Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပြည့်စုံမှန်ကန်သော ကုန်အညွှန်းအမှတ်အသားများမှတစ်ဆင့် ကောင်းမွန်သန့်ရှင်းသော ပတ်ဝန်းကျင်ဆီသို့ ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့

         စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စားသုံးသူများအနေဖြင့် ကုန်စည်များကို အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရ ရှိစေရန်၊ ကုန်စည်များနှင့်ပတ်သက်ပြီး လိုအပ်သော သတင်းအချက်အလက်များ အပြည့် အဝရရှိစေရန်နှင့် စီးပွားရေးလုပ် ငန်းရှင်များ အနေဖြင့်လည်း လိုက်နာရမည့် တာဝန်များကို ပိုမိုသိရှိ နားလည်းစေရန်အတွက် ရည်ရွယ်၍ ၂၇-၁၂-၂၀၂၂ ရက်နေ့၊  နံနက် (၉:၀၀) နာရီတွင် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအ ဝေးခန်းမ၌ ပြည့်စုံမှန်ကန်သောကုန်အညွှန်းအမှတ်အသားများမှတစ်ဆင့် ကောင်းမွန်သန့် ရှင်းသော ပတ်ဝန်းကျင်ဆီသို့ ခေါင်းစဉ်ဖြင့်အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

         အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူး၊ ရန်ကုန်တိုင်းဒေသကြီးစားသုံးသူရေးကော်မတီ၊ အတွင်းရေးမှူး၊ ဆက်စပ် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ဖိတ်ကြား ထားသူများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူ များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ အပါအဝင် စုစုပေါင်း(၅၀)ကျော် တက်ရောက်ခဲ့ကြပါ သည်။

     အလုပ်ရုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူး၊ ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ၊ အတွင်းရေးမှူးက ဆက်စပ်ဝန်ကြီးဌာနများအနေဖြင့် ဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းစဉ်များကိုလည်း တက် ရောက်လာကြသည့် ဧည့်သည်တော်များအနေဖြင့် သိရှိသွားမှာဖြစ်ပါကြောင်း၊ တက်ရောက် သူများမှလည်း မိမိတို့ သိရှိလိုသည့် အချက်အလက်များကို လွတ်လွတ်လပ်လပ် ဆွေးနွေး မေးမြန်းသွားနိုင်ပါကြောင်း၊ စားသုံးသူများအနေဖြင့် ကုန်စည်များ ဘေးအန္တရာယ် ကင်းရှင်း စွာ အသုံးပြုနိုင်ရေးနှင့် ပြည်စုံ မှန်ကန်သော ကုန်အညွှန်းအမှတ်အသားများ ရရှိနိုင်စေရေးတို့အတွက် အဖွဲ့ (၅) ဖွဲ့ ခွဲဝေ၍ စကားဝိုင်း ဆွေးနွေးခြင်း အစီအစဉ်ကိုထည့် သွင်းဆောင်ရွက်ထားပါကြောင်း၊ တက်ရောက်လာသူများအနေဖြင့် မိမိတို့ ပါဝင်သည့် အဖွဲ့တွင် လက်တွေ့နယ်ပယ်၌ ဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများနှင့် ချိတ်ဆက်၍ ဖော်ထုတ်တွေ့ရှိချက်များ ရရှိသည်အထိ ဝိုင်းဝန်း ဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

         ဆက်လက်၍ ဆက်စပ်ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကုန်အညွှန်းအမှတ် အသားဖော်ပြချက်များနှင့်ပတ်သက်၍ ထုတ်ပြန်ထားရှိမှုအပါအဝင် ယင်းတို့ ဌာနများ အလိုက် လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ဆွေးနွေးပြောကြားခဲ့ပြီး သက်ဆိုင်ရာ အသင်းအဖွဲ့များကလည်း ယင်းတို့ အသင်းအဖွဲ့ များအနေဖြင့် လက်ရှိ ဆောင်ရွက်နေမှု အခြေအနေ များအပါအဝင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာ ပေးမှုများကိုလည်း ပိုမိုတိုးမြှင့် ဆောင်ရွက်သင့်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်များက ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ယင်းတို့ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျက်ရှိသည့် ကုန်စည်အမျိုးအစားအလိုက် သိရှိလိုသည့် အချက်အလက်များ မေးမြန်းမှုများအပေါ် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများက အပြန်အလှန်ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

           ထို့အပြင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များနှင့်ပတ်သက်သည့် ခေါင်းစဉ် (၅)ခုကို  စားသုံးသူရေးရာဦးစီးဌာနမှ ကိုယ်စားလှယ်၊ ဆက်စပ်ဝန်ကြီးဌာနမှ ကိုယ်စားလှယ်၊ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်၊ စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်သည့်အဖွဲ့ (၅) ဖွဲ့ဖြင့်ဖွဲ့၍ လက်တွေ့ ဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများ၊ ဆက်လက်ဆောင်ရွက်သည့် လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ ဖော်ထုတ်တွေ့ရှိချက်များကို ပြန်လည်ဆွေးနွေးတင်ပြခဲ့ပါသည်။ အဆိုပါဆွေးနွေးတင်ပြချက်များကို ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူး၊ ရန်ကုန်တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၊ အတွင်းရေးမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး နိဂုံးချုပ်စကားပြောကြား၍ ညနေ (၃:၃၀)တွင် ပြည့်စုံ မှန်ကန်သော ကုန်အညွှန်းအမှတ်အသားများမှတစ်ဆင့် ကောင်းမွန် သန့်ရှင်းသော ပတ်ဝန်းကျင်ဆီသို့ အလုပ်ရုံ ဆွေးနွေးပွဲ အခမ်းအနားအား အောင်မြင်စွာ ကျင်းပပြီးစီး ခဲ့ကြောင်း သိရှိရပါသည်။                                                

DOCA (YGN)

စီးပွားရေးစနစ်ဖွံ့ဖြိုးရန်လွတ်လပ်သော စျေးကွက်စနစ်ကို အခြေခံ

             ဗဟိုကချုပ်ကိုင်သော စီးပွားရေးစနစ်ကျင့်သုံးခဲ့ပြီး နိုင်ငံ့စီးပွားရေး ချွတ်ခြုံကျခဲ့သည့် ကာလများ အလွန်၊ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း မြန်မာ့စီးပွားရေး အဆောက်အအုံအတွင်း စျေးကွက် (Market) ဟူသော စကားလုံး ရောက်ရှိလာခဲ့သည်။ Market-oriented system၊ market Economy၊ Market Economic System စသဖြင့် စျေးကွက်စနစ် အခေါ်အဝေါ်များကို နေရာတကာတွင် ကြားသိမြင်တွေ့ခဲ့ကြ ရပါသည်။  ယခုတော့ ‘စျေးကွက်’  ဝေါဟာရသည် လူတိုင်းနှင့် ရင်းနှီးနေခဲ့ပြီဖြစ်သည်။ စျေးကွက်စီးပွားရေးစနစ်ထဲ လူတိုင်း ကျင်လည်လျက် စနစ်၏ အကောင်းအဆိုးများကို မျက်ဝါးထင်ထင် တွေ့မြင်ရင်ဆိုင်နေကြရပြီဖြစ်ပါသည်။

           စျေးကွက်စနစ်တွင် ဝယ်လိုအားနှင့် ရောင်းလိုအား အင်အားနှစ်ရပ်သည် လွန်စွာ အရေးကြီး၏။ ထိုအင်အားစုနှစ်ရပ်၏ အခြေအနေပေါ် မူတည်၍ စျေးကွက်သည် လှုပ်ရှား ပြောင်းလဲရသည်။ မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်၏ ထိန်းချုပ်မှုမှမရှိဘဲ စျေးကွက် အင်အားစုများ လွတ်လပ်စွာ လှုပ်ရှားခွင့်ရသောကြောင့် လွတ်လပ်သော စျေးကွက် စီးပွားရေး စနစ် (Free Market Economic System) ဟုလည်း ဆိုရမည်။

          လွတ်လပ်သောလှုပ်ရှားမှုကို ပိုမိုသဘောကျ နှစ်သက်လာကြသည့် ယနေ့ ကမ္ဘာ့နိုင်ငံ အများစုသည် စျေးကွက်အခြေခံသော စီးပွားရေးစနစ်ကို ၎င်းတို့နိုင်ငံ၊ ၎င်းတို့ လူအဖွဲ့အစည်း အခြေအနေများနှင့် လိုက်လျောညီထွေစွာ ပုံစံအမျိုးမျိုးဖြင့် ကျင့်သုံး နေကြသည်။ စျေးကွက် စီးပွားရေးစနစ် ကျင့်သုံးမှုဖြင့် စီးပွားရေးဖွံ့ဖြိုးမှု အခြေအနေမြင့်၊ ဂုဏ်တင့် လာသောနိုင်ငံများ အများအပြား ပေါ်ထွက်လာခဲ့သောကြောင့် နိုင်ငံအတော်များများသည် လည်း အဆိုပါနိုင်ငံများကို အတုယူလျက် စျေးကွက်စနစ်လမ်းကြောင်းကို လျှောက်လှမ်း လာခဲ့ကြခြင်း ဖြစ်သည်။ လက်တွေ့အခြေအနေများအရ စျေးကွက်စီးပွားရေးစနစ်သည် နိုင်ငံ တစ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက်အထောက်အပံ့ ဖြစ်စေသည်မှာ ငြင်းခုံစရာမလိုသည့် အကြောင်းကိစ္စဖြစ်သည်။  

         စျေးကွက်စီးပွားရေးစနစ်ပီပြင်မှု၊ ထိရောက်မှု၊ စွမ်းဆောင်ရည်ရှိမှု အခြေအနေများ ဖြစ်၊မဖြစ် အခြေခံစံပေတံသုံးချောင်းဖြင့် တိုင်းတာတတ်ကြပါသည်။ထိုစံပေတံများမှာ စီးပွား ရေးစနစ် အတွင်းရှိ နယ်ပယ်ကဏ္ဍစုံ၌ စွမ်းဆောင်ရည်မြင့်မားလာမှု၊ ဆွဲဆောင်မှုမက် လုံးများ ဖန်တီးလာနိုင်မှု နှင့် လွတ်လပ်စွာ လှုပ်ရှားလုပ်ကိုင် ဆောင်ရွက်နိုင် မှုတို့ဖြစ်ပါသည်။ လုပ်ငန်းများစွမ်းဆောင်ရည် မြင့်မားလာမှုဆိုသည်မှာ စီးပွားရေး အဆောက်အအုံအတွင်းရှိ လုပ်ငန်းများအကြား အပြိုင်အဆိုင် လုပ်ကိုင်နိုင်သည့် အခွင့် အရေးများ ရှိလာ သောကြောင့် စီမံခန့်ခွဲမှု၊  ထုတ်လုပ်မှု၊ စျေးကွက်ရှာဖွေမှု စသဖြင့် စီးပွားရေး လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်ပိုမိုမြင့်လာ ခြင်း၊  ရလဒ် အပိုင်းတွင် အရည် အသွေးမြင့်မား၍ စျေးနှုန်းသက်သာသော ကုန်ပစ္စည်း နှင့် ဝန်ဆောင်မှုများကို ထုတ်လုပ်လာနိုင်ခြင်း စသည့် အခြေအနေတို့ကို ဆိုလိုပါသည်။ 

        ထိုအခြေအနေများသည် တီထွင်ကြံဆမှုများကိုလည်း ဖြစ်ထွန်းစေနိုင်သဖြင့် နည်းပညာ တိုးတက်မှုကိုပါ တွန်းအားပေးသကဲ့သို့ရှိသည်။ဆွဲဆောင်မှုမက်လုံးများ ဖန်တီးနိုင်မှုဆိုသည်မှာ ထုတ်လုပ်ရောင်းချသူနှင့် ဝယ်ယူစားသုံးသူ အင်အားစု နှစ်ဖက်စလုံးအတွက် ဆွဲဆောင်မှု များပြား လာစေခြင်းဖြစ်သည်။ စျေးကွက်အတွင်းရှိ များပြားလှသော ဝယ်ယူစားသုံးသူများ၏ လိုအင် ဆန္ဒများစွာက ထုတ်လုပ် ရောင်းချသူများကို ကုန်ပစ္စည်း အသစ်အဆန်းများ ထုတ်လုပ်လာစေရန် ဆွဲဆောင်နေသကဲ့သို့ စျေးကွက်အတွင်း တီထွင်ကြံဆထုတ်လုပ်ထားသော များပြားလှသည့် ကုန်ပစ္စည်း အသစ်အဆန်းများကလည်း ဝယ်ယူစားသုံးသူများကိုဆွဲဆောင်နိုင်သည့် အခြေအနေ ဖြစ်လာသည်။ ထို့ကြောင့်  စွမ်းဆောင်ရည်ရှိသော စျေးကွက်စီးပွားရေးစနစ်သည် ထုတ်လုပ်သူများ အတွက် လည်းကောင်း၊ စားသုံးသူများအတွက်လည်းကောင်း ဆွဲဆောင်မှုမက်လုံးများ ဖန်တီးနိုင်သည့် အခြေခံ အကြောင်းရင်းများ တည်ရှိရာဖြစ်နေသည်။    

      လွတ်လပ်စွာ လှုပ်ရှား၊ လုပ်ကိုင်၊ ဆောင်ရွက်နိုင်မှုသည်လည်း စျေးကွက်စနစ်ကို ကျင့်သုံးမှုတွင် အရေးပါသောအချက်တစ်ချက်ဖြစ်ပါသည်။ အမှန်တကယ်လွတ်လပ်စွာ လှုပ်ရှား လုပ်ကိုင်ဆောင်ရွက်နိုင်မှသာ စျေးကွက်အင်အားစုနှစ်ဖက်စလုံးသည် စွမ်းရည်ပြည့် လှုပ်ရှားနိုင်စွမ်း ရှိလာမည်ဖြစ်ပြီး စျေးကွက်ယန္တရားသည်လည်း စွမ်းဆောင်ရည်ရှိစွာ လည်ပတ်နိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် စျေးကွက်စနစ်ကို ကျင့်သုံးသော စီးပွားရေး အဆောက်အဦအတွင်းရှိ စီးပွားရေး လုပ်ငန်းကြီး၊ လတ်၊ ငယ်အားလုံး တရားမျှတ မှုရှိသောဝန်းကျင်တွင် လွတ်လပ်စွာ ထုတ်လုပ် ရောင်းဝယ် ဖောက်ကားနိုင်စွမ်းရှိရေး အတွက်ပံပိုး ကူညီဆောင်ရွက်ပေးရန်လိုအပ်ပါသည်။  

        ထိုအခြေအနေဖြစ်ပေါ်စေရန်  တရားဥပဒေစိုးမိုးမှုရှိခြင်းသည် သော့ချက်ကျသော အကြောင်းတရားဖြစ်သည်ကိုလည်း သဘောပေါက်ရန်လိုပါသည်။  စျေးကွက်အတွင်း ပါဝင် လှုပ်ရှားနေသူများကို မည်သူတစ်ဦးတစ်ယောက်ကမျှ၊ မည်သည့်အဖွဲ့အစည်းကမျှ လမ်းညွှန် ထိန်းကျောင်းပေးစရာမလိုပေ။ စျေးကွက်အင်အားစုများ လွတ်လပ်စွာ လှုပ်ရှားခွင့်ရှိလေလေ၊ စျေးကွက် စနစ်သည် ပီပြင်လေလေဖြစ်ပသည်။ စျေးကွက် အနေအထားမူ မမှန်ချိန်မှ လွဲ၍ (အကြောင်းအမျိုးမျိုးကြောင့် စျေးကွက်မတည်ငြိမ်မှုဖြစ်နေချိန် လွဲ၍) စျေးကွက်ယန္တရား လည်ပတ်မှုကို ဝင်ရောက်စွက်ဖက်ခြင်း မပြုသင့်။ စျေးကွက်ယန္တရား လည်ပတ်မှု လွယ်ကူ ချော့မွေ့စေရေးအတွက်သာ ဖြည့်ဆည်းပံ့ပိုးပေးရန် တာဝန်ရှိပေ မည်။

         စျေးကွက်စနစ်ထဲရှိ  စီးပွားရေးလုပ်ဆောင်ချက်မှန်သမျှသည် စျေးကွက်အင်အား စုနှစ်ရပ်  ပြဋ္ဌာန်းပေးသော အချက်ပြစျေးနှုန်းပေါ်မူတည်၍ လှုပ်ရှားပြောင်းလဲ နေသည်ဖြစ်ရာ စျေးကွက်သည် အချိန်တိုင်းတွင် ရောင်းလိုအား နှင့် ဝယ်လိုအား အင်အားစုနှစ်ခုတို့ ၏ သဘောအတိုင်းသာ ဖြစ်နေလိမ့်မည်။   စျေးကွက်အလေ့အထများကို ထိထိရောက်ရောက်၊ ပီပီပြင်ပြင် ကျင့်သုံးနိုင်ရေး အတွက် အသိပညာပေးခြင်း၊ လိုအပ်သော အင်စတီကျူးရှင်း များထူထောင်ပေးခြင်း၊ အခြားသော လိုအပ်ချက်တို့ကို ဖြည့်ဆည်း ပေးခြင်းတို့ကို လုပ်ဆောင် ပေးကြရသည်။

           အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် စျေးကွက်ယန္တရား လည်ပတ်မှုကို ထိခိုက်စေ သော အခြေအနေများဖြစ်ပေါ်လာပါက  စျေးကွက် ပြန်လည်လည်ပတ်မှုချောမွေ့စေရေး ပြန်လည် ထိန်းကျောင်းပေးကြရသည်။ စီးပွားရေးအင်အားနည်းသောဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် စျေးကွက်စီးပွားရေးစနစ်ကျင့်သုံးရာ၌  စီးပွားရေးအဆောက်အအုံအတွင်းရှိ ကဏ္ဍအလိုက် အခြေအနေများနှင့် အလိုက်သင့်ဖြစ်စေရေး သတိထား ကျင့်သုံးသင့်သည်ဟုဆို ကြပါသည်။ 

        စျေးကွက် စီးပွားရေးစနစ် ကျင့်သုံးနေသည့်တိုင် အများပြည်သူနှင့် သက်ဆိုင်သည့် ပြည်သူ့ရေးရာ ဝန်ဆောင်မှု နယ်ပယ်များ၌ နိုင်ငံတော်မှပါဝင်ဆောင်ရွက်သည့်ကဏ္ဍများလည်း ရှိသည်။ အခြေခံပညာရေး၊ အခြေခံကျန်းမာရေး၊ တရားဥပဒေ စိုးမိုးရေးကဲ့သို့  အရေးကြီးသည့် ပြည်သူ့ဝန်ဆောင်မှု ဖြည့်ဆည်းပေးခြင်းများကို များသောအားဖြင့် စျေးကွက်ထဲတွင် ခွင့်ပြု ပေးထားခြင်းမရှိဘဲ စျေးကွက်ယန္တရား စွမ်းဆောင်ရည်ရှိစွာ လည်ပတ်နိုင်ရေးကို အလေးထားရန် လိုသကဲ့သို့ စျေးကွက်အားနည်းချက်များရှိလာသည့် အချိန်တွင်လိုအပ်ချက်များ ဝင်ရောက် ဖြည့်ဆည်းပေးရေး၊  နိုင်ငံသားအားလုံးအတွက် အရေးကြီးသော ပြည်သူ့ဝန်ဆောင်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဖြည့်ဆည်းပေးရမည့် အခြေအနေတွင် ကိုယ်တိုင် ပါဝင် လုပ်ဆောင်နိုင်ရေးအတွက် ပြင်ဆင်ထားရန် လိုအပ်ပေသည်။ 

            ယနေ့ကမ္ဘာပေါ်တွင် လုံးဝလွတ်လပ်သော စျေးကွက်စနစ်မျိုးကို ကျင့်သုံးနေသည့် နိုင်ငံဟူ၍ မရှိပေ။ ရောစပ်စီးပွားရေးစနစ် (Mixed Economic system) ဟု ခေါ်သည့် နိုင်ငံတော်မှပတ်သက်မှု တစ်စိတ်တစ်ပိုင်းပါဝင်သည့် စျေးကွက်စနစ်မျိုး ကျင့်သုံး နေကြသည် ကိုတွေ့ရလိမ့်မည်။ ထို့ကြောင့် စီးပွားရေး စနစ်ကျင့်သုံးမှုတွင်  အစိုးရနှင့် စျေးကွက် ယန္တရား တို့သည် အဝေးဆုံးနေရာ တစ်နေရာစီ၌ တသီးတခြား တည်ရှိနေကြသည် မဟုတ်ဘဲ မနီးမဝေး အခြေအနေတစ်ရပ်တွင် အတူတည်ရှိနေသည်ဟု မှတ်ယူရမည်ဖြစ်ကြောင်း ရေးသားလိုက် ရပါသည်။

DOCA(ရန်ကုန်)

မြိတ်မြို့၊ မေကမ်းဇော်ဆီလုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ (၂၅) ရက်နေ့၊ မွန်းလွဲ(၁း၀၀)နာရီအချိန်တွင် မြိတ်မြို့၊ တောရကျောင်းလမ်းရှိ မေကမ်းဇော်ဆီ လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူဥပဒေပါ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ပါဝင်မှုရှိစေရေး နှင့် ကုန်အညွှန်းအမှတ်အသားထောက်ခံချက်အား လာရောက်လျောက်ထားနိုင်ရေး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA( တနင်္သာရီ)

စိုက်ပျိုးရေးအခြေခံထုတ်ကုန်များအား ပြည်ပပို့ကုန်တိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် ပြည်ပဆန် တိုးမြှင့်တင်ပို့နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမတွင် ၂၈.၁၂.၂၀၂၂ ရက်နေ့ နံနက်၁၀:၀၀နာရီက တိုင်းဒေသကြီးအတွင်း ထွက်ရှိသည့် စိုက်ပျိုးရေးအခြေခံထုတ်ကုန် များအား ပြည်ပပို့ကုန်တိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် ပုသိမ်စက်မှုစီမံကိန်းဆိပ်ကမ်းမှ ပြည်ပသို့ ဆန်တိုက်ရိုက် တိုးမြှင့်တင်ပို့နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရာ တိုင်းအဆင့်ဌာနဆိုင်ရာ များ ARCCI အသင်းဥက္ကဌ ဦးဝင်းမြင့်လှိုင်၊ တိုင်းဆန်စက်ပိုင်ရှင်အသင်းဥက္ကဌ ဦးစိုးဝင်း၊ တိုင်း တောင်သူလယ်သမားအသင်း အတွင်းရေးမှူးဦးအေးသောင်း၊ ပုသိမ်စက်မှုစီမံကိန်း ဒု-ဥက္ကဌ ဦးစည်သူစိုး မြိုပေါ်နှင့် မြို့နယ်များမှ ဖိတ်ကြားထားသော စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက် ခဲ့ပါသည်။

    အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး(ကိုယ်စား) ဦးစံကြည် (လက်ထောက်ညွှန်ကြားရေးမှူး) မှအဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ပုသိမ်စက်မှုစီမံကိန်း ဒု-ဥက္ကဌ ဦးစည်သူစိုးမှ ပုသိမ်စက်မှုစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုအခြေအနေနှင့်ဆိပ်ကမ်းမှ ပြည်ပသို့ ဆန်တိုက်ရိုက်တင်ပို့နိုင်မှုအခြေအနေ၊ ARCCIအသင်းဥက္ကဌ ဦးဝင်းမြင့်လှိုင် တိုင်းဒေသကြီး အတွင်းမှ စိုက်ပျိုးထုတ်ကုန်များဖြစ်သည့် (ဆန်စပါး၊ပဲ၊ပြောင်း၊နှမ်း၊သီဟိုဠ်)အစရှိသည့် သီးနှံများ ပို့ကုန်မြှင့်တင်ဆောင်ရွက်နိုင်ရေးကိစ္စများ၊အမှတ်(၀၂-လှဝန်းရတနာ)ဆန်စက်ပိုင်ရှင် ဦးမြင့်နိုင်မှ လက်ရှိ ဆန်စပါးရောင်းဝယ်ကြိတ်ခွဲနေမှုအခြေအနေ၊ ဈေးကွက်အခြေအနေနှင့် ကုန်စည်ဒိုင် တည် ထောင်နိုင်မှုအခြေအနေများနှင့် တိုင်းဒေသကြီး တောင်သူလယ်သမားအသင်း အတွင်းရေးမှူး ဦးအေးသောင်းမှ ယခုနှစ်စိုက်ပျိုးထုတ်လုပ်မှု၊တောင်သူအကျိုးအမြတ်ရရှိမှုအခြေအနေနှင့် ဆက် လက်ဆောင်ရွက်မည့် အခြေအနေများအား ဆွေးနွေးခဲ့ကြပြီး၊တက်ရောက်လာသူများမှလည်း သိလိုသည်များကို မေးမြန်းခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ပြီး အခမ်းအနားကို ၁၁: ၃၀နာရီတွင် ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

DOCA(ဧရာဝတီ)

ဆေးဝါးအရောင်းဆိုင်များတွင် တရားမဝင်ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြေပုံမြို့နယ်တာဝန်ခံ ဦးစံညွှန့်(ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၂၇) ရက်နေ့၊ နေ့လည် (၂:၀၀) နာရီ အချိန်တွင် မြေပုံ မြို့ပေါ်ရပ်ကွက်များရှိ ဆေးဝါးအရောင်းဆိုင်များသို့ သွားရောက်၍ DICION-M ပုံစံတူဆေးဝါးများ ရောင်းချမှု ရှိ/မရှိ ကို မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

         ၎င်း DICION-M Tablet (Diciofenac Sodium 50mg, Paracetamol 500mg) သည်     New Magnate Co.,Ltd မှ ဆေးဝါးမှတ်ပုံတင်၍ တင်သွင်းဖြန့်ဖြူးရောင်းချနေသော ဆေးဝါးဖြစ်ပြီး ဈေးကွက်အတွင်း ပုံစံတူ ဆေးဝါးများကို မှတ်ပုံတင်ထားခြင်းမရှိဘဲ တရားမဝင်တင်သွင်းပြီး ဈေးကွက်ထဲတွင် ရောင်းချနေကြောင်း သိရှိရသည့်အတွက် သုံးစွဲသူမိဘပြည်သူများ‌ ဘေးအန္တရာယ် ကင်းရှင်းစေရေး ရည်ရွယ်၍ သွားရောက် စစ်ဆေးရခြင်း ဖြစ်ပါသည်။

         ဈေးကွက်အတွင်းရှိ ဆေးဝါးအရောင်းဆိုင်များအား မှတ်ပုံတင်မဲ့ဆေးဝါးများ၊ သက်ဆိုင်ရာ ဌာနများမှ တားမြစ်ထားသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုမရှိစေရေး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ၂/၂၀၁၉ ညွှန်ကြားချက်ပါ ဆေးဝါးနှင့် ဖြည့်စွက်စာ များတွင် ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ကိုက်ညီမှုရှိသော ဆေးဝါးနှင့်ပစ္စည်း များကိုသာ ဖြန့်ဖြူးရောင်းချရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရခိုင်ပြည်နယ် ၊ စားသုံးသူရေးရာဦးစီးဌာန၊ အမ်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၈-၁၂-၂၀၂၂) ရက်နေ့ နေ့လည် (၂:၀၀) နာရီအချိန်တွင်  အမ်းမြို့နယ်၊ မွှားအုပ်စု၊ ပဒဲကြော အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီး နှင့် ဆရာ/ဆရာမ၊ ကျောင်းသား/ သူ (၂၀၀) ဦးခန့် တက်ရောက်ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်မဆန်းအေး မှ ကျောင်းသား/ သူများ အား အစားအသောက်နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်ကိစ္စများကို ဌာနမှ ပြောကြားချက်များ အား ကြားနာမှတ်သားစေရေး အဖွင့်အမှာစကားပြောကြားပါသည်။

           ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ အမ်းခရိုင်ဦးစီးမှူးရုံးမှ ဦးအောင်မင်းခိုင်(ဒု-ဦးစီးမှူး)က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်(Vision)၊ ရည်မှန်းချက်(Mission) အနက်အဓိပ္ပာယ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ(၄၁) နှင့် ကိုက်ညီစွာဖော်ပြထားသော စားသုံးကုန်၊ အလှကုန်၊ ဆေးဝါးများအား ဝယ်ယူသုံးစွဲကြရန်နှင့် စားသုံးသူအခွင့်အရေး (၈) ချက်၊ စားသုံးသူ တာဝန် (၄) ချက်အား အကျယ်တဝင့်ချပြရှင်းလင်းပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအား လေ့လာရန်နှင့်  တိုင်ကြားလိုပါက ဌာနတွင် ဖွင့်လှစ်ထားသည့် Consumer Information Complaint Center(CICC) ဖွင့်လှစ်ထားရှိမှု၊ ဦးစီးဌာန၏ www.doca.gov.mm website နှင့် DOCA  Myanmar Mobile Application တွင်လည်းကောင်း ဝင်ရောက်ကြည့်ရှုနိုင်ပြီး Consumer Call Center 1535 ကိုခေါ်ဆို၍ လည်းကောင်း မေးမြန်းတိုင်ကြားနိုင်ကြောင်း ချပြဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်လာသည့် ကျောင်းသား/သူများအား ခဲတံ၊ ဗလာစာအုပ်များလက်ဆောင် ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ရခိုင်)

မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်သင်တန်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

           ပဲခူးတိုင်းဒေသကြီး ၊ ညောင်လေးပင်ခရိုင် ၊ ဒိုက်ဦးမြို့နယ်တွင် မြို့နယ် (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူကြီးကြပ်မှုကော်မတီမှ ကြီးမှူးကျင်းပသည့် မြို့နယ်အဆင့် မြေပြင် ကွင်းဆင်း စာရင်းကောက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၇.၁၂.၂၀၂၂ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးမှူး ၊ မြို့နယ်စီမံကိန်းနှင့် စာရင်းအင်းဌာန ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ၊ စားသုံးသူရေးရာဦးစီးဌာန ၊ မြို့နယ်တာဝန်ခံနှင့် သင်တန်းသား (၄၁) ဦးတက်‌ရောက်ခဲ့ပါသည်။

         သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြီးနောက် စားသုံးသူရေးရာဦးစီးဌာန ၊ ဒိုက်ဦးမြို့နယ်တာဝန်ခံမှ စားသုံးသူရေးရာဦးစီးဌာန စတင်ပေါ်ပေါက်လာပုံ၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ ၊ စားသုံးသူတို့၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများကို ဦးစားပေးဖတ်ရှုသင့်ပုံများနှင့်  စားသုံးသူကာကွယ်ရေးဉပဒေပါ အကြောင်းအရာများ ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက လွယ်ကူလျင်မြန်စွာ တိုင်ကြားနိုင်သည့်    စားသုံးသူ   သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center -CICC) ကို ခရိုင်ဦးစီးမှူးရုံးတွင် ဖွင့်လှစ်ထားရှိကြောင်းကို သင်တန်းသားများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီအစည်းအဝေး ကျင်းပပြုလုပ်

         ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာကော်မတီအစည်းအဝေး (၉/၂၀၂၂)ကို စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး ၊ အစည်းအဝေးခန်းမ၌ ၂၇.၁၂.၂၀၂၂ ရက်နေ့ ၊ နေ့လယ်( ၁၃ : ၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီး ၊ စားသုံးသူရေးရာကော်မတီ ၊ ဒုတိယဥက္ကနှင့် အဖွဲ့ဝင် (၄) ဦး ၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်း (၅) ဦးတက်ရောက်ခဲ့ကြပါသည်။

         အဆိုပါ အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာကော်မတီဥက္ကဌ ကိုယ်စား ဒုတိယဥက္ကဌမှ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းစေရေးအတွက် စားသုံးသူရေးရာကော်မတီ အစည်းအဝေးကို တစ်လတစ်ကြိမ်ဖြစ်မြောက်အောင် ကျင်းပပြုလုပ်ပေးသည့်  သက်ဆိုင်ရာ စားသုံးသူရေးရာဦးစီးဌာနအား ကျေးဇူးတင်ရှိပါကြောင်း ၊ ပွင့်လင်းရာသီဖြစ်သည့်အတွက် အသိပညာပေးခြင်းအစီအစဉ်များနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေး‌ခြင်း အစီအစဉ်များကို အရှိန်အဟုန်မပြတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပြီး  စားသုံးသူ ရေးရာ ဌာနခွဲ တာဝန်ခံမှ စားသုံးသူရေးရာ ကော်မတီမှ မှတ်တမ်းတင် အတည်ပြုနိုင်ရန်အတွက် အမှာစာများ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၏ ရှင်းလင်းဆွေးနွေးချက်အပေါ် သက်ဆိုင်ရာကော်မတီအဖွဲ့ဝင်များမှ ပြန်လည်ဆွေးနွေးခဲ့ပြီး အစည်းအဝေးကို (၁၄ : ၃၀) အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

သဲကုန်းမြို့နယ်အတွင်းရှိ နွေစပါးစိုက်တောင်သူများသို့ Contract Farming သွင်းအားစုပေးမည်ဟု သိရှိရ

            ပဲခူးတိုင်းဒေသကြီး ၊    နတ်တလင်းခရိုင် ၊    သဲကုန်းမြို့နယ်တွင် ယခင်နှစ်က  နွေစပါးစိုက်ဧက ( ၁၀၈၂၃ ) ဧကရှိကြောင်း သိရှိရပြီး ယခုနှစ်တွင် လျာထားဧက (၁၁၀၀၅)ဧက ရှိကြောင်း သိရှိရပါသည်။ ယခုနှစ် နွေစပါးစိုက်တောင်သူများသို့ အစိုးရမှ ကုမ္ပဏီကြားခံ၍ ကန်ထရိုက်စနစ်ဖြင့် သွင်းအားစု ဓာတ်မြေသြဇာနှင့် ပေါင်းသတ်ဆေးများကို ၁ ဧက ကျပ်နှစ်သိန်းနှုန်း ထောက်ပံ့ပေးသွားမည်ဟု သိရှိရပါသည်။ ထိုသွင်းအားစု ဈေးနှုန်းများမှာလည်း အပြင်ဈေးနှုန်းထက် အနည်းငယ်သက်သာသော ပေါက်ဈေးဖြင့် ဓာတ်မြေသြဇာကုမ္ပဏီနှင့် ချိတ်ဆက်ဆောင်ရွက်ပေးကြောင်း သိရှိရပါသည်။

          သဲကုန်းမြို့နယ်တွင် Contract Farming ပြုလုပ်မည့် ကုမ္ပဏီများမှာ ရွှေမနောမြေကုမ္ပဏီ ၊ မဏိကမ္ဘာကုမ္ပဏီ ၊ အောင်နိုင်ရိုးမ ကုမ္ပဏီတို့ဖြစ်ကြောင်း သိရှိရပါသည်။  ရွှေမနောမြေကုမ္ပဏီမှ ဧက (၁၅၀၀) ၊ မဏိကမ္ဘာကုမ္ပဏီမှ ဧက (၃၀၀၀)နှင့် ကျန်ဧကများကို အောင်နိုင်ရိုးမ ကုမ္ပဏီနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ကုမ္ပဏီများအနေဖြင့် မြေပြင်ကွင်းဆင်း၍ ကျေးရွာအုပ်ချုပ်ရေးမှူးများမှတဆင့် Contract Farming ပြုလုပ်မည့် တောင်သူများနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

          ထို Contract Farming စနစ်သည် တောင်သူများအတွက် ငွေကြေးစိုက်ထုတ် ရင်းနှီးစရာမလို ၊ သွင်းအားစုအတွက် စိတ်ပူစရာမလို ၊ အတိုးနှုန်း တစ်စုံတစ်ရာ ပေးရန်မလိုဘဲ အချိန်တန်စပါးပေးစနစ်ဖြင့် အလွန်အကျိုးရှိသော စနစ်တစ်ခုဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

လွတ်လပ်ရေးနေ့အထိမ်းအမှတ် နေပြည်တော်ပြခန်းတွင် ဒေသထွက် အစားအစာများ ရောင်းချရန် ပြင်ဆင်

         ၂၀၂၃ ခုနှစ် ၊ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နေပြည်တော်၌ ကျင်းပပြုလုပ်မည့် အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြုပြခန်းများနှင့် ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ ဒေသရိုးရာ အစားအစာများနှင့် ဒေသထုတ်ကုန်ပစ္စည်းများအား စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးဆောင်၍ မိတ်ဖက်ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် သွားရောက် ခင်းကျင်းပြသမည်ဖြစ်ကြောင်း သိရှိရပါသည်။

          အဆိုပါ (၇၅)နှစ်မြောက် ၊ ပြည်ထောင်စုနေ့ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးမှ ထွက်ရှိသည့်ဒေသထွက်ကုန်များဖြစ်သော ကွမ်းသီးဖတ် အသုံးအဆောင်ပစ္စည်း ၊ ငါးရံ့ခြောက်များ ၊ ကဝမြို့နယ် ၊ သပြုကျေးရွာမှ ထွက်ရှိသည့် ဒန်သတ္ထုများ ၊ ပဲခူးဒေသထွက် ငါးဖယ်ချဉ်နှင့် ပုဇွန်ချဉ် ၊ ပဲခူးဒေသထွက် ဆီဖြူသီးသနပ် ၊ ညောင်လေးပင်ဒေသထွက် အမျိုးသမီးဝတ် ကချင်ရောင်စုံ ပွင့်လုံချည် ၊ ဒိုက်ဦး ဒေသထွက် ဝါးခမောက်များ ၊ တောင်ငူဒေသထွက် ကော်ဖီမှုန့်များ ၊ ပြည်ဒေသထွက် ထမင်းသု်ဘူးများ ၊ ပြည်ဒေသထွက် ပိုးစည်းဝမ်းဆက် ၊ ပိုးအုတ်ကွက်/ ချည်အုတ်ကွက် / 3 D ချည်ပိုး ဝမ်းဆက်များ ၊ ပေါက်ခေါင်းဒေသထွက် မြေပဲကြံသကာများအပြင် အခြားဒေသထွက်ကုန်များဖြင့် အမျိုးအမယ် ပေါင်း စားသောက်ကုန် (၂၀)မျိုးနှင့် ဒေသထွက်ကုန် (၈)မျိုး ၊  စုစုပေါင်း (၂၈)မျိုး ခင်းကျင်း ပြသရောင်းချပေးသွားမည်ဖြစ်ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ