Main menu

HighLight News

Powered by Drupal

ရေစကြိုမြို့ သနပ်ခါးနံ့သာအမွှေးတိုင် ထုတ်လုပ်မှု အခြေအနေ

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန် မှုအရရေစကြိုမြို့နယ်တာဝန်ခံ ဦးမြတ်မင်းနှင့် အဖွဲ့သည် (၂၁.၁၂.၂၀၂၁) ရက်နေ့၊ နေ့လည် (၂:၀၀) နာရီအချိန်တွင် ကျေးရွာတစ်ရွာ၊ ထုတ်ကုန်တစ်မျိုး ထုတ်လုပ်မှုနှင့် ပြည်တွင်းကဏ္ဍမြှင့်တင်နိုင်ရေး အတွက်ရေစကြိုမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ သနပ်ခါးနံ့သာအမွှေးတိုင် ထုတ်လုပ်နေသည့် ဦးအောင်ဆန်း နှင့်တွေ့ဆုံပြီး သနပ်ခါးနံ့သာအမွှေးတိုင် ထုတ်လုပ်ရောင်းဝယ်မှုအခြေအနေနှင့် အကျိုးအမြတ်ရရှိ နိုင်မည့်အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ပါသည်။

      သနပ်ခါးနံ့သာအမွှေးတိုင်ထုတ်လုပ်သူလုပ်ငန်းရှင် ဦးအောင်ဆန်းက ပစ္စည်းကုန်ကြမ်းအနေ ဖြင့် ရေစကြိုမြို့နယ်၊ မြိုင်မြို့နယ်များမှ သနပ်ခါးစိုက်ပျိုးသည့် တောင်သူများထံမှ သနပ်ခါးကိုင်းဖျား ကိုင်းနားများနှင့် အမြစ်အခေါက်များကို ဝယ်ယူ၍ စက်ဖြင့်ကြိတ်ပြီး ထွက်ရှိလာသည့် သနပ်ခါးနှစ် များကို အမွှေးတိုင်လိပ်ခုံဖြင့် လိပ်ပြီးနောက် ခြောက်သွေ့အောင်နေပူ(၂)ရက်ခန့် လှန်းပေးရပါကြောင်း၊ ခြောက်သွေ့အောင် နေပူလှန်းပြီးနောက် အမွှေးနံ့သာရည်သုတ်လိမ်းရပါကြောင်း၊ သုတ်လိမ်းပြီးပါက ပါကင်ထုတ်ပိုးရပါကြောင်း အဆင့်ဆင့်ထုတ်လုပ်မှုများကို ပြောပြ၍သိရှိခဲ့ရပါတယ်။

     ဆက်လက်ပြီး သနပ်ခါးနံ့သာအမွှေးတိုင် ကုန်ကြမ်းများကို ရေစကြိုမြို့နယ်အတွင်းရှိ အိမ်တွင်း တစ်နိုင်တစ်ပိုင်ထုတ်လုပ်သူများက သနပ်ခါးအနှစ်ကြိတ်စက်များမှ အနှစ်များဝယ်ယူ၍ အမွှေးတိုင် ကြမ်းများလိပ်ပြီး လာရောက်ရောင်းချကြပါကြောင်း၊ ကုန်ကြမ်းအချောင်း (၂၀၀) ပါ (၁) စည်းကို (၁၆၀/- မှ ၂၀၀/-) ပေးဝယ်ရကြောင်း၊ ကုန်ကြမ်းများကို အမွှေးနံသာရည်သုတ်လိမ်း ရန်နှင့် ထုတ်ပိုး ရန်အတွက် နေ့စဉ်အလုပ်သမားဦးရေ (၃၅) ဦးခန့်ရှိပါကြောင်း၊ (၁) ဦးကို တစ်နေ့ (၄၅၀၀/-) ပေးရပါကြောင်း၊ တစ်နိုင်တစ်ပိုင် အမွှေးတိုင်ကုန်ကြမ်းလိပ်သည့် ထုတ်လုပ်သူများက အမွှေးတိုင်တုတ် ချောင်း (၁၀၀၀) ပါစည်းကို ကျပ် (၂၅၀/-)ပေးရပြီး အစာအနှစ် (၆)ပိဿာကို ကျပ်(၁၀၀၀/-) ပေးရကြောင်း ၊အစာအနှစ် (၆)ပိဿာကို အမွှေးတိုင်ကြမ်းအချောင်း (၈၀၀၀)ခန့် ရပြီး၊ (၂၀၀) ပါအစည်း (၄၀)ရပါကြောင်း၊ (၁)စည်းကို (၁၆၀/-)ရရှိကြောင်း၊ အငှားလိပ်ခိုင်းပါက (၁)စည်းကို (၇၀/-)ကျပ် ပေးရပြီး၊ လိပ်နိုင်ရင် လိပ်နိုင်သလောက် တွက်ချေကိုက်ကြောင်းကို သိရှိခဲ့ ရပါသည်။

      မိမိအနေဖြင့် သနပ်ခါးနံ့သာအမွှေးတိုင်ကို ၁၉၈၃ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့ပါ ကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနတွင် ၁၉၉၅ ခုနှစ်က အောင်သိဒ္ဓိ အမည်ဖြင့် ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ပြုလုပ်ပြီး ထုပ်ပိုးမှုအနေဖြင့် အမွှေးတိုင်၏အရှည်မှာ (၁၁) လက်မအရှည် အထုပ်ကလေး (၁)ထုပ်လျှင် (၉)ချောင်းထည့်၍ ထုပ်ပိုးကြောင်း အထုပ်ကလေး (၉)ထုပ်ပါအထုပ်ကြီး (၁) ထုပ်လျှင် (၉၀၀/-)ကျပ်ဖြင့် ရောင်းချပါကြောင်း၊ အထုပ်(၃၀၀)ပါအိတ်ကြီး(၁)အိတ်ကို(၂၇၀၀၀၀/-)ကျပ် ရောင်းရပြီး ယခင်က (၁)လလျှင် အိတ်ကြီး(၄၀၀) မှ (၅၀၀)အိတ်ရောင်းရပါကြောင်း ကိုဗစ်ကာလ အတွင်း (၁)လလျှင် အိတ်ကြီး (၂၀၀)မှ (၂၅၀) အိတ်ခန့်သာ ရောင်းရပြီး၊မိမိအနေဖြင့် ရောင်းအား ကျဆင်းနေသော်လည်း တစ်နိုင်တစ်ပိုင် အိမ်တွင်းအမွှေးတိုင် ကုန်ကြမ်းထုတ်လုပ်သူများနှင့် ကုန်ချော ထုပ်ပိုးသည့်အလုပ်သမားများ လုပ်ငန်းမပြတ်လပ်စေရေးအတွက် နေ့စဉ် အမွှေးတိုင်ကြမ်း (၂၀၀) ပါအစည်း (၅၀၀၀) တန်ဖိုးအားဖြင့် (၁၀) သိန်းဖိုးခန့် ဝယ်ယူ၍ ကုန်ချောထုတ်လုပ်ပြီး မြန်မာ နိုင်ငံအတွင်းရှိ မြို့ကြီးများသို့ ဖြန့်ဖြူးရောင်းချလျှက်ရှိကြောင်း ထုတ်လုပ်သူလုပ်ငန်းရှင်၏ပြော ကြားချက်အရ သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(မကွေးတိုင်းဒေသကြီး)

ပခုက္ကူမြို့ပေါ်ရှိ စားသောက်ကုန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

        စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်နှင့် စားသုံးသူကို အလေးပေး၍ စီးပွားရေးဝန်းကျင်ကောင်း များ ဖန်တီးလာနိုင်စေရန် ရည်ရွယ်၍ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ(၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဒေသတွင်း စားသောက်ကုန် ထုတ်လုပ် ဖြန့်ဖြူးရောင်းချလျက်ရှိသော "ရွှေလှေ" ဇီးဖျော်ရည် လုပ်ငန်း၊ "အောင်ဆင်မင်း" (မတုတ်မ) လက်ဖက် နှင့်အကြော်စုံလုပ်ငန်း "ဆင်ချောင်း" ပုန်းရည်ကြီး လုပ်ငန်းနှင့် "HAPPY Myanmar" ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းများအား ကွင်းဆင်းဆွေးနွေးခဲ့ပါသည်။

          ထိုသို့ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူး မှ လုပ်ငန်းရှင်များအနေဖြင့် စားသုံး သူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံ ချက်ပေးခြင်း၊ကုန်စည် (သို့)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုများ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်သည့်ဥပဒေပြဌာန်းချက်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရအရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းသိရှိစေရန် ဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များမှ လည်း မိမိတို့ ထုတ်လုပ်သော ကုန်စည်အမျိုးအစားအလိုက် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီမှုရှိ/မရှိ စိစစ်ပေးနိုင်ရန် နမူနာပုံစံများနှင့်တကွတင်ပြလျှောက်ထားနိုင်ပြီး စားသုံးသူရေးရာဦးစီးဌာနမှ စိစစ်ပြန်ကြားပေး လျက်ရှိကြောင်း အကျယ်တဝင့်ဆွေးနွေးခဲ့ပါသည်။

           ပခုက္ကူမြို့နယ်၊ ကျွဲတဲအုပ်စု၊ ရွှေချောင်းကျေးရွာ (ကွက်သစ်)ရှိ "ဆင်ချောင်း"ပုန်းရည်ကြီး လုပ်ငန်းအား ကွင်းဆင်းလေ့လာရာတွင် သန့်စင်ပြီးသော ပဲပိစပ်များကို လိုအပ်သည့်အချိုးအဆ အတိုင်း ဆားထည့်၍  နောက်တစ်နေ့ နံနက် (၅:၀၀)နာရီမှ ညနေ(၄:၀၀)နာရီထိ ပြုတ်ရပါကြောင်း၊ ပြုတ်ရည်များကို တစ်ညတာ အချဉ်ဓာတ်ရရှိရန် အလျဉ်ခံရပါကြောင်း၊ အလျဉ်ခံ၍ရသော ပဲပိစပ် အရည်အား နံနက်(၆:၀၀)နာရီ မှ နေ့လယ် (၁:၀၀)နာရီခန့်အထိ ကျိုချက်ရပါကြောင်း၊ မိမိတို့ လိုချင်သော အနေအထားရပါက အအေးခံ၍ ထုပ်ပိုးပါကြောင်း၊ ပြုတ်၍ ထွက်ရှိလာသော ပဲပိစပ်အခွံ အဖတ်များအား တိရစ္ဆာန်အစာအဖြစ် ပြန်လည်ရောင်းချပါကြောင်း၊ ဈေးနှုန်းအနေဖြင့် (၂၅)ကျပ်သား တစ်ဗူးလျှင်(၁၅၀၀/-)၊(၃၀)ကျပ်သားတစ်ဗူးလျှင် (၂၀၀၀/-)ရောင်းချပါကြောင်း၊ ဈေးကွက် အနေဖြင့် ပခုက္ကူဒေသတွင်းနှင့်ရန်ကုန်၊ ပုသိမ်၊ မြန်အောင်၊ ဧရာဝတီသို့ ဖြန့်ဖြူးရောင်းချပါကြောင်း၊ အလုပ် သမားဦးရေ(၁၅)ဦးခန့်ရှိပါကြောင်း၊ လုပ်အားခမှာတစ်ဦးလျှင် (၄၀၀၀/၅၀၀၀/ ၆၀၀၀) ကျပ်ခန့် ပေးပါကြောင်း၊ ရပ်ကွက်အတွင်းရှိ ပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများပေးနိုင်ပါ ကြောင်း၊ ကုန်အညွှန်းအမှတ်အသားတွင် မြန်မာဘာသာဖြင့် ဖော်ပြရန်သတ်မှတ်ချက် များနှင့်အညီ ပြည့်စုံမှုမရှိသေးသဖြင့် နမူနာပုံစံများတင်ပြလျှင် ကိုက်ညီမှုရှိ/မရှိ စိစစ်ပေးမည်ဖြစ်ပြီး အကယ်၍ ဈေးကွက်အတွင်း ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများ မပါရှိပါက ဥပဒေအရ အရေးယူ သွားမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန(မကွေးတိုင်းဒေသကြီး)

မုန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဒု-ခရိုင်ဦးစီးမှူးတို့သည် ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၁၀နာရီအချိန်တွင် မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်၊ “ငွေဇင်” မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)အရ ကုန်အညွှန်း အမှတ်အသားဆိုင်ရာပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ပါသည်။ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါစားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရန်အချက်များ၊ ပုဒ်မ(၄၃)ပြဋ္ဌာန်းချက်ပါ မြန်မာဘာသာ ဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရန်နှင့် ထုတ်လုပ်သည့်ကုန်စည်အမျိုးအစားအလိုက် ဖော်ပြရမည့် အချက်အလက် များအား ပြည့်စုံမှုရှိစေရန် ဆွေးနွေးခဲ့ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်းပြီး ထုတ်ကုန်များအပေါ်တွင် ဖော်ပြရန်အချက်များ၊ စားသောက်ကုန်အမျိုးအစားအလိုက် ထုတ်လုပ်သူ စီးပွားရေးလုပ်ငန်းရှင်များမှ တာဝန်ယူမှုတာဝန်ခံမှုရှိစေရေးနှင့် သတင်းအချက်အလက်များ ပြည့်စုံစွာ ဖော်ပြပါရှိရေးဆွေးနွေးခဲ့ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ နှင့် တားမြစ် ချက်များကိုလည်း အသေးစိတ်ဆွေးနွေးပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြပါရှိရမည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

 စားသုံးသူရေးရာဦးစီးဌာန(စစ်ကိုင်းတိုင်းဒေသကြီး)

အထူးဈေးနှုန်းဖြင့် ရောင်းချလျက်ရှိသော စက်သုံးဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး

          နိုင်ငံတော်က ရောင်းချပေးသည့် အမေရိကန်ဒေါ်လာဖြင့် ပြည်ပမှတင်သွင်းသည့် စက်သုံးဆီ များအပေါ် သက်သာသောအထူးဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ ရွှေဗျိုင်းဖြူစက်သုံးဆီအရောင်းဆိုင်သို့ စစ်ကိုင်းမြို့၊ ဈေးကွက်စောင့်ကြည့် စစ်ဆေး ကြပ်မတ်ရေးအဖွဲ့နှင့်အတူ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          အဖွဲ့ခေါင်းဆောင်ဖြစ်သော စစ်ကိုင်းခရိုင်ဦးစီးမှူးက စက်သုံးဆီခွဲတမ်းရရှိမှုအပေါ် နိုင်ငံတော်က သတ်မှတ်ပေးသည့် ဈေးနှုန်းများဖြင့် အချင်အတွယ် မှန်ကန်စွာ  ရောင်းချရန်၊ ကားဆီဖြည့်သည့် နေရာနှင့် ဆိုင်ကယ်ဆီဖြည့်သည့်နေရာများကို သီးခြားခွဲထားရန်အကြံပြုခဲ့ပြီး၊ နေ့စဉ်ရောင်းချရမှု စာရင်းနှင့် ဈေးနှုန်းများကို စနစ်တကျမှတ်တမ်းထားရှိ၍ နေ့စဉ်မိမိတို့ဌာနသို့ စာရင်းပေးပို့ရန်နှင့် ရောင်းချမှုအခြေအနေများ မေးမြန်းခဲ့ရာ နေ့စဉ်နံနက်(၀၅:၀၀) နာရီမှ ည(၂၀:၀၀)နာရီထိ နိုင်ငံတော်က သတ်မှတ်ပေးသည့် ဈေးနှုန်းဖြင့် 92 ၊ ပရီမီယမ်ဒီဇယ်နှင့် ဒီဇယ်ရိုးရိုးတို့ကို  အချင်အတွယ် မှန်ကန်စွာဖြင့် ရောင်းချလျက်ရှိပါကြောင်း၊ ယခုရက်ပိုင်းတွင် ရောင်းအား အနည်းငယ်ကျကြောင်း ပြောကြားခဲ့ပါသည်။

DOCA(စစ်ကိုင်း)

ပခုက္ကူမြို့ပေါ်ရှိ စက်သုံးဆီ အရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေး

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင် ဦးဆောင်၍ ဒု-ခရိုင်ဦးစီးမှူး၊ ပခုက္ကူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့ သည် ဒီဇင်ဘာလ (၂၁)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့ ၊ မြို့ရှောင်လမ်းမ ပေါ်ရှိ “ရွှေဗျိုင်းဖြူ” စက်သုံးဆီ အရောင်းဆိုင်အား သတ်မှတ်ထားသော အထူး‌ဈေးနှုန်းနှင့်‌ အမှန်တကယ်ရောင်းချခြင်းရှိ/မရှိ၊အရည်အသွေး၊ အချင်အတွယ် ပြည့်မှီခြင်းရှိ/မရှိကွင်းဆင်း စစ်ဆေးခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချရေးအသင်းတို့နှင့် ပူးပေါင်းပြီး ပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲလှယ်နှုန်းဖြင့် တိုက်ရိုက်ရောင်းချ ပေးသည့် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခဲ့သည့် စက်သုံးဆီများကို တိုင်းဒေသကြီး/ ပြည်နယ် များရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ စတင်၍ ဖြန့်ဖြူး ရောင်းချ ပေးလျက်ရှိရာ မကွေးတိုင်းဒေသကြီးအတွင်း အထူးဈေးနှုန်းဖြင့်ရောင်းချပေးသည့် စက်သုံးဆီအရောင်းဆိုင်များအနက် ရွှေဗျိုင်းဖြူဆီဆိုင်မှာ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချ ပေးနေသည့် စက်သုံးဆီအရောင်းဆိုင် တစ်ဆိုင်ဖြစ်ပါသည်။
ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့သည် ပခုက္ကူမြို့၊ မြို့ရှောင်လမ်းမပေါ်ရှိ “ရွှေဗျိုင်းဖြူ” စက်သုံးဆီဆိုင်သို့ ကွင်းဆင်းစစ်ဆေးမေးမြန်းရာ မန်နေဂျာမှ စတုတ္ထအကြိမ် မြောက်အနေဖြင့် စက်သုံးဆီ(၃)မျိုးကို သတ်မှတ်ထားသော အထူးဈေးနှုန်းဖြင့် ရောင်းချပေး နေကြောင်း၊ Diesel (၁)လီတာ (၁၂၃၁/-)ကျပ်၊ Premium (၁)လီတာ (၁၂၃၇/-)ကျပ်၊ 92 (၁)လီတာ(၁၂၉၄/-)ကျပ်ဖြင့် ရောင်းချ ပေးကြောင်း၊ကားတစ်စီးလျှင် တစ်ခေါက်နှုန်းသာရောင်း ချကြောင်း၊ ပေပါ/ပုံးခွံများဖြင့် မရောင်းချကြောင်း စသည့်သတ်မှတ်ထားသော စည်းကမ်းချက် များကိုလည်း လိုက်နာဆောင်ရွက်လျက်ရှိကြောင်း၊ နေ့စဉ် စက်သုံးဆီအရောင်း စာရင်းများ ကိုလည်း စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးနှင့်ပခုက္ကူ ခရိုင်ဦးစီးမှူးရုံး သို့အချိန် နှင့်တစ်ပြေးညီပေးပို့လျက်ရှိကြောင်း၊ မိမိတို့"ရွှေဗျိုင်းဖြူ"စက်သုံးဆီဆိုင် ရုံးချုပ်မှ အထူး ဈေးနှုန်းဖြင့် ဆီခွဲတမ်းပြည့်လျှင် အကြောင်းကြားသောကြောင့် ဆီရောင်းချမှုကို ရပ်နား၍ ပုံမှန် ဈေးနှုန်းဖြင့် ပြန်လည် ရောင်းချပေးပါကြောင်း သိရှိခဲ့ရပါသည်။
DOCA(မကွေး)

အွန်လိုင်းစနစ်ဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးသည်(၂၁.၁၂.၂၀၂၁)ရက်နေ့ (၁၀:၃၀) အချိန်၌ တောင်တွင်းကြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူအသိပညာပေးရေး အစီအစဉ်နှင့် ပြန်ကြားဆက်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များအရ မိဘ/ပြည်သူ များအား စားသောက်ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ ဝယ်ယူ/သုံးစွဲရာတွင် ဘေးကင်းလုံခြုံ စိတ်ချရမှုရှိစေရေးအတွက် ရည်ရွယ်၍ အွန်လိုင်းစနစ်ဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ (Talkshow)အား မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ(Talk show)ဆွေးနွေးပွဲတွင် တောင်တွင်းကြီးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးက မြို့နယ်အတွင်းရှိ စားသုံးသူမိဘ/ပြည်သူများအနေဖြင့် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်နှင့် အရည်အသွေးပြည့်ဝသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို ရရှိစေရန် အတွက် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၉)ပါ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ၌ စီးပွားရေးလုပ်ငန်းရှင်မှ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများအား အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ပြီး၊ စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့်လည်း စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၇) ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှု အပေါ်တာဝန်ရှိမှုများ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့် အခန်း(၂၀) စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း အခန်း(၂၄) ပြစ်မှုနှင့် ပြစ်ဒဏ်များအား အခန်းကဏ္ဍများ အလိုက် အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့သည်။
တောင်တွင်းကြီးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးအနေဖြင့်စားသုံးသူ မိဘ/ပြည်သူများအား စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် သတင်းမီဒီယာများနှင့် ချိတ်ဆက်၍ အွန်လိုင်းမှတစ်ဆင့် သတင်းအချက် အလက်များအား စဉ်ဆက်မပြတ် ဖြန့်ဝေခြင်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
DOCA(မကွေး)

မင်းဘူးမြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ဒေသခံပြည်သူများ အစားအသောက်များ ဘေးကင်းလုံခြုံစွာ သုံးစွဲနိုင်စေရေးအတွက် ၂၀၂၁ခုနှစ် ဒီဇင်ဘာ(၂၁)ရက် နံနက် (၁၀:၃၀)ချိန်တွင် ခရိုင်ဦးစီးမှူးရုံး၌ မင်းဘူးမြို့မဈေးကြီးအတွင်း ကုန်အညွှန်းအမှတ်အသား မပြည့်စုံသော စားသောက်ကုန်များ ဖြန့်ဖြူးရောင်းချလျက်ရှိသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ ဆွေးနွေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာ၌ ခရိုင်စားသုံးသူရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုစုထွန်း၊ မင်းဘူးမြို့နယ်တာဝန်ခံ ဦးမြင့်ကြည်နှင့်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း (၅)ဦးတို့မှ မုန့်လုပ်ငန်းရှင်(၁၀)ဦးအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြကြရန်နှင့် ကုန်အညွှန်း အမှတ်အသားမပြည့်စုံသောကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်းတွေ့ရှိပါက အရေးယူဆောင်ရွက်သွားမည့် ဥပဒေအကြောင်းအရာများအား အသိပညာပေးရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး လုပ်ငန်းရှင်များမှ လိုအပ်သော ကုန်အညွှန်းအမှတ်အသားများကို အမြန်ဆုံး ပြည့်စုံစွာပါရှိလာစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဆွေးနွေးခဲ့ပြီး အစည်းအဝေးကို (၁၂:၀၀)အချိန်တွင် ရုတ်သိမ်းခဲ့ ပါသည်။
စားသုံးသူရေးရာဦးစီးဌာန မင်းဘူးခရိုင်အနေဖြင့် မိမိခရိုင်အတွင်းရှိ စားသုံးသူပြည်သူများ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် လုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံဆွေးနွေးခြင်းနှင့် ဘေးကင်း လုံခြုံစိတ်ချရသော အစားအသောက်များ ဈေးကွက်အတွင်း ဝယ်ယူသုံးစွဲနိုင်စေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို အခါအားလျော်စွာ ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန(မကွေးတိုင်းဒေသကြီး)

ပခုက္ကူခရိုင်အတွင်းရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး စစ်ဆေးရေးအရာရှိ ဒေါ်မွန်မွန်စိုး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် ဒီဇင်ဘာလ(၂၀)ရက်နေ့ နံနက်(၁၀:၃၀)အချိန်တွင် ပခုက္ကူမြို့အတွင်းရှိ ဆေးဆိုင်(၅)ဆိုင်၌ လည်းကောင်း၊ ဆိပ်ဖြူမြို့နယ် တာဝန်ခံ ဦးဇော်နေလင်းမှ နေ့လယ်(၁၄:၀၀)နာရီတွင် ဆိပ်ဖြူမြို့ပေါ်ရှိ ဆေးဆိုင်(၂)ဆိုင်တွင် လည်းကောင်း မိတ်ဖက်ဌာနဖြစ်သော မြို့နယ်စည်ပင်နှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
အဆိုပါဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဆေးဆိုင်များအနေဖြင့် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဆေးဝါးပြတ်လပ်မှုမရှိခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မရှိ ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင် ပိုင်ရှင်များအနေဖြင့် ဆေးနှင့်ဆေးပစ္စည်းများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်းနှင့် ဈေးကစားရန် ရည်ရွယ် ချက်ဖြင့် သိုလှောင်ခြင်းများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ ပြဌာန်းချက်များကိုလည်း သိရှိလိုက်နာဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်းသတင်းရရှိပါသည်။

မအူပင် တော်တလုပ်ကျေးရွာအုပ်စု ကျီးချောင်းကျေးရွာတွင် ပြောင်းစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်း အကျိုးအမြတ်ရရှိနေ

စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစံကြည် ဦးဆောင်၍ မအူပင်ခရိုင်၊ စားသုံးသူရေးရာ ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်း၊ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် မအူပင် မြို့နယ်၊ တော်တလုပ်ကျေးရွာအုပ်စု၊ ကျီးချောင်းကျေးရွာရှိ ရှူးဂါးဂိမ်း ပြောင်းစိုက်ပျိုး အောင်မြင် ဖြစ်ထွန်းမှုများကို (၂၀.၁၂.၂၀၂၁) ရက်နေ့ နံနက်(၁၀:၀၀)နာရီမှ (၁၂:၀၀) နာရီ အချိန်အထိ သွားရောက် ကွင်းဆင်းလေ့လာခဲ့ပါသည်။
မအူပင်မြို့နယ်၊ တော်တလုပ်ကျေးရွာအုပ်စု၊ ကျီးချောင်းကျေးရွာတွင် တောင်သူ ဦးဌေးဝင်း စိုက်ပျိုးထားသည့် (၁)လသားအရွယ်ပြောင်းပင်များကို ကွင်းဆင်းလေ့လာရာ၌ တောင်သူဦးဌေးဝင်း က မိမိ၏ ကိုင်းမြေ(၁)ဧကပေါ်တွင် ရှူးဂါးဂိမ်း ပြောင်းမျိုး (၁)ထုပ်လျှင် (၁၅၀၀၀)ကျပ်ဖြင့် (၃)ထုပ် ဝယ်ယူစိုက်ပျိုးခဲ့ပါသည်။
ထိုသို့စိုက်ပျိုးရာတွင် သွင်းအားစုအနေဖြင့် ထိုင်းပုလဲ (၁)အိတ် အသုံးပြုခဲ့ရပြီး ပြောင်းပင် များအတွက် ရေလိုအပ်ပါက ရေတင်ပေးရကြောင်း၊ ပြောင်းပင်များသည် တစ်ပင်လျှင် (၁)ဖူး၊ (၂)ဖူး ထွက်ရှိနိုင်ပြီး ပြောင်းပင်များမှာ (၂၅၀၀)ခန့်ရှိ၍ (၁)ပင်လျှင် (၁)ဖူးနှုန်း ဖြင့်တွက်ချက်ပါက ပြောင်းဖူး (၂၅၀၀)ဖူးခန့် ထွက်ရှိနိုင်သဖြင့် ယနေ့မအူပင်ဈေးကွက်တွင် ပြောင်း (၁)ဖူးလျှင် (၂၅၀)ကျပ်နှုန်းဖြင့် အရောင်းအဝယ်ရှိကြောင်း၊ ပြောင်းပေါ်ချိန်တွင် ကျဈေး ဖြစ်ပါက (၁)ဖူးလျှင် (၂၀၀)ကျပ်နှုန်းထက်မနိမ့်ကျနိုင်သဖြင့် ထွက်ရှိသော ပြောင်းဖူးမှ ရောင်းရငွေ(၅)သိန်းခန့် ရရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ တွက်ချေကိုက်ပြီး အကျိုးအမြတ်ရှိသော စိုက်ပျိုး သင့်သည့် သီးနှံဖြစ်ကြောင်း သိရှိခဲ့ရပါသည်။
တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဌာနခွဲ့မှူးဦးစံကြည်နှင့် ခရိုင်ဦးစီးမှူး ဦးဇော်မင်းတို့သည် မြို့နယ်ဈေးကွက်မှ ရန်ကုန်ဈေးကွက်ရရှိနိုင်ရေး အားထုတ်ကြိုးပမ်းဆောင်ရွက်ရန် သွင်းအားစုများကို စနစ်တစ်ကကျ သုံးစွဲရန်နှင့် တောင်သူအများ စုအားကျလာသည့် ဈေးကွက်ဝင်သီးနှံ အဆင့်ထိဆောင်ရွက်နိုင်ရန်တို့ကို အလေးထား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
ဧရာဝတီတိုင်းဒေသကြီး
စားသုံးသူရေးရာဦးစီးဌာန

၂၉.၁၂.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

၂၉.၁၂.၂၀၂၁ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-

Pages

Subscribe to RSS - HighLight News