Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆုပေးပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့်ကျောင်းများအား ကွင်းဆင်းစစ်ဆေး

 ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆုပေးပွဲ၌ ပါဝင်ယှဉ်ပြိုင်သည့် နတ်တလင်းမြို့နယ်၊ (အ.ထ.က)အခြေခံပညာအထက်တန်းကျောင်းနှင့် ပွတ်စုကျေးရွာ (အ.လ.က) ကျောင်းများသို့သွားရောက်ကာ ကျောင်းအခြေခံစံနှုန်းနှင့် အညွှန်းကိန်းများနှင့်အညီ အကဲဖြတ်အမှတ်ပေးခြင်းတို့ကို သက်ဆိုင်ရာဌာနများပါဝင်သော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်တွင် ပထမအကြိမ် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ကြောင်းသိရှိရသည်။

     အဆိုပါကျောင်းများတွင် ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် သတ်မှတ်ထားသော အခြေခံစံနှုန်း (၄)ချက်တွင်ပါဝင်သည့် ကျောင်း၏အခြေအနေနှင့် လိုက်လျော ညီထွေရှိသည့် လုပ်ငန်းအစီအစဉ်များကို (Action Plan) နှစ်အလိုက် ရေးဆွဲချမှတ်ထားခြင်း၊ ပတ်ဝန်းကျင်ဆိုင်ရာလုပ်ငန်းများကို ဒေသတွင်းရပ်ရွာအခြေပြုအဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းများ၊ ဌာနများနှင့် စီးပွားရေးလုပ်ငန်းရှင်များချိတ်ဆက်၍ ပူးပေါင်းပါဝင်ဆောင်ရွက်မှုရှိခြင်း၊  ကျောင်းဝန်းအတွင်း ကျောင်းမုန့်ဈေးတန်း၌ ကျန်းမာရေးနှင့်ညီညွတ်ပြီး ဆိုးဆေးကင်းလွတ်သော မုန့်များရောင်းချစေရေးအတွက် ထိန်းချုပ်မှုရှိခြင်း၊ ကြပ်မတ်ခြင်း၊ စည်းမျဉ်းစည်းကမ်းများရှိခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော အလေ့အကျင့်ကောင်းများရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း၊  အခြေခံစံနှုန်းနှင့် အညွှန်းကိန်း(၁၇)ချက်တို့နှင့်အညီ အကဲဖြတ်အမှတ်ပေးခြင်းတို့ကို သက်ဆိုင်ရာဌာနများပါဝင်သော ကွင်းဆင်းစစ်ဆေးအဖွဲ့နှင့်အတူ ပထမအကြိမ် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရှိရပါသည်။ 

DOCA(ပဲခူး)

ပြည်ခရိုင်အတွင်း ကုန်အညွှန်းအမှတ်အသားစိစစ်ခွင့်ပြုပေးခဲ့မှုအခြေအနေ

  စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)၌ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်းသည့် အချက်အလက်များကိုပြဋ္ဌာန်းထားပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖော်ပြရန် စသည့်အသေးစိတ်အချက်အလက်များကို စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရန်အတွက် မြန်မာနိုင်ငံ၏စားသုံးသူကာကွယ်ရေးကော်မရှင်အနေဖြင့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ဖြင့် ထုတ်ပြန်ထားပြီးဖြစ်ပါသည်။ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲအနေဖြင့် ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်းကို ညွှန်ကြားချက် (၂/၂၀၁၉) နှင့်အညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိပြီး ပြည်ခရိုင်အနေဖြင့် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၁ရက်နေ့မှ ၁၅ရက်နေ့အတွင်း ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်စပ်လျဉ်း၍ ပြည်မြို့၊ အောင်ဆန်းပြည်သာယာရပ်ကွက်၊ ခရမ်းကုန်း၊ အိမ်အမှတ်(၅၀)၊ စံပြလမ်းရှိ ဒေါ်သူဇာလွင်စိုးထုတ်လုပ်ရောင်းချသည့် “T Now”၊ “ရွှေကိုလာဂျင် ရေချိုးဆပ်ပြာရည်” လုပ်ငန်းနှင့် “ဓနတိုး” အမှတ်တံဆိပ်ပါ ဘက်စုံသုံးဆပ်ပြာဆီ၊ အဝတ်လျှော်ဆပ်ပြာရည်၊ ပန်းကန်ဆေးဆပ်ပြာရည်လုပ်ငန်းတို့၏ တင်ပြလျှောက်ထားမှုအပေါ် စိစစ်အတည်ပြုပေးနိုင်ခဲ့ပါကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြမှုရှိစေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက်ရမည့်တာဝန်နှင့် တားမြစ်ချက်များအကြောင်းတို့ကို ရှင်းလင်းဆွေးနွေးအသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

မအူပင်ခရိုင်းဦးစီးမှူးရုံး၌ Thursday Talk ပြုလုပ်

    စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၌ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်မားစေရန်ရည်ရွယ်၍ ဝန်ထမ်းများအလှည့်ကျ လေ့ကျင့်ဟောပြောခြင်းလုပ်ငန်းကို အပတ်စဉ် ကြာသာပတေးနေ့တိုင်း ဆောင်ရွက်လျက်ရှိရာ (၁၆-၁၁-၂၀၂၃)ရက်နေ့၊ နံနက် (၁၁း၀၀)နာရီအချိန်တွင် ဝန်ထမ်းစွမ်းဆောင်ရည်အထောက်အကူပြု Thursday Talk ပြုလုပ်ခဲ့ပါသည်။

  အဆိုပါ Thursday Talk ဆွေးနွေးပွဲတွင် စာသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်၏ ရည်ရွယ်ချက်၊ မျော်မှန်းချက်၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ်  စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေး၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေး၊ နစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားနိုင်သောနည်းလမ်းများအကြောင်းတို့ကို ဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲသို့ ခရိုင်ရုံးဝန်ထမ်းစုစုပေါင်း (၁၀)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဗန်းမော်မြို့၊ ဆင်ကုန်းရပ်ကွက်တွင် စားသုံးသူအသိပညာပေးဟောပြော

    ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နှောင်းနှောင်းဝင်း (ဒု-ဦးစီးမှူး) သည် (၂၀-၁၁-၂၀၂၃) ရက်နေ့တွင် ဗန်းမော်မြို့၊ ဆင်ကုန်းရပ်ကွက်၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် စားသုံးသူပြည်သူ(၁၅)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများဟောပြောဆွေးနွေးခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် ဗန်းမော်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်နှောင်းနှောင်းဝင်းက စားသုံးသူကာကွယ်ရေးဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ၏အခွင့်အရေးနှင့် အကျိုးစီးပွားကိုကာကွယ်ပေးခြင်းဖြစ်ကြောင်း၊ စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်တို့ကြား ကော်မရှင်နှင့်ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသောလုပ်ငန်းစဉ်ကိုဆိုလိုကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့်ပတ်သက်၍ စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိခဲ့လျှင် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ဖွင့်လှစ်ထားရှိမှုနှင့် ဆောင်ရွက်ပေးနေမှုအ‌ခြေအနေ၊ ၎င်းနောက် တိုင်ကြားနိုင်မည့်နည်းလမ်းများကိုလည်း အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

မိုးညှင်းမြို့ရှိ တွင်ခုံနှင့်သံဂဟေလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

   ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမောင်မောင်ခိုင် (ခရိုင်ဦးစီးမှူး)သည် (၂၀-၁၁-၂၀၂၃) ရက်နေ့တွင် မိုးညှင်းခရိုင်ဦးစီးမှူးရုံး၌ တွင်ခုံနှင့်သံဂဟေလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ထိုသို့ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သောသတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူကိုခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ထပ်မံပေးချေရမည့်တန်ဖိုးကို စားသုံးသူဝယ်ယူအသုံးမပြုမီ သိရှိစေရန် အတိအလင်းဖော်ပြပေးခြင်း၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဖြစ်သော စားသုံးသူ၏လိုအပ်ချက်နှင့်ကိုက်ညီမှုရှိခြင်း၊ မိမိဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အချက်အလက်များကို စားသုံးသူသိရှိစေရန်ကြိုတင်အသိပေးခြင်း၊ မှန်ကန်သောသတင်းအချက်အလက်နှင့်ပြည့်စုံသည့် ဝန်ဆောင်မှုအဆင့်အတန်းနှင့်အညီ ပြည့်ဝစွာပေးခြင်း၊ အာမခံထားသောအချိန်ကာလအတွင်း ပြီးမြောက်အောင်ဆောင်ရွက်ပေးခြင်း၊ စားသုံးသူနှင့်သဘောတူညီထားသည့် ဝန်ဆောင်မှုတန်ဖိုးအတိုင်း ပေးအပ်စေခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

မြိတ်မြို့၌ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကုန်အညွှန်းအမှတ်အသားကွင်းဆင်းစစ်ဆေး

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်နေ့၊ နေ့လယ်(၂း၀၀)နာရီတွင် မြိတ်မြို့၊ အလယ်ကျွန်းရပ်ရှိ (King Island)အမှတ်တံဆိပ် အုန်းပျိုဆီထုတ်လုပ်သည့် လုပ်ငန်းသို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေခဲ့ကြပါသည်။

 ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားမှန်ကန်ပြည့်စုံစွာပါရှိစေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်အချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပါ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရရှိပါသည်။

DOCA(တနင်္သာရီ)

ပြည်ခရိုင်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

    စားသုံးသူပြည်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖေါ်ပြထားမှုအခြေအနေတို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ (၁)ရက်နေ့မှ (၁၅)ရက်အတွင်းတွင် ပြည်ခရိုင်အနေဖြင့် ပြည်မြို့တွင် မြို့ပေါ်‌ဆေးဆိုင်နှင့် မြို့သစ်ရပ်ကွက် ကုန်စုံဆိုင်များသို့လည်းကောင်း၊ ရွှေတောင်မြို့တွင် မြို့ပေါ်ဆေးဆိုင်၊ မြို့မစည်ပင်သာယာဈေးနှင့် ယွန်းတန်းရပ်ကွက်ရှိ ကုန်စုံဆိုင်များသို့လည်းကောင်း၊ ပန်းတောင်းမြို့တွင် မြို့ပေါ်ဆေးဆိုင်၊ မြို့မဈေးနှင့် ဥသျှစ်ပင်ဈေးသို့လည်းကောင်း၊ ပေါက်ခေါင်းမြို့တွင် မြို့ပေါ်ဆေးဆိုင်နှင့် အမှတ် (၃)ရပ်ကွက်၊ လက်လီကုန်စုံဆိုင်များသို့လည်းကောင်း သွားရောက်၍ Parbisure ၊ အေးခဲအစားအစာ၊ သောက်ရေသန့်နှင့် စားသုံးဆီများအား ရောင်းချနေသော ဆိုင်များသို့ သွားရောက်၍ ကုန်အညွှန်းအမှတ်အသားပါ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော ကုန်စည်များကို တင်သွင်းရောင်းချခြင်း ရှိ/မရှိ ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

 

ပြည်ခရိုင်အတွင်းရှိ လုပ်ငန်းရှင်များ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းမှန်ကန်ပြည့်စုံစွာဖေါ်ပြမှုရှိစေရေးရှင်းလင်းဆွေးနွေး

    စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူများ အားလုံးသည် ကုန်စည်နှင့် ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေးအတွက် ခရိုင်အတွင်းရှိ  ထုတ်လုပ်လျက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖေါ်ပြမှုရှိစေရေး ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်မှ (၁၅)ရက်အတွင်း ပြည်မြို့၊ ဗြူးကုန်းအုပ်စု၊ ကျောင်းကျေးရွာရှိ ဆန်မရွေးလုပ်ငန်းနှင့် အောင်ဆန်းပြည်သာယာရပ်ကွက်၊ ခရမ်းကုန်းရှိ “T Now” ရွှေကိုလာဂျင် ရေချိုးဆပ်ပြာရည်လုပ်ငန်း၊ ရွှေတောင်မြို့၊ ယွန်းတန်းရပ်ကွက်၊ ပျော်ဘွယ်တန်းလမ်းရှိ ကေဝိုင်း ဆီစက်လုပ်ငန်း၊ ပန်းတောင်းမြို့၊ ဆင်တဲအုပ်စု၊ နဝဒေးတံတားအနီးရှိ ထိပ်တန်းစက်သုံးဆီ ရောင်းဝယ်ရေးလုပ်ငန်းနှင့် ပေါက်ခေါင်းမြို့၊ အမှတ်(၃) ရပ်ကွက်ရှိ ဒေါ်ခင်မာလွင်၊ ကုန်မျိုးစုံအရောင်းဆိုင်တို့သို့ သက်ဆိုင်ရာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများက သွားရောက်၍ မိမိတို့ ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များတွင် အရည်အသွေး၊ အလေးချိန်၊ အချိန်အတွယ်၊ ပမာဏနှင့် အမျိုးအစားများ မှန်ကန်စွာ ဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ထုတ်လုပ်ရောင်းချမှုရှိစေရေး၊ ကုန်စည်အလိုက်ဖေါ်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ၊ ပြည့်စုံမှန်ကန်စွာဖေါ်ပြမှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်းကာလများတွင် ကွင်းဆင်းစစ်ဆေးမှုများနှင့်အတူ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ဆောင်ရွက်သွားမှာဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အထူးအလေးထား လိုက်နာဆောင်ရွက်ကြရန် ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပြည်ခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာများနှင့်အခြေခံပညာကျောင်းများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ ဟောပြောဆွေးနွေး

      စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရပ်ကွက်/ ကျေးရွာနေ စားသုံးသူပြည်သူများနှင့် တိုင်းပြည်၏ အနာဂတ်မျိုးဆက်သစ်များဖြစ်သော ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်စေရေး ရည်ရွယ်၍ ခရိုင်အတွင်း မြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာများနှင့် အခြေခံပညာ ကျောင်းများတွင် အသိပညာပေးဟောပြောဆွေးနွေးခြင်းများကို အင်တိုက်အားတိုက် လုပ်ဆောင်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်မှ (၁၅)ရက်အတွင်း ပြည်မြို့၊ မူလွန် (ဗြဟော်)ကျောင်း၊ အ.လ.က (အင်းလျား)ကျောင်းနှင့် မြို့နယ်ပြန်ဆက်ရုံးနှင့် ပူးပေါင်း၍ စားသုံးသူ အသိပညာပေး (Talk Show)ပြုလုပ်ခြင်း၊ ရွှေတောင်မြို့ အ.မ.က (ကြက်ဖြူတောင်) ကျောင်း၊ အ.လ.က (ချည်မျှင်)ကျောင်း၊ အ.မ.က(ဖိုးသိန်းတန်)ကျောင်း၊ ပန်းတောင်းမြို့၊ အ.မ.က (သစ်စိမ့်ပင်)ကျောင်း၊ မူလွန်(ညောင်ပင်သာ)ကျောင်း၊ အ.မ.က (မကျည်းစု)ကျောင်း၊ အ.လ.က (ရွှေဘုံသာ) ကျောင်း၊ အ.မ.က (လက်ပံ)ကျောင်း၊ အ.မ.က (စစ်တဝင်း)ကျောင်းနှင့် မြို့နယ် ပြန်ဆက်ရုံးနှင့် ပူးပေါင်း၍ စားသုံးသူအသိပညာပေး  (Talk Show) ပြုလုပ်ခြင်း၊ပေါက်ခေါင်းမြို့၊ အ.မ.က(အုန်းရင်း)ကျောင်း၊ တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ပူးပေါင်း၍ တိရစ္ဆာန်မွေးမြူရေးအစာပြုလုပ်ခြင်းသင်တန်း၌ စားသုံးသူအသိပညာပေးခြင်းနှင့်  မြို့နယ်ပြန်ဆက်ရုံးနှင့် ပူးပေါင်း၍ စားသုံးသူအသိပညာပေး (Talk Show) ပြုလုပ်ခြင်းများ၊ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာ မြို့နယ်တာဝန်ခံများနှင့် ဝန်ထမ်းများသည် မြို့နယ်ပူးပေါင်း မိတ်ဖက်ဌာနဆိုင်ရာများနှင့်အတူ သွားရောက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ မြို့နယ် တာဝန်ခံများက စားသုံးသူ အခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖေါ်ပြခြင်းဆိုင်ရာအချက်များ၊ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့် ပုဂ္ဂိုလ်များနှင့် နည်းလမ်းများ တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်နှင့်လိပ်စာ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟု တားမြစ်ထုတ်ပြန်ထားသော ကုန်စည်များအား ရွေးချယ်ဝယ်ယူခြင်းမပြုရန် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး စားသုံးသူအသိပညာပေးဆိုင်ရာ လက်ကမ်းစာစောင်များလည်း ဝေငှပေးခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့ အလက(ခွဲ)အိုးကုန်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြော

    စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံများ၊ မြို့နယ် တာဝန်ခံများသည် ခရိုင်အတွင်းရှိ စားသုံးသူပြည်သူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့ အမှတ် ၁၈ ရပ်ကွက်ရှိ အိုးကုန်း အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ကျောင်းသားကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

    ဟောပြောပွဲတွင် တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူက စားသုံးသူ၏ အခွင့်အရေးများနှင့် တာဝန်များကိုလည်းကောင်း၊ ခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံ ဦးစောသန်းထိုက်ကျော်က စားသုံးသူနစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် စစ်ဆေးရေးမှူးများက ဈေးကွက်အတွင်း ကွင်းဆင်း စစ်ဆေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ကုန်စည်များဝယ်ယူသုံးစွဲရာတွင် ကုန်စည်ပေါ် တွင်ဖော်ပြထားသော ကုန်အညွှန်း အမှတ်အသားများအား ဖတ်ရှုပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့်အညီ လိုက်နာသုံးစွဲရန် လိုအပ်ပုံများကို ဟောပြောဆွေးနွေးပါသည်။

    ဆက်လက်၍ ခရိုင်ဦးစီးမှူးရုံမှ ဌာနခွဲတာဝန်ခံ ဦးမင်းဇော်က ဈေးကွက်အတွင်း ရောင်းချလျက်ရှိသောကုန်စည်များနှင့်ပတ်သက်၍ ကျောင်းသားကျောင်းသူများ ရွေးချယ်ဝယ်ယူနိုင်ရန် ဆွေးနွေးခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၂၇၀ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ