Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဘိုကလေးမြို့ပေါ်ရှိ ဘိလပ်မြေ အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စိစစ်ခြင်း

     ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊စက်တင်ဘာလ (၁၇) ရက်နေ့၊ နေ့လယ်(၁၄:၃၀) နာရီအချိန်တွင် (၃) ရပ်ကွက်ရှိ ဘိလပ်မြေအရောင်းဆိုင်သို့ ဈေးနှုန်းဈေးကွက်အခြေအနေ မေးမြန်း၍ ကွင်းဆင်း စိစစ်ခဲ့ကြပါသည်။

          အဆိုပါ ကွင်းဆင်းစိစစ်ရာတွင် ဘိလပ်မြေ ဆိုင်များအနေဖြင့် ပစ္စည်းပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းတည်ငြိမ်ရေးတို့အတွက် ဘိလပ်မြေအရောင်းဆိုင်များမှ ဘိလပ်မြေအိတ်များကို ဝယ်ရင်း ဈေး ထက်အမြတ်(၁၀%) ထက်ပို၍ ရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာအဆိုပါ အရောင်းဆိုင်အနေဖြင့် ဝယ်ရင်းဈေးထက် အမြတ် (၂%) သာ ယူ၍ ရောင်းချလျက်ရှိကြောင်း ဈေးကွက်စောင့်ကြည့်စိစစ်ခဲ့မှုအရ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့ (၁) ရပ်ကွက် ၊ စက်မှုမြေလမ်းရှိ “ဇေယျာထွန်း” ရေခဲစက်သို့ ကွင်းဆင်းစိစစ်ခြင်း

       စားသုံးသူရေးရာဦးစီးဌာန ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် စည်ပင်သာယာရေး အဖွဲ့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဘိုကလေးမြို့ ၊ အမှတ်(၁) ရပ်ကွက်၊ စက်မှုမြေလမ်းရှိ ဇေယျာထွန်း ရေခဲစက်သို့ MSMEs ဖွံ့ဖြိုး တိုးတက်ရေး ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

      မြို့နယ်တာဝန်ခံမှ ရေခဲစက်ပိုင်ရှင် ဦးသန်းစိုးအား MSMEs ဖွံ့ဖြိုးတိုးတက်ရေးအတွက် မေးမြန်းခဲ့ရာ ရေခဲတစ်နေ့ ထုတ်လုပ်မှုအနေဖြင့် ၃၀၀ ပေါင် ရေခဲတုံး (၁၀၀) တုံး ထုတ်လုပ်နိုင်ပြီး ဈေးနှုန်းအနေဖြင့် (၁) တုံးလျှင် (၉၀၀၀) ကျပ်ဖြင့် ရောင်းချပေးလျက်ရှိပါသည်။ လုပ်သားအင်အား (၄) ဦးခန့်ရှိပြီး လုပ်ခလစာအနေဖြင့် တစ်လလျှင် (၂၅၀၀၀၀) နှုန်းပေးချေပြီး လုပ်ငန်းလည်ပတ်လျက် ရှိပါသည်။

     မြို့နယ်တာဝန်ခံမှ လုပ်ငန်းလည်ပတ်ရာတွင် အသုံးပြုသော ကိရိယာများ၊ ထုတ်လုပ်သည့် ရေအ မျိုးအစားနှင့် လုပ်ငန်းခွင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ MSMEs ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကွင်းဆင်း စိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

“ ခရမ်းမြို့နယ်၌အိမ်ထောင်စုအလိုက်ဆီထုတ်စာအုပ်စနစ်ဖြင့်စားအုန်းဆီများသတ်မှတ် ဈေးနှုန်းဖြင့်ရောင်းချမှုရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်း ”

      ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် အိမ်ထောင်စုအလိုက် ဆီထုတ် စာအုပ်စနစ်ဖြင့် စားအုန်းဆီများ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/မရှိ၊ အိမ်ထောင်စုတစ်ခု လျှင် ဆီရရှိမှုပမာဏများအား စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုး၊ မြန်မာနိုင်ငံ ဆီကုန်သည်ကြီးများအသင်းကိုယ်စားလှယ်၊ စားအုန်းဆီဖြန့်ဖြူး ရောင်းချသော Wilmar Myanmar ကုမ္ပဏီ၊ Lann Lann Sann Sann ကုမ္ပဏီမှကိုယ်စားလှယ် နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိ ဝန်ထမ်းများ ပူးပေါင်းအဖွဲ့သည်  စက်တင်ဘာလ(၁၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်မှစ၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် ခရမ်းမြို့နယ် မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများ တွင် နေထိုင်သောအိမ်ထောင်စုအလိုက် ဆီထုတ်စာအုပ်စနစ်ဖြင့် စားအုန်းဆီရောင်းချရာတွင် သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချမှုရှိ/မရှိ၊ အိမ်ထောင်စုတစ်ခုလျှင် ရောင်းချသော ဆီ ပမာဏများအား မြေပြင်ကွင်းဆင်း၍ အိမ်ထောင်စုများအား စစ်ဆေးရာတွင် ခရမ်းမြို့နယ်၏ ဆီခွဲ တမ်းရရှိမှုပေါ်တွင် လက်လီ/လက်ကားဆီရောင်းချကိုယ်စားလှယ်များမှ အိမ်ထောင်စုအလိုက် ဆီထုတ်စာအုပ်စနစ်ဖြင့် သတ်မှတ်ဈေးနှုန်းများအတိုင်း ပုံမှန်ရောင်းချလျှက်ရှိသည်ကို စစ်ဆေး တွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ကြို့ပင်ကောက်မြို့တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

       ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၊ရွာမမြောက်ရပ်ကွက်ရှိ ဗောဓိရုက္ခ အလယ်တန်းကျောင်းသို့ (၁၅ .၉.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ် တာဝန်ခံ ဒေါ်ရီရီရှိန်မှ Grade-5 ကျောင်းသား/ကျောင်းသူ (၇၀)ဦးနှင့်ဆရာမတို့အား စားသုံးသူကာကွယ်ရေး ဥပဒေပါစားသုံးသူအခွင့်ရေးများအကြောင်း၊စားသုံးသူများနှစ်နာမှုရှိလျှင် တိုင်ကြား နိုင်သည့် Call Center ဖုန်းနံပါတ်များအား ပြောကြားခြင်၊ကုန်ပစ္စည်းများ ဝယ်ယူရာတွင် ကုန်ညွှန်း အမှတ်အသား  များ ကြည့်ရှု့ဝယ်ယူတက်စေရန် နမူနာမုန့်ထုပ်များ ပြသရှင်းပြခဲ့ပြီးကျောင်းမုန့်ဈေးဆိုင်သို့  စားသုံး ရန် မသင့်သောမုန့်များရောင်းချမှု့ရှိ/မရှိတို့အား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

DOCA(ပဲခူး)

သာယာဝတီခရိုင်၊ သုံးဆယ်မြို့တွင် စားအုန်းဆီရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးဟောပြောခြင်း

     စားသုံးသူရေးရာဦးစီးဌာန ၊    ပဲခူးတိုင်းဒေသကြီး၊    သာယာဝတီခရိုင် ၊  သာယာဝတီမြို့နယ် သုံးဆယ်မြို့ အလယ်ကုန်းရပ်ကွက်၌ စားအုန်းဆီရောင်းဝယ်ရေး လုပ်ငန်းရှင်ဒေါ်အေးအေးထိုက်နှင့် (၁၆.၉.၂၀၂၅ )ရက်နေ့၊နေ့လယ်(၁၃:၀၀ )နာရီအချိန်တွင် ၊ ဦးစီးမှူး ဒေါ်ခိုင်ခိုင်ရီနှင့် မြို့နယ် တာဝန်ခံ ဒေါ်အေးသန္တာထွန်းတို့မှ  တွေ့ဆုံ၍  စားသုံးသူကာကွယ်ရေး   ဥပဒေအခန်း  ( ၁၈ )ပါ  ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသား‌ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ချက်များနှင့်အညီ ဖြန့်ဖြူးရောင်းချရန်၊ ကုန်စည်၏အရည်အသွေး၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲများ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းများအားလည်းကောင်း၊ ဥပဒေအခန်း(၁၀)ပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ဥပဒေအခန်း(၁၁)ပါကုန်စည်နှင့်စပ်လျဉ်း၍စားသုံးသူလက်ခံနိုင်သည့်အရည်အသွေးရှိခြင်းကို အထူးအလေးထားဆောင်ရွက်ရန်  အသိပညာပေး ဆွေးနွေး ဆောင်ရွက်ခဲ့ပြီး လက်ကမ်း ‌စာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)   

 “ သန်လျင်မြို့နယ်ရှိ City Mart Supermarket အတွင်းရှိအလှကုန်ပစ္စည်းများအားကုန်အညွှန်း အမှတ်အသားပြည့်စုံခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်း ”

            ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့ရှိ City Mart Supermarket အတွင်း ရောင်းချလျက်ရှိသည့် အလှကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထား ခြင်းရှိ/မရှိ စစ်ဆေးရန်အလို့ဌာ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (သန်လျင်မြို့နယ်)ရှိ စစ်ဆေးရေးမှူး နှင့်ဝန်ထမ်းများသည် စက်တင်ဘာလ(၁၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်၌ မြေပြင်ကွင်း ဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ငြိမ်းငြိမ်းဝင်း ဦးစီးမှူးက City Mart Supermarket မှ မန်နေဂျာနှင့် တွေ့ဆုံကာ အလှကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းဖြစ်ပါ ကြောင်း ပြောကြားပြီး အလှကုန်ပစ္စည်းများအား လိုက်လံစစ်ဆေးခဲ့ကြောင်း သိရှိရသည်။ ဆက်လက်၍ မန်နေဂျာအား မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ပြဌာန်းချက်များမှ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင် ရွက်ရမည့် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို)တစ်ခုထက်ပို၍ တွဲလျက် ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အလှကုန်ပစ္စည်းအမျိုးမျိုး (၁၀)ဂရမ်အထက်တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြရ၌ မဖြစ်မနေဖော်ပြရမည့်အချက် (၅)ချက်ရှိကြောင်းနှင့် အဆိုပါ(၅)ချက်အား ပြည့်စုံစွာဖော်ပြထားခြင်းမရှိပါက ဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

“ စားသုံးဆီအမျိုးမျိုးတို့တွင်ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး ”

      ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး  သန်လျင် မြို့နယ်မှ ဒေါ်ငြိမ်းငြိမ်းဝင်း(ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် စက်တင်ဘာလ(၁၂)ရက်နေ့၊ နေ့လည် (၁၃:၀၀)နာရီအချိန်တွင် ကျိုက်ခေါက်ဘုရားလမ်း၊ အောင်ချမ်းသာရပ်ကွက်၊ သန်လျင်မြို့နယ်ရှိ City Mart Super Market အတွင်းရောင်းချလျက်ရှိသော စားသုံးဆီအမျိုးမျိုးတို့ ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

      အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ သန်လျင်မြို့နယ်မှ ဒေါ်ငြိမ်းငြိမ်းဝင်း(ဦးစီးမှူး)က City Mart Supermarket အတွင်း ရောင်းချလျက်ရှိသည့် စားသုံး ဆီအမျိုးမျိုးတို့၌ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မဖြစ်မနေဖော်ပြရမည့်အချက် များဖြစ်သည့် အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့အား မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေး ဥပဒေပုဒ်မ (၄၃)အရ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ဆောင်ရွက်ရမည့် အချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်း မရှိသည့် စားသုံးဆီများအား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်း မပြုလုပ်ကြရန် အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

“ သုံးခွမြို့နယ်တွင်စားအုန်းဆီလက်လီလက်ကားဖြန့်ဖြူးရောင်းချသောလုပ်ငန်းရှင်များအား အသိပညာပေးတွေ့ဆုံဆွေးနွေးခြင်း ”

         ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ် တာဝန်ခံရုံးတွင် ခရိုင်(ဦးစီးမှူး) ဦးအောင်စိုးမိုးမှ စက်တင်ဘာလ(၁၂)ရက်နေ့၊ နေ့လည်(၁၄:၃၀) နာရီအချိန်တွင် စားအုန်းဆီလက်ကား ဖြန့်ဖြူးရောင်းချသော လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

       တွေ့ဆုံဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုးမှ မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာ များသို့ စားအုန်းဆီလက်လီလက်ကား ဖြန့်ဖြူးမှု အခြေအနေနှင့်ပတ်သတ်၍ ဆီကိုယ်စားလှယ် (၆)ဦးအား တွေ့ဆုံမေးမြန်းခြင်း၊ အိမ်ထောင်စုအလိုက် စာအုပ်စနစ်ဖြင့် လက်လီဖြန့်ဖြူးရောင်းချ နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ စာရင်းများအား ကြည့်ရှု့စစ်ဆေးခြင်း၊ စားအုန်းဆီ လက်ကားလက်လီရောင်းချရာတွင် ဈေးနှုန်းများ မြှင့်တင် ရောင်းချမှုမရှိစေရေး၊ သတ်မှတ်ရည် ညွှန်းဈေးနှုန်းအတိုင်း ရောင်းချကြရန်နှင့် စားအုန်းဆီဖြန့်ဖြူးရောင်းချရာတွင် မသမာသောနည်း လမ်းများဖြင့် လုပ်ဆောင်ခြင်းမပြုလုပ်ကြရန်၊ ထိုသို့ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးတွေ့ဆုံဆွေး နွေးခဲ့ပါသည်။

       ထို့နောက် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုး ဦးဆောင်၍ လန်းလန်း ဆန်းဆန်း ကုမ္ပဏီမှ ဦးကောင်းထက်ဇော်၊ Wilmar ကုမ္ပဏီမှ ဦးမျိုးကိုကိုသိန်း၊ မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင်နှင့် ဆီကုန်သည်အသင်းမှ ဦးအေးနိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး နှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်အေးစန္ဒာဝင်းနှင့် ဝန်ထမ်းများ လက်ကားဖြန့်ဖြူးရောင်းချသည့် ဆီကိုယ်စားလှယ်(၆)ဦးနှင့်အတူ အမှတ်(၂) ရပ်ကွက်ရှိ အိမ်ထောင်စုအလိုက် စာအုပ်စနစ်ဖြင့် ဝယ်ယူသည့် စားသုံးသူများထံ အိမ်တိုင်ရာ ရောက်တွေ့ဆုံ၍ ဆီဝယ်ယူရရှိမှု အခြေအနေများနှင့် ပတ်သတ်၍ အမှန်တကယ်ရရှိခြင်းရှိ/မရှိ ဆီစာအုပ်များအား တောင်ယူ၍ ကြည့်ရှု့စစ်ဆေး မေးမြန်းမှတ်တမ်းတင်ခြင်းများ ဆောင်ရွက်ခဲ့ပါ သည်။ ဆက်လက်၍ စပါယ်ချောင်ကျေးရွာရှိ စားအုန်းဆီလက်လီဖြန့်ဖြူးရောင်းချနေမှု အခြေ အနေများအား ကြည့်ရှု့စစ်ဆေးပြီး ဝယ်ယူသည့် စားသုံးသူများအား တွေ့ဆုံ၍ သိရှိလိုသည်များ အား မေးမြန်းစုံစမ်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 ပဲခူးတိုင်းဒေသကြီးဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ်

       ပဲခူးတိုင်း‌ဒေသကြီးဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ-ပုဂ္ဂလိက တွေ့ဆုံ ဆွေးနွေးပွဲကို (၁၅.၉.၂၀၂၅)ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စားသုံးသူရေးရာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌများနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဒုတိယဥက္ကဌများ၊ စီမံခန့်ခွဲရေးကော်မတီဝင်များ၊ တိုင်းဒေသကြီး ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆန်စပါးကုန်သည်များအသင်းဥက္ကဌနှင့် ကော်မတီဝင်များ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်စပါးကုမ္ပဏီများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။

    အစိုးရ-ပုဂ္ဂလိက တွေ့ဆုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တောင်သူများ စပါးပေါ်ချိန်တွင် စျေးနှုန်းသင့်တင့်မျှတစွာ ရရှိစေရေးအတွက် ပို့ကုန်တိုးမြှင့်ပြီးစပါးပေါ်ချိန်တွင် တောင်သူလယ်သမားများထံမှ တိုးမြှင့်ဝယ်ယူပေးနိုင်ရေး ဆောင်ရွက်ရန်၊ စပါးစိုက်တောင်သူများအား ကူညီပေးရန်၊ မြို့နယ်အလိုက်ဆန်စက်ပိုင်များ ၊ ဆန်စပါးကုမ္ပဏီများမှ မိုးစပါးရာသီ ထွက်ပေါ်လာမည့် စပါးများကို ဝယ်ယူပေးရန်၊ ဝယ်ယူရေးလုပ်ငန်းများကို အချိန်မဆိုင်ငံ့ဘဲ စီစဥ်ဆောင်ရွက်ပေးရန် စသည်တို့ကို မှာကြားပေးခဲ့ပါသည်။

DOCA(ပဲခူး)

နတ်တလင်းခရိုင်တွင်အွန်လိုင်းဝယ်ယူခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေး Talk Show ပြုလုပ်

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီဲးဌာနသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းများကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားပြီးဖြစ်သည့်အတွက် အွန်လိုင်းစနစ်ဖြင့် ရောင်းချမည့် မည်သူမဆို မှတ်ပုံတင် လက်မှတ် မှတ်ပုံတင်စနစ်အား သတ်မှတ်သော လျှောက်လွှာပုံစံတွင် ဖြည့်သွင်း၍ အွန်လိုင်း (Online)စနစ်ဖြင့် မှတ်ပုံတင်လက်မှတ် လျှောက်ထားနိုင်ရန်နှင့် အွန်လိုင်းမှတဆင့် ဝယ်ယူခြင်းနှင့် စပ်လျဉ်း၍ Talk Show အသိပညာပေး ဆွေးနွေးခြင်းကို နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ စက်တင်ဘာလ တတိယပတ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

        အဆိုပါ အွန်လိုင်းစနစ်ဖြင့် ဈေးဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ အွန်လိုင်းမှ ဈေးဝယ်ယူခြင်း အားသာချက်၊ အားနည်းချက် လိမ်လည်မှုပုံစံများအကြောင်း အွန်လိုင်းရောင်းချမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ စိစစ်သင့်သည့် အချက်အလက်များ၊ ကုန်စည်(သို့) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများ စိစစ်သင့်သည့် အချက်အလက်များ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများ၏ ဆောင်ရွက်မှုအကြောင်း မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှု လုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့် ရရှိလာမည့် အကျိုးရလဒ်များအကြောင်း တိုင်းကြားနိုင်သည့်နေရာများ တိုင်ကြားမှုဖြေရှင်းသည့် နည်းလမ်းများ အကြောင်းကို စားသုံးသူပြည်သူများသိရှိနိုင်စေရန်  Talk Show အသိပညာပေးဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

 

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ