Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မကွေးတိုင်းဒေသကြီးအတွင်း သက်ဆိုင်ရာထောက်ခံချက်မရှိသော စားသုံးဆီများ ဈေးကွက်အတွင်းရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

       တိုင်းဒေသကြီးအတွင်း ထုတ်လုပ်သည့် ပဲဆီ/ နှမ်းဆီများအား စားအုန်းဆီများနှင့်ရောနှော၍ ရောဆီအဖြစ် ခွက်မှောက်ခွက်လှန်စနစ်ဖြင့်ရောင်းချခဲ့ရာ ယခုအခါတွင် စားသုံးသူများအပေါ် လိမ်လည် လှည့်ဖျားခြင်းမရှိစေရန် ပဲဆီ/ နှမ်းဆီ/ စားအုန်းဆီဟုသာရောင်းချစေပြီး စားသုံးသူများ၏ မျက်ကွယ် တွင် ရောဆီအဖြစ်ရောစပ်၍ရောင်းချနေမှုအား တားမြစ်ထားပါကြောင်း၊ စားသုံးသူတောင်းဆိုရာ တွင်သာ တောင်းဆိုသည့်အတိုင်း ပဲဆီ/ နှမ်းဆီနှင့် စားအုန်းဆီတို့ကို စားသုံးသူ၏ရှေ့မှောက်တွင် ရောစပ်ရောင်းချရန်၊ ခွက်မှောက်ခွက်လှန် စနစ်ဖြင့် ရောင်းချရာတွင် ဆီထည့်သည့်ပုံးများအား စတီးလ်ပုံး များဖြင့် အဖုံးများဖုံးအုပ်၍ရောင်းချသွားရန်၊ ကုန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးနှင့် ပစ္စည်းပြတ်လပ်မှု မရှိစေရေးတို့အား အသိပေးဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပြီး လိုက်နာမှုရှိ/မရှိအား စဉ်ဆက်မပြတ်ကွင်း ဆင်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် ကန်သာဈေးတွင်(၂) ကြိမ်၊ မကွေးခရိုင်ဦးစီးမှူးရုံးအနေဖြင့် ချောက်မြို့၊ စည်ပင်သာယာဈေးတွင်(၁)ကြိမ်၊ တောင်တွင်း ကြီးမြို့ မောင်းတိုင်(၁/၂)ရပ်ကွက်ရှိ ကုန်စုံဆိုင်တွင် (၁)ကြိမ်၊ မကွေးမြို့၊ မြို့မဈေးတွင် (၁)ကြိမ်၊ မင်းဘူး ခရိုင်ဦးစီးမှူးရုံးအနေဖြင့် မင်းဘူးမြို့၊ စည်ပင်သာယာဈေးတွင် (၁)ကြိမ်၊ ပွင့်ဖြူမြို့စည်ပင်သာယာ ဈေးတွင်(၁)ကြိမ်၊ စလင်း(ဆင်ဖြူကျွန်း) စည်ပင်သာယာဈေးတွင် (၁)ကြိမ်၊ သရက်ခရိုင်ဦးစီးမှူးရုံး အနေဖြင့် မင်းတုန်းမြို့၊ အမှတ်-၄ရပ်ကွက်ရှိ စားသုံးဆီအရောင်းဆိုင်များတွင် (၁)ကြိမ်၊ ဆင်ပေါင်ဝဲ မြို့၊ မြို့မစည်ပင်သာယာဈေးတွင်(၁)ကြိမ်၊ သရက်မြို့၊ ရွှေဘုံသာရပ်ကွက်ရှိကုန်စုံဆိုင်များတွင် (၁) ကြိမ်၊ အောင်လံမြို့၊ မြို့မစည်ပင်သာယာဈေးတွင် (၁)ကြိမ်၊ ကံမမြို့ အမှတ်-၃ရပ်ကွက်ရှိ စားသုံးဆီအရောင်းဆိုင်များတွင် (၁)ကြိမ်၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဆိပ်ဖြူမြို့၊  ပတ္တမြားဈေးတွင် (၁) ကြိမ်၊ မကွေးတိုင်းဒေသကြီးအတွင်း ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်းများ စုစုပေါင်း(၁၄)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာတွင် ဈေးကွက်အတွင်းရောင်းချလျှက်ရှိ သော ဘူးသွပ်ဆီများဖြစ်ကြသည့် (Meizan, Lotus, Goody, Duck, Good Choice, Cook, ငွေဇင်ယော်, ရွှေလမင်း, အမေထွား) စသည့်အမှတ်တံဆိပ်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားရှိပြီး FDA ထောက်ခံချက်များပါရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သတင်း ရရှိပါသည်။

DOCA(မကွေး)

စားသုံးသူရေးရာဦးစီးဌာန(ဘီးလင်း)နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ဘီးလင်း)တို့ပူးပေါင်း၍ ဒီဂျစ်တယ်ငွေကြေးဆိုင်ရာ စားသုံးသူအသိပညာပေး (Talk Show) ပြုလုပ်ဟောပြောဆွေးနွေး

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၂၁-၁၁-၂၀၂၃) ရက်နေ့တွင် ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ဘီးလင်း) ခန်းမ၌ ဒီဂျစ်တယ်ငွေကြေးဆိုင်ရာ စားသုံးသူအသိပညာပေး (Talk Show) ပြုလုပ်၍ ဟောပြောဆွေးနွေးခဲ့ကြောင်းသိရပါသည်။

  အဆိုပါဆွေးနွေးပွဲတွင် ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးမျိုးမျိုးစံ(ဦးစီးအရာရှိ)က ဒီဂျစ်တယ်ငွေကြေးဆိုင်ရာနှင့်ပတ်သက်၍ ဆွေးနွေးမေးမြန်းခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံရုံးမှ ဒေါ်ဇင်ဖြူဝင်း(ဦးစီးမှူး)က စားသုံးသူပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာသည့် ဒီဂျစ်တယ်ငွေကြေးဆိုင်ရာအသိပညာဗဟုသုတများရရှိပြီး လိမ်လည်လှည့်ဖြားခံရမှုနှင့် ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရေးတို့အတွက် ရည်ရွယ်၍ဆွေးနွေးခြင်းဖြစ်ကြောင်း၊ ဒီဂျစ်တယ်ငွေကြေးဆိုင်ရာနှင့်ပတ်သက်၍ Mobile Wallet (ဖုန်းပိုက်ဆံအိတ်) အကြောင်း၊ Mobile Wallet (ဖုန်းပိုက်ဆံအိတ်)များအသုံးပြုပုံ၊ အသုံးဝင်ပုံ၊ လက်ရှိအသုံးပြုနေသော Mobile Wallet (ဖုန်းပိုက်ဆံအိတ်)အမျိုးအစားများနှင့် စားသုံးသူပြည်သူများအနေဖြင့် ကုန်စည် (သို့) ဝန်ဆောင်မှုများဝယ်ယူသုံးစွဲခြင်းကြောင့် ထိခိုက်နစ်နာမှုတစ်စုံတစ်ရာဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများကို ဆွေးနွေးပြောကြား၍ ဌာနက ဂျာနယ်နှင့်လက်ကမ်းစာစောင်များကို ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ စာကြည့်တိုက်သို့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

ဘီးလင်းမြို့၊ ဘိုးရာဇာရပ်ကွက်၊ မင်္ဂလာဈေးရှိ ဈေးတာဝန်ခံရုံးတွင် တရားမဝင်အေးခဲသားများရောင်းချမှုမရှိစေရေး အသိပညာပေးဟောပြောဆွေးနွေး

   မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၂၁-၁၁-၂၀၂၃)ရက်နေ့တွင် ဘီးလင်းမြို့၊ ဘိုးရာဇာရပ်ကွက်၊ မင်္ဂလာဈေးရှိ ဈေးတာဝန်ခံရုံး၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ အသားငါးများရောင်းချသော လုပ်ငန်းရှင်များအား တရားမဝင်အေးခဲသားများရောင်းချမှုမရှိစေရေး အသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါဟောပြောဆွေးနွေးပွဲတွင် ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်း(ဦးစီးမှူး)က တရားမဝင်လမ်းကြောင်းများဖြင့် သယ်ဆောင်လာသော အေးခဲအသားငါးအန္တရာယ်များအကြောင်း၊ တရားမဝင်လမ်းကြောင်းမှ သယ်ဆောင်ရသဖြင့် အချိန်ကြာမြင့်မှုကြောင့် ဘက်တီးရီးယားပိုးများပွားနိုင်ခြင်း၊ အသားငါးများကြာရှည်အေးခဲစေရန်အတွက် အသုံးပြုသောတာရှည်ခံဆေးဝါး၏ဆိုးကျိုးများ၊ ထိုတရားမဝင် အသားငါးများကြောင့် မိမိတို့ဒေသအတွင်း ထွက်ရှိသောလတ်ဆတ်သည့်အသားငါးများ ဈေးကွက်အတွင်း အရောင်းအဝယ်အားနည်း၍ မိမိတို့ဒေသအတွက် စီးပွားရေးနစ်နာမှုဖြစ်စေနိုင်ကြောင်းဆွေးနွေးခဲံပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးချစ်စိုး(ဒု-ဦးစီးမှူး)က တရားမဝင်အေးခဲအသားငါးများရောင်းချခြင်းနှင့်ပတ်သက်၍ ဥပဒေအရ အရေးယူနိုင်မှုများကို ဆွေးနွေးအသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

ပေါင်မြို့နယ်ရှိ သောက်ရေသန့်စက်ရုံများအား ဈေးကွက်ကွင်းဆင်းစစ်ဆေး

    မွန်ပြည်နယ်၊ သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၂၁-၁၁-၂၀၂၃) ရက်နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ပေါင်မြို့နယ်အတွင်းရှိ သောက်ရေသန့်စက်ရုံများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

  ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဦးစားပေးကုန်စည်များအနက် (၁) မျိုးဖြစ်သည့် သောက်ရေသန့်များအား ဈေးကွက်အတွင်း စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစွာဝယ်ယူသုံးစွဲနိုင်စေရေးအတွက် သောက်ရေသန့်ဘူးများတွင် စားသုံးသူကာကွယ်ရေးဥပဒေပါအတိုင်း မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုခုနှင့်တွဲလျက်ဖြစ်စေ ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ဖော်ပြထားခြင်းရှိ/မရှိ စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြပါရှိသည်ကိုတွေ့ရှိရပြီး ရေသန့်လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာပါရှိသည့် သောက်ရေသန့်ဘူးများကိုသာ ဈေးကွက်အတွင်းသို့ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရန်ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစာသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉) ညွှန်ကြားချက်အရ ကုန်စည်အုပ်စုအလိုက်  မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ်အချက်ပါရှိသော လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

ပေါင်မြို့နယ်၌ ဒီဂျစ်တယ်ငွေကြေးဆိုင်ရာ အသိပညာပေး (Talk Show) ပြုလုပ်

     မွန်ပြည်နယ်၊ သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံသည် ဒီဂျစ်တယ်ငွေကြေးဆိုင်ရာအသိပညာပေး (Talk Show)ကို (၂၁-၁၁-၂၀၂၃) ရက်နေ့တွင် ပေါင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

    ဆွေးနွေးပွဲတွင် ပေါင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဥ္ဇာစိုးက Talk Show အစီအစဉ်ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကိုရှင်းလင်းခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးက ငွေကြေးဝန်ဆောင်မှု၊ အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာတို့နှင့်ပတ်သက်၍ စားသုံးသူပြည်သူများရင်ဆိုင်ကြုံတွေ့နေရသည့်အချက်များနှင့် ဒီဂျစ်တယ်ငွေကြေးအဓိပ္ပါယ်၊ ဒီဂျစ်တယ်ငွေကြေးအသုံးပြုပုံ၊ ဒီဂျစ်တယ်ငွေကြေး (Mobile Wallet) အမျိုးအစားများ၊ စားသုံးသူများ၏အခွင့်အရေးများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နေရာနှင့် နည်းလမ်းများအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

ပြည်နယ်ဦးစီးမှူးသည် သထုံမြို့နယ်မှ ဆီလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

    စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် (၂၂-၁၁-၂၀၂၃)  ရက်နေ့တွင်   ပြည်နယ်ဦးစီးမှူးရုံးခန်း၌ သထုံမြို့နယ်မှ ဆီလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

   ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်ဦးစီးမှူးက မွန်ပြည်နယ်အနေဖြင့် စားဆီဖူလုံမှု (၁၄) ရာခိုင်နှုန်းသာရှိသဖြင့် မွန်ပြည်နယ်အတွက် စားသုံးဆီလိုအပ်ချက်များကို ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီသို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း၊ မွန်ပြည်နယ်အတွက် ခွဲဝေရရှိသောစားအုန်းဆီများကို ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ပြည်နယ်အတွင်းရှိ မြို့နယ် (၁၀) မြို့နယ်သို့ လူဦးရေပေါ်မူတည်၍ အချိုးကျခွဲဝေရောင်းချပေးလျက်ရှိကြောင်း၊ ပြည်သူများလက်ဝယ် တိုက်ရိုက်ရောင်းချပေးမှုများတွင်လည်း သတ်မှတ်ဈေးနှုန်း၊ သတ်မှတ်တန်ချိန်အတိုင်း သတ်မှတ်နေရာများတွင် ရောင်းချပေးခြင်းရှိ/မရှိကိုလည်း မြို့နယ်အဆင့်ကြီးကြပ်ရေးကော်မတီများမှတစ်ဆင့် ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး ရောင်းချပေးခဲ့မှုမှတ်တမ်းများကို ပြန်လည်တင်ပြစေလျက်ရှိကြောင်း၊ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များ၏ရောင်းချမှုမှတ်တမ်းများကို စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတစ်ဆင့် သက်ဆိုင်ရာဌာနများ၊ ပြည်နယ်အစိုးရအဖွဲ့သို့ အစီရင်ခံတင်ပြလျက်ရှိကြောင်း ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

ပြည်ခရိုင်ဦးစီးမှူးရုံးတွင်လည်း အွန်လိုင်းမှတ်ပုံတင်စနစ်အစည်းအဝေးပြုလုပ်

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးတွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့၌ ပြည်ခရိုင်ဦးစီးမှူး ဦးမင်းဆွေမှ အစည်း အဝေးကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအစည်းအဝေးကို မြန်မာနိုင်ငံဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် သိုလှောင်မှုများစနစ်တကျ ရှိစေရေးအတွက် စပါးတင်း (၅၀၀၀) သို့မဟုတ် ဆန်တန် (၅၀)အထက် ဆန်စပါးသိုလှောင်မှု အခြေအနေများအား ဒီဂျစ်တယ်နည်းလမ်း အွန်လိုင်းမှတ်ပုံတင်စနစ် Myanmar Rice Online (MyRo)ဖြင့် မှတ်ပုံတင်နိုင်ရေး သိုလှောင်လုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်နိုင်စေရေး၊ ဆန်စပါးဈေးကွက်တည်ငြိမ်မှန်ကန်စွာ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်စပါးသိုလှောင်မှုကို စနစ်တကျ မှတ်ပုံတင်စာရင်းပြုစုထားနိုင်ရေး သင့်တင့်မျှတတည်ငြိမ်သော ဆန်ဈေး ကွက်နှင့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေးစသည့် ရည်ရွယ်ချက်ကောင်းများဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့၏ အစိုးရ - ပုဂ္ဂလိက ပူးပေါင်းစီစဉ်မှုဖြင့် ဆောင်ရွက်လျက်ရှိသည့် အစည်းအဝေးကို ဌာနဆိုင်ရာနှင့် အသင်းအဖွဲ့များမှ လုပ်ငန်းရှင် (၁၀)ဦး တက်ရောက်ခဲ့ကြောင်း သိရပါသည်။

    ထိုအစည်းအဝေးကို ဒီဂျစ်တယ်နည်းလမ်းဖြင့် မှတ်ပုံတင်စာရင်းတင်ပြဆောင်ရွက်နိုင်မည့် Online Registration စနစ် (MyRo)ကို ၂၀၂၃ ခုနှစ်အတွင်း မကြာမီအသုံးပြုနိုင်ရေးအတွက် Digital Certificate ထုတ်ပေးနိုင်သည့် ဝန်ဆောင်မှုဖြင့် သိုလှောင်မှုလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက် စေရန် ရည်ရွယ်ချက်ဖြင့် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အသေးစိတ်သိရှိလိုပါက www.MyRo. Com.mm သို့ ဝင်ရောက်လေ့လာနိုင်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ပေါ်ရှိ သောက်ရေသန့်ထုတ်လုပ်သည့် ရေသန့် စက်ရုံများအား မြန်မာဘာသာကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

   ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၂၁ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည်  တောင်ကြီးမြို့ပေါ်ရှိ ဇောတိကလမ်း၊ သစ်တောရပ်ကွက်ရှိ လွိုင်ခုံးသောက်ရေသန့်နှင့် ဟိုပုံးမြို့ပေါ်ရှိ Shan Yoma သောက်ရေသန့်များကို မြန်မာဘာသာဖြင့်  ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှုရှိ/မရှိ   ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းခဲ့ရာ စားသုံးသူပြည်သူများအတွက်  ဘေးအန္တရာယ်ကင်းရှင်းစေရန် ဈေးကွက်အတွင်း ရောင်းချနေသောကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိ၊  မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁၊ ပုဒ်မခွဲ (ခ) နှင့် (ဆ) တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြခြင်းရှိ/ မရှိကို ဈေးကွက်စောင့်ကြည့်ပြီးနောက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊  စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

Online Talk Show အစီအစဉ်ဖြင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်

     စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်တွင်းပြည်ပမှ ထုတ်လုပ်တင်သွင်းလာသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများအပေါ် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရန် စားသုံးသူအခွင့်အရေးများ ပြည့်ပြည့်ဝဝရရှိစေရန် စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၉) ဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး စားသုံးသူကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်လျက်ရှိပါသည်။

    စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဋ္ဌာန်းချက်များကို စားသုံးသူပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲများကို နိုင်ငံအဝှမ်းဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်း ဒေသကြီး (အနောက်) ပြည်ခရိုင်၊ ပြည်မြို့နယ်မှ မြို့နယ်ဦးစီးမှူး ဦးထွန်းနိုင်လင်းသည် (၁၀.၁၁.၂၀၂၃) နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရိုက်ကူးရေးခန်းမ၌ ကျင်းပပြုလုပ်သည့် Online Talk Show အစီအစဉ်တွင် ပါဝင်ခဲ့ပြီး “စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး” ခေါင်းစဉ်ဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များထဲမှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည် (သို့) ဝန်ဆောင်မှုများ ထုတ်လုပ်ပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရန်အလို့ငှာ ကုန်စည်၏ထုတ်ပိုးမှုအပြင်အဆင်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားများ ရေးသားဖော်ပြရာတွင် ပါဝင်ရမည့်အချက်များ၊ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရမည့်အချက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရပါသည်။

     စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအနေဖြင့် ကုန်စည် (သို့) ဝန်ဆောင်မှုများ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချမည်ဆိုပါက အောက်ဖော်ပြပါ အချက်အလက်များကို သိသာထင်ရှားစွာ ဖော်ပြဖို့လိုမှာ ဖြစ်ပါသည် -

     (က)    ကုန်စည်၏ တံဆိပ်အမှတ်အသား

     ( ခ )   ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊

               ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း

    (  ဂ )  ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်

    (ဃ)    ပြည်တွင်းသို့တင်သွင်းလာသော ကုန်စည်ဖြစ်ပါက တင်သွင်းသူ၏အမည်နှင့်

              လိပ်စာ၊ ထုတ်လုပ်သည့်လုပ်ငန်းအမည်နှင့် လိပ်စာ

   ( င )   ထုတ်လုပ်သည့်နေရာ (သို့) ပြည်ပမှကုန်စည်များ တင်သွင်းပြီး ပြန်လည်ထုတ်ပိုး

             သည့်နေရာ

  ( စ )   ကုန်စည်တွင်ပါဝင်သော ကုန်ကြမ်းပစ္စည်း အမျိုးအမည်များနှင့် ပစ္စည်းများ၏

             ပမာဏ၊ ပါဝင်မှုအချိုးအစား

  (ဆ)    ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး (သို့) ဓါတ်မတည့်ကြောင်း ဖော်ပြချက်နှင့်

             ကြိုတင်သတိပေးချက်

   ( ဇ )   သက်ဆိုင်ရာ အစိုးရဌာနများကဖော်ပြရန် သတ်မှတ်ထားသောအချက်အလက်များ

             (ခ) နှင့် (ဆ) တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

မြောင်းမြခရိုင် အိမ်မဲမြို့နယ်၊ စားသုံးသူပြည်သူများအား အသိပညာပေး Talk Show ပြုလုပ်

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းသည် (၂၀.၁၁.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်းကာ စားသုံးသူပြည်သူများအား အိမ်မဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး  Talk  Show  ပြုလုပ်ခဲ့ပါသည်။

    ထိုသို့ပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက  စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး၊ စားသုံးသူ ရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉)ပါ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် ပြစ်မှုပြစ်ဒဏ်များ၊ တားမြစ်ချက်များကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ အခြားဘာသာ တစ်ခု(သို့) တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီလိုက်နာဆောင်ရွက်ကြရန် ဥပဒေ တားမြစ်ချက်များအား လိုက်နာ ဆောင်ရွက်မှုမရှိပါက ပြစ်မှုပြစ်ဒဏ်များ အတိုင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါအချက်အလက်များသိရှိလိုပါက မြို့နယ်စားသုံးသူ တာဝန်ခံရုံး တွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်၏ www.doca.gov.mm website တွင် ဝင်ရောက်လေ့လာနိုင်ပါကြောင်း၊ စားသုံးသူများနစ်နာမှုရှိလာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ