မကွေးတိုင်းဒေသကြီးအတွင်း ဝါသီးနှံစိုက်ပျိုးနိုင်မှု
ဝါသီးနှံကို မိုးကြိုရာသီ၊ မိုးရာသီနှင့် မိုးနှောင်းရာသီများတွင် စိုက်ပျိုးနိုင်ပြီး မိုးကြိုရာသီတွင် ဖေဖေါ်ဝါရီလလယ်မှ မတ်လအတွင်း၊ မိုးရာသီတွင် မေလလယ်မှ ဇွန်လကုန်အတွင်း မိုးနှောင်းရာသီတွင် ဇူလိုင်လလယ်မှ ဩဂုတ်လအတွင်း စိုက်ပျိုးလေ့ရှိပါသည်။ ဝါစိုက်ပျိုးရာတွင် အထွက်နှုန်းနှင့် ဝါဂွမ်းမွှေး အရည်အသွေးကောင်းသည့် ငွေချည်-၆၊ ရွှေတောင်-၈ နှင့် ငွေချည်-၉ ဝါမျိုးစေ့များကို စိုက်ပျိုးသင့်ပါ သည်။ ငွေချည်-၆၊ ရွှေတောင်-၈ ဝါမျိုးစေ့များသည် သီးကိုင်းရှည်သည့်အတွက် တန်းကြား (၃)ပေ၊ ပင်ကြား(၃)ပေထား၍ စိုက်ပျိုးနိုင်ပြီး ငွေချည်-၉ ဝါမျိုးများကို သီးကိုင်းတိုသည့်အတွက် တန်းကြား(၂) ပေခွဲ၊ ပင်ကြား(၂)ပေခွဲထား၍ စိုက်ပျိုးနိုင်ပါသည်။
ဝါအထွက်ကောင်းရရှိစေရန် သဘာဝဓါတ်မြေဩဇာ၊ နွားချေး၊ မြေဆွေးနှင့် ဓါတ်မြေဩဇာများကို တွဲဖက်အသုံးပြုနိုင်ပြီး သဘာဝမြေဩဇာနွားချေးသည် ဝါပင်အကြီးမြန်စေခြင်း၊ ရေအစိုဓါတ်ပိုမိုထိန်းသိမ်းနိုင်စေခြင်း၊ မြေတွင်းရှိ အာဟာရဓါတ်များကို စုပ်ယူလွယ်ခြင်းများကြောင့် နွားချေးနှင့်မြေဆွေးကို ဓါတ်မြေဩဇာအဖြစ် တွဲဖက်အသုံးပြုရန် အလွန် အရေးကြီးပါသည်။ဝါသီးနှံသည် ရေလုံလောက်မှုရရှိမှသာ အထွက်ကောင်းရရှိနိုင်မှာဖြစ်ပြီး ပန်းစပွင့်ချိန်၊ ပန်းပွင့် ဖြိုင်ချိန်နှင့် ဝါသီးကြီးထွားချိန်များတွင် အစိုဓါတ်မလုံလောက်ပါက ရေသွင်းပေးရန် လိုအပ်ပါသည်။ ဝါသီးနှံများတွင် ရောဂါကျရောက်မှုနည်းပါးစေရန်နှင့် ပိုးမွှားများဒဏ်မှကာကွယ်နိုင်ရန် သက်ဆိုင်ရာ ပိုးသတ်ဆေးများကိုလည်း ရွေးချယ်ပတ်ဖြန်းပေးရပါသည်။
မကွေးတိုင်းဒေသကြီးတွင် မိုးကြိုးဝါကို ဖေဖေါ်ဝါရီနှင့် မတ်လအတွင်း၊ မိုးဝါကို မေလလယ်မှ ဇွန်လအတွင်း ချည်မျှင်ရှည်ဝါကို ဩဂုတ်လမှ စက်တင်ဘာလအတွင်း စိုက်ပျိုးကြပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုဧကမှာ (၁၄၁၁၇၇ဧက)စိုက်ပျိုးပြီး (၁၄၁၁၄၂ဧက)ခူးဆွတ် ရိတ်သိမ်းရာ (၁ ဧက) ပျမ်းမျှအထွက်နှုန်းအနေဖြင့် (၄၆၆.၅၇ပိဿာ)ထွက်ရှိပြီး စုစုပေါင်းပိဿာချိန် အားဖြင့် (၆၅၈၅၂၅၉၆ ပိဿာ)ထွက်ရှိကြောင်း သိရှိရပါသည်။ ဝါတန်ဖိုးမြှင့် ထုတ်ကုန်များအနေဖြင့် စီးပွားဖြစ်ထုတ်လုပ်နိုင်မှုမရှိသော်လည်း ဝါသီးနှံမှ ဝါဂွမ်းဖတ်အဖြစ် ထုတ်လုပ်ပြီး ထွက်ရှိသည့် ဝါဂွမ်းဖတ်များကို မန္တလေးချည်မျှင်စက်ရုံ၊ ပလိပ်ချည်မျှင်စက်ရုံ၊ မိတ္ထီလာချည်မျှင်နှင့် အထည်စက်ရုံများသို့ ရောင်းချလျက်ရှိပြီး အောင်လံ၊ တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက်နှင့် ပခုက္ကူမြို့နယ်များရှိ ဝါကြိတ်စက်ရုံများမှ စက်ရုံတစ်ရုံလျှင် တစ်နှစ်ပျမ်းမျှ ဝါပိဿာချိန် (၈)သိန်းမှ (၁၀)သိန်းအထိ ကြိတ်ခွဲနိုင်ပြီး ဝါ(၃)ပိဿာ ကြိတ်လျှင် ဝါဂွမ်းဖတ်(၁)ပိဿာ ထွက်ရှိကြောင်းလည်း သိရှိရပါသည်။
မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်များတွင် ဝါအသင်းအဖွဲ့/အစုအဖွဲ့များ ဖွဲ့စည်းထားရှိမှုအနေဖြင့် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်သူ အစုအဖွဲ့(၂၉)ဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်ပြီး ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသေးစား၊ အလတ်စား စက်မှုလက်မှု လုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရက်ကန်းလုပ်ငန်းရှင်အစုအဖွဲ့များလည်း ဖွဲ့စည်းပေးထားပြီး ရက်ကန်းလုပ်ငန်း အဓိကလုပ်ကိုင်နေသော မြို့နယ်(၆)မြို့နယ်တွင် လက်ရက်ကန်းအစုအဖွဲ့(၁၆)ဖွဲ့၊ စက်ရက်ကန်း အစုအဖွဲ့(၄)ဖွဲ့ ဖွဲ့စည်းပေးထားခဲ့ပြီးဖြစ်ပါသည်။ မကွေးတိုင်းဒေသကြီးတွင် ဝါများစိုက်ပျိုး၍ ဝါကြိတ်စက်များရှိသော်လည်း ဝါဂွမ်းဖတ်အထိသာ ထုတ်လုပ်နိုင်၍ အဆင့်အတန်းမီ ဝါချည်ထုတ်လုပ်သည့် စက်များမရှိသည့်အတွက် အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဖွဲ့စည်းထားခြင်းမရှိပါသေးပါကြောင်း သိရှိရပါသည်။
ဝါနှင့် ဝါထွက်ပစ္စည်းလုပ်ငန်းရှင်များ၏ အတွေ့အကြုံများအရ မကွေးတိုင်းဒေသကြီးတွင် ဝါကုန် ကြမ်းများထွက်ရှိပြီး နည်းပညာအခက်အခဲများရှိ၍ ကုန်ချောအထိ မထုတ်လုပ်နိုင်ပါကြောင်း၊ ဝါနှင့် ဝါထွက်ပစ္စည်းကဏ္ဍဖွံ့ဖြိုးတိုးတက်ပါက ဝါဂွမ်းမှသည် ကုန်ချောအထိထုတ်လုပ်၍ ပြည်ပဝင်ငွေ ရရှိနိုင်ပါကြောင်း၊ နိုင်ငံတော်မှ စီမံချက်ချစိုက်ပျိုးသည့် ငွေချည်-၆ဝါသည် စိုက်ပျိုးပြီး (၄)နှစ်သက်တမ်း ကျော်လာသည့်အချိန်တွင် အထွက်နှုန်းနှင့် အရည်အသွေးကျဆင်းလာ၍ Raka (6661-6662)(B-31) ဝါများစိုက်ပျိုးလာသည့်အတွက် အထွက်နှုန်းနှင့် အရည်အသွေးကောင်းသော်လည်း ဝယ်ယူရောင်းချရာတွင် ဘဏ်ငွေကြေး အခက်အခဲများလည်းရှိပါကြောင်း သိရှိရပါသည်။
မိမိတို့ရေမြေဒေသနှင့်ကိုက်ညီသော အထွက်နှုန်းကောင်း မျိုးကောင်း/ မျိုးသန့်များကို စိုက်ပျိုးထုတ်လုပ်သူ တောင်သူများသို့ ဖြန့်ဖြူးပေးနိုင်ပါက အထွက်နှုန်းလည်း ကောင်းမွန်လာပြီး ဝင်ငွေများလည်း ပိုမိုရရှိကာ ဝါလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်၍ လူနေမှုအဆင့်အတန်းများလည်း မြင့်မားလာမည်ဖြစ်ပါသည်။
နိုင်ငံတော်အစိုးရမှလည်း ပြည်ပသွင်းကုန်များ လျော့ချနိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိရာ ပြည်တွင်းလယ်ယာထွက်ကုန်သီးနှံများ ပိုမိုထုတ်လုပ်မှုမြင့်မားလာရေးအတွက် ဝါသီးနှံမှာလည်း အဓိက ပါဝင်ခဲ့ရာ သက်ဆိုင်ရာဌာနများမှ ဝါစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် မျိုးကောင်း၊ မျိုးသန့်များနှင့် သွင်းအားစုများအတွက် ကွင်းဆင်းဆောင်ရွက်ပံ့ပိုးပေးသည့်အပြင် ထွက်ရှိသောဝါသီးနှံ များကို ထုတ်လုပ်သူ၊ ဝါလုပ်ငန်းရှင် (ဝါကြိတ်စက်ပိုင်ရှင်) အားအရည်သွေးမီ ဝါဂွမ်းဖတ်ထုတ်လုပ်နိုင် ရေး အားပေးကူညီဆောင်ရွက်လျှက်ရှိသည့်အတွက် ၂၀၁၉-၂၀၂၀ခုနှစ်တွင် ဝါဂွမ်းပေါ်စအချိန်၌ (၁ပိဿာ ၁၁၅၀ကျပ်နှင့် ၁၃၅၀ကျပ်)တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ၂၀၂၀-၂၀၂၁ခုနှစ်တွင် (၁ပိဿာ ၁၃၀၀ကျပ်)နှင့် အရည်အသွေးကောင်းဝါများကို (၁၃၅၀ကျပ်)အထိ ဈေးပေးဝယ်ယူနေသဖြင့် ဝါ ဈေးနှုန်းကျဆင်းမှု မရှိနိုင်ကြောင်းနှင့် ဝါသီးနှံများစိုက်ပျိုးခြင်းအားဖြင့် တောင်သူများအတွက် ဝင်ငွေ အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ပါသည်။
စားသုံးသူရေးရာဦးစီးဌာန(မကွေးတိုင်းဒေသကြီး)