Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ညောင်လေးပင်မြို့မဈေးအတွင်း စားသုံးဆီ လက်လီလက်ကား ရောင်းချသည့် ဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင်ဝင်ရောက်စစ်ဆေး

         ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ၂၄.၂.၂၀၂၅ ရက်နေ့တွင် ညောင်လေးပင်မြို့မဈေးအတွင်း ရောင်းချလျက်ရှိ သော စားသုံးဆီ လက်လီလက်ကား ရောင်းချသည့်ဆိုင်များအား ဈေးကွက်အတွင်း ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းမရှိစေရန်၊ သတ်မှတ်ထားသည့် ရည်ညွှန်းဈေးအတိုင်းရောင်းချရန်၊ ဈေးကွက်အတွင်း စားသုံးဆီ ပြတ်လပ်မှု မရှိစေရန် ဒုခရိုင်ဦးစီးမှူး ဦးစောသန်းထိုက်ကျော်နှင့် မြို့ နယ်တာဝန်ခံ ဦးကျော်သက်မိုးတို့ ဦးဆောင်သော ပူးပေါင်းအဖွဲ့မှ ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ပါသည်။

            ထိုသို့စစ်ဆေးရာတွင် ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ခံတို့သည် မိတ်ဖက်အဖွဲ့အစည်းများဖြစ်ကြသော အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာအဖွဲ့တို့နှင့်အတူ စားသုံးဆီလက်လီလက်ကား ရောင်းချသည့်ဆိုင်များအားသတ်မှတ် ရည်ညွှန်းဈေးအတိုင်းရောင်းချရေး၊ ရောင်းချရာတွင်လည်း (၂)ရာခိုင်နှုန်းထက်ပို၍ ရောင်းချမှုမရှိစေရေး၊ အရောင်းအဝယ် လက်ခံသည့် ဘောင်ချာများထားရှိရေး၊ ကုန်စုံဆိုင်အမည် နှင့် ရောင်းချသည့် ဈေးနှုန်းကပ်ထားသည့် ဗီနိုင်း၊ ပိုစတာ တို့အား အများမြင်သာသည့် နေရာတွင် ချိတ်ဆွဲထားမှု ရှိ/ မရှိ တို့အား ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

သတ်မှတ်ရည်ညွှန်းဈေး အတိုင်းရောင်းချရန် စားသုံးဆီလက်လီလက်ကား ရောင်းချသည့် လုပ်ငန်းရှင်များအား ခေါ်ယူဆွေးနွေး

           ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ ဈေးကွက်အတွင်း ကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး အပြင် စားသုံးသူကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ၂၄.၂.၂၀၂၅ ရက်နေ့၌ ကျောက်တံခါးမြို့နယ်တွင် လက်လီလက်ကား ရောင်းချနေသည့် စားသုံးဆီလုပ်ငန်းရှင်များအား ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးတွင် ခေါ်ယူ၍ ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။

            တွေ့ဆုံပွဲတွင် ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဒုခရိုင်ဦးစီးမှူး နှင့် ကျောက်တံခါးမြို့နယ်တာဝန်ခံတို့သည် စားသုံးဆီလက်လီလက်ကား ရောင်းချသည့်လုပ်ငန်းရှင်များအား  သတ်မှတ်ရည်ညွှန်းဈေးအတိုင်းသာ ရောင်းချရန်၊ ဈေးကွက်ထဲတွင် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ မပြုလုပ်ရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုလုပ်ရန် သတိပေးပြောကြားခဲ့ပြီး ဆီလုပ်ငန်းရှင်များမှ တင်ပြသည့် အခက်အခဲများကိုလည်း ပေါင်းစပ်ညှိနှိုင်းပေးကာ ဆွေးနွေးအဖြေရှာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

မော်လမြိုင်မြို့နယ်တာဝန်ခံသည် စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

          စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးခန်းတွင် ပြည်နယ်ဦးစီးမှူး နှင့်အတူ မော်လမြိုင်မြို့နယ်တာဝန်ခံသည် ၂၁.၂.၂၀၂၅ ရက်နေ့တွင် Jolle bar ၊ Lvy စားသောက်ဆိုင်ပိုင်ရှင်နှင့်တွေ့ဆုံ၍စက်မှုလုပ်ငန်းသုံးဆီလျှောက်ထားခြင်းရာတွင် တင်ပြရမည့် အချက်များနှင့် ပတ်သက်၍ ဆွေးနွေး ခဲ့ပါသည်။

          ထိုသို့ ဆွေးနွေးရာ မော်လမြိုင်မြို့နယ်တာဝန်ခံမှ စီးပွားရေးလုပ်ငန်းရှင်အား စက်မှုလုပ်ငန်းသုံးစားအုန်းဆီလျှောက်ထားရာတွင် လျှောက်ထားသူ၏ အမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ လုပ်ငန်းတည်နေရာ၊ ဆီအသင်း၏ထောက်ခံချက်၊ သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့ ၏အတည်ပြုထောက်ခံချက်များလိုအပ်ကြောင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ပေါင်မြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များသက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်း

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းတို့ဖြင့် ရောင်းချပေးခြင်းတို့ကို ၂၁.၂.၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် ပေါင်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဝါရီရှုခန်းမ၌ ဆောင်ရွက်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးသည် တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများမှ ကျန်းမာရေး စစ်ဆေးခြင်း၊ ကုသခြင်းနှင့် လိုအပ်သည့်ဆေးဝါးများ အခမဲ့ပေးအပ်ခြင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနနှင့် တာဝန် ရှိသူများ ပူးပေါင်းကာ သက်သာ သောဈေးနှုန်းဖြင့် ပဲ၊ အာလူး၊ ဆီ စသည့် အခြေခံ စားသောက်ကုန်များကို ရောင်းချပေးခဲ့ကြောင်း သိရသည်။ အဆိုပါ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား စောင့်ရှောက်မှုပေးရာတွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တို့မှ လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

DOCA(မွန်)

ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံသည် “ယုယု” အမှတ်တံဆိပ် ဒူးရင်းပီလို၊ ချောကလက်ပီလိုထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

          စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံ ဦးစီးမှူး ဒေါ်စောကြည်သည် ၂၁.၂.၂၀၂၅ ရက်နေ့တွင် “ယုယု” အမှတ်တံဆိပ် ဒူးရင်းပီလို၊ ချောကလက်ပီလိုထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

          အဆိုပါ ကုန်အညွှန်းအမှတ်အသားပြုလုပ်ရာတွင် လိုအပ်သည်များကို ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံက လုပ်ငန်းရှင်အား ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈)တွင် ဖော်ပြထားသောပြဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာ တစ်ခုဖြင့်ဖြစ်စေ ဖော်ပြရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ မူပိုင်ခွင့်လျှောက်ထားခြင်းနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

တောင်ငူမြို့နယ် ချောင်းဖြူကျေးရွာတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး

            စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် (၂၄.၂.၂၀၂၅)ရက် နေ့ နံနက်ပိုင်းတွင် တောင်ငူမြို့နယ်၊ ချောင်းဖြူကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲရှိ ကျောင်းသား/ကျောင်းသူ ၇၀ ဦးအားလည်းကောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျေးရွာနေ ပြည်သူ ၄၀ ဦးအားလည်းကောင်း စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။

            အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ကျောင်းသား/ ကျောင်းသူများအား စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များတွင် ကုန် အညွှန်းအမှတ်အသားများ ဖော်ပြရန် ပြဌာန်းထားရှိပြီးဖြစ်ရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူသုံးစွဲသင့်ပုံများနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုများကို တိုင်ကြားနိုင်ခြင်းများကို အသိပညာပေးဟောပြောခဲ့ပါသည်။

            ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ အသိပညာပေးဟောပြောရာတွင် စားသုံးသူ၏ အခွင့်အရေး နှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ဦးစီးဌာန၏ ဆောင်ရွက်ချက်များ၊ အွန်လိုင်းဝန်ဆောင်မှုများနှင့်ပတ်သက်၍ သိသင့်သိထိုက်သည့်အချက်များ၊ ကုန်စည်ဝန်ဆောင်မှုများ နှင့်ပတ်သက်၍ စားသုံးသူနစ်နာဆုံးရှုံးမှုများကို တိုင်ကြားခြင်းများအား ဖြေရှင်းဆောင်ရွက်ပေးမှုများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပေါင်မြို့နယ် ကော့ထော်ကျေးရွာ “အလင်းပြ” စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားနှင့် ကျခတ်ငူကျေးရွာ ငါးခြောက်သိုလှောင်ရုံအအေးခန်းသို့ သွားရောက်စစ်ဆေး

၂၀.၂.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကော့ထော်ကျေးရွာတွင် မြန်မာ နိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှု ကော်မတီ၏ မတည် လှူဒါန်းမှုနှင့်ကျေးလက်နေပြည်သူများ စုပေါင်းလှူဒါန်းမှုတို့ဖြင့် တည်ဆောက်ထားသော “အလင်းပြ” စာကြည့်တိုက် ဖွင့်ပွဲအခမ်းအနားကို မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် အစိုးရဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့် စားသုံးသူရေးရာဦးစီးဌာန ပေါင်မြို့နယ်တာဝန်ခံ တို့ကတက်ရောက်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ပေါင်မြို့နယ်၊ ကျခတ်ငူကျေးရွာ ရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေရယူထားပြီး လုပ်ငန်းတိုးချဲ့လုပ်ကိုင်နေသော ဦးမောင်လှ အအေးခန်းစက်ရုံအတွင်း ငါးခြောက်၊ ပုဇွန်ခြောက်သိုလှောင်ထားရှိမှုနှင့် စက်ရုံ အတွင်း သီးနှံပင်များ အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုစစ်ဆေးပြီး ဝန်ကြီးချုပ်မှ ပြည်နယ် အတွင်းရှိ သီးနှံများနှင့် သားငါးများကို လုပ်ငန်းရှင်များအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်နှင့် အေးခဲခန်း(Freezer) များကိုလည်း တည်ဆောက်လည်ပတ်စေပြီး ပြည်ပပို့ကုန်တင်ပို့ နိုင်ရေး ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။

DOCA(မွန်)

ပေါင်မြို့နယ်၌ အလှကုန်ပစ္စည်းအမျိုးမျိုးနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး

၁၉.၂.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ ပေါင်မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးသည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက် (၄) ခု၌ ရောင်းချနေသော အလှကုန်ဆိုင်များအား ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ ဈေးကွက်အတွင်းရောင်းချနေသော အလှကုန် ပစ္စည်းအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိ၊ သက်ဆိုင် ရာဌာနများက ကန့်သတ်တားမြစ်ထားသည့်အလှကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ၊ စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော အလှကုန်ပစ္စည်းများရောင်းချနေမှု ရှိ/မရှိတို့အား စစ်ဆေးခြင်းတို့ကိုဆောင်ရွက်ခဲ့ရာ သတ်မှတ်စံချိန်စံနှုန်းနှင့်ကိုက်ညီ၍ သက်ဆိုင်ရာ ဌာနများမှ ခွင့်ပြုထားပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသော အလှကုန် ပစ္စည်းများကိုသာ ဈေးကွက်အတွင်းရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆိုင်ရှင်များအား သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုထောက်ခံချက်များပါရှိပြီး ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာ ဖော်ပြထားသော အလှကုန်ပစ္စည်းများကိုသာ ရောင်းချရန် အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

DOCA(မွန်)

မော်လမြိုင်မြို့နယ်တွင် စားအုန်းဆီ ​​ရောင်းချ​နေမှုအား ကွင်းဆင်းစစ်​ဆေး

၁၇.၂.၂၀၂၅ ရက်နေ့ နံနက် (၆:၃၀) နာရီအချိန်တွင် စားသုံးသူ​ရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်သည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့နှင့် ပူးပေါင်း၍ မွန်ပြည်နယ်၊ ​မော်လမြိုင်ခရိုင်၊​မော်လမြိုင်မြို့ပေါ် ရပ်ကွက်များတွင် စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီရောင်းချသူများအနေဖြင့် သတ်မှတ် ရည်ညွှန်းဈေးအပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့် အမြတ်ရာနှုန်းထက် ပိုမို၍ ရောင်းချ​နေမှု ရှိ/မရှိ၊ အလေးချိန်မှန်ကန်မှု ရှို/မရှိ ကို ကွင်းဆင်းစစ်​ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

တောင်ငူမြို့ အထက(၂)ကျောင်းမုန့်ဈေးတန်းတွင်ဈေးကွက်စောင့်ကြည့်စစ်ဆေး

            စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးမင်းဇော်နှင့် ဝန်ထမ်းများသည်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့်ပူးပေါင်းကာတောင်ငူမြို့အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးနိုင်ပါရန် ညှိနှိုင်းချက်များအရ (၂၄.၂.၂၀၂၅)ရက်နေ့ နံနက်ပိုင်းတွင် ပူးပေါင်းအဖွဲ့ဝင်များနှင့်အတူဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကိုပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။

              အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းမုန့်ဈေးတန်းတွင် အသင့်စားမုန့်များ၊ အသင့်သောက်အချိုရည်များ၊ မြန်မာ့ရိုးရာမုန့်များ၊ အသုပ်များ၊ သစ်သီးသုပ်များကိုရောင်းချလျက်ရှိ ရာ အသင့်စားမုန့်များနှင့် အချိုရည်များတွင်ပါရှိသော ကုန်အညွှန်းအမှတ်အသားများအား စစ်ဆေးခြင်း၊ မြန်မာ့ရိုးရာမုန့်များ၊ အသုပ်စုံများနှင့် သစ်သီးသုပ်များတွင် စားသုံးရန်မသင့်သည့် ဓါတုဆေးများ မပါရှိစေရေးနှင့် သန့်ရှင်းမှု ရှိ/ မရှိ စစ်ဆေးခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

              စားသုံးသူရေးရာဦးစီးဌာန ဒုတိယခရိုင်ဦးစီးမှူးမှ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ် အသားဖော်ပြထားခြင်းမရှိသော မုန့်နှင့်အချိုရည်များအား ရောင်းချခြင်းမပြုရန်ကိုလည်းကောင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများမှ အစားအသောက်များသန့်ရှင်းရေး၊ ဓါတုဆေးဝါးများမရှိစေရေးတို့ကိုလည်းကောင်း  ရှင်းလင်းပြောကြားခဲ့ပါသည်။

              ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အခြေခံပညာဦးစီးဌာန၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးစိုးအောင်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဌာနခွဲစာရေး ဒေါ်သူသူဟန်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သားဖွားဆရာမ ဒေါ်ဇင်မာဌေးတို့ဦးဆောင်သောဝန်ထမ်းများ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ