Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားသုံးဆီဖြန့်ခွဲရောင်းချမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ကရင်ပြည်နယ်ဦးစီးမှူးတက်ရောက်

   စားအုန်းဆီဖြန့်ခွဲရောင်းချမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Virtual Meeting စနစ်ဖြင့် (၁၆-၁၁-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအမှတ်(၅၂)၊ အစည်းအဝေးခန်းမ(၃)၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်၍ ကျင်းပခဲ့ပါသည်။      

  အဆိုပါ အစည်းအဝေးတွင်  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီးမှ  အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ်မှ စားသုံးဆီဖြန့်ခွဲရောင်းချမှုဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးများနှင့် စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများမှ ဒေသအလိုက် စားအုန်းဆီလိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ပြီး ကရင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက ကရင်ပြည်နယ်အတွင်း စားအုန်းဆီလိုအပ်ချက်အခြေအနေများကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါသည်။

   ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို နံနက်(၁၁:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ  တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးများနှင့် စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(ကရင်)

မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk ကျင်းပပြုလုပ်

   ၁၆.၁၁.၂၀၂၃ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်အထောက်အကူပြု Thursday Talk ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ရုံးနှင့် မော်လမြိုင်ခရိုင်ရုံး၊ သထုံခရိုင်ရုံးမှ အရာထမ်း၊ အမှုထမ်းစုစုပေါင်း (၃၃) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk အသိပညာပေး ဟောပြောဆွေးနွေးပွဲတွင် ပြည်နယ်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားပြီးနောက် ဘီးလင်းမြို့နယ် တာဝန်ခံ ဒေါ်ဇင်ဖြူဝင်း(ဦးစီးမှူး)က ဘီးလင်းမြို့နယ်တာဝန်ခံရုံး၏ လုပ်ငန်းဆောင်ရွက်ချက်ကို လည်းကောင်း၊ သထုံမြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်း(ဒုတိယဦးစီးမှူး)က သထုံမြို့နယ်တာဝန်ခံ၏ လုပ်ငန်းဆောင်ရွက်ချက်များကိုလည်းကောင်း၊ ပြည်နယ်ဦးစီးမှူးရုံး၊ ပြည်တွင်းကုန်သွယ်ရေးနှင့် သုတေသနဌာနခွဲမှ အငယ်တန်းစာရေး ဒေါ်တွယ်တာလမင်းက လူအများ သိသင့်သိထိုက်သော၊ လိုက်နာကျင့်သုံးသင့်သော ပြည်သူ့နီတိသိကောင်းစရာများကိုလည်းကောင်း၊  သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ၊ အငယ်တန်းစာရေး ဒေါ်ယွန်းမီမီဖူးဝေက မိမိကိုယ်ကိုယုံကြည်မှု (Self Confidence)အကြောင်းအား လည်းကောင်း အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများမှ သိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

ကျိုက်ထိုမြို့နယ်တွင် ဒီဂျစ်တယ်ငွေကြေးဆိုင်ရာ စားသုံးသူအသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်

   မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ဒီဂျစ်တယ်ငွေကြေးဆိုင်ရာ စားသုံးသူအသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ၁၅.၁၁.၂၀၂၃ ရက်နေ့၊ နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

       အဆိုပါ Talk Show ဆွေးနွေးပွဲတွင် ကျိုက်ထိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေ ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က အသိပညာပေး Talk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်မင်းက ဒီဂျစ်တယ်ငွေကြေးအဓိပ္ပါယ်၊ Mobile Wallet အကြောင်း၊ Mobile Wallet အသုံးပြုပုံ၊ လက်ရှိအသုံးပြုနေသည့် Mobile Wallet အမျိုးအစား၊ စားသုံးသူပြည်သူများအနေဖြင့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများဝယ်ယူသုံးစွဲခြင်းကြောင့် ထိခိုက်နစ်နာမှုတစ်စုံတစ်ရာဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ စသည်တို့ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ဘီးလင်းမြို့တွင်းနှင့် နှင်းပုလဲကျေးရွာရှိ သောက်ရေသန့်စက်ရုံများအား ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်း

 စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၁၄.၁၁.၂၀၂၃) ရက်နေ့တွင် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများဖြစ်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဘီးလင်းမြို့အတွင်းရှိ ကျေးဇူးတော်သောက်ရေသန့်စက်ရုံ၊ လတစ်ဆယ် သောက်ရေသန့် စက်ရုံနှင့် နှင်းပုလဲကျေးရွာရှိ Golden Boat သောက်ရေသန့်စက်ရုံများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့သည်။

  ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် သောက်ရေသန့်စက်ရုံများမှ ထုတ်လုပ်ဖြန့်ချီနေသော သောက်ရေသန့်အမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေးဥပဒေပါအတိုင်း မြန်မာစာကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိစစ်ဆေးခြင်း၊ သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီမှု မရှိသော စားသုံးသူများကို ဘေးအန္တရာယ်ဖြစ်စေနိုင်သော သောက်ရေသန့်များ ဈေးကွက်အတွင်း ရောင်းချမှုရှိ/မရှိကို စစ်ဆေးခြင်း၊ သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက် ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာဘေးအန္တရာယ်ကင်းပြီး မြန်မာစာကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထား သည်ကို စစ်ဆေးတွေ့ရှိရသည်။

    သောက်ရေသန့်လုပ်ငန်းရှင်များအားလည်း စားသုံးသူများ ဘေးအန္တရာယ်ကင်းစေရေးအတွက် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိသော သောက်ရေသန့်များကိုသာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချစေရန်အတွက် အသိပညာပေး ဆွေးနွေး၍ စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များနှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

 

ကျိုက်ထိုမြို့နယ်အတွင်းရှိ သောက်ရေသန့်စက်ရုံများအား ဈေးကွက်ကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၁၄.၁၁.၂၀၂၃) ရက်နေ့တွင် မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျိုက်ထိုမြို့နယ်အတွင်းရှိ သောက်ရေသန့်စက်ရုံများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။

     အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဦးစားပေးကုန်စည်များမှ (၁) မျိုးဖြစ်သည့် သောက်ရေသန့်ဗူးများတွင် စားသုံးသူကာကွယ်ရေးဥပဒေပါအတိုင်း မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုခုနှင့် တွဲလျက်ဖြစ်စေ ဖော်ပြထားမှု ရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက် ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာဖော်ပြထားပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များရရှိပြီးဖြစ်သည်ကို တွေ့ရှိရပါသည်။

      ရေသန့်လုပ်ငန်းရှင်များအားလည်း စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်စေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေပါအတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာဖော်ပြရန်၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို လိုက်နာကြရန် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

ငါန်းဇွန်မြို့တွင် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ငါန်းဇွန်မြို့နယ် တာဝန်ခံ ဒေါ်သင်းသင်းဆွေသည် (၈.၁၁.၂၀၂၃)ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်၌ ငါန်းဇွန်မြို့ရှိ အမှတ်(၄) အခြေခံပညာမူလတန်းကျောင်းတွင်လည်းကောင်း၊ (၉.၁၁.၂၀၂၃)ရက်နေ့၊ နံနက် ၁၀:၃၀ အချိန်၌ အမှတ်(၁) အခြေခံပညာမူလတန်းကျောင်းတွင်လည်းကောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော နံရံကပ်စာစောင်၊ သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့နှင့်ပူးပေါင်းပါဝင်၍      စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ များ ဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါဟောပြောပွဲများတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်‌နေခြည်ဦးက “လူငယ်တွေအတွက် ဗလငါးတန်ဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးရာတွင် ကျောင်းသားကျောင်းသူများအား ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တနှင့် ဘောဂဗလ၊ ဗလငါးတန်ဖွံဖြိုးတိုးတက်စေဖို့ လေ့ကျင့်ပြုမှုနေထိုင်တတ်စေရန် အချက်များ အား ဟောပြောဆွေးနွေးခဲ့ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဦးလှိုင်မိုးဟိန်းမှ ကိုယ်လက်လှုပ်ရှားအားကစား ခေါင်းစဉ်ဖြင့် လူငယ်များအတွက် နေ့စဉ်အလွယ်တကူ ပြုလုပ်နိုင်သော ကိုယ်လက်လှုပ်ရှားအားကစားနည်းလမ်းများ၊ သက်ရှည်ကျန်းမာဖို့ နေ့စဉ် လမ်းလျှောက်အားကစားပြုလုပ်ခြင်းဖြင့် ရရှိနိုင်သောအကျိုးကျေးဇူးများကို ရှင်းလင်းပြောကြား ခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ငါန်းဇွန်မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေက စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ ဟောပြောဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အဓိပ္ပာယ်၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ အဓိပ္ပယ်များ၊ နစ်နာဆုံးရှုံးမှု၏အဓိပ္ပာယ်နှင့် ကုန်အညွှန်းအမှတ်အသားများနှင့်စပ်လျဉ်း၍ ဖော်ပြပါဝင်ရမည့်အချက်များ၊ ကျောင်းသားကျောင်းသူများအနေဖြင့် ကုန်စည်များ ဝယ်ယူစားသောက်သုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြထားပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ပါဝင်သောအစားအသောက်များနှင့် ကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူကြရန်လိုအပ်ပါကြောင်း၊ အချို့မှာ သက်တမ်းလွန် အစားအသောက်များ၊ ကုန်စည်များကို ရောင်းချမှုများရှိသည့်အတွက် ထုတ်လုပ်သည့်ရက်စွဲနှင့်သက်တမ်းကုန်ဆုံးသည့် ရက်စွဲများကိုလည်း အလေးထားကြည့်ရှု့ဝယ်ယူကြရန်၊ စိတ်ကြိုက်ရွေးချယ်ပိုင်ခွင့်သည် စားသုံးသူ၏ အခွင့်အရေးများထဲမှ အခွင့်အရေးတစ်ရပ်ဖြစ်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသားများကို ငယ်ရွယ်စဉ်မှစ၍ ကြည့်ရှု့ဝယ်ယူကြရန်အလေ့အကျင့်များရှိကြဖို့လိုအပ်ပါကြောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများကိုလည်း အရေးဆိုတိုင်ကြားနိုင်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဟောပြောဆွေးနွေးပွဲများမှ ရရှိသည့်အသိပညာဗဟုသုတ များကိုလည်း မိမိတို့၏မိသားစုဝင်များ၊ မိတ်ဆွေအပေါင်းအသင်းများနှင့် မိမိတို့၏ပတ်ဝန်းကျင်များ သို့ အသိပညာဗဟုသုတများ ပြန်လည်မျှဝေပေးသည့် အလေ့အကျင့်ကောင်းများလည်းရှိကြရန်နှင့် ပြန်လည်၍မျှဝေပေးစေလိုပါကြောင်း စသည်ဖြင့် အသိပညာပေးဟောပြောဆွေးနွေးခဲ့ရာ အမှတ်(၄)၊ အခြေခံပညာမူလတန်းကျောင်းတွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ(၅၅)ဦး၊ အမှတ်(၁) အခြေခံပညာမူလတန်းကျောင်းတွင် ဆရာ/ဆရာနှင့် ကျောင်းသားကျောင်းသူ(၇၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ငါန်းဇွန်(အ.ထ.က)တွင် အသိပညာပေးဟောပြောပွဲ ပူးပေါင်းဆောင်ရွက်

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ငါန်းဇွန်မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်ပူးပေါင်းပါဝင်၍ (၁၄.၁၁. ၂၀၂၃)ရက်နေ့၊ နေ့လယ် ၁၄:၀၀ နာရီအချိန်တွင် ငါန်းဇွန်မြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ အောင်ဆန်းခန်းမ၌ ဆရာ/ဆရာမများနှင့်ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးနှင့်ပါတ်သက်၍ အသိပညာပေး ဟောပြောမှုများ ဆောင်ရွက်ခဲ့ပါသည်။

  ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက  ကလေးအလုပ်သမားပပျောက်ရေး ခေါင်းစဉ်ဖြင့် ကလေးသူငယ်နှင့် ကလေးအလုပ်သမားတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ ကလေးအလုပ်သမားဖြစ်ရခြင်းအကြောင်း အရင်းများ၊ ကမ္ဘာပေါ်နှင့်မြန်မာနိုင်ငံရှိ ကလေးလုပ်သားပေါင်း အရေအတွက်များ၊ မြန်မာနိုင်ငံတွင် ကလေးလုပ်သားပပျောက်ရေးနှင့်ပတ်သက်ပြီး ဥပဒေပြဌာန်းချက်များ၊ အဆိုးရွားဆုံးပုံစံဖြင့် ကလေးများကိုခိုင်းစေခြင်းများ၊ ကလေးလုပ်သားပပျောက်ရန် လုပ်ဆောင်နေမှုများအား ဟောပြောဆွေးနွေးခဲ့ပါသည်။ထို့နောက် ငါန်းဇွန်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဦးလှိုင်မိုးဟိန်းက ကိုယ်လက်လှုပ်ရှားအားကစားခေါင်းစဉ်ဖြင့် အကျယ်တဝင့် ဟောပြောဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ငါန်းဇွန်မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ကုန်စည်များတွင် ကုန်စည်အမျိုးအစားအလိုက် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ကုန်အညွှန်းအမှတ်သားဆိုသည်မှာ ကုန်စည် သို့မဟုတ် ကုန်စည်ထုပ်ပိုးမှုအပြင်အဆင်ပေါ်တွင် စာဖြင့်ရေးသား၍ဖြစ်စေ၊ ရုပ်ပုံဖြင့်ဖြစ်စေ၊ အခြားနည်းတစ်ရပ်ရပ်ဖြင့်ဖြစ်စေ ဖော်ပြထားသည့် ကုန်စည်နှင့်သက်ဆိုင်သည့် အချက်အလက် သို့မဟုတ် အမှတ်အသားကို ဆိုလိုတာဖြစ်ကြောင်း၊ နစ်နာဆုံးရှုံးမှုဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ၏ ရုပ်ပိုင်းဆိုင်ရာကိုဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာကိုဖြစ်စေ၊ ဂုဏ်သိက္ခာကိုဖြစ်စေ၊ နာမည်ဂုဏ် သတင်းကိုဖြစ်စေ၊ ပိုင်ဆိုင်မှုတစ်ရပ်ကိုဖြစ်စေ ထိခိုက်စေခြင်းကို ဆိုလိုတာဖြစ်ကြောင်း၊ ကုန်စည် နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများရှိပါက အရေးဆိုတိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့် နေရာများ၊ ဖုန်းနံပါတ်များ၊ နည်းလမ်းများအကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အသင့်စားမုန့်အမျိုးမျိုးကို ဝယ်ယူစားသုံးရာတွင် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးမည့်ရက်စွဲများကို ကြည့်ရှုကြရန်လိုအပ်ပြီး၊ မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြထားပြီး၊ သက်ဆိုင်ရာဌာနများ၏ထောက်ခံချက်များ ပါဝင်သော မုန့်ပဲသွားရည်စာများနှင့်ကုန်စည် များကိုသာ ရွေးချယ်ဝယ်ယူစားသောက်သုံးစွဲကြရန် စသည်ဖြင့် အကျယ်တဝင့် ဟောပြောဆွေးနွေးခဲ့ပါသည်။ထို့နောက် ကျောင်းအုပ်ဆရာကြီး ဦးအောင်မျိုးဦးက ယခုလို သက်ဆိုင်ရာဌာနများအလိုက် မိမိ၏ကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများကို သိသင့်သိထိုက်သည့် အကြောင်းအရာမျိုးစုံအား လာရောက်ဟောပြောဆွေးနွေးပေးပါသော ဌာနဆိုင်ရာတာဝန်ရှိသူများအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ကျောင်းအုပ်ဆရာကြီးနှင့်တကွ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၁၆၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ် ဖူထိကျေးရွာ အလက ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ် တာဝန်ခံဦးမင်းဇော်လတ်သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၃.၁၁.၂၀၂၃)ရက်နေ့ နံနက် (၀၉;၀၀) နာရီတွင် မော်ကျွန်းမြို့နယ်၊ ဖူထိကျေးရွာ အ.လ.က ကျောင်း၌ ဆရာ/ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိ ပညာပေး ဟောပြောဆောင်ရွက် ခဲ့ပါသည်။

      ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ် တာဝန်ခံက မိတ်ဆက်စကား ပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှလက်ရှိဆောင်ရွက် နေသော လုပ်ငန်း တာဝန် များ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်း တာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့် အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊  သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်း ဟောပြောခဲ့ပြီး၊ မိမိတို့စားသောက် နေသောအစားအသောက်များတွင် ဓါတုဆိုးဆေးများအလွန် အကျုးပါဝင်နေခြင်း၊ သက်တမ်းလွန်အစားအသောက်များအား မိမိ၏အသိဖြင့် ဆင်ခြင်ဝယ်ယူစား သောက်ကြရန် ဟောပြောခဲ့ပါသည်၊ စားသုံးသူအသိပညာပေးဟောပြောပွဲသို့ ဆရာ/ ဆရာမ၊ ကျောင်းသားကျောင်းသူ စုစုပေါင်း(၂၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ဖျာပုံမြို့နယ်၊(၁၁)ရပ်ကွက်၊အမှတ်(၅) အခြေခံပညာမူလတန်းကျောင်းရှိ ဆရာ/မ၊ ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမင်းဇော်နှင့် ဝန်ထမ်းများသည် ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊နိုဝင်ဘာလ(၁၄) ရက်နေ့ ၊နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆရာ/မ(၅)ဦး နှင့် ကျောင်းသား/သူ(၁၀၉)ဦး၊ စုစုပေါင်း(၁၁၄) ဦးအား ဖျာပုံမြို့၊(၁၁)ရပ်ကွက်၊အမှတ်(၅)အခြေခံပညာမူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက တားမြစ်ဆိုးဆေးများအကြောင်း၊ စားသုံးရန်မသင့်သည့်အစားအစာများအကြောင်း၊ တွဲဖက်မစားသင့်သည့်အစားအစာများအကြောင်းတို့ကိုရှင်းလင်း ဟောပြောခဲ့ပါသည်။ထို့အပြင် ကုန်ပစ္စည်း၏ ထုတ်လုပ်သည့်ရက်၊ သက်တမ်းကုန်ဆုံးသည့်ရက်၊ကုန်ပစ္စည်းများရွေးချယ်ဝယ်ယူသုံးစွဲရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ တခြားဘာသာတစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ၊ဖော်ပြထားခြင်းမရှိသော ကုန်ပစ္စည်းများကိုမသုံးစွဲ ကြရန်နှင့် ဈေးကွက် အတွင်းရှိ စားသောက်ကုန်များကို ရွေးချယ်ဝယ်ယူစားသောက်ကြရန်၊အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ် အ.မ.က အင်းတွန်ကြီးကျောင်းရှိ ကျောင်းသူကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ဓနုဖြူမြို့နယ် ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုးနှင့် ဝန်ထမ်းများသည် (၁၄.၁၁.၂၀၂၃)ရက်နေ့ (၁၀:၀၀)နာရီ အချိန်တွင် ဓနုဖြူမြို့နယ် အင်းတွန်ကြီး ကျေးရွာ အ.မ.ကကျောင်းရှိ ကျောင်းသားကျောင်းသူ(၇၀)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း လုပ်ငန်းကို မိတ်ဖက်ဌာနဆိုင်ရာများနှင့်အတူ ကွင်းဆင်း၍ အသိပညာပေးဆောင်ရွက်ခြင်းပြုလုပ်ခဲ့ကြပါသည်။

    ရှေ့ဦးစွာ ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှတာဝန်ရှိသူက ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများ ကြွယ်ဝစေရန်၊ ဘက်စုံထူးချွန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဟောပြော အသိပညာပေးခြင်း၊  အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်နှင့် အားကစားကျန်းမာရေး အားကစား(၄)မျိုးအကြောင်းကို အသိပညာပေးခြင်း၊ တိုင်းရင်ဆေးပညာဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာ ပေးဟောပြောခြင်းများ၊ ဓနုဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှတာဝန်ရှိသူက စားသုံးသူကာကွယ်ရေးဥပဒေ၏ အဓိပ္ပါယ် ဖော်ပြချက်များမှ စားသုံးသူဆိုသည်မှာ ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန်မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှု အတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်းပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ ခြင်းခံရသူများကိုဆိုလိုကြောင်းနှင့် ကျောင်း သား/ကျောင်းသူများအား အသင့်စားအစားအစာအမျိုးမျိုးတို့ကို ဝယ်ယူစားသုံးရာတွင် ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲများ အဓိကထားဖတ်ရှုရမည်ဖြစ်ကြောင်း နမူနာ ပစ္စည်းများဖြင့် ခင်းကျင်းပြသကာ အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသူ/လူငယ်များ ကျန်းမာရေးပြုစုမှု စစ်ဆေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ပြီး၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အခြေခံပညာ အ.မ.က ကျောင်း  (အင်းတွန်)တွင်  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ