Main menu

HighLight News

Powered by Drupal

ကရင်ပြည်နယ် ရေသန့်လုပ်ငန်းရှင်အသင်း ၊ မြဝတီခရိုင် ရေသန့်လုပ်ငန်းရှင်များ အသင်းနှင့် တွေ့ဆုံခြင်း

          ကရင်ပြည်နယ်ရေသန့်လုပ်ငန်းရှင်အသင်း၏ ဖိတ်ကြားချက်အရ ၂.၂.၂၀၂၂ ရက်နေ့၊ နေ့လည် ၁၂း၀၀ နာရီအချိန်တွင် မြဝတီမြို့ ရွှေကမ္ဘာ ဟိုတယ်အစည်းအဝေးခန်းမ၌ မိတ်ဖက်ဌာနများဖြစ်သော စက်မှုကြီးကြပ်နှင့်စစ်ဆေးရေးဦးစီးဌာ၊ မြဝတီခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် မြဝတီ သောက်ရေ သန့်လုပ်ငန်းရှင်များအသင်းတွေ့ဆုံ၍ သောက်ရေသန့်လုပ်ငန်းများအကြောင်းနှင့် ပတ်သက်၍ ဆွေး နွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။

          အဆိုပါအစည်းအဝေးတွင် ကရင်ပြည်နယ် သောက်ရေသန့်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးအောင်ကျော်သူက ဘားအံမြို့ရှိ သောက်ရေသန့်လုပ်ငန်းရှင်များအသင်းကို (၄၂)ဦး ဖွဲ့စည်းထားပြီး ၂၀၁၉ခုနှစ်မှာ စတင်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ဘားအံ၊ ကော့ကရိတ်၊မြဝတီ၊ ဘုရားသုံးဆူ ကရင်ပြည်နယ်အသင်းအနေဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ ဘားအံမြို့တွင် သောက်ရေသန့် လုပ်ငန်းရှင်များ အသင်းဆွေးနွေးညှိနှိုင်းမှုများကို လစဉ်အဆက်မပျက် ဆွေးနွေးညှိနှိုင်းတိုင်ပင်ကြကြောင်း၊ မြဝတီမြို့သို့ ပထမအကြိမ်လာရောက်၍ ဌာနဆိုင်ရာများကိုပါ ဖိတ်ကြားပြီး သောက်ရေ သန့်လုပ်ငန်းမှာ အဆင့်တစ်ခုအနေဖြင့် ရပ်တည်နိုင်ရန် ပူးပေါင်းကြိုးပန်းဆောင်ရွက်လိုပါကြောင်း၊ FDA ဌာန၏ အမိန့်ညွှန်ကြားချက်များ၊ စားသုံးသူရေးရာ ဦးစီးဌာန၏ ကုန်အမှတ်တံဆိပ်နှင့် ပတ်သက်၍ ညွှန်ကြားချက်များကို လိုက်နာ၍ ဆောင်ရွက်ကြရန်နှင့် မြဝတီသောက်ရေသန့်လုပ်ငန်းရှင် အသင်းအဖွဲ့တွင် အကြောင်း အမျိုးမျိုးကြောင့် အသင်းမဝင်ရသေးသော လုပ်ငန်းရှင်များကိုလည်း အသင်းအဖွဲ့တွင်ပါဝင်လာအောင်ဆောင်ရွက် ရန်လိုအပ် ပါကြောင်း ဌာနဆိုင်ရာများအနေဖြင့်လည်း လိုအပ်သောအကူအညီညွှန်ကြားချက်များကို တင်ပြဆွေးနွေးပေးနိုင်ပါရန်နှင့် ရေသန့် လုပ်ငန်းရှင်များမှလည်း ရင်းနှီးဖော်ရွေစွာ ဆွေးနွေစေလိုကြောင်း အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။

         ထို့နောက် စားသုံးသူရေးရာဦးစီးဌာန မြဝတီခရိုင်ဦးစီးမှူး ဦးနိုင်မိုးကိုမှ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူကာကွယ်ပေးရေးဥပဒေများအကြောင်း နှင့် စားသုံးသူနှင့် လုပ်ငန်းရှင်များအကြား အငြင်းပွား မှုမဖြစ်ပေါ်စေရန် စီးပွားရေးလုပ်ငန်းရှင်တို့၏ လိုက်နာရမည့် တာဝန်နှင့်တားမြစ်ချက်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၁၊ ပုဒ်မခွဲ (ခ) အရ ဤဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဌာန်းချက်များသည် ဥပဒေပြဌာန်းပြီး တစ်နှစ်ပြည့်မြောက်ကျော်လွန်ပြီဖြစ်၍ ၂၀၂၀ မတ်လ ၁၆ရက်နေ့မှစတင်၍ အာဏာတည်ပြီဖြစ်၍ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ ထုတ်လုပ်သော ကုန်စည်၏တံဆိပ်အမှတ်အသားများတွင် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ကုန်စည်အမျိုးအမည်၊ အရွယ်အစား အသားတင် ပမာဏ၊ ထားသိုပုံအညွှန်းတို့ကို မဖြစ်မနေ ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း၊ သောက်ရေသန့်လုပ်ငန်းရှင် များသည် ကုန်အညွှန်အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံမှန်ကန်မှု ရှိ/မရှိကို မိမိတို့ဌာနသို့တင်ပြစိစစ်လျှောက်ထား နိုင်ပါကြောင်း၊ မိမိတို့ဌာနမှလည်း ပြည်နယ်/ ရုံးဌာနအဆင့်ဆင့်သို့ တင်ပြပြီး အမြန်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကုန်အညွှန်း အမှတ်အသားပြည့်စုံမှန်ကန်ပြီဖြစ်ပါက လုံခြုံစိတ်ချရသောထုတ်ကုန်များကို ဈေးကွက်အတွင်းရှိ စားသုံးသူလက်ဝယ်သို့ ဘေး အန္တရာယ်ကင်းရှင်းစွာ ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ မြဝတီမြို့ သောက်ရေသန့်လုပ်ငန်းရှင်များအသင်း ဈေးကွက်၊ ဈေနှေုန်းအဆင်ပြေတည်ငြိမ်စေရေးနှင့် လုပ်ငန်းရှင်များအချင်းချင်းအငြင်းပွားမှုမဖြစ်ပေါ်စေဘဲညှိနှိုင်းကြရန်၊ မြဝတီသောက်ရေ သန့်လုပ်ငန်းရှင်များအသင်း ရှင်သန်ထမြောက်ရေး သက်ဝင်လှုပ်ရှားစေရေးအတွက် အသင်းအဖွဲ့ခိုင်မာအားကောင်းလာမှသာ လုပ်ငန်းရှင်များအနေဖြင့် အသင်းအပေါ်ယုံကြည်မှုရှိလာပြီး အသင်းတောင့်တင်းခိုင်မာလာမည်ဖြစ်ကြောင်း၊ အသင်းအနေဖြင့် စဉ်ဆက်မပျက် စည်းဝေးဆောင်ရွက်စေလိုကြောင်း၊ အသင်းအဖွဲ့ ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ မိမိတို့ဌာနမှ အားပေးကူညီဆောင်ရွက်လျက်ရှိပြီး လိုအပ်သည့် အကူအညီအကြံဉာဏ်များ ဆက်လက်ပံပိုးဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ မိမိတို့ဌာနအနေဖြင့် သောက်ရေသန့်လုပ်ငန်းများအပြင် ဟင်းသီးဟင်းရွက်ဆီနှင့် ကုန်အညွှန်းအမှတ်အသားနှင့်ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည်များအကြောင်းကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ပါသည်။

        ဆွေးနွေးပွဲတွင် တက်ရောက်လာကြသော သောက်ရေသန့်လုပ်ငန်းရှင်များက မိမိတို့အနေဖြင့် ဌာနဆိုင်ရာများ၏ လမ်းညွှန်ချက်၊ ညွှန်ကြားချက် အကြံပြုချက်၊ လိုက်နာရမည့် အချက်များကို လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရေသန့်တံဆိပ်များကိုလည်း စစ်ဆေးခံ နိုင်အောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာမှ(၈)ဦး၊ လုပ်ငန်းရှင် (၁၄)ဦး စုစုပေါင်း (၂၂)ဦးတက်ရောက်ခဲ့ပြီး (၁၅:၁၀) နာရီ အချိန်တွင် အခမ်းအနား ပြီးမြှောက်ခဲ့ပြီး တက်ရောက်လာကြသော လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)

မလှိုင်မြို့၊ ကူကြီးကုန်း အ.ထ.က(ခွဲ)တွင် စားသုံးသူကာကွယ်ရေး  အသိပညာပေး ဟောပြောပွဲ ပြုလုပ်

          စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းစိုး (ဦးစီးအရာရှိ) ဦးဆောင်သော ဝန်ထမ်းများသည် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၂၇)ရက်နေ့ ၊ နံနက်(၉း၃၀)အချိန်တွင် မလှိုင်မြို့၊ အ.ထ.က(ခွဲ)ကူကြီးကုန်းကျောင်းတွင် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ  အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနသည် ယခင်နှစ် များက  အသိပညာပေးဟောပြောပွဲများ ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သော် လည်း Covid-၁၉ ရောဂါကူးစက်မှု အခြေအနေများကြောင့်CICC Meiktila Facebook Page (Online)မှ လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည့်သူဆက်သွယ်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ Talk Show အစီအစဉ်များဖြင့်လည်းကောင်း၊ စားသုံးသူအသိပညာပေးရေးလုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ပါကြောင်း၊ စားသုံးသူများအနေဖြင့် မိမိတို့အခွင့်အရေးများဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်လာပါ က တိုင်ကြားနိုင်ပါ‌ကြောင်း၊ တိုင်ကြားမှုများကိုလည်းစားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဖြေ ရှင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ 

          ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ မလှိုင်မြို့နယ်တာဝန်ခံဦးရဲမြင့်ဆန်းက စားသုံးသူ ကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ် ၊ မတ်လ (၁၅)ရက်နေ့တွင် ပြဌာန်းခဲ့ကြောင်း၊ ဥပဒေတွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခု ပါဝင်သော ဥပဒေအသစ်ကို ပြင်ဆင်အတည်ပြု ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူများအနေဖြင့် မိမိတို့၏အခွင့်အရေးများကို သိရှိမှသာ ကုန်စည်(သို့)ဝန်ဆောင်မှုများအပေါ် ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်‌လာပါက အရေးဆိုတိုင်ကြားနိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူအခွင့်အရေးများကို တိုင်ကြားမှုဥပမာများဖြင့် စားသုံးသူများသိရှိနားလည်စေရန် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး၊ လိုက်နာရမည့်တာဝန်များနှင့်ပတ်သက်၍ အကျယ်တဝင့်ဆွေးနွေးပြော ကြားခဲ့ပါသည်။ ၎င်းအပြင် အခန်း(၁၈)၊ ပုဒ်မ(၄၁)ပါ ကုန်အညွှန်းအမှတ်အသားပြဌာန်းချက်နှင့်ပတ်သက်၍ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသည့် ကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူ အသုံးပြုသင့်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ သိသင့်သိထိုက်သည့် ဗဟုသုတများကို ပြောကြားခဲ့ပြီး စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုများရှိပါက DOCA Application နှင့် www.doca.gov.mm website တွင် ဝင်ရောက်တိုင်ကြားနိုင်ကြောင်း ဆွေးနွေးခဲ့ပါသည်။  ဟောပြောပွဲတွင် ကျောင်းသား(၉၃)ဦး၊ ကျောင်းသူ (၁၂၆)ဦး၊ ဆရာ/ဆရာမ(၁၅)ဦး စုစုပေါင်း(၂၁၉)ဦး တက်ရောက်ခဲ့ပြီး စားသုံးသူရေးရာအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီး ဟောပြောပွဲအား နံနက်(၁၁း၀၀)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

DOCA(မန္တလေး)

၁.၂.၂၀၂၂ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

၁.၂.၂၀၂၂ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-

အထူးဈေးနှုန်းဖြင့် ရောင်းချနေသော စက်သုံးဆီဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၇.၁.၂၀၂၂ ရက်နေ့တွင် မော်လမြိုင်မြို့ရှိ စက်သုံးဆီ (ဒီဇယ်ဆီ) များအား အထူးဈေးနှုန်းဖြင့် ရောင်းချပေးနေသော MMTM (မြတ်မေတ္တာမွန်) ဆီဆိုင်သို့သွားရောက်၍ ဈေးနှုန်းများ၊ အချိန်အတွယ်ပမာဏများ ပြည့်စုံမှန်ကန်စွာ ရောင်းချမှုရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

        ထိုသို့ စစ်ဆေးရာတွင် အဆိုပါ စက်သုံးဆီအရောင်းဆိုင်အနေဖြင့် နိုင်ငံတော်ဗဟိုဘဏ်က ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးသည့် အမေရိကန်ဒေါ်လာဖြင့် ပြည်ပမှတင်သွင်းသော စက်သုံးဆီ (ဒီဇယ်ဆီ) များအပေါ် သက်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ၊ (၂၀) လီတာဝင် စံခွက်ဖြင့် ချိန်တွယ်စစ်ဆေးပြီး အချိန်အတွယ်မှန်ကန်မှု ရှိ/မရှိ စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(မွန်)

မော်လမြိုင်ကုန်စည်ဒိုင် (လပတ်) အစည်းအဝေး (၁/၂၀၂၂) ကျင်းပ

          မော်လမြိုင်ကုန်စည်ဒိုင် (လပတ်) အစည်းအဝေး (၁/၂၀၂၂) ကို ၂၆.၁.၂၀၂၂ ရက်နေ့ (၁၃:၀၀) ချိန်တွင် မော်လမြိုင်ကုန်စည်ဒိုင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မော်လမြိုင်ကုန်စည်ဒိုင် ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များ၊ အသင်းဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ မွန်ပြည်နယ်ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းဥက္ကဌနှင့် အသင်းတာဝန်ခံများ၊ Rohmonnya Business Institute မှ ဒါရိုက်တာနှင့် National Enlightenment Institute (NEI) မှ အုပ်ချုပ်မှုဒါရိုက်တာနှင့်အဖွဲ့ဝင်များ၊ စုစုပေါင်း (၂၁) ဦး တက်ရောက်ခဲ့ကြသည်။

          အစည်းအဝေးတွင် မော်လမြိုင်ကုန်စည်ဒိုင်ဥက္ကဌ ဦးအောင်မျိုးဦး က ကုန်စည်ဒိုင်၏ တစ်နှစ်တာကာလအတွင်းပြုလုပ်ခဲ့သော လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့ပြီး မော်လမြိုင်ကုန်စည်ဒိုင်၏ အလုပ်အမှုဆောင် ဦးခင်မောင်ရီ က ငါးလုပ်ငန်းကဏ္ဍအထူးပြု စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်ခဲ့သော လေ့လာရေးခရီးစဉ်နှင့် ပတ်သက်၍အတွေ့အကြုံများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ မော်လမြိုင်ကုန်စည်ဒိုင် ဒု-ဥက္ကဌ ဦးဘုန်းမြင့်က ရော်ဘာလုပ်ငန်း ကဏ္ဍအထူးပြု  စက်ရုံအလုပ်ရုံများသို့ သွားရောက်လေ့လာခဲ့သော လေ့လာရေး ခရီးစဉ်နှင့် ပတ်သက်သည့် အတွေ့အကြုံများ၊ ရော်ဘာသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဌာန၏ Basic Technology (Wet) သင်တန်းအတွက် သင်တန်းသားခေါ်ယူခြင်း ကိစ္စများ၊ မော်လမြိုင်ကုန်စည်ဒိုင်တွင် ရော်ဘာကုန်ဈေးနှုန်းဖော်ပြမှုနှင့် စပ်လျဉ်း၍ ပိုမိုပြည့်စုံသော အချက်အလက်များ တင်ပြနိုင်ရေး စသည့်အချက်များအား ဆွေးနွေးခဲ့ပါသည်။ ထို့နောက် မော်လမြိုင်ကုန်စည်ဒိုင်၏ ၂၀၂၂ ခုနှစ် ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းဆောင်တာများအား ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား ( ၁၆:၀၀ ) ချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

သထုံမြို့နယ်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး (Talk Show) ပြုလုပ်

        မွန်ပြည်နယ်၊ သထုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူ ရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၆.၁.၂၀၂၂ ရက်နေ့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ Talk Show အစီအစဉ်ကို အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

           ဆွေးနွေးပွဲတွင် ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်က Talk Show အစီအစဉ် ကျင်းပပြုလုပ်ရသည့် ရည်ရွယ် ချက်ကို ရှင်းလင်းပြီး စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထွန်းအောင်ဖြူနှင့် ဦးစီးအရာရှိ ဦးအောင်ကျော်မင်း တို့က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သည့် စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ရည်မှန်းချက်တာဝန် (၄) ရပ်၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှု များနှင့်စပ်လျဉ်း၍ စားသုံးသူ၏အခွင့်အရေးနှင့် အကျိုးစီးပွားတို့ကို ကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့် လုပ်ငန်းရှင်တို့အကြား မျှတမှုရှိအောင် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ၊ စားသုံးသူတို့၏ အခွင့်အရေး (၈) ချက်နှင့် တာဝန် (၄) ရပ်၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ရမည့် တာဝန် (၁၁) ချက်၊ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အခြားဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်အတွင်း အစားအသောက်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန် စသည်တို့ကို ကျန်းမာရေးနှင့် ညီညွတ်မှု ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားမှု ရှိ/မရှိ ရှောင်တခင်ဝင်ရောက်စစ်ဆေးနေမှု အခြေအနေများ၊ စားသုံးသူပြည်သူများအနေဖြင့် ဈေးကွက် အတွင်း ကုန်ပစ္စည်းများကို သတိထားဝယ်ယူသုံးစွဲကြရေးစသည့် စားသုံးသူကာကွယ်ရေး ဆိုင်ရာ သိမှတ်ဖွယ်ရာများတို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်နိုင်ရေး သောက်ရေသန့်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် တိုင်း/ခရိုင် ဦးစီးမှူးတို့၏ လမ်းညွှန်ချက်ဖြင့် စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရန်နှင့် ထုတ်လုပ်လျက်ရှိသော ကုန်စည်များ တွင် စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်နိုင်ရေးအ တွက် ရည်ရွယ်၍ (၂၆.၁.၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် မိတ်ဖက်ဌာနဖြစ်သော မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ပခုက္ကူမြို့ပေါ်ရှိ သောက်ရေသန့်လုပ်ငန်းရှင်များနှင့် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          အဆိုပါသောက်ရေသန့်လုပ်ငန်းများသို့ သွားရောက်၍ တွေ့ဆုံဆွေးနွေးအသိပညာပေးရာတွင် ဒု-ခရိုင်ဦးစီးမှူးက လုပ်ငန်းရှင်များအနေဖြင့် ထုတ်လုပ်သော သောက်ရေသန့်အမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ပါဝင်ရမည့်အပြင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) အရ ကုန်ပစ္စည်း၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်းတို့ကို မြန်မာဘာသာဖြင့် မဖြစ်မနေ ဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာ ဖော်ပြခြင်းသည် စားသုံးသူအား မိမိတို့ထုတ်လုပ်သော ကုန်စည်နှင့်ပတ်သက်၍ ပြည့်စုံမှန်ကန်သော သတင်းအချက်အလက်ပေးခြင်းဖြစ်သောကြောင့် လုပ်ငန်းရှင်များဘက်မှလည်း လိုက်နာဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်သည့် သောက်ရေသန့်လုပ်ငန်းများ၏ ကုန်အမှတ်တံဆိပ်နမူနာများအား စိစစ်အတည်ပြုပေးနိုင်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ဆက်လက်တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ စာအုပ်နှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

“သိစေချင်သည်....စားသုံးသူဆီ”

          ကျွန်တော်တို့နေထိုင်သည့် အမိမြန်မာနိုင်ငံတွင် လူဦးရေ သန်း (၅၀) ကျော်ရှိပါသည်။ လူမျိုး ပေါင်းစုံ၊ လူတန်းစားအလွှာပေါင်းစုံအသီးသီးရှိပြီး ထိုအထဲတွင်မှ နိုင်ငံတော်အကြီးအကဲများမှစ၍ အောက်ခြေလူတန်းစားအထိ အားလုံးဟာ နေ့စဉ်အစားအသောက်များ စားသောက်ကြရပါတယ်။ အသုံးအဆောင်ပစ္စည်းတွေ သုံးစွဲရပါတယ်။ ဝန်ဆောင်မှုတွေ ရယူကြရပါတယ်။ အဲဒီအခါမှာ  ယနေ့ မျက်မှောက်ခေတ်အနေအထားအရ အစားအသောက်တွေမှာ ဓါတုဆေးဝါးတွေပါဝင်လာတယ်၊ အသုံး အဆောင်ပစ္စည်းတွေမှာ အာမခံချက်နဲ့ မကိုက်ညီတဲ့ ပစ္စည်းတွေပါလာတယ်။ ဝန်ဆောင်မှု တွေမှာ အလိမ်အညာတွေပါလာတယ်။ ဒါကြောင့် စားသုံးသူပြည်သူများ နစ်နာဆုံးရှုံးမှုတွေ များပြား လာတာကြောင့် နိုင်ငံတော်မှ စားသုံးသူပြည်သူများလုံခြုံစိတ်ချမှုရှိစေရန်ဆိုတဲ့ မျှော်မှန်းချက်ထား ပြီး ၂၀၁၄ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင် ပြည်ထောင်စုလွှတ်‌တော်ဥပဒေအမှတ် ၁၀ ဖြင့် စားသုံးသူ ကာကွယ်ပေးရေးဥပဒေကို ပြဌာန်းပေးခဲ့ပါတယ်။ ဥပဒေပြဌာန်းပြီးတဲ့နောက်မှာတော့ ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှာ စားသုံးသူရေးရာဦးစီးဌာန (Department Of Consumer Affairs) ရယ်လို့ ခိုင်ခိုင်မာမာဖွဲ့စည်းနိုင်ခဲ့ပြီး စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့ကြပါတယ်။ ရပ်ကွက်၊ ဈေး၊ အခြေခံပညာကျောင်းများတက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်၊ တပ်ရင်း၊ တပ်ဖွဲ့အသီး သီးကိုသွားရောက်ပြီး စားသုံးသူအသိပညာပေး (awreness) လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး စည်ပင်သာယာဈေးများနှင့် ရပ်ကွက် ဈေးဆိုင်များသို့ ကွင်းဆင်းပြီး ကုန်ပစ္စည်း၊ အစားအသောက်တွေမှာ ဓါတုဆေးဝါးများပါဝင်ခြင်း ရှိ/မရှိ FDA သို့ ပို့ဆောင်၍ စစ်ဆေး ခြင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ စစ်ဆေးခြင်း၊ တိုင်ကြားမှုများကို ကွင်းဆင်းစီစစ်စစ် ဆေးခြင်း၊ မြို့နယ် ပြန်/ဆက်ရုံးများတွင် Talk Show အစီအစဉ်များပြုလုပ်ခြင်းများ လုပ်ဆောင်ခဲ့ကြပါတယ်။ သို့သော်လည်း ၂၀၁၄ စားသုံးသူ အကာ အကွယ်ပေးရေးဥပဒေမှာ အားနည်းချက်တွေ လိုအပ် ချက်တွေရှိနေတာကြောင့် ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၉ နဲ့ စားသုံးသူကာကွယ်ရေးဥပဒေကို အသစ် ပြန်လည်ပြဌာန်းပေးခဲ့ပါတယ်။ ဒီနေရာမှာ ပြောချင်တာက ကျွန်တော်တို့ စားသုံးသူကာကွယ်ရေး ဥပဒေဟာ စီးပွားရေးလုပ်ငန်းရှင်များကို ဖိနှိပ်ချုပ်ချယ်ပြီး စားသုံးသူကိုကာကွယ်ပေးတာ မဟုတ် ပါဘူး။ စီးပွားရေးလုပ်ငန်းရှင်အပြုအမူ (Ethics) နှင့်အညီ ဂုဏ်သိက္ခာရှိစွာ၊ သမာသမတ်ကျစွာ လမ်းကြောင်းအမှန်ဆောင်ရွက်စေပြီး၊ စားသုံးပြည်သူများကို ကာကွယ်ပေးနိုင်ဖို့ဖြစ်ပါတယ်။ ထိုဥပ‌ဒေမှာ အခန်း (၂၅) ခန်း၊ ပုဒ်မ (၈၄) ခုပါဝင်ပါတယ်။

          စီးပွားရေးလုပ်ငန်း ရှင်လိုက်နာရမည့် တာဝန် (၁၁) ချက်၊ စားသုံးသူတွေလိုက်နာရမည့် တာဝန် (၄) ချက်နဲ့ (Consumer Rights) စားသုံးသူအခွင့်အရေး (၈) ချက်ပြဌာန်းထားပါတယ်။ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်၊ စားသုံးသူရေးရာကော်မတီ၊ ရုံးချုပ်နေပြည်တော် နယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနများ၊ စစ်ဆေးရေးအရာရှိများ ခန့်အပ်၍ အဆင့်ဆင့်ဖွဲ့စည်းပြီး၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို အချိန်နှင့်တပြေးညီ‌ ဆောင်ရွက်နေကြပါတယ်။ စားသုံးသူများအနေဖြင့် အခွင့်အရေးတွေကို မှန်ကန်တိကျစွာ ရယူနိုင်ဖို့ ဆိုလျှင် တာဝန်တွေကိုလည်း ကျေပွန်စွာ လိုက်နာ ဆောင်ရွက်ဖို့လိုအပ်ပါတယ်။

          စားသုံးသူ၏တာဝန်များ

          (က)    ကုန်စည် (သို့) ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်နှင့် လမ်းညွှန် ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊

          ( ခ)    ကုန်စည် (သို့) ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူရာတွင် သဘောတူညီထားသည့် တန်ဖိုးနှင့် အညီပေးချေခြင်း၊

          ( ဂ)    စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် ရည်ရွယ်၍ မဟုတ်မမှန်စွပ်စွဲ ပြောဆိုမှု၊ ပြုလုပ်မှုတို့ကို ရှောင်ကြဉ်ခြင်း၊

          (ဃ)    အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဉ် လူထုဆက်သွယ်ရေးနည်းလမ်းများဖြင့် ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့်ဖြစ်စေ သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ် နာစေရန် မဟုတ်မမှန်ပြောဆိုရေးသားပြုမူခြင်းတို့ကို ရှောင်ကြဉ်ခြင်း ဖြစ်ပါတယ်။

          စားသုံးသူ၏အခွင့်အ‌ရေးများ

          (က)    ကုန်စည် (သို့) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေ နပ်မှုရရှိစေခြင်း၊

          ( ခ)    ကုန်စည် (သို့) ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရှိခြင်း၊

          ( ဂ)    ကုန်စည် (သို့) ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် လိုအပ်သော သတင်း အချက်အလက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာ သို့မဟုတ် အထောက် အထားရယူခွင့်ရှိခြင်း၊

          (ဃ)    ဈေးကွက်အတွင်းရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူစိတ် ကြိုက်ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိခြင်း၊

          ( င)    စားသုံးသူနစ်နာဆုံးရှုံးမှုနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များတွင် ရှင်းလင်းတင်ပြခွင့်နှင့် တိုင် ကြားခွင့်ရရှိနိုင်စေခြင်း၊

          ( စ)    ကုန်စည် (သို့) ဝန်ဆောင်မှုကိုဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာ ဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်း၊

          (ဆ)    ကုန်စည် (သို့) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတများ၊ အခွင့်အရေးများ နှင့် လိုအပ်သော အချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်ရှိခြင်း၊

          ( ဇ)    ပစ္စုပ္ပန်တွင်သာမက အနာဂါတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်ခွင့်ရရှိစေခြင်း တို့ဘဲဖြစ်ပါတယ်။

          ယင်းစားသုံးသူအခွင့်အရေး (၈) ချက်အား အာဆီယံနိုင်ငံများနဲ့ တန်းတူအခွင့်အရေးဖြစ်ပါ တယ်။ အဲဒီအခွင့်အရေးများထဲမှ တစ်ခုခုမရရှိဘဲ နစ်နာဆုံးရှုံးမှုတွေဖြစ်ပေါ်ရပြီဆိုလျှင် စားသုံး သူရေးရာဦးစီးဌာနရဲ့ Website ၊ E-mail တွေမှာဝင်ရောက်တိုင်ကြားနိုင်သလို ရုံးချုပ်တိုင်း ဒေသကြီး/ ပြည်နယ်၊ ခရိုင်ဦးစီးဌာန CICC ရုံးတွေမှာ လူကိုယ်တိုင် သို့မဟုတ် စာနဲ့ တိုင်ကြားနိုင်ပါတယ်။ ဖုန်းနဲ့လည်း တိုင်ကြားလို့ရပါတယ်၊ နစ်နာဆုံးရှုံးသည့် စားသုံးသူဘက်မှ မိမိတိုင်ကြားလိုတဲ့ အချက်အလက်၊ တိုင်ကြားလိုသည့်လုပ်ငန်း၏ လိပ်စာ၊ ဖုန်းနံပါတ်တို့ကို ပြည့်စုံမှန်ကန်စွာ တင်ပြပေးရမှာဖြစ်ပါတယ်။ ပြည့်စုံမှန်ကန်မှုမရှိလျှင် တိုင်ကြားချက်ကိုဖြေရှင်းဆောင်ရွက်ရာမှာ အခက်အခဲများရှိပါတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေမှာ စီးပွားရေးလုပ်ငန်းရှင် (Ethics) နှင့်အညီ ဆောင်ရွက်တာမျိုးရှိသလို အချို့အနည်းငယ်သော စီးပွားရေးလုပ်ငန်းရှင်တွေဟာ ဝိသမလောဘ စိတ်ကြောင့် မသမာမှုဆောင်ရွက်တတ်ကြတာ အားလုံးအသိဖြစ်ပါတယ်။ စားသုံးသူတို့အတွေ့ အကြုံများအရ စားသုံးသူပြည်သူအချို့ဟာ ကိုယ်နှင့် သွေးမတော်သားမစပ် တစ်ကြိမ်တခါမှာ မမြင်ဖူးတဲ့လု်ပငန်းတွေမှာ ယုံကြည်မှုလွန်ကဲစွာဖြင့် ကျသင့်ငွေတွေအရင်ဦးဆုံးပေးချေပြီး FB- page တွေမှာ ပစ္စည်းတွေဝယ်ယူကြတဲ့အခါ ပစ္စည်းတွေသတ်မှတ် ရက်အတွင်း ရောက်မလာလို့ စားသုံးသူရေးရာဦးစီးဌာနကို ဖြေရှင်းဆောင်ရွက်ပေးရန် တိုင်ကြားလာခဲ့ကြပါတယ်။ တိုင်ကြားချက် အရ ဖြေရှင်းဆောင်ရွက်ပေးရန် တိုင်ကြားချက်ပါလုပ်ငန်း၏ တယ်လီဖုန်းနံပါတ်၊ လိပ်စာများသို့ ကွင်းဆင်းစစ်‌ဆေးတဲ့အခါ တယ်လီဖုန်းကစက်ပိတ်၊ လိပ်စာကအမှားများဖြစ်လို့ အခက်အခဲတွေ ကြုံတွေ့ပြီး စားသုံးသူရေးရာဥပဒေနဲ့ဖြေရှင်းလို့မရပဲ ငွေကြေး လိမ်လည်မှုရာဇဝတ်ကြောင်းအရသာ ဆက်လက်ဆောင်ရွက်သွားရတော့မှာဖြစ်ပါသည်။ သို့ဖြစ်ပါ၍ စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့်မှန်ကန်သော သတင်းအချက်အလက်နှင့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်းအပါအဝင်၊ စားသုံးသူတာဝန်များကို တိကျစွာ လိုက်နာနိုင်ပြီး၊ စားသုံးသူအခွင့် အရေးနောက်ဆုံးအချက်ဖြစ်သည့် ကောင်းမွန်သာယာသော လူနေမှု အဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင်နေထိုင်ခွင့်ရရှိပါစေကြောင်း ရေးသားဖော်ပြအပ်ပါတယ်။

ကိုးကား= The Consumer Production Law (2019)

 DOCA(ရန်ကုန်)

ပဲခူးခရိုင်အတွင်းကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်များကို ရှင်းလင်းဆွေးနွေး

          စားသုံးသူရေးရာဦးစီးဌာန ပဲခူးခရိုင်ဦးစီးမှူး ဦးစိုးမိုးမှ ဦးဆောင်၍ ဒု-ခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ် နှင့် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၆.၁.၂၀၂၂ ရက်နေ့ တွင် ပဲခူးမြို့ပေါ်ရှိ စားသုံးဆီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော စီးပွားရေးလုပ်ငန်းရှင်များအား သွားရောက်တွေ့ဆုံပြီးဆွေးနွေး ခဲ့ကြပါသည်။

       အဆိုပါ အဖွဲ့သည် စားသုံးဆီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းနှင့် ပတ်သက်၍   (Vegetable Oil , Cooking Oil) အမျိုးအမည်ဖော်ပြထားသော စားသုံးဆီများအား စားအုန်းဆီ (သို့မဟုတ်) အဆင့်မြင့် စားအုန်းဆီ ဟူ၍ ပြန်လည်ပြင်ဆင်ရောင်းချသွားရန်နှင့် အလေးချိန်များကိုလည်း မြန်မာ့အလေးချိန် ယူနစ်ဖြစ်သော ပိဿာ၊ကျပ်သားတို့ဖြင့် ဖော်ပြပေးရန်တို့ကို လည်းကောင်း၊ စားသုံးဆီများနှင့် ပတ်သက်၍  ကုန်အညွှန်းအမှတ်အသားများဖော်ပြရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ  ၂၀.၁၂.၂၀၂၁ ရက်နေ့တွင် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) နှင့်အညီ ထုတ်လုပ်ရောင်းချ ဖြန့်ဖြူး သွားရန် နှင့် စားသုံးသူကာကွယ်ရေးဉပဒေပါ  ပြဌာန်းချက်များကို အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးပြီး နောက် လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များပါဝင်သော လက်ကမ်းစာစောင်များ ကို ဖြန့်ဝေပေးခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

မိုးညိုမြို့နယ်စားသုံးသူရေးရာသိကောင်းစရာ Talk Show ကျင်းပခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ ခရိုင်ဦးစီးမှူး ဦးအောင်သိန်းနှင့် ဝန်ထမ်းများသည် မိုးညိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ (၂၄.၁.၂၀၂၂) ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး  ဦးစီးဌာန  Community Center တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး  Talk  Show အစီအစဉ်ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          ယင်းအစီအစဉ်တွင် ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်များ၊ ရည်မှန်းချက်များ၊ ရည်ရွယ်ချက်များနှင့် လုပ်ငန်းတာဝန်များအား ရှင်းလင်းခြင်း၊ မြန်မာနိုင်ငံ စားသုံးသူ ကော်မရှင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ ကုန်စည် အမျိုးအစားပေါ်မူတည်ပြီး အဓိက ပါဝင်ရမည့် အချက်များကို မဖြစ်မနေ ဖော်ပြရန်၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် စားသုံးသူကာကွယ်ရေးဉပဒေပါ စီးပွားရေး လုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များနှင့် ပြစ်မှု၊ ပြစ်ဒဏ်များကို သိရှိလိုက်နာစေရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှု များကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက လွယ်ကူလျှင်မြန်စွာ တိုင်ကြားနိုင်သည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ   (Consumer Information and Complaint Center- CICC)ကို ခရိုင်ဦးစီးမှူးရုံးတွင် ဖွင့်လှစ်ထားရှိမှုများနှင့် ပတ်သက်၍  အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - HighLight News