Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဘားအံမြို့၊ အ-ထ-က(၅)ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

     စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သီတာဋ္ဌေး(ဒု-ကြီးကြပ်ရေးမှူး)နှင့်ဝန်ထမ်းများသည် (၁၁-၉-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း အ-ထ-က(၅) ရှိ ကျောင်းသား/ သူများကို စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် သက်ဆိုင်ရာမိတ်ဖက်ဌာနများမှ မိမိသက်ဆိုင်သည့်ဌာနအလိုက် အကြောင်းအရာများကိုဟောပြောခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်သီတာဋ္ဌေး(ဒု-ကြီးကြပ်ရေးမှူး)က စားသုံးသူရေးရာဦးစီးဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူအခွင့်အရေးအကြောင်းနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အစားအသောက်နှင့်ကုန်စည်များကို စနစ်တကျရွေးချယ်ဝယ်ယူစားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်အညွှန်းအမှတ်အသားအကြောင်းကို လွယ်ကူစွာသိရှိနိုင်ရန် မုန့်ထုပ်များဖြင့် ဥပမာပေးလက်တွေ့ရှင်းလင်းပြောကြားခဲ့ပြီး  ထိုဟောပြောပွဲသို့ ဆရာ/ဆရာမများနှင့်  ကျောင်းသား/ကျောင်းသူစုစုပေါင်းဦးရေ (၁၈၇) ဦးတက်ရောက်ခဲ့ကြကာ ဟောပြောပွဲအား နံနက် (၁၁:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

ကသာမြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များအား မိတ်ဖက်ဌာနများနှင့် ပူးပေါင်းစစ်ဆေး

    ၂၀၂၃-ခုနှစ် စက်တင်ဘာလ (၇)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဦးဆောင်မှုဖြင့် ကသာမြို့ပေါ်ရှိ စားသုံးဆီရောင်းချသည့် ဆိုင်များတွင် စားသုံးဆီများအား ဈေးမြှင့်တင်ရောင်းချမှုရှိ/မရှိ၊ စားသုံးဆီများ ဖြန့်ဖြူးရောင်းချမှုအခြေအနေ၊ ဈေးကွက်/ဈေးနှုန်းအခြေအနေများအား သိရှိနိုင်ရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနမှ ကသာမြို့နယ်တာဝန်ခံ ဦးထွန်းသန်း (ဒု-ဦးစီးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များနှင့်အတူ ကသာမြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်(၄)ဆိုင်သို့ ပူးပေါင်းကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးဆီအရောင်းဆိုင်များအနေဖြင့် တံဆိပ်မပါသော ပေပါဆီ (စားအုန်းဆီ)များ ရောင်းချခြင်းမရှိဘဲ Goody၊ Duck ၊ ရွှေဥစသည့် ကုန်အမှတ်တံဆိပ်များဖြင့် ထုပ်ပိုးထားသည့် ဘူးများ၊ ပုံးများကိုသာ အများဆုံးရောင်းချလျက်ရှိကြောင်း၊ စားအုန်းဆီရောင်းချရာတွင် မန္တလေးကိုယ်စားလှယ်များထံမှတဆင့် ဝယ်ယူရောင်းချကြောင်းနှင့် လတ်တလောအချိန်တွင် ဈေးကွက်အတွင်း၌ ဒေသထွက် ပဲဆီ၊ နှမ်းဆီ၊ နေကြာဆီများသာ ရောင်းချမှုရှိကြပြီး စားအုန်းဆီမှာ ဈေးကွက်တွင် လက်ကျန်အနည်းငယ်သာရှိတော့ကြောင်း စားသုံးဆီရောင်းချသည့် ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကျိုင်းတုံမြို့၊ မြို့မဈေး၌ ကလေးအာဟာရဖော်စပ်ဖြည့်စွက်စာအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

   ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၁၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ မြို့မဈေးရှိ ကလေးအသုံးအဆောင်ပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြပါသည်။

   ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသည့် ကလေးအာဟာရဖော်စပ်ဖြည့်စွက်စာအမျိုးမျိုးအား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် စီးပွားရေးလုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားမပါရှိသည့် ကလေးအာဟာရဖော်စပ်ဖြည့်စွက်စာအမျိုးမျိုးကို ရောင်းဝယ်ဖောက်ကားမှုမပြုလုပ်ကြရန်၊ စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

 

ဝိုင်းမော်မြို့၊ အ-မ-က အောင်မြေ (၂) ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေး

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်)သည် (၁၁-၉-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်မှ နံနက် (၁၁:၃၀) နာရီအချိန်ထိ ဝိုင်းမော်မြို့၊ အ-မ-က အောင်မြေ(၂)၊ စာသင်ကျောင်းတွင် ဆရာ/ ဆရာမ(၇)ဦး ကျောင်းသား/ကျောင်းသူ(၁၁၈)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ ဟောပြောရာတွင် ဦးဘောမ်ဇုန်း(ရုံးအုပ်)က စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန်မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ဝယ်ယူခြင်း၊ အသုံး ပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်းပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကိုဆိုလိုကြောင်း၊ စားသုံးသူ၏အခွင့်အရေးဖြစ်သည့် စားသုံးသူများအတွက် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှုရရှိစေခြင်း၊ ကုန်စည်သို့ မဟုတ် ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်ရှိခြင်း၊ ဈေးကွက်အတွင်းရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူစိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်းသည် ကိစ္စရပ်များတွင် ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့်ရရှိနိုင်စေခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့်နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်း၊ နစ်နာ ဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်မှုနည်းလမ်း၊ ကုန်စည်များကိုဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှုရှိသော ကုန်စည်များကိုသာဝယ်ယူသုံးစွဲရန် အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

ရွှေဘိုမြို့တွင် ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ (၈.၉.၂၀၂၃)ရက်နေ့ တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း (၂)ဦး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း(၂)ဦးတို့ပူးပေါင်း၍ ရွှေဘိုမြို့၊ အမှတ်(၂)ရပ်ကွက် နှင့်အမှတ်(၄)ရပ်ကွက်၊ အနောက်ဈေးရပ်ရှိ ကလေးပစ္စည်းစတိုးဆိုင် (၂)ဆိုင်တွင်ရောင်းချသည့် ကလေး အာဟာရဖြည့်စွက်စာအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ထိုသို့စစ်ဆေးရာတွင် ရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအား ကလေးအာဟာရဖြည့်စွက်စာ အမျိုးမျိုးကို ဆရာဝန်ညွှန်ကြားချက်မလိုဘဲ အလွယ်တကူဝယ်ယူသုံးစွဲနိုင်ပြီး လက်ရှိတွင်လည်း စားသုံးသူအများစု ဝယ်ယူသုံးစွဲနေသောကုန်စည်ဖြစ်ခြင်း၊  ကလေးအာဟာရနို့မှုန့်များသည် ဘေးကင်းလုံခြုံမှုမရှိပါက ကလေးငယ်များကို ကြီးမားသည့်ဘေးအန္တရာယ်ဖြစ်စေနိုင်ခြင်း၊ မိခင်နို့ရည်(သို့မဟုတ်) မိခင်နို့ရည် အစားထိုးအစာဖြင့် အာဟာရပြည့်ဝစွာမရရှိနိုင်သည့် ကလေးငယ်များအတွက် ထုတ်လုပ်ထားသည့် နို့ရည်နှင့်နို့မှုန့်များတွင် အသက်အပိုင်းအခြား တိကျစွာဖော်ပြထားခြင်းမရှိပါက ကလေးငယ်တွင် အန္တရာယ်ဖြစ်စေနိုင်ခြင်း၊ ဖျော်စပ်သုံးစွဲရန်အညွှန်းများကို မြန်မာဘာသာဖြင့် တိကျစွာဖော်ပြထားခြင်းမရှိ သည့်ကုန်စည်များကြောင့် ကလေးငယ်များတွင် ကျန်းမာရေးဆိုင်ရာထိခိုက်မှုများ ဖြစ်ပွားစေနိုင်ခြင်း တို့ကြောင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ‌ဈေးကွက်စောင့်ကြည့်စစ်ဆေးရခြင်းဖြစ်ကြောင်း၊  စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းတွင် ပါဝင်ရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှ ဆောင်ရွက်နေသောလုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက် ရုံးချိန်အတွင်း Consumer Call Center No 1535သို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများကို အသေးစိတ်ရှင်းလင်းဆွေးနွေးပြီး စားသုံးသူကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဝိုင်းမော်မြို့ရှိ ခေါက်ဆွဲထုပ်စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

    ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်)သည် (၁၂-၉-၂၀၂၃) ရက်နေ့တွင် အမှတ်(၁)ရပ်ကွက်၊ ဝိုင်းမော်မြို့ရှိ ခေါက်ဆွဲထုတ်လုပ်ဖြန့်ဖြူးသည့် စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ထိုသို့ဆွေးနွေးရာတွင် ဦးဘောမ်ဇုန်း(ရုံးအုပ်)က စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ပေးခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကိုဆိုလိုကြောင်း၊ စားသုံးကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းအပေါ် စီးပွားရေးလုပ်ငန်းရှင်သည် မိမိဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အချက်အလက်များကို စားသုံးသူသိရှိစေရန်ကြိုတင်အသိပေးခြင်း၊ မှန်ကန်သောသတင်းအချက်အလက်နှင့်ပြည့်စုံသော ဝန်ဆောင်မှုအဆင့်အတန်းနှင့်အညီ ပြည့်ဝစွာပေးခြင်း၊ စားသုံးသူ၏လိုအပ်ချက်နှင့်ကိုက်ညီမှုရှိခြင်း၊ အာမခံထားသောအချိန်ကာလအတွင်း ပြီးမြောက်အောင်ဆောင်ရွက်ပေးခြင်း၊ စားသုံးသူနှင့်သဘောတူညီထားသည့် ဝန်ဆောင်မှုတန်ဖိုးအတိုင်း ပေးအပ်စေခြင်း စသည့်အချက်များကိုရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

လူသားတိုင်း စားသုံးသူအခွင့်အရေးသိရှိစေဖို့ ကွင်းဆင်းဆွေးနွေး အသိပညာပေးကြစို့

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူး၏လမ်းညွှန်ချက်၊ ကန့်ဘလူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်သည် စားသုံးသူပြည်သူများကို စားသုံးသူအခွင့်အရေးနှင့်အကျိုးစီးပွားကာကွယ်ရန် ၊ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ကျန်းမာရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် (၁၀.၉.၂၀၂၃)ရက်နေ့ နံနက် (၀၈:၃၀) နာရီအချိန်တွင်  ကျွန်းလှမြို့နယ် အင်းကောင်းကျေးရွာ  အ.လ.က(အလယ်တန်း) ကျောင်းတွင်  စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

      အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်သိန်းမှ ကြိုဆို နှုတ်ခွန်း ဆက်စကားပြောကြားခဲ့ပြီးနောက် မြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်က  စားသုံးသူအခွင့်အရေး များနေ့ ဖြစ်ပေါ်လာပုံ ၊စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံအဆင့်ဆင့်အကြောင်း၊ စားသုံးသူ ကာကွယ်ရေး ဥပဒေကို ၂၀၁၉ ခုနှစ် ၊ မတ်လ (၁၅)ရက်နေ့ ၌ ပြဌာန်းခဲ့ပြီး အခန့်ပေါင်း(၂၅)ခန်း ပုဒ်မပေါင်း(၈၄)ခု ပါဝင်ပြဌာန်းထားကြောင်း ၊ စားသုံးသူကာကွယ်ပေးရေးဥပဒေ ပြဌာန်းရခြင်း၏ ရည်ရွယ် ချက်၊ စားသုံးသူကာကွယ် ရေးဥပဒေပါ စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူကာကွယ်ရေး၏ အဓိပ္ပာယ်ဖွင့်ဆိုချက် စားသုံးသူအခွင့်အရေး(၈)ချက်၊ စားသုံးသူအကာကွယ်ပေးရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖေါ်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာ ထည့်သွင်းဖော်ပြ၍  ထုတ်လုပ်ဖြန့်ဖြူးသည့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူစားသောက် အသုံးပြုတတ်ရန် ၊ စားသုံးသူများ လိုက်နာဆောင်ရွက်ရမည့်တာဝန်များနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်ပါကြောင်း ၊ တိုင်ကြားနိုင်သည့် နေရာများဖြစ်သည့် Facebook Page ဖြစ်သော DOCA Myanmar Page တွင်လည်းကောင်း ၊ မိမိတို့ဌာနခရိုင်ဦးစီးမှူးရုံး စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC) တွင်လည်းကောင်း ၊ မိမိတို့ဌာန Website  www. doca.gov. mm တွင်လည်းကောင်း ၊ MPT ; mytel ;  Telenor ;  Oredoo  ; SIM Card User များအားလုံးဖြင့် Call Center No. 1535 တို့တွင် ပြေစာအထောက်အထားအပြည့်အစုံဖြင့် တိုင်ကြားနိုင်ပါကြောင်းနှင့် သိလိုသည်များကို စုံစမ်းမေးမြန်းနိုင်သည့် အကြောင်းများနှင့် မိမိတို့ကို ဟောပြောသွားသော အချက်အလက်များကို မိမိတို့မိသားစုများ၊ အသိမိတ်ဆွေများကို ပြန်လည်ရှင်းပြပေးရန်နှင့်  ကျောင်းသား/သူများကို ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော ကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူစားသောက် အသုံးပြုတတ်ရန်အတွက် ဆရာ/ ဆရာမ(၁၃)ဦး၊ ကျောင်းသား/သူ(၄၁၆)ဦး စုစုပေါင်း (၄၂၉)ဦး တို့အား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်း ရရှိခဲ့ပါသည်။ 

DOCA(စစ်ကိုင်း)

 

နန့်ပုတ်ကျေးရွာရှိ အုတ်ထုတ်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး(ရုံးအုပ်)သည် (၁၁-၉-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် မိုးညှင်းမြို့၊ နန့်ပုတ်ကျေးရွာအတွင်းရှိ အုတ်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

  ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေတွင်ပါရှိသော စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကိုဆိုလိုကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊ ကုန်သွယ်မှုပြုရန်နှင့် ထုတ်လုပ်မှုပြုရန်အလို့ငှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများက သတ်မှတ်ထားသည့်အရည်အသွေး စံသတ်မှတ်ချက်များအပေါ်အခြေခံ၍ အာမခံချက်ပေးခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ထပ်မံပေးချေရမည့်တန်ဖိုးကို စားသုံးသူကဝယ်ယူအသုံးမပြုမီ သိရှိစေရန် အတိအလင်းဖော်ပြပေးခြင်း စသည့်အချက်များ၊ ကုန်စည်/ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ်  တာဝန်ရှိမှုတို့ကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)             

မြောက်ဦးမြို့နယ်၌ စားသုံးရန်မသင့်သောအစားအသောက်များ ရောင်းချနေမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

     ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ စားသုံးရန်မသင့်သော အစားအသောက်များ ရောင်းချနေမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးဆွေးနွေးခြင်းကို (၁၁.၉.၂၀၂၃) ရက်နေ့ ၊ နံနက်(၁၁:၀၀) နာရီအချိန်က မြို့မဈေးအတွင်းရှိရောင်းချနေသော ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ပြည်နယ်တာဝန်ခံ ဒေါက်တာတင်ကိုဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးပိုင်ထက်အောင်(ဒု-ဦးစီးမှူး) ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့မှရဲအုပ်တင်မောင်ဝင်း  ၊ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးဖြိုးမောင်မောင်(ဒု-ဦးစီးမှူး)၊ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးမောင်မောင်သန်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးလှမောင်သိန်း (ဦးစီးမှူး) တို့အဖွဲ့သည် စားသောက်ကုန်ပစ္စည်းများရောင်းချရာ၌ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ စားသုံးရန်မသင့်ဟု တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ၊ သက်တမ်းလွန်နေသောကုန်ပစ္စည်းများအား ရောင်းချခြင်း ရှိ/မရှိနှင့် ဆေးဝါးအရောင်းဆိုင်များတွင် သက်တမ်းလွန်ဆေးဝါးများ၊ တရားမဝင်ဆေးဝါးများရောင်းချမှု ရှိ/မရှိ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဥပဒေနှင့်အညီပြဌာန်းထား သော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များအား ရောင်းချမှုရှိ/မရှိ၊ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။  

  ထို့နောက် တာဝန်ရှိသူများအဖွဲ့က စားသောက်ကုန်ရောင်းချသည့်လုပ်ငန်းရှင်များအား မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား စားသောက်ကုန်ပစ္စည်းများဝယ်ယူရာတွင် အခက်အခဲမဖြစ်စေရေးအတွက် သတ်မှတ်ကာလပေါက်ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်၍ ရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် ရောင်းချခြင်းမပြုရန် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချမှုအား စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင် ကြောင်း အသိပညာပေးခြင်းနှင့်စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင် များအားဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(ရခိုင်)

ပခုက္ကူမြို့အတွင်းရှိ ကလေးအာဟာရဖြည့်စွက်စာအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှူဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦး ဦးဆောင်သောဝန်ထမ်းများအဖွဲ့သည် နို့စို့ကလေးနှင့်ကလေးငယ်များ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိသော ကလေးအာဟာရဖြည့်စွက်စာများ ဝယ်ယူသုံးစွဲနိုင်ရန်ရည်ရွယ်၍ (၅-၉-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ဖြင့်ထုတ်ပြန်ထားသော “ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ဖြစ်စေ ဖော်ပြရာ၌ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရန်ညွှန်ကြားချက်” တွင် (က) အစားအသောက်အုပ်စုများအောက်ရှိ အမှတ်စဉ်(၁၆)၌ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ လိုက်နာရမည့်အချက်များနှင့် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် (သို့မဟုတ်) အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ဘေးထွက်ဆိုးကျိုးနှင့် ကြိုတင်သတိပေးချက်တို့ကို မဖြစ်မနေထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကိုလည်း ထည့်သွင်းဖော်ပြရပါမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသောကုန်စည်များ ရောင်းချသည်ကိုစစ်ဆေးတွေ့ရှိရပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို အသိပေးပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ