Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တိုက်ကြီး၊ မှော်ဘီ၊ လှည်းကူးခရိုင်အတွင်း စားအုန်းဆီဈေးနှုန်းအား ကွင်းဆင်းစုံစမ်းစစ်ဆေးခြင်း

(၁၀-၁၀-၂၀၂၄)ရက်နေ့တွင် မြို့မဈေးအတွင်းရှိ လက်လီ/ လက်ကားရောင်းချနေသော စားအုန်းဆီဆိုင်များ၌ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချနေခြင်းရှိ/ မရှိ၊ စားသုံးသူပြည်သူများမြင်သာအောင် သတ်မှတ်ရည်ညွှန်းဈေးကို ဗီနိုင်းဖြင့် ချိတ်ဆွဲထားခြင်းရှိ/ မရှိကိုစစ်ဆေးပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမရှိစေရေး၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချရန်၊ ထုတ်ပြန်ထားသည့်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချကြရန်၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများကိုတွေ့ရှိရပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားအုန်းဆီအရောင်းဆိုင်များအား ရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)

အင်းစိန်ခရိုင်အတွင်း စားအုန်းဆီဈေးနှုန်းအား ကွင်းဆင်းစုံစမ်းစစ်ဆေးခြင်း

အင်းစိန်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ၁၀-၁၀-၂၀၂၄ ရက်နေ့၊ နေ့လယ်(၁၄:၃၀)နာရီအချိန်တွင် အင်းစိန်မြို့နယ်ရှိ အင်းစိန်ဈေးနှင့် လှိုင်သာယာမြို့နယ်ရှိ ပင်လုံဈေးများတွင် စားအုန်းဆီဖြန့်ဖြူးရောင်းချနေသောဆိုင်များအား သတ်မှတ်ဈေးနှုန်းများဖြင့် ရောင်းချနေခြင်းရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီခွဲတမ်းရရှိသော အရောင်းဆိုင်များအနေဖြင့် သတ်မှတ်ညွှန်ကြားထားသောဈေးနှုန်းဖြင့် ရောင်းချနေခြင်းရှိ/ မရှိ၊ ဆိုင်းဘုတ်တင်ချိတ်ဆွဲရောင်းချနေခြင်းရှိ/ မရှိ၊ ဈေးနှုန်းဆိုင်းဘုတ်ကို စားသုံးသူပြည်သူများ ထင်သာမြင်သာရှိသောနေရာများတွင် ချိတ်ဆွဲထားခြင်းရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ရာ ခွဲတမ်းရရှိသောဆိုင်များအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချလျက်ရှိပြီး ဈေးနှုန်းဆိုင်းဘုတ်များကိုလည်း ထင်သာမြင်သာရှိသောနေရာတွင် ချိတ်ဆွဲရောင်းချနေကြောင်း ကွင်းဆင်းစစ်ဆေးမှုအရသိရှိရပါသည်။
DOCA(ရန်ကုန်)

စားအုန်းဆီလက်ကျန်ထားရှိမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

(၉-၁၀-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၆:၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် စားအုန်းဆီကိုယ်စားလှယ်များထံတွင် ဆီလက်ကျန်ထားရှိမှုရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ရာတွင် အမှတ်(၂/၃)၊ သံမဏီစက်ရုံလမ်း၊ ရွာမအလယ်ရပ်ကွက်၊ အင်းစိန်မြို့နယ်ရှိ စားအုန်းဆီကိုယ်စားလှယ်ထံတွင် ဆီလက်ကျန်ရှိ/ မရှိအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ ခွဲဝေပေးမှုစာရင်းများအားစစ်ဆေးခြင်း၊ ဆီလက်ကျန်ထားရှိမှုကိုစစ်ဆေးခြင်းနှင့် ဆီလက်ကျန်ထားရှိပါက တရားဥပဒေအရအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စားအုန်းဆီကိုယ်စားလှယ်အား သတ်မှတ်ရည်ညွှန်းဈေးထက်ကျော်လွန်၍ ရောင်းချမှုမရှိစေရေးနှင့် ဌာနဆိုင်ရာများအနေဖြင့်လည်း ရှောင်တခင်စစ်ဆေးသွားမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)

လွိုင်လင်မြို့ပေါ်ရှိဆန်အရောင်းဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် လွိုင်လင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ (၁၀.၁၀.၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် လွိုင်လင်မြို့ပေါ်ရှိ ဆန်အရောင်းဆိုင်များသို့ သွားရောက်၍ ဆန်ရောင်းချဖြန့်ဖြူးနေမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် လွိုင်လင်မြို့အတွင်းရှိ ဆန်အရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များကိုသိုလှောင်ခြင်းမပြုရန်နှင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/ မရှိအား ကြပ်မတ်စစ်ဆေးလျက်ရှိရာ ဆန်ဆိုင်များမှ သက်ဆိုင်ရာဌာနတို့၏လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ပါသည်။

         ဆန်ဆိုင်များမှရောင်းချလျှက်ရှိသောဆန်များမှာ ရွှေဘိုပေါ်ဆန်း‌မွှေး၊ မနောသုခ၊ မဂျမ်းတောနှင့် မိုးနဲဒေသထွက်ဆန်များကို ရောင်းချလျှက်ရှိကြောင်းစစ်ဆေးတွေ့ရှိရပါသည်။ ထို့ပြင် ဆန်ဈေးနှုန်း ယခင်အပတ်ဈေး၊ ယခုအပတ်ဈေးနှုန်းများကိုမေးမြန်းခဲ့ပြီး ဆန်လက်ကျန် ဆန်အိတ်အရေအတွက်များစွာမရှိပဲ ဈေးနှုန်းတည်ငြိမ်ပြီး ပုံမှန်လည်ပတ်၍ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း) 

လက်လီ/လက်ကားရောင်းချနေသောဆေးဆိုင်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် ဆေးပစ္စည်းများပြတ်လပ်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

           ရှမ်းပြည်နယ်(တောင်ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဦးတင်ဌေး (ရုံးအုပ်)နှင့်အဖွဲ့သည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် တောင်ကြီးမြို့ပေါ်ရှိ လက်လီ/ လက်ကားရောင်းချနေသော  ဆေးဆိုင်များ ဆေးနှင့်ဆေးဝါးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် ဆေးပစ္စည်းများ ပြတ်လပ်မှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်းဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တောင်ကြီးမြို့နယ်အတွင်း ဈေးကွက်တွင် ဆေး၊ ဆေးပစ္စည်းနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းမှန်ကန်စေရေး၊ ပြည်သူများလိုအပ်သည့်ဆေးဝါးများ အလွယ်တကူဝယ်ယူရရှိစေရန် ဆေးဆိုင်များနေ့စဉ်ဖွင့်လှစ်ရောင်းချပေးရေး၊ သက်ဆိုင်ရာအစိုးရဌာနမှ အသိအမှတ်ပြုသည့်ဆေးများနှင့် အရည်အသွေးပြည့်ဝသည့် ဆေးဝါးများကိုသာရောင်းချရေးနှင့် ဈေးနှုန်းမှန်ကန်စွာရောင်းချရေးတို့ကို ဆွေးနွေးခဲ့ပြီး စားသုံသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များကို သိရှိလိုက်နာဆောင်ရွက်စေရန်အတွက် လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေး၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိခဲ့ရပါသည်။

DOCA(ရှမ်း)

ကုန်စုံဆိုင်၊ စတိုးဆိုင်များ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

         ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ  ဦးတင်ဌေး (ရုံးအုပ်) ဦးဆောင်၍ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် တောင်ကြီးမြို့ပေါ်ရှိ အစားအသောက်နှင့်ကုန်ပစ္စည်းများရောင်းချနေသော ကောင်းကင်ပြာစတိုးဆိုင်၊ ထိပ်တန်းစတိုးဆိုင်၊ စန္ဒာကုန်စုံဆိုင်နှင့် ဖြိုးကြွယ်ကုန်စုံဆိုင်များအား မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေအရ ပြဌာန်းချက်နှင့် ကိုက်ညီမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် တောင်ကြီးမြို့ပေါ်ရှိ အစားအသောက်နှင့် ကုန်ပစ္စည်းများရောင်းချနေသော ကုန်စုံဆိုင်၊ စတိုးဆိုင်ပိုင်ရှင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈)၊ ပုဒ်မ(၄၁) အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချဖြန့်ဖြူးရန်နှင့် ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့်အချက်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

ရှမ်းပြည်နယ်(တောင်ပိုင်း) ဟဲဟိုးမြို့သို့ စက်မှုလုပ်ငန်းသုံးစားအုန်းဆီများကို လုပ်ငန်းတွင် အမှန်တကယ်အသုံးပြုမှုရှိ/ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

         ရှမ်းပြည်နယ်(တောင်ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ  လက်ထောက်ညွှန်ကြားရေးမှူး ဦးခွန်ကျော်ဌေးနှင့်ဝန်ထမ်းများသည် (၈-၁၀-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် ဟဲဟိုးမြို့ပေါ်ရှိ ပုံ့ပုံ့အာလူးကြော်၊ ကျော်ဝဏ္ဏ‌ဇော်အာလူးကြော်နှင့်  မားကီးစ်အားလူးကြော်လုပ်ငန်းများကို  စက်မှုလုပ်ငန်းများ၌ အသုံးပြုနိုင်ရေးရောင်းချပေးသော စက်မှုလုပ်ငန်းသုံးစားအုန်းဆီများကို လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏လုပ်ငန်းများ၌ အမှန်တကယ်အသုံးပြုမှုရှိ/ မရှိကို အားလူးကြော်လုပ်ငန်းခွင်များသို့သွားရောက်၍ မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ ကွင်းဆင်းဆောင်ရွက်မှုအနေဖြင့် ဟဲဟိုးမြို့ရှိ အာလူးကြော်လုပ်ငန်းများသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးကြပ်မတ်ခဲ့ပြီး ထုတ်ကုန်များလုံခြုံစိတ်ချရမှုနှင့်ပတ်သက်၍ လုပ်ငန်းရှင်များအား မိမိတို့သည် စားသုံးကုန်လုပ်ငန်းများကို ထုတ်လုပ်သူများဖြစ်သည့်အတွက် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ထုတ်လုပ်သည့်ကုန်ကြမ်းပစ္စည်းများမှစ၍ အရည်အသွေးကောင်းမွန်ပြည့်ဝပြီး သန့်ရှင်းလတ်ဆတ်သောကုန်ကြမ်းများဖြင့် သန့်ရှင်းသပ်ရပ်စွာ သုံးစွဲထုတ်လုပ်ကြရန်လိုအပ်ကြောင်း၊ ထုပ်ပိုးမှုများစနစ်တကျရှိရန်နှင့် ထုပ်ပိုးမှုအပြင် အဆင်ပေါ်တွင်ဖော်ပြပါရှိရမည့်     မြန်မာဘာသာကုန်အညွှန်းအမှတ်အသားများကိုလည်း သိရှိလိုက်နာရန်လိုအပ်ကြောင်း၊ ထုတ်လုပ်သည့်လုပ်ငန်းစဉ်တစ်လျှောက်တွင် အသုံးပြုရသည့်ပစ္စည်းကိရိယာများသန့်ရှင်းစင်ကြယ်ရန်နှင့် အစားအစာများ ထိတွေ့ကိုင်တွယ်မှုပြုလုပ်သူလူပုဂ္ဂိုလ်များမှာလည်းသန့်ရှင်းပြီး ကျန်းမာရေးကောင်းမွန်သူ များလည်းဖြစ်ရန်လိုအပ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးကျင့်ဝတ်စည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(ရှမ်း)

စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

         ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ (၉)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီ အချိန်တွင် ကျိုင်းတုံမြို့၊ ဇေတဝန်ဘုန်းတော်ကြီးအတတ်သင်ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဆရာ/ ဆရာမ အပါအဝင် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၁၂၅)ဦး တက်ရောက်ခဲ့ပါသည်။

          ယင်းဟောပြောပွဲတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ် ဦးစီးမှူးရုံးမှ ဦးအောင်လင်းဦး(ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းနှင့် ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့ပါသည်။ စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စားသုံးသူ၏အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်တစ်ခုကိုဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် သိသင့်သိထိုက်သည့်အချက်များ၊ ဘေးဥပါဒ်အန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန်သင့်/ မသင့်သိရှိသင့်သည့် ကုန်အညွှန်းအမှတ်အသားပါအချက်များအား ရှင်းလင်းပြောကြားပြီး စားသုံးသူအခွင့်အရေး(၈)ချက်ကို ကျောင်းသား/ ကျောင်းသူများနှင့် အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

မုန့်မျိုးစုံလုပ်ငန်းများအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

          ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၉)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှုးနှင့်ဝန်ထမ်းများသည် အသေးစားစက်မှုလက်မှုဦးစီးဌာန၊ စည်ပင်သာယာရေးဌာနတို့မှ  ဝန်ထမ်းများနှင့်ပူးပေါင်း၍ မိုင်းယောင်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ အန်ကယ်စိန်မုန့်မျိုးစုံလုပ်ငန်းနှင့် နန်းစိန်ဖောင်းမုန့်မျိုးစုံလုပ်ငန်းတို့အား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့စစ်ဆေးရာတွင် အန်ကယ်စိန်တံဆိပ်၊ နန်းစိန်ဖောင်းတံဆိပ်ကိတ်မုန့်နှင့်မုန့်မျိုးစုံတို့သည် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ “ကုန်အညွှန်အမှတ်အသားဖော်ပြခြင်း”နှင့် ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကိုလည်းသန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ဖြန့်ချိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် လုပ်ငန်းရှင်များအား စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများကိုစနစ်တကျသိုလှောင်ရန်၊ သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းလိုင်စင်နှင့် ထောက်ခံချက်များပြုလုပ်ရန်၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ” ကိုလိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

ညောင်တုန်းမြို့နယ်အတွင်း ရောင်းချသည့် အသင့်စားခေါက်ဆွဲခြောက်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ အသင့်စားခေါက်ဆွဲခြောက် အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်း ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို (၈.၁၀.၂၀၂၄)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်က ညောင်တုန်းမြို့မ‌ဈေး၊ တာကွေ့ဈေးအတွင်းရှိ‌ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      ကွင်းဆင်းစစ်ဆေးရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်များနှင့် စပ်လျဥ်း၍ မြို့မဈေး၊ တာကွေ့ဈေးအတွင်းနှင့် အနီးပတ် ဝန်းကျင်ရှိ ဈေးဆိုင်များတွင် ရောင်းချနေသည့် အသင့်စားခေါက်ဆွဲခြောက်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ် အသား ဖော်ပြထားခြင်း ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုစနစ်တကျဖြစ်စေရန်နှင့် ထိရောက်မှုရှိစေရန်တို့အတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးရန် ဦးစားပေး ကုန်စည်အမျိုးအစား ၁၀ မျိုးအား သတ်မှတ်ကာလများအတိုင်း  စားသုံးသူကာကွယ်ရေးကော်မရှင်မှ ညွှန်ကြားချက် အမှတ် ၂/၂၀၁၉ အတိုင်း ကိုက်ညီမှု ရှိ/မရှိကို စစ်ဆေးခြင်း၊ သာမန်မျက်စိဖြင့်မြင်နိုင်သော စာလုံးအရွယ်အစားဖြင့် ဖော်ပြရန် လုပ်ငန်းရှင်များကို မိမိတဆင့် မှာယူရောင်းချသော ကုမ္ပဏီများကို ကုန်စည်တွင် ဖော်ပြပေးနိုင်ရန်ကို  ရှင်းလင်းပြောကြားအသိပေးရန်ကို ပညာပေးပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

     ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ