Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ သုံးခွမြို့နယ်တွင်စားသောက်ဆိုင်များ ဝန်ဆောင်မှုဆိုင်ရာ Talk Show ပြုလုပ်ခြင်း”

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဇူလိုင်လ(၄)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် စားသောက်ဆိုင်များ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အသိပညာပေး Talk Show ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အသိပညာပေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်စန်းစန်းမော်နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးတို့သည် အစားအသောက် ရောင်းချဝန်ဆောင်မှုပေးသည့် စားသောက်ဆိုင်များအနေဖြင့် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း၊ အစားအသောက်ချက်ပြုတ်သူနှင့် ဝန်ဆောင်မှုပေးသည့် ဝန်ထမ်းများအနေဖြင့် တစ်ကိုယ်ရည်သန့်ရှင်းမှုအား အလေးထားဆောင်ရွက်သင့်ကြောင်း အသုံးပြုသည့် အိုးခွက်ပစ္စည်း ကိရိယာများနှင့် အစားအသောက်များ ထည့်ရန်ပစ္စည်း အသုံးအဆောင်များ သန့်ရှင်းသပ်ရပ်စွာ ထားရှိရေးနှင့် အစားအသောက်များအား ကျက်သည်အထိ သေချာစွာချက်ပြုတ်ရန် လိုအပ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ် ကင်းရှင်းစေရန် အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုများအား သတ်မှတ် ကာလများအလိုက် ဈေးကွက်စောင့်ကြည့် ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ်ပြည်တော်သာရပ်ကွက်အခြေခံပညာမူလတန်းကျောင်းမျက်နှာစာရှိ ပျံကျဈေးဆိုင်များရှင်းလင်းဖယ်ရှားပြီး”

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြည်တော်သာရပ်ကွက် အခြေခံပညာမူတန်းကျောင်း မျက်နှာစာရှိ ပျံကျဈေးဆိုင်များအား ဇွန်လ (၄)ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင် စာသင်ကျောင်း ဥပတိရက် ကောင်းမွန်စေရေး၊ သန့်ရှင်းလှပစေရေးတို့အတွက် ဖယ်ရှားရှင်းလင်း ဆောင်ရွက်ပြီးသွားကြောင်း သိရသည်။ ထိုသို့ ဖယ်ရှားရှင်းလင်း ဆောင်ရွက်ခဲ့ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ ပူးပေါင်း၍ ပြည်တော်သာရပ်ကွက် အခြေခံပညာမူလတန်း ကျောင်း မျက်နှာအတွင်း အခြေခံစားသောက်ကုန်၊ အလှကုန်ပစ္စည်းများအား အချိန်ပိုင်း ရောင်းချလျက်ရှိသော ဈေးဆိုင်များမှ ဆိုင်ပိုင်ရှင်များအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ခေါ်ယူတွေ့ဆုံဆွေးနွေးခြင်း၊ မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းများအား ဇွန်လကုန်ပိုင်းတွင် လမ်းတစ်ဖက်ခြမ်းကပ် ပျံကျဈေးတန်းအား ဖွင့်လှစ်ရောင်းချနိုင်ရေး ဆောင်ရွက်ခဲ့ရာ ယခုအချိန် တွင် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများဈေးဝယ်သူ ဈေးဝယ်သားများ၊ ရပ်ကွက်သူရပ်ကွက်သားများ အဆင်ပြေစွာ ဖြတ်သန်းသွားလာနိုင်ပြီးဖြစ်ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

တိုက်ကြီးမြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး

စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဒေါ်တင်တင်ဌေးပါ (၂)ဉီးတို့သည် (၃.၇.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် စားအုန်းဆီ လက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ခဲ့ရာတွင် အောင်သုလမ်း၊ ဈေးရပ်ကွက်ရှိ ဒေါ်ကြူကြူကုန်မျိုးစုံသို့ ရောက်ရှိခဲ့ရာ ကျေးရွာအုပ်စုပေါင်း(၁၂)အုပ်စုသို့ ခွဲဝေပေးပါ ကြောင်း၊ ကျေးရွာနေပြည်သူများမှ လည်း မိမိတို့ရရှိသောခွဲတမ်းများအား နေ့စဉ်လာရောက်ထုတ်ယူပါ ကြောင်း၊ စနစ်တကျ ခွဲဝေပေးပါကြောင်း၊ လက်ကျန်လည်းမထားရှိပါကြောင်း၊ မိမိတို့ဌာနမှလည်း သိုလှောင် ထားခြင်းများ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည် နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ DOCA (ရန်ကုန်)

ဉီးကြည်စိုးစားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး

(၃.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဒေါ်တင်တင်ဌေးပါ (၂)ဦးတို့သည် ဌာနလမ်းရှိ စားအုန်း ဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးခဲ့ရာတွင် ဆိုင်ရှင် ဉီးကြည်စိုးမှ မိမိရရှိသောစားအုန်းဆီများသည် ကိုယ်စားလှယ် ဦးဇေမှ ခွဲဝေပေးခြင်းဖြစ်ကြောင်း၊ အိမ်ထောင်စုတစ်စုလျှင် (၁)လလျှင် (၂.၅၀)ကျပ်သားရရှိပြီး ကျေးရွာအုပ်စုပေါင်း (၄)အုပ်စုသို့ နေ့စဉ်ခွဲဝေရောင်းချပေးပါ ကြောင်း၊ အိမ်ထောင်စုတစ်စုလျှင် (၅၀)ကျပ်သားနှုန်းဖြင့် လာရောက်ထုတ်ယူကြပါကြောင်း၊ ဈေးနှုန်း လည်းမြှင့်တင်ရောင်းချခြင်းမရှိပါကြောင်း၊ ရရှိသောခွဲတမ်းများကိုလည်း နေ့စဉ်လက်ကျန်များ မရှိအောင် ရောင်းချပေးပါကြောင်း သိရှိရပါသည်။ DOCA (ရန်ကုန်)

စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး

စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ မှော်ဘီမြို့ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် (၃.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀:၁၅)နာရီအချိန်တွင် မြို့မဈေးရှိ ဉီးအောင်ကျော်ထူး စားအုန်းဆီလက်လီ အရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးခဲ့ရာတွင် ဘီ(၂)၊ အခန်း(၇/၈)၊ မြို့မဈေးရှိ စားအုန်းဆီလက်လီရောင်းချနေသော ဆိုင်သို့ ရောက်ရှိခဲ့ရာ မိမိရရှိသောခွဲတမ်းသည် Aung Oo Thar Co.,Ltd မှ ရရှိပြီး ပြည်သူများသို့ နေ့စဉ်ပုံမှန်ရပ်ကွက်အလိုက် စာအုပ်စနစ်ဖြင့် နံနက်(၈)နာရီမှ ညနေ (၃)နာရီအထိ ရောင်းချပေးပါ ကြောင်း၊ အများပြည်သူမြင်သာအောင် ဈေးနှုန်း Vinyl ကိုလည်း ချိတ်ဆွဲထားကြောင်း စစ်ဆေးတွေ့ရှိ ရပြီး မိမိတို့ဌာနမှလည်း လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများက ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဖြန့်ဖြူးရောင်းချရန်တို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။ DOCA (ရန်ကုန်)

ထန်းတပင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၌ အစည်းအဝေးကျင်းပ

(၄.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်၊ အထွထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးနိုင်နိုင်ဉီး၊ စားသုံးသူရေးရာဉီးစီးဌာနမှ ဉီးဇော်မြင့်၊ မြို့နယ်ခွဲတာဝန်ခံနှင့်သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ စိုက်ပျိုးစရိတ်ချေးငွေထုတ်ပေး ရန်ကိစ္စ အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။ ထန်းတပင်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံချက်အရ တောင်သူများအား “ဟိန်းသစ်ရှင်”ကုမ္ပဏီမှ စိုက်ပျိုးစရိတ်ချေးငွေများ ပေးအပ်ရာတွင် လက်ခံရရှိပြီးသော တောင်သူများအနေဖြင့် ကြွေးကျန်စပါးတင်းများ သတ်မှတ်ရက်အတွင်း ပြန်လည်ပေးသွင်းရန် မြို့နယ်အုပ်ချုပ် ရေးမှူး ဉီးနိုင်နိုင်ဉီးက ဆွေးနွေးပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနများမှလည်း တောင်သူများ ဝန်ထုပ် ဝန်ပိုးမဖြစ်စေရေး ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ DOCA(ရန်ုကုန်)

တနင်္သာတိုင်းဒေသကြီးဦးစီးမှူးမှ ထားဝယ်ခရိုင်ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းနိုင်ရေး ဆေးဆိုင်ပိုင်ရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့၊နေ့လယ် ၁၃း၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးဦးစီးမှူးမှ ထားဝယ်ခရိုင်ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်းဖွဲ့စည်းနိုင်ရေး ဆေးဆိုင်ပိုင်ရှင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးရာတွင် တိုင်းဒေသကြီးဦးစီးမှူးမှ အသင်းအဖွဲ့ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ အသင်းဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်၊ အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းကြောင့် ရရှိလာမည့်အကျိုးကျေး ဇူးများ၊ ဒေသတွင်းဆေးဝါးများ ပြတ်လပ်မှုမရှိစေရေး အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မည့် အကြောင်းအရာများအား ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသော လုပ်ငန်းရှင်များမှလည်း လို အပ်သည်များအား မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ DOCA(တနင်္သာရီ)

မြိတ်ခရိုင်ဆီကိုယ်စားလှယ်သို့ရောင်းချပေးသော စားအုန်းဆီများ မြိတ်မြို့သို့ရောက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့အတွက် စားအုန်းဆီများကို ရန်ကုန်မြို့ဆီကုမ္ပဏီများမှ ဖြန့်ခွဲရောင်းချပေးလျက်ရှိရာ Global Good Pure Group ကုမ္ပဏီမှ (၂၇.၆.၂၀၂၅)ရက်နေ့တွင် ထုတ်ယူခဲ့သော ယာဉ်အမှတ် 6D-4521 တွင်စားအုန်းဆီပေပါ(၉၁) သည် (၂.၇.၂၀၂၅)ရက်နေ့တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း မြိတ်ခရိုင်ဆီကိုယ်စားလှယ်ထံမှသိရှိရသဖြင့် မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်စစ်ဆေးခဲ့ပြီး ရည်ညွှန်း‌စျေး၊ သယ်ယူပို့ဆောင်ကုန်ကျ စရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ စားသုံးသူပြည်သူများသို့ ခွဲဝေဖြန့်ဖြူး ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ DOCA(တနင်္သာရီ)

မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့တက်ရောက်

၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့ နံနက်(၈း၀၀)အချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး-ဦးမျိုးဝင်းမှ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါအခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်း/ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာများနှင့် အရပ်ဖက်အဖွဲ့အစည်းများမှ တက်ရောက်ခဲ့ပြီး ထူးချွန်သူအမျိုးသမီးငယ်များအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။ DOCA(တနင်္သာရီ)

မြိတ်မြို့ရှိ Car Showrooms သို့ ကွင်းဆင်း

မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများအပါအဝင် ၊ ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၂)ရက်နေ့ တွင် မြိတ်မြို့ပေါ်ရှိ Car Showroomsနှင့် အရောင်းဆိုင်များသို့ သွားရောက်၍ မော်တော်ကားရောင်းချနေသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး မော်တော်ယာဥ်တင်သွင်းရောင်းချခွင့်လက်မှတ်များအား ကွင်းဆင်းစစ်ဆေး၍ online ဖြင့်ရောင်းချပါက ဆောင်ရွက်သင့်သောအချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။ ကွင်းဆင်းစစ်ဆေးချက်အရအဆိုပါကားအရောင်းဆိုင်များသည် ပြည်တွင်းသုံးစွဲပြီး Good Secondကားများကိုသာ အများဆုံး ဆိုင်တင်ရောင်းချပေးခြင်းဖြစ်ကြောင်းသိရှိရပြီး စည်ပင်သာယာ ရေးအဖွဲ့၏ လုပ်ငန်းလိုင်စင်နှင့် ပြည်တွင်းအခွန်ဦးစီးဌာနသို့ အခွန်ငွေပေးဆောင်ထားသည့် ‌ပြေစာ အထောက်အထားများ၊ မော်တော်ယာဥ်တင်သွင်းရောင်းချခွင့်လက်မှတ်များစစ်ဆေးခြင်းနှင့် Online ဖြင့်ရောင်းချပါက Online မှတ်ပုံတင်ပြီးမှသာရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာသင့် သောအချက်များအားရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ