Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပြည်နယ်ဦးစီးမှူးသည် ပေါင်မြို့နယ် အအေးခန်းစက်ရုံလုပ်ငန်းရှင်နှင့်တွေ့ဆုံ

           စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည်   ၁၂-၁၀-၂၀၂၄ ရက်နေ့တွင် ပေါင်မြို့နယ်ရှိ အအေးခန်းစက်ရုံလုပ်ငန်းရှင် ဦးမောင်လှနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်ဦးစီးမှူးက စက်ရုံလည်ပတ်မှုအခြေအနေ၊ ကုန်သိုလှောင်ထားရှိမှုအခြေအနေ၊ လက်ရှိစက်ရုံလည်ပတ်မှုအခြေအနေများကိုဆွေးနွေးမေးမြန်းရာ စက်ရုံပိုင်ရှင်က လက်ရှိတွင် အအေးခန်း(၅)ခန်းဖြင့် လည်ပတ်လျက်ရှိပြီး အသစ်(၁)ခန်းထပ်မံတိုးချဲ့ရန် ပြင်ဆင်လျက်ရှိကြောင်း၊ ၎င်းစက်ရုံအနေဖြင့် ငါးခြောက်များကို အဓိကသိုလှောင်ကြောင်း၊ ကုန်လှောင်သည့်ရာသီချိန်တွင် တစ်လလျှင် ပိဿာချိန်(၂)သိန်းခန့်သိုလှောင်ရကြောင်း၊ ယခုအချိန်တွင် ကုန်များကိုပြန်ထုတ်ပြီး ပြန်လည်ရောင်းချကြသဖြင့် ကုန်လက်ကျန်များလျော့နည်းနေကြောင်း၊ ဝန်ဆောင်ခအနေဖြင့် တစ်နေ့လျှင် (၁)ပိဿာသိုလှောင်ခ (၃)ကျပ်နှုန်းဖြင့်ဆောင်ရွက်လျက်ရှိပြီး လုပ်သား(၁၀)ဦးအား အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ပါသည်။

       DOCA(မွန်)

 

မအူပင်ခရိုင်ဦးစီးမှူးရုံးတွင် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအကြောင်း အွန်လိုင်းရောင်းချသူ လုပ်ငန်းရှင်များကို အသိပညာပေးခြင်း

      (၁၁.၁၀.၂၀၂၄) ရက်နေ့၊နေ့လယ်  (၁၅:၃၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိုင်းဒေသကြီး ဦးစီးမှူး ဦးထွန်ထွန်းနှင့် အဖွဲ့သည် မအူပင်ခရိုင်ဦးစီးမှူးရုံးသို့ လာရောက်၍ မအူပင်မြို့နယ်အတွင်း Online Shop ရောင်းချသူလုပ်ငန်းရှင် (၁၈)ဦးနှင့် တွေ့ဆုံ၍ ကုန်စည်နှင့် ဝန်ဆောင်မှုများကို အွန်လိုင်းရောင်းချမှုနှင့် စပ်လျဉ်း၍ မှတ်ပုံတင်ဆောင်ရွက်ပြီး လုပ်ကိုင်ဆောင်ရွက်နိုင်ရန်ကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအကြောင်း အသိပညာပေး ရှင်းလင်းဟောပြောခဲ့ပါသည်။

      အသိပညာပေး ဆွေးနွေးရာတွင် ခေတ်မီလာသော ယနေ့ခတ်ကာလတွင် စားသုံးသူတို့သည် ကုန်စည်နှင့် ဝန်ဆောင်မှုတွေကို အွန်လိုင်းမှ ဝယ်ယူပြီး အသုံးပြုလာကြသဖြင့် စားသုံးသူအများပြည်သူများ အွန်လိုင်းမှ ဝယ်ယူမှုများ နစ်နာမှု လိမ်လည်ခံရမှု များမရှိစေရန် အွန်လိုင်းစနစ်နှင့် ရောင်းဝယ်မှုကို ထိန်ကြောင်း ဆောင်ရွက်နိုင်ရန် ဥပဒေဖြင့် ကာကွယ်ပေးနိုင်ရန် အစိုးရဌာနအသီးသီးက သက်ဆိုင်ရာ ဥပဒေစည်မျည်း စည်းကမ်းတွေထုတ်ပြန်ပြီး ထိန်ကြောင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ ၂၀၂၃ခုနှစ် ဇူလိုင်လ ၂၁ရက်နေ့က အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၂၃ကို ထုတ်ပြန်ခဲ့ပြီး အွန်လိုင်း စနစ်ဖြင့်ရောင်းချသော လုပ်ငန်းများကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ်ပြီး မှတ်ပုံတင်လက်မှတ်လျောက်ထားရရှိပြီးမှသာ ဆောင်ရွက်ခွင့်ရှိတဲ့ လုပ်ငန်းအဖြစ်သတ်မှတ်ပြီး ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်နိုင်စေရန် အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီး ၆လအတွင်း ပြင်ဆင်ချိန်ကာလကို သတ်မှတ်ထားပြီး ဖြစ်ပါကြောင်း၊ သတ်မှတ်ချိန်ကာလ ပြည့်မြောက်သည့်နေ့မှာ အွန်လိုင်းမှတ်ပုံတင် လျောက်ထားခြင်းမရှိပဲ ရောင်းချခြင်းမျိုး စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ -၅ ဖြင့် အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း လုပ်ငန်းရှင်များသိရှိနိုင်ရန်  အသိပညာပေးခဲ့ပြီး အွန်လိုင်းမှတ်ပုံတင်ပြီးရောင်းချသော လုပ်ငန်း၏ အားသာချက်များနှင့် အောင်မြင်သော စီးပွားရေးတာဝန်ယူမှု ၊ တာဝန်ခံမှုရှိသော လုပ်ငန်းဖြစ်ကြောင်းကိုလည်း ရှင်းလင်းပြော ကြားခဲ့သည်။ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်လျောက်ထားရန် လုပ်ငန်းလိုအပ်သောအချက်များနှင့် သတ်မှတ်ချက်များကို သိရှိနိုင်ရန် Shop vedio ဖြင့် ချပြရှင်းလင်း ဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များက သိလိုသည်များ မေးမြန်းကြကာ ပြန်လည်ရှင်းလင်းပေးခဲ့ပြီး ဟောပြောပွဲကို နေ့လယ် (၁၄:၃၀) အချိန်တွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

ပေါင်မြို့နယ်တွင် ဆန်စပါးဈေးနှုန်းတည်ငြိမ်စေရေးအတွက် စပါးပွဲစားများအား ဒေသတွင်း စပါးဝယ်ယူခွင့်လက်မှတ်များပြုလုပ်ပေးနိုင်ရေးကိစ္စနှင့်ပတ်သက်၍ သထုံခရိုင်အတွင်းရှိ စပါးစိုက်တောင်သူများ၊ ကျေးရွာစပါးပွဲစားများနှင့် တွေ့ဆုံဆွေးနွေးခြင်းအခမ်းအနားကျင်းပပြုလုပ်

        ၁၂-၁၀-၂၀၂၄ ရက်နေ့၊ နံနက်(၁ဝး၀၀)နာရီချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးသည် ပေါင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ စားသုံးသူရေးရာဦးစီးဌာနနှင့် မွန်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းကျင်းပသော “မွန်ပြည်နယ်အတွင်း ဆန်စပါးဈေးနှုန်းတည်ငြိမ်စေရေးအတွက် စပါးပွဲစားများအား ဒေသတွင်းစပါးဝယ်ယူခွင့်လက်မှတ်များပြုလုပ်ပေးနိုင်ရေးကိစ္စနှင့်စပ်လျဉ်းသော တွေ့ဆုံဆွေးနွေးခြင်းအခမ်းအနား” သို့တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပေါင်မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ သထုံခရိုင်အတွင်းမှ ဆန်စက်လုပ်ငန်းရှင်၊ ဆန်ကုန်သည်၊ တောင်သူများ၊ ပွဲစားများတက်ရောက်ခဲ့ကြသည်။

        အဆိုပါအခမ်းအနားတွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမြင့်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် မွန်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ ဦးခိုင်ဦးက တောင်သူလယ်သမားများ စပါးရောင်းဝယ်မှုအဆင်ပြေစေရေးအတွက် စပါးပွဲစားများအား စပါးဝယ်ယူခွင့်လက်မှတ်များပြုလုပ်နိုင်ရေးကိစ္စများအား ဆွေးနွေးခဲ့ပါသည်။ ထို့နောက် ဆွေးနွေးပွဲသို့တက်ရောက်လာသည့် ဆန်စက်လုပ်ငန်းရှင်များ၊ စပါးတောင်သူများနှင့် စပါးပွဲစားများက အသီးသီးဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို နေ့လယ် (၁၃း၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

ကြံခင်းမြို့နယ် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် (၁၁-၁၀-၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ Talk Show အစီအစဉ်ဆောင်ရွက်ခဲ့ပါသည်။

         အဆိုပါအစီအစဉ်တွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက စီးပွားရေးလုပ်ငန်းရှင်များသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကိုဆောင်ရွက်ပါက အွန်လိုင်းစနစ်ဖြင့် ဦးစီးဌာနသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားရမည် ဖြစ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထိုသို့ပြောကြားရာတွင် မှတ်ပုံတင်လက်မှတ်လျှောက်ထားသူသည် လူပုဂ္ဂိုလ်ဖြစ်ပါက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း  အခြေချနေထိုင်လျက်ရှိပြီး အသက်(၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမည်။ ထုတ်ပြန်ချက်ပါ သတ်မှတ်ချက်များကို လိုက်နာနိုင်သူ၊ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်မည့်နေရာကို တင်ပြနိုင်သူ၊ အစိုးရအဖွဲ့အစည်းတရပ်ရပ်က အမည်ပျက်ကြေညာထားသော ပုဂ္ဂိုလ်များမဖြစ်ရဟုဖော်ပြထားပါသည်။ ကုမ္ပဏီ သို့မဟုတ် စီးပွားရေးအဖွဲ့အစည်းဖြစ်ပါက တည်ဆဲဥပဒေတစ်ရပ်ရပ်ဖြင့် ဖွဲ့စည်းတည်ထောင်ထားသော၊ ကိုယ်ပိုင်သတ်မှတ်ချက်ဖြင့် တရားဝင်ဝက်ဘ်ဆိုဒ်ရရှိထားပြီး  အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းလုပ်ကိုင် ဆောင်ရွက်မည့် နေရာတင်ပြနိုင်သောအဖွဲ့အစည်းဖြစ်ရပါမည်။ မှတ်ပုံတင်လက်မှတ်လျှောက်ထားရာတွင် ကုမ္ပဏီ သို့မဟုတ် စီးပွားရေးအဖွဲ့အစည်းဖြစ်ပါက အဖွဲ့အစည်းရှိ တာဝန်ခံပုဂ္ဂိုလ်၏ ရောင်စုံဓာတ်ပုံ၊ လူပုဂ္ဂိုလ်ဖြစ်ပါက ယင်း ပုဂ္ဂိုလ်၏ ရောင်စုံဓာတ်ပုံ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊ လုပ်ငန်းအမှန်တကယ်တည်ရှိကြောင်း သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်း သို့မဟုတ် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး၏ထောက်ခံချက်၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု အမျိုးအစားစာရင်း၊ အချက်အလက်နှင့် အာမခံချက်၊ ကုန်စည်နှင့်စပ်လျဉ်း၍ မည်သည့်နိုင်ငံမှတင်သွင်းကြောင်း သို့မဟုတ် ပြည်တွင်း၌ထုတ်လုပ်ကြောင်း ဖော်ပြထားသည့်အချက်အလက်များ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းကခွင့်ပြုထားသော အထောက်အထားများရှိပါက   ယင်းတို့နှင့်စပ်လျဉ်းသည့် အထောက်အထားများကိုပါ ပူးတွဲတင်ပြ၍ အွန်လိုင်းမှတ်ပုံတင်လက်မှတ်လျှောက်ထားရမည်ဟု  ဖော်ပြထားကြောင်း အသိပညာပေးရှင်းလင်းခဲ့ပါသည်။

DOCA(ဧရာဝတီ)

အသင့်စား ခေါက်ဆွဲခြောက် အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်း များသည် ၁၁-၁၀-၂၀၂၄ ရက်နေ့၊နံနက် (၀၉:၃၀)အချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ မအူပင်မြို့၊ ၃လမ်းဈေး၊ (၉)လမ်းဈေးအတွင်း ရောင်းချနေသော ကုန်စုံဆိုင်များ သို့သွားရောက်၍ အသင့်စား ခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့သည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူများဘေးအန္တရာယ်ကင်းပြီး လုံခြုံစိတ်ချရသော ဈေးကွက်ရောက်ကုန်စည်များ အသုံးပြုနိုင်ရန်အတွက် ဈေးကွက်အတွင်းရောင်းချသော အသင့်စားခေါက်ဆွဲ ခြောက်အမျိုးမျိုးအား သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါရခြင်းရှိ/မရှိ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်း ရှိ/မရှိကို စစ်ဆေးပြီး ဈေးကွက်အတွင်းရောင်းချနေသော အသင့်စားခေါက်ဆွဲတို့တွင် သက်ဆိုင်ရာထောက်ခံချက်၊ခွင့်ပြုချက်နှင့် စားသုံးသူရေးရာဦးစီးဌာန၏ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ ပါရှိသော ခေါက်ဆွဲခြောက်ထုပ်များကိုသာ ရောင်းချနေကြောင်း တွေ့ရှိရပြီး ဘေးအန္တရာယ်ကင်းသော ကုန်စည်များကိုသာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချစေရန် အသိပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

 

မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဆန်စပါးကုန်သည်များ အသင်းဖွဲ့စည်းပြီးစီးမှု အခြေအနေ

    ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊မအူပင်ခရိုင်၊ပန်းတနော်မြို့နယ် ဆန်စပါးကုန်သည်များအသင်းကော်မတီဝင်အဆင့်ဆင့်ကို (၁၀.၁၀.၂၀၂၄) နေ့၊နေ့လယ် (၁၂:၃၀) အချိန်တွင် ပန်းတနော် မြို့နယ်တာဝန်ခံရုံးတွင် ကျင်းပရာ လုပ်ငန်းရှင် (၁၅) ဦးတက်ရောက်ခဲ့ပြီး  အသင်းအဖွဲ့စည်းမျဉ်း၊ အသင်းအဖွဲ့ မှတ်တမ်းများနှင့်အညီ မြို့နယ်ဆန်စပါး ကုန်သည်များအသင်းကို ရွေးချယ်ဖွဲ့စည်းခဲ့ပါသည်။

    ထိုသို့ ရွေးချယ်ဖွဲ့စည်းရာတွင် မအူပင်ခရိုင်ဦးစီးမှူးမှ ဆန်၊ စပါးကုန်သည်အသင်းတွင်ပါဝင်မည့် အသင်းသားများသည် မိမိမြို့နယ်အတွက် ဦးဆောင်၍ ဆောင်ရွက်ပေးနိုင်မည့်သူများ၊ အထက်အဖွဲ့ အစည်းအဆင့်ဆင့်၏ညွှန်ကြားချက်၊ လမ်းညွှန်ချက်များကိုလည်း မိမိအသင်းသားများအား အချိန်နှင့် တပြေးညီ ချပြနိုင်သူများ၊ ဌာနဆိုင်ရာများနှင့်လည်း ပူးပေါင်းဆောင်ရွက်ပေး နိုင်မည့်သူများကိုသာ ဦးစားပေးရွေးချယ်ပေးစေလိုကြောင်း၊ အဖွဲ့အစည်းနှင့်ဆောင်ရွက်ရာတွင် တစ်ဦးကောင်း၊ တစ်ယောက်ကောင်းဖြင့် ဆောင်ရွက်၍မရကြောင်း၊ ညီညီညွတ်ညွတ်၊ စည်းစည်း လုံးလုံးနှင့် အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

    ဆက်လက်၍ ဆန်စပါး ကုန်သည်များအသင်း ဖွဲ့စည်းရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ဆန်စပါးဈေးကွက်တည်ငြိမ် မှန်ကန်ရေးနှင့်၊ဆန်စပါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ၊နိုင်ငံတော်၏အကျိုး၊ ဆန်စပါးကဏ္ဍ အကျိုးနှင့်ဆန်စပါးလုပ်ငန်း လုပ်ကိုင် ဆောင်ရွက်သူတို့၏ အကျိုးစီးပွားတို့ကို တည်ဆဲဥပဒေများ၊ လမ်းညွှန်ချက်များနှင့်အညီ စီးပွားရေးလုပ်ငန်း အသင်းအဖွဲ့များအတွက် သတ်မှတ်ချက်များ ၊အသင်းအဖွဲ့စည်းမျဥ်း၊ အသင်းအဖွဲ့ မှတ်တမ်းများနှင့်အညီ ဖွဲ့စည်းဆောင်ရွက်ရသည်ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး အဆိုပြုစနစ်ဖြင့် ရွေးချယ်ခဲ့ရာ မြို့နယ်ဆန်စပါး ကုန်သည်များအသင်းကို အဖွဲ့ဝင် (၉) ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

ဇလွန်မြို့ အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ ကွင်းဆင်းစစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၁၁-၁၀-၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဇလွန်မြို့နယ်၊ ဗိုလ်ချုပ်လမ်းရှိ ညောင်ပင်ဈေးရပ်ကွက်နှင့် လမ်းမတော်(မ) ရပ်ကွက်အတွင်း၌ Online စနစ်ဖြင့်ရောင်းချလျက်ရှိသော အထည်အမျိုးမျိုးနှင့် ဆပ်ပြာဆီကုန်ကြမ်းရောင်းချသောဆိုင်များသို့ အွန်လိုင်းမှတ်ပုံတင်ထားမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ကွင်းဆင်းရာတွင် ဇလွန်မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက Online စနစ်ဖြင့်ရောင်းချနေသော အ‌ရောင်းဆိုင်များသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာ၌ လုပ်ငန်းရှင်များ လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့်လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်းရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန် တင်ပြထားသော ကုန်စည် (သို့) ဝန်ဆောင်မှုအမျိုးအစားစာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ်ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ပြီး မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်ဖောက်ဖျက်မှုရှိ/ မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

အသင့်စားခေါက်ဆွဲခြောက်အမျိုးမျိုးအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

အောက်တိုဘာလ ၁၄ ရက်နေ့ နံနက်(၀၉:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဇလွန်မြို့နယ်၊ ဗိုလ်ချုပ်လမ်း၊ ညောင်ပင်ဈေးရပ်ကွက်နှင့် လမ်းမတော်(မ)ရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချသော အသင့်စားခေါက်ဆွဲခြောက်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/ မရှိ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်ရှိ/ မရှိ တို့ကိုစစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်းကြားချက်အမှတ် (၂/၂၀၁၉) နှင့် အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချကြရန်ဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်ထုတ်ပြန်ထားသော ညွှန်ကြား ချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူ များ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည် အသွေးပြည့်မီသောကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ အရောင်းဆိုင်(၇)ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)

ဓနုဖြုမြို့နယ်၊ဆန်စပါးကုန်သည်များ အသင်းဖွဲ့စည်းပြီးစီးမှုအခြေအနေ

      ဧရာဝတီတိုင်းဒေသကြီး၊ မြို့နယ်ဆန်စပါးကုန်သည်များအသင်း  ပြန်လည်ပြင်ဆင်ဖွဲ့စည်းနိုင်ရေး ဓနုဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ (၁၁-၁၀-၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ဓနုဖြူမြို့နယ်၏ ဆန်၊ စပါးကုန်သည်များအသင်း ပြန်လည်ဖွဲ့စည်းနိုင်ရန်အတွက် အသင်းဟောင်း ဥက္ကဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်တို့ ဖြင့်  ဆွေးနွေးဆုံးဖြတ်ဖွဲ့စည်းခဲ့သည်။

       ထိုသို့ ရွေးချယ်ဖွဲ့စည်းရာတွင် ဆန်၊ စပါးကုန်သည်(၁၃)ဦးတက်ရောက်ခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက အသင်းအား အနည်းဆုံး (၇)ဦး၊ မဂဏန်းဖြင့် သော်လည်း ကောင်း၊(၉)ဦးဖြင့်သော်လည်းကောင်း ဖွဲ့စည်းပြီး ခရိုင်အဆင့်တွင် ပါဝင်နိုင်မည့်သူ(၂)ဦးကိုလည်း တစ်ပါတည်း အဆိုပြု ရွေးချယ်ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ရွေးချယ်ရာတွင် ဆန်၊ စပါးကုန်သည်များကိုယ်တိုင် မိမိတို့စိတ်ကြိုက်ရွေးချယ်ပေးရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

        ထို့နောက် ဓနုဖြူမြို့၏ ဆန်၊ စပါးကုန်သည်အသင်းအား ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ တွဲဘဏ္ဍာရေးမှူး၊ စာရင်းစစ်(၁)၊ စာရင်းစစ်(၂)တို့အပါအဝင် အသင်းသားအမှုဆောင်(၉)ဦးနှင့် ခရိုင်ကိုယ်စားလှယ်အဖြစ် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့အား  အဆိုပြုစနစ်ဖြင့် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကြံခင်းမြို့ အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ ကွင်းဆင်းစစ်ဆေးခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ အုတ်တွင်းအုပ်စု၊ အရှေ့အုတ်တွင်းကျေးရွာ၌ ကောက်စောမိုးစပါးရိတ်သိမ်းမှုအခြေအနေများကို မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက ကွင်းဆင်းလေ့လာခဲ့ပါသည်။

        ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက အုတ်တွင်းအုပ်စု၊ အရှေ့အုတ်တွင်းရွာရှိ တောင်သူ ဦးလှထွေး၏ လယ်ယာရိတ်သိမ်းရာသို့သွားရောက်၍ စပါးအထွက်နှုန်း၊ ဈေးနှုန်းနှင့် လက်ရှိဖြစ်ပေါ်နေသော အခြေအနေတို့ကိုလေ့လာခဲ့ပါသည်။ တောင်သူ၏ ပြောကြားချက်အရ ၎င်းတို့၏လယ်တွင် ဆင်းသုခစပါးစိုက်ပျိုးကြောင်း၊ တစ်ဧကကို ၆၂တင်းနှုန်းခန့်ထွက်ရှိကြောင်း၊ ရိတ်ခြွေစက်ငှားရမ်းခမှာ တစ်ဧကလျှင် ၁၅၀၀၀၀ကျပ်ရှိကြောင်း၊ ယခုနှစ် မိုးရာသီတွင် မိုးများ၍ ရေကြီးနစ်မြုပ်မှုနှင့် သီးနှံဖျက်ပိုးများကြရောက်သည့်အတွက် ယခင်နှစ်ထက် စပါးအထွက်နှုန်းလျော့နည်းကြောင်း၊ စပါးတင်း ၁၀၀တင်းလျှင် ငွေကျပ်၁၈၀၀၀၀၀သိန်းခန့်ရရှိကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်အနေဖြင့် ၆၀၀၀၀၀ကျပ်ခန့်ကုန်ကျကြောင်း၊ မိမိတို့လယ်မှထွက်ရှိသော စပါးများကို ပွဲစားများက ကွင်းတွင် တိုက်ရိုက်ဝယ်ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ