Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တာချီလိတ်မြို့ပေါ်ရှိ သောက်ရေသန့်လုပ်ငန်းများအား ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်း

    ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၁၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည်  မြို့နယ်အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊   မြို့နယ်စည်ပင်သာယာရေးဌာနတို့မှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ တာချီလိတ်မြို့၊ဆန်ဆိုင်း(က)ရပ်ကွက်ရှိ မဇ္ဈိမသောက်ရေသန့်လုပ်ငန်းနှင့် ဆန်ဆိုင်း(ခ) ရပ်ကွက်ရှိ စွမ်းထက်သောက်ရေသန့်လုပ်ငန်းတို့အား ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ စစ်ဆေးခြင်းဆောင်ရွက်ရာတွင် မဇ္ဈိမသောက်ရေသန့်နှင့် စွမ်းထက်သောက်ရေသန့်တို့သည် မြန်မာစာကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြထားပြီး သောက်ရေသန့်ထုတ်လုပ် သည့်လုပ်ငန်းစဉ်နှင့်အညီ သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်ရောင်းချသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက်စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် သောက်ရေသန့်လုပ်ငန်းရှင်များအား သက်ဆိုင်ရာဌာနများ၏လုပ်ငန်းလိုင်စင်နှင့် ထောက်ခံချက်များကို ပုံမှန်သက်တမ်းတိုးရန်၊ လုပ်သားများ၏တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့်စက်ရုံသန့်ရှင်းရေးကိုအလေးထားဆောင်ရွက်ရန်၊ စားသုံးသူ ကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ“စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးလမ်းညွှန်ခဲ့ပါသည်။

DOCA(ရှမ်း)

 

တာချီလိတ်မြို့ရှိ စတိုးဆိုင်များတွင် ရောင်းချလျက်ရှိသော ကလေးဖြည့်စွက်အာဟာရမှုန့်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

   ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၁၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည်  မြို့နယ်အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊   မြို့နယ်စည်ပင်သာယာရေးဌာနတို့မှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ တာချီလိတ်မြို့နယ်၊ဆန်ဆိုင်း(က)ရပ်ကွက်နှင့် ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်၊စတိုးဆိုင်(၄)ဆိုင်အား ကလေးဖြည့်စွက်အာဟာရမှုန့်များနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် တာချီလိတ်မြို့နယ်အတွင်းရှိ စတိုးဆိုင်နှင့်ကုန်စုံဆိုင်များတွင်ရောင်းချသော ကလေးဖြည့်စွက်အာဟာရမှုန့်များသည် ကုန်အညွှန်း အမှတ်အသားနှင့်ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားသည်ကိုစစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့်တာဝန်ရှိသူများသည် စတိုးဆိုင်၊ကုန်စုံဆိုင်ပိုင်ရှင်များအား သက်ဆိုင်ရာဌာနများ ၏လုပ်ငန်းလိုင်စင်များအား ပုံမှန်သက်တမ်းတိုးရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”၊ အခန်း(၁၀)ပါ“စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးလမ်းညွှန်ခဲ့ပါသည်။

DOCA(ရှမ်း)

 

ညောင်ဦးမြို့တွင် စားသုံးဆီများကို အထိုင်အရောင်းစနစ်ဖြင့် ရောင်းချပေး

    မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် စားသုံးဆီများကို ညောင်ဦးခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ အထိုင်ရောင်းစနစ်ဖြင့်(၅.၉.၂၀၂၃)ရက်နေ့မှစ၍ ရောင်းချပေးလျက်ရှိပါသည်။

         အဆိုပါစားသုံးဆီအထိုင်ရောင်းချပေးမှုကို ညောင်ဦးမြို့ပေါ်ရှိ ရွှေပြည်ဝင်းဆီဆိုင်၊ ဆန်းရွှေဝါ ဆီဆိုင်၊ မြမြင့်မိုရ်ဆေးဆိုင်၊ BT Restuant ၊ ပြည်တော်အေး(၂)လမ်းအရောင်းဆိုင်နှင့် ပုဂံမြို့သစ်ရှိ ဒေါ်ရှင်(ကုန်စုံဆိုင်)၊ စုစုပေါင်း(၆)နေရာတွင် စားသုံးဆီတစ်ပိဿာလျှင်(၄၅၅၀)ကျပ်နှုန်းဖြင့် နံနက် ၀၉:၀၀ နာရီမှ ၁၆:၀၀ နာရီအထိ ရောင်းချပေးခဲ့ပါသည်။ စားသုံးဆီရောင်းချပေးသည့်နေရာများသို့ မြို့ပေါ်ရပ်ကွက်နေပြည်သူများသာမက ကျေးရွာနေပြည်သူများလည်း လာရောက်ဝယ်ယူကြ ပါသည်။

   ညောင်ဦးခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် သင့်တင့်မျှတသောဈေးနှုန်းဖြင့် စားသုံးဆီများကို မော်တော်ယာဉ်ဖြင့်(မိုဘိုင်း)လှည့်လည်၍ ရောင်းချပေးခြင်းသာမက အထိုင်ရောင်းစနစ်ဖြင့်ပါ ရောင်းချပေးမှုကြောင့် အများပြည်သူများ ပျော်ရွှင်စွာလာရောက်ဝယ်ယူခဲ့ကြပါသည်။ စားသုံးဆီရောင်းချပေးခဲ့မှုအနေဖြင့် (၅.၉.၂၀၂၃ မှ ၈.၉.၂၀၂၃) ရက်နေ့ထိ ပိဿာချိန် (၉၉၀၀)ပိဿာ ရောင်းချပေးနိုင်ခဲ့ပြီး ဆက်လက်၍လည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)     

 

 

နွားထိုးကြီးမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ရှောင်တခင်ဝင်ရောက်စစ်ဆေး

    မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းရောင်းချသော ဆေးဆိုင်များအား အရည်အသွေးမပြည့်မီသည့်ဆေးဝါးများ၊ ဆေးဝါးအတုများ၊ သက်တမ်းလွန် ဆေးဝါးများနှင့် ခွင့်ပြုလိုင်စင်မရှိသည့်ထိန်းချုပ်ဆေးဝါးများအား ရောင်းချမှုမရှိစေရေးအတွက်(၈.၉.၂၀၂၃)ရက်နေ့၊ ညနေ (၁၇:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့စသည့် ပူးပေါင်းအဖွဲ့များဖြင့် ရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ နွားထိုးကြီး မြို့နယ်တာဝန်ခံ ဦးသန်းအေးမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များနှင့် ကုန်အညွှန်းအမှတ်အသားများအကြောင်းအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)     

စားအုန်းဆီသတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချမှုမရှိစေရေးနှင့် ရပ်ကွက်များ၌ စားအုန်းဆီ ရောင်းချပေးနေမှုအား ကွင်းဆင်းစစ်ဆေး

    မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးရှိ ဈေးဆိုင်များ၌ စားအုန်းဆီများ သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချမှုမရှိစေရေးအတွက် ခရိုင်/ မြို့နယ် စိစစ်ဖော်ထုတ်ကြပ်မတ်ရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်လာခြင်းကြောင့် (၉-၉-၂၀၂၃)ရက်‌နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ မကွေးခရိုင်ဦးစီးမှူး၊ မကွေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မကွေးမြို့ရှိ စားသုံးဆီ လက်လီ/ လက်ကားဖြန့်ဖြူးရောင်းချသော ဦးသန်းဇော်၊ ဒေါ်စန်းနွဲ့၊ ဒေါ်‌အေးအေးသင်းတို့၏ ဆီအရောင်းဆိုင်များ၌ လက်လီရောင်းချသည့်ဈေးနှုန်း၊ လက်ကားဖြန့်ဖြူးသည့်ဈေးနှုန်းများသည် သတ်မှတ်ဈေးနှုန်းထက်ပိုမိုရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

     မကွေးတိုင်းဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏  ကူညီပံ့ပိုးမှုဖြင့် ပြည်သူများအား စားအုန်းဆီတစ်ပိဿာလျှင် ကျပ်(၄၅၀၀)ဖြင့် ဈေးနှုန်းသက်သာစွာရောင်းချပေးနေသာ ဆုံရပ်ကွက်၊ ဓမ္မာရုံ၌ အိမ်ထောင်စု (၅၅၀) စုအတွက် ဆီ (၅၅၀)ပိဿာ၊ မင်းကံကြီးရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးရှေ့၌ အိမ်ထောင်စု (၁၁၀၀)စုအတွက် ဆီ(၁၁၀၀)ပိဿာနှင့် အောင်မင်္ဂလာရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးရှေ့၌ အိမ်ထောင်စု (၁၁၀၀)စုအတွက် ဆီ(၅၅၀)ပိဿာ၊ စုစုပေါင်းအိမ်ထောင်စု (၂၇၅၀)စုအတွက် စားအုန်းဆီ (၂၂၀၀)ပိဿာရောင်းချပေးနေမှုအား အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေး၊ ရောင်းချရာတွင် စနစ်တကျရှိစေရေး ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ငါန်းဇွန်မြို့တွင် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

    မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲအား(၁၃.၉.၂၀၂၃)ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ပြုလုပ်ရာ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ  ပူးပေါင်းပါဝင်၍ စားသုံးသူကာကွယ်ရေးအသိပညာပေးအကြောင်းအရာများအား ဟောပြောဆွေး နွေးခဲ့ပါသည်။

       အဆိုပါဟောပြောပွဲအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Center ခန်းမ၌ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးမှ မြန်မာနိုင်ငံတွင်ဖြစ်ပွားလျက်ရှိသော လူကုန်ကူးမှု အမျိုးအစား၊ လူကုန်ကူးမှုပြစ်ဒဏ်များ၊ လူကုန်ကူးမှုနှင့်လူမှောင်ခို ခြားနားချက်များ စသည့်အကြောင်း အရာများအား လူငယ်များသိရှိနားလည်ပြီး သတိရှိ၍ ဂရုပြုကြစေရန် အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ငါန်းဇွန်မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေမှ  စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ ဟောပြောဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အဓိပ္ပာယ်၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ အဓိပ္ပယ်များ၊ နစ်နာဆုံးရှုံးမှု၏ အဓိပ္ပာယ်နှင့်ကုန်အညွှန်းအမှတ်အသားများ ကိုရှင်းလင်းခဲ့ပြီး ကျောင်းသားကျောင်းသူများမှာ ငယ်ရွယ်သည့်ကလေးသူငယ်များဖြစ်၍ ကျောင်းတွင်ဖြစ်စေ၊ မိမိတို့၏နေထိုင်ရာရပ်ကွက်များ၌ဖြစ်စေ အစားအစာများဝယ်ယူ စားသောက်ရာတွင် အသင့်စား အစားအစာများကို တတ်နိုင်သလောက်လျှော့ပေါ့စားသောက်ကြရန်၊ အချို့အစားအသောက်များမှာ ခွင့်မပြုဓာတုဆိုးဆေးများ၊ ကြာရှည်ခံဆေးဝါးများပါရှိသည့်အတွက် ခန္ဓာကိုယ်ကြီးထွားမှု၊ ဉာဏ်ရည်ဖွံဖြိုးမှုများ ထိခိုက်နိုင်ပြီး ရောဂါမျိုးစုံဖြစ်ပွားတတ်ကြောင်း၊ အကယ်၍ ဝယ်ယူစားသောက်မည်ဆိုလျှင်လည်း ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြထားသော အစားအသောက်များကိုသာရွေးချယ်ဝယ်ယူကြရန်၊ အစားအသောက်များ တွင်သာမက မည်သည့်ကုန်ပစ္စည်းမဆို မြန်မာဘာသာအညွှန်းများပါရှိမှသာ လုံခြုံစိတ်ချရမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝယ်ယူလိုက်သောကုန်ပစ္စည်းကို ဆိုင်ရှင်မှ ပေးလိုက်သည့်အတိုင်း မယူရန်နှင့် ကုန်အညွှန်းအမှတ်အသားများကို ငယ်ရွယ်စဉ်မှစ၍ ကြည့်ရှု့ဝယ်ယူကြရန်အလေ့အကျင့်များရှိကြဖို့လိုအပ်ပါကြောင်း၊ ကုန်စည်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများကိုလည်း အရေးဆိုတိုင်ကြားနိုင်ပါကြောင်း၊ ကျောင်းသား၊ကျောင်းသူများအနေဖြင့် ဟောပြောဆွေးနွေးပွဲများမှ ရရှိသည့်အသိပညာဗဟုသုတများကိုလည်း မိမိတို့၏မိသားစုဝင်များ၊ မိတ်ဆွေအပေါင်း အသင်းများနှင့် မိမိတို့၏ပတ်ဝန်းကျင်များကိုလည်း အသိပညာဗဟုသုတများ ပြန်လည်မျှဝေပေးသည့် အလေ့အကျင့်ကောင်းများလည်းရှိကြရန်နှင့် ပြန်လည်၍မျှဝေပေးစေလိုပါကြောင်း စသည်ဖြင့် အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။

          ဟောပြောဆွေးနွေးပွဲသို့ ငါန်းဇွန်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ Grade-8 မှ ကျောင်းသား၊ကျောင်းသူများ၊ ဆရာ၊ဆရာမများ စုစုပေါင်း(၃၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)     

 

 

မိတ္ထီလာခရိုင်အတွင်းရှိ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စေရေးတွေ့ဆုံဆွေးနွေး

     မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊  ဝန်ဇင်းရပ် ၊ မိတ္ထီလာမြို့၌ “ရှင်းသန့်ကြည်”  အမှတ်တံဆိပ်အကြော်စုံလုပ်ငန်းတွင် ထုတ်လုပ်ဖြန်ဖြူးရောင်းချနေသော လုပ်ငန်းရှင်သည် ၎င်း၏ အမှတ်တံဆိပ်တွင် ထည့်သွင်းဖော်ပြသွားမည့် ကုန်အညွှန်းအမှတ်အသားများသည် စားသုံးသူကာကွယ်‌ရေးဥပဒေပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိ/မရှိနှင့် လိုအပ်ချက်များ ပြင်ဆင်ပြုပြင်နိုင်ရန်အတွက် စိစစ်ဆောင်ရွက်ပေးပါရန်၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးရုံးသို့ လာရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

   အဆိုပါတွေ့ဆုံမှုအရ “ရှင်းသန့်ကြည်”  အမှတ်တံဆိပ်အကြော်စုံလုပ်ငန်းတွင် စာလေးခွေ (အစပ်)၊ အာလူးကြော် (အချို)၊ အာလူးကြော်(အစပ်) များအား ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ထို့နောက် ခရိုင်ဦးစီးမှူးမှ အစားအသောက်အမျိုးမျိုးတွင် ကုန်စည်အမျိုးစားအလိုက် ကုန်အညွှန်းအမှတ်သားများအား ပြည့်စုံစွာဖော်ပြရန်အတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ထုတ်ပြန်ထားရှိသည့် ကုန်အညွှန်းအမှတ်အသား‌ဖော်ပြခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာ(၂/၂၀၁၉)အား ထုတ်ပြန်ထားရှိကြောင်းကိုလည်းကောင်း၊ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက်ဖြစ်စေ ဖော်ပြရမည့်အချက်အလက်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ဌာနသို့စိစစ်ဆောင်ရွက်ပေးပါရန် တင်ပြလာမှုအပေါ် ကူညီဆောင်ရွက်ပေးမှုများ ပြုလုပ်ခဲ့ပါသည်။

DOCA(မန္တလေး)     

 

စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိရာ (၈.၉.၂၀၂၃)ရက်နေ့၊နံနက် (၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း(၂)ဦးတို့သည် ရွှေဘိုမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ကလေးပစ္စည်းအမျိုးမျိုးရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့် အမှတ်(၅)ရပ်ကွက် ရှိ ဆေးနှင့် ဆေးပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

   ထိုသို့တွေ့ဆုံရာတွင် ဒု-ခရိုင်ဦးစီးမှူးမှ ဌာနမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအကြောင်း၊ ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူ အခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ စားသုံးသူ အခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်သည့် နေရာများ၊ ဌာနနှင့် သက်ဆိုင်သော အကြောင်းများကို မေးမြန်းစုံစမ်းနိုင်သည့် Consumer Call Centerအကြောင်းများ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)     

ဆိပ်ဖြူမြို့၌ စားသုံးသူများဘေးကင်းလုံခြုံမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဒေါ်မြင့်မြင့်သန်း၊ ဒေါ်တင်မာရီ ဒု-ဦးစီးမှူးသည် စားသုံးသူများဘေးကင်းလုံခြုံမှုရှိစေရေးအတွက် မိတ်ဖက်ဌာနဖြစ်သော မြို့နယ်စည်ပင်သာယာရေး အဖွဲ့၏ဦးဆောင်မှုဖြင့် (၆-၉-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးအတွင်း/အပြင်နှင့် အနောက်ပိုင်းရပ်ကွက်ရှိ စားသောက်ကုန်ရောင်းချသည့် ဈေးဆိုင်(၁၂)ဆိုင်၌ မကွေးတိုင်းဒေသကြီး၊ အစားအသာက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ တိုင်းတာဝန်ခံ ဒေါက်တာ စိုင်းမင်းသူထွန်းဦးဆောင်သောအဖွဲ့သည် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသောကုန်ပစ္စည်း(၂၄)မျိုးအား နမူနာကောက်ယူပြီး ဓာတ်ခွဲစစ်ဆေးချက်တွေ့ရှိမှုအရ စားသုံးရန်မသင့်သော စားသောက်ကုန်ပစ္စည်း(၅)မျိုးတွေ့ရှိခဲ့ပါသည်။

     မကွေးတိုင်းဒေသကြီး၊ အစားအသာက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အကြောင်းကြားချက်အရ (၈-၉-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပတ္တမြားဈေးအတွင်းရှိ ဈေးဆိုင်များ၌ ရောင်းချခြင်းရှိ/ မရှိ မြို့နယ်စည်ပင်ဦးဆောင်မှုဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ထိုသို့စစ်ဆေးရာ၌ စားသုံးရန်မသင့်သည့်ပစ္စည်း(၅)မျိုးဖြစ်သည့် အရောင်တင်မှုန့်(၁၀)ကျပ်သား၊ မလိုင်ခဲ(၇၅)ထုပ်၊ ပဲပြား(၇)ခဲ၊ ပဲသွေး(၁၀)ခဲ၊ ဒံပေါက်သုံးအမှုန့်အနီ(၉၀)ထုပ်၊ အဝါ(၇)ထုပ်တို့ကို ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးရှိ ကုန်စုံဆိုင်ပေါ်တွင် ရောင်းချဖြန့်ဖြူးနေသည်ကိုတွေ့ရှိရပြီး စားသုံးသူများအတွက် ဘေးကင်းလုံခြုံမှုမရှိသောကုန်စည်များကို ဈေးကွက်အတွင်းမှ အမြန်ဆုံးပပျောက်စေရေး  မြို့နယ်စည်ပင်အဖွဲ့က ဦးဆောင်သိမ်းဆည်းခဲ့ပြီး စားသုံးရန်မသင့်သည့်ပစ္စည်း(၅)မျိုးကိုဖျက်ဆီးခဲ့ပါသည်။

   ထုတ်လုပ်ရောင်းချဖြန့်ဖြူးရောင်းဝယ်ဖောက်ကားသော ဈေးဆိုင်ပိုင်ရှင်များကိုလည်း စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉တွင်ပါရှိသော စီးပွားရေးလုပ်ငန်းရှင်တာဝန်များ၊ အခန်း(၁၈)ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ပုဒ်မ ၄၁၊ ပုဒ်မခွဲ (ခ)နှင့်(ဆ)တို့အရ ကုန်အညွှန်းအမှတ်အသားများဖော်ပြရာတွင် မြန်မာဘာသာနှင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြခြင်းပါရှိသောကုန်စည်များကိုသာ ‌စားသုံးသူများဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ရောင်းချဖြန့်ဖြူးရမည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒုတိယအကြိမ်တွင် ထပ်မံစစ်ဆေးတွေ့ရှိပါက အရေးယူခံရမည်ဖြစ်ကြောင်းသိရှိစေရန်နှင့် အရေးယူမှုအနေဖြင့် ရောင်းချဖြန့်ဖြူးသူတို့မှာ သိရှိနားလည်ကြောင်း ဝန်ခံကတိလက်မှတ်ရေးထိုးစေခဲ့ကြောင်းသိရှိရပါသည်။

 DOCA(မကွေး)

 

သင်တန်းသား၊ သင်တန်းသူများသိရှိရယူနိုင်စေဖို့ ပညာရေးဒီဂရီကောလိပ်သို့ အသိပညာပေးကြပါစို့

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်၊ ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၆-၉-၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ပညာရေးဒီဂရီကောလိပ်မှ ဖိတ်ကြားချက်အရ မဟာသရေစည်သူ-ဦးဘခန်းမဆောင်၌ ဆရာ၊ ဆရာမ(၂၄)ဦး၊ သင်တန်းသား၊ သင်တန်းသူ(၅၂၆)ဦး၊ စုစုပေါင်း(၅၅၀)ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

    ခရိုင်ဦးစီးမှူးမှ ဆွေးနွေးရာတွင် ဌာန၏သမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊ ဌာန၏လက်ရှိဆောင်ရွက်နေသောလုပ်ငန်းတာဝန်များနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကိုအသုံးပြုရာတွင် နစ်နာဆုံးရှုံးများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ စားသုံးသူရေးရာကိစ္စများကို စုံစမ်းမေးမြန်းရန်အတွက် Consumer Call Center (၁၅၃၅) ဖွင့်လှစ်ထားကြောင်း၊ စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် မူပိုင်ခွင့်အကြောင်း သိကောင်းစရာတို့ကို  Power Point ဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးပါသည်။

   ဆက်လက်၍ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူရေးရာဦးစီးဌာနသည် ပြည်သူ့အတွက် အကျိုးပြုသောဌာနတစ်ခုဖြစ်ကြောင်း၊ ဦးစီးဌာန၏ဆောင်ပုဒ်ဖြစ်သော စားသုံးသူအခွင့်အရေးဦးစားပေးရန်မှာ အလွန်အရေးကြီးသောကြောင့် ယခုကဲ့သို့ လာရောက်အသိပညာပေးရခြင်းဖြစ်ကြောင်း၊ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်ရရှိရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်(၈)ချက်ကို သတိပြုဝယ်ယူစားသုံးရန်နှင့် ဌာနမှဝန်ထမ်းများကလည်း လုပ်ငန်းရှင်များဆီသို့သွားရောက်၍ အသိပညာပေးလျက်ရှိပြီး ဈေးကွက်အတွင်း၌လည်း စဉ်ဆက်မပြတ်စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း၊  သတင်းအချက်အလက်ပြည့်စုံစွာရရှိစေလိုကြောင်း၊ စိတ်ကြိုက်ရွေးချယ်ဝယ်ယူခွင့်လည်းရှိကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကိုရယူအသုံးပြုရာတွင် စိတ်ကျေနပ်မှုမရှိလျှင် ဌာနသို့လာရောက်တိုင်ကြားလာမှသာ ကုစားခွင့်များရရှိမည်ဖြစ်ကြောင်း၊ သင်တန်းသူ၊ သင်တန်းသားများအနေဖြင့် လူတော်လူကောင်းများဖြစ်စေရန်အတွက် အတတ်ပညာရော အသိပညာပါ ရရှိရန်လိုအပ်ကြောင်း၊ ယခုဟောပြောဆွေးနွေးပွဲမှရရှိသော အသိပညာဗဟုသုတတို့ကို မိမိကိုယ်တိုင်လိုက်နာကျင့်သုံး၍ အများအကျိုးအတွက် ပြန်လည်မျှဝေစေလိုကြောင်း၊ သို့မှသာ နောင်အနာဂတ်တွင် သာယာပျော်ရွှင်သော အနာဂတ်ဘဝများသို့ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီးနောက် ကျန်းမာပျော်ရွှင်နိုင်ပါစေကြောင်းလည်းဆုမွန်ခြွေကာ တက်ရောက်လာသည့်သင်တန်းသား၊ သင်တန်းသူများ၏ သိရှိလိုသည်တို့ကို ခရိုင်ဦးစီးမှူးအနေဖြင့် ပြန်လည်ဖြေကြားပေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ