Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ချောက်မြို့နယ်၊ ချောင်းတက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

    မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ ချောင်းတက်ကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)နှင့် ကိုင်းထောက်ကန်ကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌  ကျောင်းသား/ ကျောင်းသူများအား ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို (၁၀.၁၁.၂၀၂၃)ရက်နေ့တွင် ကျင်းပခဲ့သည်။

    ရှေးဦးစွာ မြို့နယ်ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက “လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောမြဖောင်းက “သဘာဝဘေးအသိပညာ‌ပေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဒေါ်မြတ်မြတ်မိုးက “စားသောက်ရန်မသင့်သော အစားအသောက်များနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်သည့် ပစ္စည်းများအား ဝယ်ယူသုံးစွဲတတ်စေရေး”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာန၊ မြို့နယ်တာဝန်ခံဒေါ်ဆုဆုဇင်က “ပလတ်စတစ်ညစ်ညမ်းမှု‌‌လျော့ချရေး”ခေါင်းစဉ်ဖြင့် လည်းကောင်းအသီးသီး ဟောပြောခဲ့ကြသည်။

    ထို့နောက်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ တက်ရောက်ဟောပြောခဲ့သည့် ဌာနဆိုင် ရာတာဝန်ရှိသူများအား ကျောင်းအုပ်ဆရာမကြီးဒေါ်နှင်းယုလွင်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဟောပြောပွဲတက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာဌာနများအလိုက် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါလူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၂၇၃)ဦး တက် ရောက်ခဲ့ကြောင်း သိရသည်။

 ဆက်လက်၍ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ “ဗလငါးတန်ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့်လည်းကောင်း”၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ “ကာလဗလဖွံ့ဖြိုးစေရေး အစားအသောက်ပုံစံများအားလည်းကောင်း” အသီးသီး ဟောပြောခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

 

မအူပင် မြို့ပေါ်တွင် ရောင်းချနေသော ဆေးဆိုင်များတွင် စံမမှီဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ ကွင်းးဆင်းစစ်ဆေးခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦး)နှင့် ဝန်ထမ်းများသည် (၈-၁၁-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မအူပင်မြို့ပေါ်ရှိ ဆေးဆိုင်များတွင် တရားမဝင် ဆေးဝါးများ ရောင်းချမှု မရှိစေရေး၊ ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာပါရှိသော ဆေးဝါးများရောင်းချကြစေရေးအတွက် ကျန်းမာရေး ဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြပါသည်။

    ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိ ဦးအောင်ဇော်ဦးက မအူပင်မြို့ပေါ်ရှိဆေးအမျိုးမျိုးရောင်းချနေသော ဆေးဆိုင်(၃)ဆိုင်အား စစ်ဆေးရာ ဆေးဆိုင်ပိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်ပြည့်စုံစွာ ဖော်ပြထား ခြင်းမရှိသော ဆေးဝါးများကို မရောင်းချကြရန်၊ သက်ဆိုင်ရာဌာနများမှ တားမြစ်ထားသော ကုန်စည်များကိုလည်း မရောင်းချ ကြရန်နှင့် သတ်မှတ်ချက်စည်းကမ်းများနှင့် ကိုက်ညီမှုမရှိသော ကုန်စည်များအားရောင်းချခြင်း စစ်ဆေးတွေ့ရှိရပါက အရေးယူ ဆောင်ရွက်ခြင်းပြစ်မှု၊ ပြစ်ဒဏ်များခံရမည်ဖြစ်ကြောင်း လုပ်ငန်းရှင် များ လိုက်နာရမည့်တာဝန်များအား ရှင်းလင်းဆွေးနွေးပြီး ကုန်စည်များတွင် မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါ ကုန်အညွှန်းအမှတ် အသား သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသည့် ကုန်စည်များကို ရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ တားမြစ်ထားသော ဆေးဝါးများ၊ မှတ်ပုံတင်မဲ့ ဆေးဝါးများ ရောင်းချမှုမရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

မကွေးမြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များ စားအုန်းဆီအားလုပ်ငန်းများတွင် အမှန်တကယ်အသုံးပြုမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာနသည် ပြည်တွင်း၌ထုတ်လုပ်သော စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်များအား လုပ်ငန်းများစဉ်ဆက်မပြတ်လည်ပတ်နိုင်ရန် လုပ်ငန်းသုံးဆီရရှိရေး ဆောင်ရွက် ပေးလျက်ရှိပါသည်။

  (၁၀.၁၁.၂၀၂၃)ရက်နေ့၊ နံနက်(၀၉း၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မကွေးမြို့နယ်အတွင်းမှ လုပ်ငန်းသုံးဆီ(စားအုန်းဆီ) ခွဲဝေရရှိသည့် “ကျော်ဇော”ပဲကြော်လုပ်ငန်း “ကောင်းပြည့်ကျော်” ပဲကြော်လုပ်ငန်း၊ “သန်းတစ်ရာ” ပဲကြော်လုပ်ငန်း၊ “သန်းတစ်ရာ(ပေါကြွယ်)” ပဲကြော်လုပ်ငန်းနှင့် “သူရိန်ထက်” ပဲကြော်၊ စား‌တော်ပဲ၊ ကုလားပဲကြော်လုပ်ငန်းများသို့ သွားရောက်ပြီး ခွဲတမ်းရရှိသည့် စားအုန်းဆီများအားလုပ်ငန်းများ၌ အမှန်တကယ်သုံးစွဲမှုရှိ/မရှိနှင့် ထွက်ရှိသောကုန်ချောများအား တင်ပို့ဖြန့်ဖြူးရောင်းချမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မုဒုံမြို့နယ်ရှိ ကုန်မျိုးစုံနှင့် စတိုးဆိုင်များတွင် အသင့်သောက်ကော်ဖီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

  မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မုဒုံမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၁၄-၁၁-၂၀၂၃) ရက်နေ့တွင် မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်းကာ  မုဒုံမြို့ပေါ်ရှိ ကုန်မျိုးစုံဆိုင်နှင့်စတိုးဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ မုဒုံမြို့နယ်ရှိ ကုန်မျိုးစုံဆိုင်နှင့်စတိုးဆိုင်များ၌ ရောင်းချလျက်ရှိသော အသင့်သောက်ကော်ဖီအမျိုးမျိုးတွင် မြန်မာစာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိမှုရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ  မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသော အသင့်သောက်ကော်ဖီအမျိုးမျိုးကိုသာ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မွန်)

မုဒုံမြို့ရှိ စားအုန်းဆီများအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မြို့နယ်စုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၉-၁၁-၂၀၂၃) ရက်နေ့တွင် မွန်ပြည်နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်း၏ မုဒုံမြို့နယ်အတွက် (၈) ကြိမ်မြောက် ခွဲဝေရရှိထားသော စားအုန်းဆီများရောင်းချခြင်းကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မွန်ပြည်နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက မုဒုံမြို့နယ်အတွက် (၈) ကြိမ်မြောက် ခွဲဝေရရှိထားသော စားအုန်းဆီ (၁၁)ပေပါ (၁၂၁၀ ပိဿာ)ကို ဦးကြိုင်းပွဲရုံမှထုတ်ယူခဲ့ပြီး ပြည်သူများအား ပြန်လည်ရောင်းချရာတွင် မွန်ပြည်နယ်အတွက် သတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချမှုရှိ/မရှိ၊ အလေးချိန်မှန်ကန်မှုရှိ/မရှိ စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

မွန်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရှိ ဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

    မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး၊ မော်လမြိုင်ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၃-၁၁-၂၀၂၃) ရက်နေ့တွင် မွန်ပြည်နယ်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရှိ ဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

    အဆိုပါ ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်မိရင်စနိုင်းမွန်က ဟောပြောပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်ကိုလည်းကောင်း၊ မော်လမြိုင်ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင်က စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာဖော်ပြချက်များ၊ တိုင်ကြားနိုင်သည့်လူပုဂ္ဂိုလ်၊ တိုင်ကြားနိုင်သည့်နေရာများ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူဆောင်ရွက်မှုအဆင့်ဆင့်နှင့် ဥပဒေ၏တားမြစ်ချက်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များ၊ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နေမှုများကိုလည်းကောင်း အသေးစိတ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီးမှ စီးပွားရေးလုပ်ငန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်လိုက်ပါလျက် (၁၁-၁၁-၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ၊ မဟာကထိန်တော်အသင်းဝင်များနှင့်တွေ့ဆုံဆွေးနွေး၍ ကုန်စည်ဒိုင်အတွင်း ရောင်းဝယ်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး    နေ့လယ်ပိုင်းအချိန်တွင်  မြစ်ငယ်ရှိ Kerry Mother Logistics နှင့် Resource Group Logistics Dry Port များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ အမရပူရမြို့နယ်ရှိ မဟာစံပြနွယ်ဆန်စက်၊ စိန်လမင်းဆီစက်တို့သို့သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေမှုများကိုဆွေးနွေးခဲ့ပါသည်။ (၁၂-၁၁-၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်ရေးလုပ်ငန်းကော်မတီ(မန္တလေးရုံးခွဲ)၌ တာဝန်ထမ်းဆောင်နေသော ဌာနများမှတာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီးနောက် နံနက် (၁၁:၂၀) နာရီအချိန်တွင် ပြည်ကြီးတံခွန်မြို့နယ်ရှိ အာရှတိုင်းကျော်ပဲခွဲစက်သို့သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ဆက်လက်၍  (၁၂-၁၁-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၂:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီးရှိ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်ရေးလုပ်ငန်းကော်မတီ (မန္တလေး) ရုံးခွဲ၌ တာဝန်ထမ်းဆောင်နေသော စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှဝန်ထမ်းများ၊ ကုန်သွယ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် မူပိုင်ခွင့်ဦးစီးဌာနတို့မှဝန်ထမ်းများနှင့်  တစ်ဦးချင်းမိတ်ဆက်တွေ့ဆုံ၍ ဝန်ထမ်းများနှင့်အတူ ချစ်ကြည်ရင်းနှီးစွာ နှုတ်ဆက်အမှာစကားများမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

မန္တလေးမြို့၊ မြို့တော်ခန်းမ၌ ဆန်စပါး၊ MSME လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး၊ ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းများတည်ငြိမ်မှန်ကန်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ပူးပေါင်းကျင်းပသည့် ဆန်စပါး၊ MSME လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းများတည်ငြိမ်မှန်ကန်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို (၁၁-၁၁-၂၀၂၃) ရက်နေ့၊ နံနက် (၉း၀၀) နာရီအချိန်တွင် မန္တလေးမြို့၊ မြို့တော်ခန်းမ၌ကျင်းပခဲ့ရာ ဆွေးနွေးပွဲကို  မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး မန္တလေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးနှင့် မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မန္တလေးတိုင်းဒေသကြီး၊ ဆန်ကုန်သည်များအသင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆန်စပါးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ ဆန်ကုန်စည်ဒိုင်များအသင်း၊ ဆန်ပွဲရုံလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ကြပါသည်။

   ဆွေးနွေးပွဲတွင် စီးပွားရေးရာဝန်ကြီးက  မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆန်စပါးဆိုင်ရာ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး၊ ဆန်စက်အလတ်စား၊ အငယ်စားများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စပါးဝယ်ယူမှုချေးငွေများရရှိရေး၊ ဆန်စက်များအဆင့်မြှင့်တင်နိုင်ရေးနှင့် ချေးငွေရရှိရေးတို့ပါ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည့်အပြင် ယခုကဲ့သို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က မန္တလေးတိုင်းဒေသကြီး၏ ဆန်စပါးကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး ဆန်လောကသားများနှင့်အတူ ဆွေးနွေးပူးပေါင်းဆောင်ရွက်ပေးသည့်အတွက် များစွာကြိုဆိုပါကြောင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌက မြန်မာ့ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့်   ဆန်စပါးညီလာခံ (၂၀၂၂) တွင် ဖော်ထုတ်ခဲ့သောအချက်များအရ  ဆန်အိတ်ရေ (၁၀၀၀)အိတ်၊ ဆန်တန်ချိန် (၅၀) တန်အထက် သိုလှောင်ထားသောသိုလှောင်ရုံများ မဖြစ်မနေမှတ်ပုံတင်ရန်နှင့် ဆန်စပါးဥပဒေလည်း မကြာခင်ထွက်ပေါ်လာတော့မည်ဖြစ်ကြောင်း၊ ပြည်တွင်းစားသုံးမှုဖူလုံရေးအတွက်  ပြည်တွင်းတွင် ထုတ်လုပ်မှုများရန်လိုအပ်ကြောင်း၊ ထုတ်လုပ်မှုများမှ  လူသုံးကုန်များနိုင်မည်ဖြစ်ကြောင်း၊ ထုတ်လုပ်မှုများဖို့အတွက် အဓိကဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ တောင်သူကြီးများအနေဖြင့် အထွက်နှုန်းမြင့်မားသောမျိုးစိတ် (high yield variety) နှင့် (high brid variety) (၂) မျိုးကို အဓိကကိုင်တွယ်ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ အတွင်းရေးမှူး ဦးလူမော်မြင့်မောင်က Myanmar Rice Online (MyRO) Website တွင် ဆန်စပါးသိုလှောင်မှုမှတ်ပုံတင်ရာ၌ လုပ်ဆောင်ရမည့်အဆင့်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး၊ ဦးသောင်းထိုက်စိုးက နိုင်ငံတကာဆန်ဈေးကွက်နှင့် ဆန်ဈေးနှုန်းအခြေအနေများကိုဆွေးနွေးပြောကြားခဲ့ပါသည်။ ၎င်းနောက် လူငယ်ဆန်စပါးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါ်ယမင်းနိုင်က  သိုလှောင်ရုံနှင့်ကုန်အပ်လက်မှတ်ကိုအခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်အကြောင်းများကိုရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးမှ ဆန်စပါးလုပ်ငန်းရှင်များမှ ဆန်စပါးကြိတ်ခွဲ၊ ထုတ်လုပ်သယ်ယူပို့ဆောင်ရသည့် လုပ်ငန်းစဉ်တလျှောက် ကြုံတွေ့ရသည့်အခက်ခဲများကိုမေးမြန်းဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲကို နေ့လယ်(၁၂:၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

အင်္ဂပူမြို့နယ်ရှိ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

    စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၈-၁၁-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြောက်အုပ်စု၊ အုပ်ချုပ်ရေးမှူးရုံး၌ ဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့သည်။

   ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုသည် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီးနောက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးနှင့်ပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ စားသုံးသူမိဘပြည်သူများအနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းကိုသိရှိလိုပါက www. doca. gov. mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

မြန်အောင်မြို့နယ်ရှိ အမှတ်(၁)ရပ်ကွက်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

  စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် (၉-၁၁-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၂၀) နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ စားသုံးသူပြည်သူ(၃၀)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

    ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများသည် ကုန်စည်ကိုရွေးချယ်ဝယ်ယူတတ်စေရန် ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ဖော်ပြပါရှိသည့်အချက်အလက်များကို သေချာစွာစိစစ်ဝယ်ယူနိုင်ရန်၊ အစားအသောက်နှင့်ကုန်စည်များပေါ်တွင်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သောကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း၊  ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းနှင့် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှအခြေအနေကိုလည်ကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းကိုသိရှိလိုပါက www. doca.  gov. mm  Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center No. (1535) သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA( ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ