဆီစျေးနှုန်းများမှာ ဒီဇယ်(ရိုးရိုး) (၁)လီတာလျှင် (၂၅၀၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်) (၁)လီတာလျှင် (၂၅၈၀)ကျပ်၊ 92 (၁)လီတာလျှင် (၂၃၃၀)ကျပ်နှင့် 95 (၁)လီတာလျှင် (၂၄၄၅)ကျပ်တို့ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - HighLight News