Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရေနံချောင်းမြို့၌ စားသုံးသူကာကွယ်ရေးနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံရေး ကွင်းဆင်းဆောင်ရွက်ခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်တာဝန်ခံ သည် စားသုံးသူကာကွယ်ရေးနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာပါဝင်စေရေးအတွက် (၁၁.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ရေခဲစက်ရပ်ရှိ “ထွန်းအောင်လှိုင်” ပဲကြော်နှင့် ရွာသစ်ရပ်ကွက်ရှိ “မသက်သက်နှင့်ညီမများ” ပဲကြော် လုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ အခန်း (၁၈) ပုဒ်မ (၄၁) ကုန်အညွှန်းအမှတ်အသား ဖောပြခြင်းနှင့် ပတ်သက်၍ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိစေ‌ရေးနှင့် လုပ်ငန်းရှင်၏အခက်အခဲများအားဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့၊ “မယ်နု”မြေပဲဆီ/ နှမ်းဆီ လုပ်ငန်းရှင်မှ ကုန်အမှတ်တံဆိပ်ပြုလုပ်ရန် လာရောက်လျှောက်ထားရာတွင် အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်တာဝန်ခံရုံး၌ (၁၁.၁၁.၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၃:၄၅)အချိန်တွင် ဒေသတွင်းထုတ်လုပ်လျက်ရှိသော “မယ်နု” မြေပဲဆီ/နှမ်းဆီ လုပ်ငန်းမှ ကုန်အမှတ်တံဆိပ် ပြုလုပ်ရန် လာရောက်လျှောက်ထားလာသည့် လုပ်ငန်းရှင်အား မကွေး ခရိုင်တာဝန်ခံမှ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ ဆွေးနွေးရာတွင် မကွေးခရိုင်တာဝန်ခံက စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် စားသုံး သူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ(၄၁)ပါ အချက် အလက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် ၎င်းအချက်အလက်များမှ ပုဒ်မခွဲ (ခ)ပါ ကုန်စည်၏ အမျိုး အမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံ နည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေး ချက်တို့အား မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက် ပို၍ တွဲလျှက်ဖြစ်စေ ထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရန် လိုအပ် ကြောင်း အသိပညာပေးဆွေးနွေးရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

 DOCA(မကွေး)

စျေးကွက်အတွင်း ရောင်းချနေသော ဆေးနှင့် ဆေးပစ္စည်းများ စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ကွင်းဆင်း

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များဖြစ်သော စားသုံး သူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေး‌‌ရေးဦးစီးဌာန၊ ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ဗဟိုစာရင်း အင်းအဖွဲ့တို့သည် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၁၃)ရက်နေ့၊ နံနက်(၁၀း၀၀)အချိန်တွင် မြိတ်မြို့၊ ဆိပ် ငယ်ရပ်ရှိဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်မှုမရှိစေရေး၊ ဘေးအန္တရာယ်ကင်းသော ထုတ်ကုန်များသုံးစွဲရေး၊ သက်တမ်းလွန်ဆေးဝါးများရောင်းချမှုမရှိစေရေး၊ ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သည့်စျေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားခြင်းရှိ/မရှိနှင့် ကုန်အညွှန်း အမှတ်အသားဖော်ပြပါရှိသော ဆေးဝါးများ‌ရောင်းချမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(တနင်္သာရီ)

 

        မြိတ်မြို့ရှိ ဆန်နှင့်စားအုန်းဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

 

      မြိတ်ခရိုင်ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များသည် မြိတ်မြို့အတွင်း Super Market, Mini Martများနှင့် ဆန်ဆိုင်များအား ကုန်စျေးနှုန်းတည်ငြိမ်စေရေး ကွင်းဆင်းစစ်ဆေးလျက်ရှိပြီး ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်နေ့၊ နံနက်(၉း၀၀)အချိန်တွင် မြိတ်မြို့၊ မြန်အောင်ရပ်နှင့် ကန်ကြီးရပ်ရှိ ဆန်အရောင်းဆိုင်များနှင့်ဆီအရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်းစျေးများနှင့် ဒေသတွင်း ဖြစ် သင့်ဖြစ်ထိုက်သောစျေးနှုန်းများဖြင့် ရောင်းချနေခြင်းရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရ ပါသည်။

    ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ အထူးစုံစမ်းစစ် ဆေးရေးဦးစီးဌာန၊ ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး‌ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ပါဝင်သော အဖွဲ့ဝင်များဖြင့် သတ်မှတ်ထားသော ရည်ညွှန်းစျေးနှုန်း များဖြင့် ရောင်းချနေခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီးအလေးချိန်မှန်ကန်စွာ၊ ဖြစ်သင့်ဖြစ်ထိုက်သော စျေးနှုန်း များဖြင့်ရောင်းချရန်နှင့်စျေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိမှုများမဖြစ်စေရေး ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(တနင်္သာရီ)

စစ်ကိုင်းမြို့ပေါ်ရှိ ဆန်အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးတို့သည် “ခရိုင်ဆန်သိုလှောင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုများ စိစစ်ရေးလုပ်ငန်းအဖွဲ့”မှ အဖွဲ့ဝင်များဖြစ်သော ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၁  ရက်နေ့ နေ့လည် ၁၄:၀၀ နာရီ အချိန်တွင် စစ်ကိုင်းမြို့၊ မြို့မဈေးအပြင်ဘက်ရှိ ဆန်အရောင်းဆိုင်များဖြစ်သော မမအေးနှင့်ရွှေစပယ်ဆိုင်များသို့ ကွင်းဆင်း၍ ဈေးနှုန်းဈေးကွက် အခြေအနေများ၊ စီးဝင်/စီးထွက်မှုအခြေအနေများ၊ သယ်ယူခနှုန်းထားများနှင့် ဈေးနှုန်းမြှင့်တင် ရောင်းချ ခြင်း အလို့ငှာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုများ ရှိ/မရှိကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဦးဆောင်သော ပူးပေါင်း အဖွဲ့သည် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ရန် သိုလှောင်ထားခြင်းများ မပြုလုပ်ရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင် ထားခြင်း များရှိပါက အရေးကြီးဝန်ဆောင်မှုဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း၊ ဆန်အိတ် (၁၀၀၀)နှင့် အထက် သိုလှောင်ထားရှိပါက သိုလှောင်ရုံ မှတ်ပုံတင် ပြုလုပ်ရမည်ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့၊ မြို့မဈေးအပြင်ဘက်ရှိ ဆန်အရောင်းဆိုင်များဖြစ်သော မမအေးနှင့် ရွှေစပယ် ဆန်ဆိုင်များအနေဖြင့် ဆန်များကို ရွှေဘိုမြို့မှ အများဆုံး ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့သို့ သွားရောက်ဝယ်ယူ၍ လည်းကောင်း၊ မိမိတို့ဆိုင်များသို့ အရောက်ပို့၍လည်းကောင်း ဝယ်ယူကြောင်း၊ ဝယ်ယူရာတွင် ရောင်းအားရှိသလောက် ဝယ်ယူကြောင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ ပြည်သူများ ကြိုက်နှစ်သက်စွာ ဝယ်ယူသုံးစွဲမှု အများဆုံးဆန်မှာ ရွှေဘိုပေါ်ဆန်း၊ ဧရာမင်းနှင့် မနောသုခဆန်များကို အများဆုံး ရောင်းချသည်ကို စိစစ်တွေ့ရှိရကြောင်း၊ ဆန်အမျိုးအစားအလိုက် (၂၄) ပြည်တစ်အိတ် ဈေးနှုန်းများမှာ ဆန်အမျိုးအစား၊ အရည်အသွေးအလိုက် မမအေးနှင့် ရွှေစပယ်ဆိုင်များသည် ရွှေဘိုပေါ်ဆန်း(၁၆၈၀၀၀)ကျပ်၊ ဧရာမင်း(၁၁၅၀၀၀)ကျပ်နှင့် မနောသုခ (၉၅၀၀၀)ကျပ်ဖြင့် အရောင်း အဝယ်ရှိကြောင်း သယ်ယူခနှုန်းထားများမှာ ရွှေဘိုမြို့မှ စစ်ကိုင်းမြို့သို့ ဆန် (၂၄)ပြည် တစ်အိတ်လျှင် (၃၅၀၀) ကျပ်မှ   (၅၀၀၀) ကျပ်ရှိကြောင်း ဆန်များကို သိုလှောင်ထားခြင်းမရှိဘဲ   လိုသလောက်သာ မှာယူရောင်းချသော ကြောင့် ဆန်သိုလှောင်သော ဆန်ဂိုဒေါင်များမရှိပါကြောင်း၊ အရောင်းဆိုင်များတွင် ရောင်းအား     ရှိသလောက် ဝယ်ယူရောင်းချ နေကြောင်း  သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

တောင်တွင်းကြီးမြို့နယ်၊ ဖျောက်ဆိပ်ကုန်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ အသိပညာပေးဟောပြောခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် တာဝန်ခံသည် (၁၂.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဖျောက်ဆိပ်ကုန်းကျေးရွာ၊ အခြေခံပညာ မူလတန်းကျောင်းရှိ ကျောင်းခန်းမဆောင်၌ ဆရာ/ဆရာမ (၇)ဦးနှင့် ကျောင်းသား/ ကျောင်းသူ (၇၀)ဦး တို့အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

     အဆိုပါဟောပြောပွဲ၌ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ဌေးဌေးက ကျောင်း ပတ်ဝန်းကျင်ရှိ စျေးဆိုင်များတွင် ရောင်းချသည့်မုန့်များနှင့်ပတ်သက်၍ အသိပညာပေးခြင်းအားလည်း ကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်ခိုင်မို့မို့ဇင်က သဘာဝဘေးအန္တ ရာယ်များနှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများအကြောင်းအားလည်းကောင်း အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ချောက်မြို့ပေါ်ရှိ ကလေးအသုံးအဆောင် ကုန်ပစ္စည်းအမျိုးမျိုးရောင်းချသည့် ဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

  မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးသည် သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ (၁၂.၁၁. ၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် မြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များနှင့်စတိုးဆိုင်များမှ ရောင်းချ နေသော ကလေးအသုံးအဆောင်ပစ္စည်းများဖြစ်သည့် ကလေးတစ်ကိုယ်ရေသန့်ရှင်း‌ရေးသုံးပစ္စည်းများ၊ ကစားစရာများနှင့်အခြားပစ္စည်းအမျိုးမျိုး ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ စစ်ဆေးရာတွင် ကလေးငယ်များ၏ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အထူးသဖြင့် ကျန်းမာ ရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရေး၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သော ဓါတုပစ္စည်း များ ပါဝင်မှု သို့မဟုတ် မလုံခြုံသော ထုတ်လုပ်မှုများ ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ အသေး စိတ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး စံနှုန်းကောင်းမွန်သော ကုန်ပစ္စည်းများကိုသာ ရောင်းချရေး၊ ဘေးအန္တရာယ်ရှိသော ကုန်ပစ္စည်းများကို ရောင်းချခြင်းမပြုရေး၊ တရားမဝင်ကုန်စည်များ စျေးကွက် အတွင်း ရောင်းချခြင်းမပြုရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(မကွေး)

စစ်ကိုင်းမြို့ စတိုးဆိုင်နှင့်ကလေးပစ္စည်းအရောင်းဆိုင်များအား အာဟာရဖြည့်စွက်စာအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဦးဆောင်၍ ခရိုင်ရုံးမှ ဝန်ထမ်း(၂)ဦးသည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်နေ့တွင် စစ်ကိုင်းမြို့ပေါ်ရှိ စတိုးဆိုင်နှင့်ကလေးပစ္စည်းအရောင်းဆိုင်များသို့ ကွင်းဆင်း၍  အာဟာရဖြည့်စွက်စာအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် (၂/၂၀၁၉)  ညွှန်ကြားချက်နှင့်အညီ ကိုက်ညီမှုရှိ သော  GOLD POWER အမှတ်တံဆိပ် ကလေးဖြည့်စွက်အာဟာရမှုန့်(ဆန်၊ နို့)ဘူးများကို စစ်ဆေးတွေ့ရှိ ရပါသည်။ ‌စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက ဆိုင်ပိုင်ရှင်များအား မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် (၂/၂၀၁၉) ညွှန်ကြားချက်ပါ အသေးစိတ်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း (၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းပြောကြားခဲ့ ပြီး အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါ သည်။

DOCA(စစ်ကိုင်း)

ရေနံချောင်းမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကျင်းပ

 စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ် တာဝန်ခံသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁၂.၁၁.၂၀၂၅)ရက်နေ့၊ နေ့လည် (၁၃:၀၀)အချိန်တွင် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအား အသိပညာဗဟုသုတနှင့် ပြည့်စုံစေရန် စားသုံး သူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

          အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိုမီအောင်က အမျိုးသားနေ့အကြောင်း သိကောင်းစရာများအားလည်းကောင်း၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ရေနံချောင်းမြို့နယ်တာဝန်ခံ ဒေါ်ချိုဝေလွင်မှ စားသုံးသူကာကွယ်‌ရေးဥပဒေ အခန်း (၁၈) ပုဒ်မ (၄၁) အရကုန်စည်တစ်ခုတွင် ပါဝင်ရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းအကြောင်းအရာအား လည်းကောင်း၊ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်မြင့်မြင့်ကြည်မှ ယားနာများအကြောင်းနှင့် ဆေးနည်းများအကြောင်းအားလည်းကောင်း ဟောပြောခဲ့ပြီး ဟောပြောပွဲသို့ ဆရာ/ဆရာမ (၈)ဦး၊ ကျောင်းသား/ ကျောင်းသူ (၁၉၂)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် Little Secret Bags (လစ်တဲစီးခရက်ဘက်) လုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဦးဆောင်၍ ခရိုင်ရုံးဝန်ထမ်း(၂)ဦးသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့တွင် စစ်ကိုင်းမြို့၊ မြို့သစ်ရပ်ကွက်၊ နယ်မြေ(၁)ရှိ အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် Little Secret Bags (လစ်တဲစီးခရက်ဘက်)လုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ ပါသည်။

     ထိုသို့ မြေပြင်စစ်ဆေးခဲ့မှုတွင် ‌စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက Little Secret Bags (လစ်တဲစီးခရက်ဘက်)အွန်လိုင်းလုပ်ငန်းရှင်အား ၅၀/၂၀၂၃ နှင့် ၅၁/၂၀၂၃ အမိန်ကြော်ငြာစာပါ အကြောင်းအရာများ၊ မှတ်ပုံတင်၊ သက်တမ်းတိုး၊ ပြင်ဆင်ကြေးတို့အတွက် သတ်မှတ်နှုန်းထားများ အကြောင်း၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များ၊ ဥပဒေ အခန်း (၁၀)ပါ စီးပွားရေး  လုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း (၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ