Main menu

HighLight News

Powered by Drupal

“ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်ရှိ စားအုန်းဆီလက်လီလက်ကား အရောင်းဆိုင်များသို့ ကွင်းဆင်းစိစစ်ခြင်း”

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်ရှိ စားအုန်းဆီလက်လီလက် ကားအရောင်းဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်ခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ စားသုံးသူရေးရာဦးစီးဌာန ကွမ်းခြံကုန်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ သည် ဒီဇင်ဘာလ(၉)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရသည်။

          ထို့နောက် ကွင်းဆင်းစိစစ်ခြင်းများ ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အခွန်ကောက်စာရေး ဦးသန့်ဇင်ဝင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ ပူးပေါင်း၍ ရပ်ကွက်အတွင်း ရောင်းချသောဆိုင်များဖြစ်သည့် ဈေးပိုင်းရပ်ကွက်ရှိ ဦးဟိန်းသော်ဇင်ဦး လက်လီလက်ကားအရောင်းဆိုင်၊ ဦးခင်မောင်အေး လက်လီအရောင်းဆိုင်၊ ဒေါ်မော်မော်လက်လီအရောင်းဆိုင်၊ ကံကြီးမကျီးရပ်ကွက်ရှိ ဦးကျော်လွင် လက်လီအရောင်းဆိုင်၊ မြို့မရပ်ကွက်ရှိ ဦးဟိန်းမင်းလတ် လက်လီအရောင်းဆိုင်၊ ဦးကျော်သူရ‌အောင် လက်လီအရောင်းဆိုင်များနှင့် စည်ပင်သာယာမြို့မဈေးအတွင်း ရောင်းချသော ဒေါ်လဲ့လဲ့သင်း လက်လီဆိုင်၊ ဒေါ်မျိုးသူဇာထွန်း လက်လီအရောင်းဆိုင်၊ ဦးမြင့်မင်းသူ လက်လီအရောင်းဆိုင်များသို့ စားအုန်းဆီ ဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီ ခွဲတမ်းရရှိသည့် ပိဿာ၊ ပေပါ တာဝန်ယူဖြန့်ဖြူးရောင်းချသည့် အရေအတွက် ပိဿာ၊ ပေပါရောင်းချသည့် လက်လီ၊ လက်ကားဈေးနှုန်းများနှင့် နေ့စဉ်ရောင်းချလျက်ရှိသည့် ပုံစံများကို စိစစ်ကြပ်မတ်ခဲ့ကြောင်း သိရှိရသည်။

        ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူရေးရာဦးစီးဌာနမှ အပတ်စဉ် စားအုန်းဆီရည်ညွှန်းဈေးများကို သတ်မှတ်ထုတ်ပြန်လျက်ရှိရာ ရည်ညွှန်းဈေး အပေါ် ၂%အမြတ်နှင့် သင့်တင့်မျှတသော သယ်ယူခ၊ လုပ်သားခများကို ထည့် သွင်းတွက်ချက်၍ ရောင်းချကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန် လုပ်ငန်းရှင် လက်လီလက်ကားကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေး စိစစ်ကြပ်မတ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online - MyRO) တွင် ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်ထားရှိမှု

        ဆန်စပါးသိုလှောင်မှုလုပ်ငန်းများ၊ သိုလှောင်မှုအခြေအနေများနှင့် နိုင်ငံအနှံ့ရှိ သိုလှောင်ရုံများကို ဒီဂျစ်တယ်နည်းလမ်းဖြင့် စနစ်တကျမှတ်ပုံတင်နိုင်သည့် မြန်မာဆန်စပါး အွန်လိုင်း (Myanmar Rice OnlineMy RO) အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့မှ စတင်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါ သည်။

        မြန်မာဆန်စပါးအွန်လိုင်း (My RO) တွင် အွန်လိုင်းစနစ်ဖြင့် သိုလှောင်ရုံမှတ်ပုံတင် ခြင်းလုပ်ငန်းများကို သိုလှောင်ရုံအကျယ်အဝန်း သတ်မှတ်ချက်များအလိုက် အုပ်စု ၄ စုခွဲ၍ ကောက်ခံလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မှတ်ပုံ တင်ထားသည့် ဆန်စပါးသိုလှောင်ရုံ ၅,၅၄၆ လုံး မှတ်ပုံတင်ထားရှိပါသည်။\

 “တွံတေးမြို့နယ်၌စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း”

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ကုန်စုံမျိုးစုံရောင်းချသောဆိုင်များသို့ စားသုံးဆီအမျိုးမျိုး(ဗူးဆီ)များတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိတို့အား ဒီဇင်ဘာလ(၉)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

      ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ဦးစိုးဝင်းဦးတို့ ပူးပေါင်း၍ စားသုံးဆီအမျိုးမျိုး (ဗူးဆီ)များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ၊ စားသုံးဆီအမျိုးမျိုးတွင်‌ ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များရှိ/မရှိနှင့်  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)ပါ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိ/ မရှိ၊ တို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး မြို့နယ်တာဝန်ခံ ဆိုင်ပိုင်ရှင်လုပ်ငန်းရှင်များအား  စားသုံးဆီအမျိုးမျိုးအပါအဝင် အခြားကုန်စည်များတွင်လည်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိပါက ရောင်းချခြင်းမပြုလုပ်ကြရန်နှင့် ထိုသို့ပြုလုပ်ပါက စားသုံးသူကာကွယ်ရေး ဥပဒေနှင့် အညီအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“သုံးခွမြို့နယ် ဈေးကွက်အတွင်းရောင်းချနေသော စားသုံးဆီအမျိုးမျိုးတွင် ညွှန်ကြားချက် အမှတ် (၁/၂၀၂၁) နှင့်ကိုက်ညီမှုရှိ/ မရှိစစ်ဆေးခြင်း”

          ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ကုန်မျိုးစုံရောင်းချသောဆိုင်များသို့ စားသုံးဆီအမျိုးမျိုးနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းအား ဒီဇင်ဘာလ(၈)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     စည်ပင်သာယာမြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် စားသုံးဆီအမျိုးမျိုးနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာ၌ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံ၍ ဖော်ပြရာတွင် သက်ဆိုင်ရာစီးပွားရေးလုပ်ငန်း ရှင်များ လိုက်နာရမည့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)တို့အား လိုက်နာမှုရှိ/မရှိ စစ်ဆေးဆောငရွက်ခဲ့ကြပါသည်။

ထို့နောက် စားသုံးဆီအမျိုးမျိုး ရောင်းချသော လုပ်ငန်းရှင်များအား ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြရာ၌ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)တို့နှင့် ကိုက်ညီမှုမရှိသည့် စားသုံးဆီအမျိုးမျိုးအပါအဝင် အခြားကုန်စည်များတွင် လည်း ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းမရှိပါက ရောင်းချခြင်းမပြုလုပ်ကြရန်၊ ထိုသို့ပြုလုပ်ပါက စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ပျော်ဘွယ်မြို့နယ်ရှိ စက်သုံးဆီဆိုင်များအား ရှောင်တခင်စောင့်ကြည့်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပျော်ဘွယ်မြို့နယ်တာဝန်ခံ၊ဦးစန်းအောင်(ဒု-ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ စျေးကွက်တွင်းရောင်းချနေသော စက်သုံးဆီများအားသတ်မှတ်အချိန်အတွယ်နှင့် အရည်အသွေးစံချိန်စံညွှန်းပြည့်မီခြင်း ရှိ/ မရှိ၊ MSMEနှင့် စက်မှုလုပ်ငန်းများအတွက် စက်သုံးဆီလိုအပ်ချက်များဝယ်ယူရာတွင် အဆင်ပြေစေရေးနှင့် စက်သုံးဆီများပြတ်လပ်မှု ရှိ/ မရှိ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်နေ့တွင် ပျော်ဘွယ်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ရှောင်တခင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စက်သုံးဆီဆိုင်များတွင် စက်သုံးဆီရည်ညွှန်းဈေးတို့ကို အပတ်စဉ်သောကြာနေ့တိုင်း သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ပေးလျက်ရှိရာ သတ်မှတ်ဈေးနှုန်းများဖြင့်သာ ဖြန့်ဖြူးရောင်းချပေးကြရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုလုပ်ကြရန်၊ သိုလှောင်ကန်များ၏ လက်ကျန်အခြေအနေနှင့် နေ့စဉ်ဆီဝင်ရောက်မှုအခြေအနေများ၊ ဆီဆိုင်ဖွင့်လှစ်/ ပိတ်သိမ်းမှုအခြေအနေများ၊  တရားမဝင် စက်သုံးဆီများရောင်ချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ဆီဆိုင်တွင်တပ်ဆင်ထားသော CCTV များမှ Control စနစ်ကောင်းမွန်ခြင်းရှိ/ မရှိတို့အား အထူးကွင်း ဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ပျော်ဘွယ်မြို့နယ်၊ ရွှေပြည်ရန်နိုင်၊ အ.ထ.က(ခွဲ)တွင် စားသုံးသူကာကွယ်ပေးရေး အသိပညာပေးခြင်း

      မန္တလေးတိုင်း‌ဒေသကြီး၊ မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပျော်ဘွယ်မြို့နယ်၊ ရွှေပြည်ရန်နိုင်၊ အ.ထ.က(ခွဲ)တွင်  စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ၂၀၂၅ ခုနှစ်၊ ‌‌‌ဒီဇင်ဘာလ(၃)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

           ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ် တာဝန်ခံ ဦးစန်းအောင်၊ ဒု-ဦးစီးမှူးမှ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲလုပ်ငန်းများနှင့် စားသုံးသူများဘေး အန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများနှင့် နစ်နာဆုံးရှုံးမှုများအတွက် ညှိနှိုင်းဖြေရှင်းမှုများ လုပ်ဆောင်ရွက်လျက်ရှိကြောင်း ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေးများနှင့် လိုက်နာရမည့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများအားလည်းကောင်း စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုများအတွက် ဖြေရှင်းပေးမှုများအား အကျယ်တဝင့် ဆွေးနွေးခဲ့ပါသည်။ လုပ်ငန်းရှင်များအနေဖြင့်လည်း အခြားကုန်စည်ကို ဝယ်ယူသုံးစွဲရာတွင်  မိမိတို့ကိုယ်တိုင် စားသုံးသူများဖြစ်သည့်အတွက် စာသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုများရှိခဲ့လာပါက တိုင်းဒေသကြီး/ ပြည်နယ်နှင့် ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသော စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးများတွင် တိုင်ကြားနိုင်ပါကြောင်း၊  DOCA Myanmar Application နှင့်စားသုံးသူရေးရာဦးစီးဌာန၏ Website www.doca.gov. mm တွင် ဝင်ရောက်လေ့လာ တိုင်ကြားနိုင်ကြောင်း၊ Consumer Cell Center နံပါတ် (၁၅၃၅) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ပါကြောင်းကို ဆွေးနွေးပြောကြားခဲ့ပြီး ဟောပြောပွဲတွင် ကျောင်းသား/ သူ (၁၅၀)ဦးခန့်တက်ရောက်ခဲ့ပါသည်။ လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ပြီး ဟောပြောပွဲကို (၁၁း၀၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“ မိတ္ထီလာမြို့နယ်တွင် SAVAGE Online Sale ရောင်းချခြင်းနှင့်ပတ်သတ်၍ မြေပြင်ကွင်းဆင်းစစ်ဆေး ”

        စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဦးစီးအရာရှိ ဒေါ်မြို့ရီ၊ ဒု-ဦးစီးမှူးပါ  (၂)ဦးတို့သည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် မိတ္ထီလာမြို့နယ်၊ ဈေးအရှေ့ပြင်ရှိ SAVAGE Online Sale  ရောင်းချသည့်ဆိုင်သို့ မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် Online စနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းများနှင့် ပတ်သတ်၍ အချက်အလက်နှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်း၊ ရောင်းချသောပစ္စည်းများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်သား ပြည့်စုံစွာပါဝင်ခြင်း ရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းနှင့် Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအဖြစ် သတ်မှတ်ထားကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များနှင့် အခြားသိကောင်းစရာများအား အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မိတ္ထီလာမြို့နယ် စက်သုံးဆီဆိုင်များအား ရှောင်တခင်စောင့်ကြည့်စစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မိတ္ထီလာမြို့နယ်တာဝန်ခံ၊ ဒေါ်စိမ်းစိမ်းထွေး(ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ စျေးကွက်အတွင်းရောင်းချနေသော စက်သုံးဆီများအားသတ်မှတ်အချိန်အတွယ်နှင့် အရည်အသွေးစံချိန်စံညွှန်း ပြည့်မီခြင်းရှိ/ မရှိ၊ MSMEနှင့်စက်မှုလုပ်ငန်းများအတွက် စက်သုံးဆီလိုအပ်ချက်များဝယ်ယူရာတွင် အဆင်ပြေစေရေးနှင့် စက်သုံးဆီများပြတ်လပ်မှုရှိ/ မရှိ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်နေ့တွင် မိတ္ထီလာမြို့နယ်ရှိ နီလာရိုးမ၊ Farmer ၊Petro-K စက်သုံးဆီအရောင်းဆိုင်များအား ရှောင်တခင်ကွင်း ဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စက်သုံးဆီဆိုင်များတွင် စက်သုံးဆီရည်ညွှန်းဈေးတို့ကို အပတ်စဉ်သောကြာနေ့တိုင်း သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ပေးလျက်ရှိရာ သတ်မှတ်ဈေးနှုန်းများဖြင့်သာ ဖြန့်ဖြူးရောင်းချပေးကြရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုလုပ်ကြရန်၊ သိုလှောင်ကန်များ၏ လက်ကျန်အခြေအနေနှင့် နေ့စဉ်ဆီဝင်ရောက်မှုအခြေအနေများ၊ ဆီဆိုင်ဖွင့်လှစ်/ ပိတ်သိမ်းမှုအခြေအနေများ၊  တရားမဝင် စက်သုံးဆီများရောင်ချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ဆီဆိုင်တွင်တပ်ဆင်ထားသော CCTV များမှ Control စနစ်ကောင်းမွန်ခြင်းရှိ/ မရှိတို့အား အထူးကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ရမည်းသင်းမြို့နယ်၊ ရွာတန်းကျေးရွာအုပ်စု၊ သဲကျွန်းကျေးရွာရှိဆန်စက်များ MyRo တွင် ဆန်/ စပါးမှတ်ပုံတင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

          စားသုံးသူရေးရာဦီးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်သည့်  မြန်မာ့ဆန်စပါးအွန်လိုင်း(Myanmar Rice Online_MyRo )တွင် ဆန်/ စပါးသိုလှောင်မှုလုပ်ငန်း၊ သိုလှောင်မှုအခြေအနေနှင့် နိုင်ငံအနှံရှိ သိုလှောင်ရုံများကို ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် စနစ်တကျမှတ်ပုံတင်ပြီး ဆန်ဈေးကွက်နှင့် ဆန်ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးရည်ရွယ် ဆောင်ရွက်လျက်ရှိသဖြင့် ရမည်းသင်းမြို့နယ်၊ သဲကျွန်းကျေးရွာရှိ ဒေါ်သဉ္ဇာအောင်၊ဆန်အရောင်းဆိုင်အား MyRo တွင် ဆန်/စပါး သိုလှောင်ရုံ မှတ်ပုံတင်နိုင်ရေးကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင်  ဆန်စက်လုပ်ငန်းရှင်အား တန်တန်ချိန်(၂၅)တန်နှင့် အထက် (သို့မဟုတ်) စပါးတင်း(၂၅၀၀)နှင့်အထက် သိုလှောင်ရုံတစ်မျိုးပိုင်ဆိုင်သူသည် MyRo တွင် ဆန် /စပါးသိုလှောင်ရုံမှတ်ပုံတင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ရာတွင် www.myro.com.mm တွင်မှတ်ပုံတင်ရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ရာတွင်လိုအပ်သည့် အချက်အလက်များကို ရှင်းလင်းပြောကြားဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ကျောင်းမုန့်ဈေးတန်းသို့ ကွင်းဆင်းစစ်ဆေးခြင်း

        မန္တလေးတိုင်း‌ဒေသကြီး၊ မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပျော်ဘွယ်မြို့နယ်၊ ရွှေပြည်ရန်နိုင်ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်းခွဲ ကျောင်းမုန့်ဈေးတန်းတွင်  စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ၂၀၂၅ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့၊ နေ့လယ် (၁၀း၃၀)နာရီချိန်တွင် အခြေခံပညာအထက်တန်းကျောင်းမှ ဆရာများနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းမုန့်ဈေးတန်း၌ ရောင်းချနေသော လေဖောင်းမုန့်များ၊ အချိုရည်ဗူးများ၊ ပေါင်မုန့်မျိုးစုံနှင့် ဝေဖာချောင်းများတွင် စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များ ကိုက်ညီပြည့်စုံမှုရှိပြီး မြန်မာ့ရိုးရာ မုန့်များကိုလည်း ရောင်းချကြောင်းစစ်ဆေးတွေ့ရှိရပြီး ဆိုင်ရှင်များအား မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါ ဥပဒေများအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအကြောင်းနှင့် မိမိဌာနမှဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်းတို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - HighLight News