Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အစားအသောက်‌ရောင်းချသည့် ဈေးဆိုင်တန်းများအား ‌ဈေးကွက်စောင့်ကြည့်စစ်ဆေး

         စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲတာဝန်ခံတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး နှင့်အတူ ၊ ၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာလ ၊ ၂၆ ရက်နေ့ ၊ နေ့လယ်ပိုင်းတွင် ပဲခူးတက္ကသိုလ်အတွင်း ရောင်းချသော အစားအသောက် ဈေးဆိုင်တန်းများတွင် ရောင်းချနေမှုအခြေအနေများတွင် ကျန်းမာရေးနှင့်ညီ /မညီ ၊ အစားအသောက်‌ ရောင်းချ ရာတွင် သန့်ရှင်းမှု ရှိ/မရှိ နှင့် အစားအသောက်တွင် အသုံးပြုရသော ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ပါဝင်ခြင်း ရှိ/မရှိ ပူးပေါင်း၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          အစားအသောက်ရောင်းချသော ဆိုင်ပိုင်ရှင်များအနေဖြင့် အစားအသောက်တွင် အသုံးပြုရသော ကုန်ကြမ်းပစ္စည်းများ ဝယ်ယူအသုံးပြုရာတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် လုံခြုံ စိတ်ချရမှု ရှိစေရေးတို့အတွက် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ် အသား ပြည့်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူ၍ အသုံးပြုကြရန် ၊ ကုန်စည်အမျိုး အစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ပါဝင်ရမည့် ကုန်အညွှန်းအမှတ်အသား အသေးစိတ် ညွှန်ကြားချက်များကို ဆိုင်ပိုင်ရှင်များအား ဖြန့်ဝေခဲ့ပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အစားအသောက်နမူနာများ ရယူ၍ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပဲခူးတက္ကသိုလ်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

           စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးဦးဆောင်၍ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံတို့ပါဝင်သော အဖွဲ့သည် ဒီဇင်ဘာလ ၂၆ ရက်နေ့ ၊ နံနက်ပိုင်းတွင် ပဲခူးတက္ကသိုလ်သို့ သွားရောက်၍ စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ အသိပညာပေး ဟောပြောခဲ့ပါသည်။

          ဟောပြောပွဲတွင် ပဲခူးတက္ကသိုလ် ၊ ပါမောက္ခချုပ်မှ အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူ ရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးမှ စားသုံးသူရေးရာဦးစီးဌာန နှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ကွဲပြားခြားနားခြင်း အကြောင်းအရာများ ၊ စားသုံးသူရေးရာဦးစီးဌာန စတင်ပေါ်ပေါက်လာပုံ ၊ လက်ရှိဆောင်ရွက်နေသည့် အခန်းကဏ္ဍများ ၊ စားသုံးသူကိစ္စရပ်များ အပြင် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် အခန်းကဏ္ဍများကို မိတ်ဆက်ပြောကြားခဲ့ပါသည်။

       ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲတာဝန်ခံက စားသုံးသူ ကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ ၊ အဓိပ္ပာယ်ဖွင့်ဆိုချက်များ ၊ စားသုံးသူ နစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားနိုင်ခြင်းများ ၊ စားသုံးသူရေးရာဦးစီးဌာန၏ Website ကို ဝင်ရောက်၍  ကြည့်ရှုလေ့လာသင့်သည့် အချက်အလက်များကို လည်းကောင်း ၊ တိုင်ကြားရမည့် ပုံစံများအား တစ်ဆင့်ချင်း သိရှိနိုင်ရန် ရှင်းလင်းဆွေးနွေးခဲ့ပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲ တာဝန်ခံမှ စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

      ဆက်လက်၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးမှ အစားအသောက် ၊ ဆေးဝါး ၊ ဆေးပစ္စည်းနှင့်အလှကုန် ဘေးအန္တရာယ်ကင်းရှင်းရေး ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့ပြီး ဟောပြောပွဲသို့ ပဲခူးတက္ကသိုလ် ပါမောက္ခချုပ် ၊ ဒုတိယ ပါမောက္ခချုပ် ၊ သက်ဆိုင်ရာ ဌာနမှူးများနှင့်တကွ ကျောင်းသား/ကျောင်းသူ (၂၅၀)ကျော် တက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

လွိုင်ကော်မြို့ပေါ်ရှိ ဓာတ်မြေဩဇာဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

         စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်ကော်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၇)ရက် နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့ ဈေးပိုင်းရပ်ကွက်၊ မင်္ဂလာရပ်ကွက်နှင့်ရွှေတောင်ရပ်ကွက်ရှိစိုက်ပျိုးရေးသုံးပစ္စည်းဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဆိုင်များသို့ အရည်အသွေးနိမ့်မြေဩဇာများအား ထိုင်းနိုင်ငံပြည်တွင်းသုံးမြင်းပျံအိတ်ခွံများဖြင့် ပြန်လည်ထုပ်ပိုးပြီး အိုင်စီပီမြင်းပျံမြေဩဇာအိတ်အတုများပြုလုပ်လျက် ဈေးကွက်အတွင်းရောင်းချနေခြင်းရှိ/မရှိ မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ နှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စိုက်ပျိုးရေးသုံးပစ္စည်းဓာတ်မြေဩဇာနှင့် ပိုးသတ် ဆေးအရောင်းဆိုင်များတွင် အိုင်စီပီမြင်းပျံမြေဩဇာအတုများ ရောင်းချနေမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းသက်သာသော အရည်အသွေးနိမ့် မြေဩဇာများကို ထိုင်းနိုင်ငံပြည်တွင်းသုံး မြင်ပျံအိတ်ခွံများဖြင့် ပြန်လည်ထုတ်ပိုးပြီး အိုင်စီပီမြင်းပျံမြေဩဇာ အတုများပြုလုပ်လျက် ဈေးကွက်အတွင်း လိမ်လည်ဖြန့်ဖြူးရောင်းချခြင်း မပြုကြရန်၊ တရားဝင်မှတ်ပုံတင်ထားသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ တင်သွင်းရောင်းချရန်၊ စိုက်ပျိုးသူတောင်သူများ ဘေးအန္တရာယ်ကင်းစေရန်  သုံးစွဲပုံအညွှန်းကို  မြန်မာဘာသာဖြင့်  တိကျစွာဖော်ပြထားသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကိုသာ တင်သွင်းရောင်းချကြရန်၊ သတ်မှတ်ချက်နှင့် မကိုက်ညီသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ ဈေးကွက်အတွင်းတွေ့ရှိပါက စိုက်ပျိုးရေးဦးစီးဌာန၏ ဥပဒေအရသော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေအရသော်လည်းကောင်း အရေးယူခံရနိုင်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

ဝိုင်းမော်မြို့၊အမှတ်(၄)ရပ်ကွက်အတွင်းရှိ စားသုံးသူများအား အသိပညာပေးဟောပြော

      စားသုံးသူရေးရာဦးစီးဌာန၊မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်)သည် ၂၃.၁၂.၂၀၂၂ ရက်နေ့ နေ့လယ် (၁၃း၃၀)နာရီအချိန်တွင် ဝိုင်းမော်မြို့၊အမှတ်(၄)ရပ်ကွက်အတွင်းရှိ စားသုံးသူများအား စားသုံးသူအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

      စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောရာတွင် စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန် မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်း ပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကို ဆိုလိုကြောင်း၊စားသုံးသူအခွင့်အရေးများဖြစ်သောစားသုံးသူများအတွက် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များအပေါ်တွင် စိတ်ကျေနပ်မှုရှိစေခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်ရှိခြင်း၊ကုန်စည် သို့မဟုတ်ဝန်ဆောင်မှုအပေါ်ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် လိုအပ်သောသတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာသို့မဟုတ်အထောက်အထားများရယူခွင့်ရှိခြင်း၊ ဈေးကွက်အတွင်းရှိ ကုန်စည် သို့မဟုတ်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူစိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များတွင် ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့်ရရှိနိုင်စေခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို  ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ကုစားခွင့်ရရှိခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် အသိပညာဗဟုသုတများ၊ အခွင့်အရေးနှင့် လိုအပ်သောအချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်ရှိခြင်း၊ ပစ္စုပ္ပန်တွင်သာမက အနာဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခွင့်ရရှိစေခြင်းစသဖြင့် အသိပညာပေးဟောပြောခဲ့ပြီး  စားသုံးသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(ကချင်)

 

ကုန်မျိုးစုံရောင်းချသော စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ အသိပညာပေးဆွေးနွေး

          စားသုံးသူရေးရာဦးစီးဌာန ၊မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်)သည် ၂၃.၁၂.၂၀၂၂ ရက်နေ့နံနက်(၁၀း၃၀) နာရီအချိန်တွင် ဝိုင်းမော်မြို့၊အမှတ်(၄)ရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍   စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးခဲ့ပါသည်။

          ထိုသို့ဆွေးနွေးရာတွင်  စားသုံးသူကာကွယ်ရေးဥပဒေပါ  စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ခြင်းကိုဖြစ်စေ၊  ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်း လုပ်ကိုင်ခြင်းကိုဖြစ်စေ၊တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကိုဆိုလိုကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းရေးအာမခံပေးရမည်ဖြစ်ကြောင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှု၊ ကုန် အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များနှင့် ကိုက်ညီမှုမရှိသည့် ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း သို့မဟုတ် ရောင်းချခြင်းမပြုရန်နှင့် ဖောက်ဖျက်ကျူးလွန်ပါက စားသုံးသူကာကွယ်ရေးဥပဒေအရ ပြစ်ဒဏ်ကျခံရမည်ဖြစ်ကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်နှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

 

ဘိုကလေးမြို့၊ မုန့်မျိုးစုံဆိုင်များတွင် ရောင်းချနေသောကုန်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

        စားသုံးသူရေးရာဦးစီးဌာန၊ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းတို့သည် ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ (၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဘိုကလေးမြို့ (၇)ရပ်ကွက်(၁၃)လမ်းထိပ်ရှိ မုန့်မျိုးစုံဆိုင်ရှိကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ပါဝင်ခြင်းရှိ/မရှိဈေးကွက်စောင့် ကြည့်ကွင်းဆင်းစိစစ်ခဲ့ပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် ရောင်းချနေသောမုန့်မျိုးစုံများတွင် ကုန်အညွှန်းအမှတ်အသားပါ ဝင်ဖော်ထားခြင်းရှိ/မရှိစိစစ်ခြင်း သက်တမ်းလွန်သော မုန့်များကိုသေချာစွာစိစစ်၍ ရောင်းချခြင်းမပြုရန်နှင့် မြန်မာဘာသာနှင့်ဖော်ပြထားခြင်းမပြုသော ကုန်စည်များကိုဝယ်ယူရောင်းချခြင်းမပြုရန်၊ တရားမဝင်ကုန်စည်များလည်း ဝယ်ယူတင်သွင်းဖြန့်ဖြူး‌ရောင်းချခြင်းမပြုရန်၊ တိုက်တွန်းပြောကြားခဲ့ပြီး ဈေးနှုန်း၊ဈေးကွက်အခြေအနေများကိုလည်း မေးမြန်းစုံစမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ နှစ်သစ်ကူးနှုတ်ခွန်းဆက်လွှာ

ချင်း(ဂျင်း)သီးနှံ ထုတ်လုပ်မှုမှသည် ပြည်ပတင်ပို့နိုင်ရေးဆီသို့

နိဒါန်း

        မြန်မာလူမျိုးတို့၏ နေ့စဉ်စားသုံးနေသည့် ဟင်းလျာများတွင် မပါမဖြစ် ပစ္စည်းတစ်ခုမှာ   “ချင်း”သီးနှံပင်ဖြစ်ပါသည်။ ချင်းသီးနှံကို လူသားတို့အတွက် ကျန်းမာရေးအထူးကောင်း မွန်စေပြီး အထူးသဖြင့် အာရှနွယ်ဖွား တိုင်းရင်းသားများ အများဆုံး စားသုံးကြသော သီးနှံတစ်မျိုးဖြစ်သည်။ ချင်းကို အာရှ နွယ်ဖွားများ၏ ခန္ဓာကိုယ်အပေါ် ကောင်းကျိုးသက်ရောက်မှုရရှိစေရန်အတွက် ရာစုနှစ်များစွာကတည်းက စားသုံးလာသည့် သီးနှံတစ်မျိုးဖြစ်ပါသည်။

          ချင်း ကိုဟင်းခတ်အမွှေးအကြိုင်အတွက်သာမက အချိုရည်များ၊ ဖြည့်စွက်စာများနှင့် ဆေး ဝါးကုန်ကြမ်းပစ္စည်းများအဖြစ်အသုံးပြုရကြောင်းသိရှိရသည်။ အခုအခါ ချင်းစိုက်ပျိုးသည့်နိုင်ငံ အချို့က ပို့ကုန်အဖြစ်တင်ပို့ကြပြီး Re-export အဖြစ်တင်ပို့နေကြောင်းလည်းသိရှိရပါသည်။ ထို့အတွက်ကြောင့် မြန်မာ့တောတောင်ရေမြေသဘာဝနှင့် ကိုက်ညီသော ချင်းစိုက်ပျိုးထုတ်လုပ်ပြီး ပြည်တွင်းစားသုံးမှုမှ ပိုလျှံသည်များကို ပြည်ပသို့ တင်ပို့နိုင်ရေးသည် လွန်စွာအရေးကြီးလှပါသည်။

မူလထွက်ရှိသည့်ဒေသ

        ချင်း၏မူရင်းဒေသမှာ အရှေ့တောင်အာရှဖြစ်ကြောင်း သိရှိရသည်။ ၂၀၂၀ ခုနှစ်တွင် တစ်ကမ္ဘာလုံး၏ ချင်းစိုက်ပျိုးထွက်ရှိမှုမှာ ၄.၃ မက်ထရစ်တန် ထွက်ရှိပြီး အိန္ဒိယနိုင်ငံ၏ ထွက်ရှိမှုမှာ တစ်ကမ္ဘာလုံး၏ ၄၄ရာခိုင်နှုန်း ထွက်ကြောင်း သိရှိရပါသည်။ အိန္ဒိယနိုင်ငံမှ ၁.၈ မက်ထရစ်တန်၊ နိုက်ဂျီးရီးယားနိုင်ငံမှ ၀.၇ မက်ထရစ်တန်၊ တရုတ်နိုင်ငံမှ ၀.၆၁ မက်ထရစ်တန်၊ နီပေါမှ ၀.၂၉ မက်ထရစ်တန်၊ အင်ဒိုနီးရှားမှ ၀.၁၈ မက်ထရစ်တန်၊ ထိုင်းနိုင်ငံမှ ၀.၁၆ မက်ထရစ်တန် စိုက်ပျိုးထွက်ရှိကြောင်း သိရှိရပါသည်။

        ကမ္ဘာ့နိုင်ငံများတွင် ချင်းအများဆုံးစားသုံးသည့်နိုင်ငံများမှာ အိန္ဒိယ၊ အင်ဒိုနီးရှား၊ နီပေါ၊ နိုက်ဂျီးရီးယား၊ တရုတ်၊ ဂျပန်၊ ထိုင်း၊ ပါကစ္စတန်၊ အမေရိကန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် စိုက်ပျိုး စားသုံးကြသည်။ ဉပမာ - တရုတ်နိုင်ငံကဲ့သို့ နိုင်ငံကြီးများမှ အိမ်နီးချင်းနိုင်ငံငယ်များမှ ချင်းများဝယ် ယူစုဆောင်း၍ ၎င်းတို့စားသုံးပြီး ပိုလျှံသည့် “ချင်း” များကိုတန်ဖိုးမြှင့် ထပ်မံမွမ်းပြင်ဆင်ပြီး ပြန်လည်တင်ပို့ရောင်းချလျက် ရှိကြောင်းသိရှိရပါသည်။ အထူးသဖြင့် အနောက်နိုင်ငံရောက် အာရှတိုက်သားများ၏ အဓိကအစားအစာများတွင် “ချင်း” သည်မပါမဖြစ် သီးနှံဖြစ်ပြီး ဈေးကောင်းရရှိသည့်အတွက်ကြောင့်လည်း မြန်မာနိုင်ငံအနေဖြင့် အဆိုပါအနောက်နိုင်ငံဈေးကွက် များသို့ ထိုးဖောက်နိုင်ရေးအတွက် ကြိုးစား ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့်ဒေသ

မြန်မာနိုင်ငံတွင် ချင်းကို နေရာဒေသအနှံ့အပြား စိုက်ပျိုးနိုင်ပြီး ရှမ်းပြည်နယ်တွင် အများဆုံး စိုက်ပျိုးထွက်ရှိသည်။ အဓိကအများဆုံးစိုက်ပျိုးထွက်ရှိသည့်ဒေသမှာ ရှမ်းပြည်နယ် တောင်ပိုင်းရှိ ပင်လောင်း၊ ကလော၊ ဟိုပုံး၊ ပင်လောင်း၊ ပင်းတယနှင့် တောင်ကြီးမြို့နယ်တို့ ဖြစ်ပြီး၊ ချင်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အနည်းငယ်စိုက်ပျိုးထွက်ရှိကြောင်း သိရှိရပါသည်။ ထိုဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ဖြန့်ဖြူး ရောင်းချလျက်ရှိကြောင်း တွေ့ရှိရသည်။ တောင်ပေါ်ဒေသနှင့် မြေပြန့်ဒေသမှ ထွက်ရှိသော ချင်း၏ အရည်အသွေး အနှစ်သာရ အနည်းငယ်ကွာခြားမှုရှိသည်။ တောင်ပေါ်ဒေသထွက်ချင်းသည် ကျစ်လစ်၍ အသာမပြီး အနံ့ပိုမို ပြင်းထန်၍ မြေပြန့်ဒေသထွက်ချင်းသည် ကြီးမား၍ အသားပွပြီး အနံ့ပြင်းထန်မှုမရှိကြောင်း တွေ့ရှိရပါသည်။

အာဟာရဓာတ်ပါဝင်မှု         

          ချင်းကို အဓိကအားဖြင့် ရေ ၇၉ရာခိုင်နှုန်း ဖြင့် ဖွဲ့စည်းထားပါသည်။ ၎င်းတွင် ကာဗို ဟိုက်ဒရိုက် ၁၈ရာခိုင်နှုန်းပါဝင်ပြီး ပရိုတင်းဓာတ် ၂ ရာခိုင်နှုန်းနှင့် အဆီပါဝင်မှု ၁ရာခိုင်နှုန်း နည်းပါး ပါဝင်ပါသည်။ ၁၀၀ ဂရမ်စားသူတိုင်းအတွက် ဂျင်းသည် ခန့်မှန်းခြေအားဖြင့် ၃၃၄ ကယ်လိုရီ ရရှိပြီး ချင်းတွင် ဗီတာမင် B1, B2, B3, B5, B6, B9, E, မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ သံဓာတ်၊ ဇင့်၊ ဖော့စဖရပ်နှင့် ဆိုဒီယမ်တို့ ကြွယ်ဝစွာ ပါဝင်သည်။ ထို့ကြောင့် “ချင်း” ကိုစားသောက် ကုန်ပစ္စည်းများအပြင် ဆေးဝါးကုန်ကြမ်းပစ္စည်းများအဖြစ် အသုံးဝင်သော သီးနှံဖြစ်ပါသည်။

 

အသုံးပြုပုံ

          ပြုတ်ရည်နှင့် အစားအစာများ၏ အနံ့နှင့် အရသာအတွက် အသုံးပြုကြသည်။ အများအား ဖြင့် မှည့်သောအမြစ်များ၊ အမှုန့်ခြောက်များ၊ ချင်း ဆီ သို့မဟုတ် အမြစ်ထုတ်ယူမှုတို့ကို စီးပွားဖြစ် ဆောင်ရွက်လျက်ရှိသည်။ ချင်းပါဝင်သော အာရှ ဆော့စ်များ၊ ဆိုဒါ၊ နံသာမျိုးအရောများ၊ အမွှေး အကြိုင်နှင့် အနာရောဂါပျောက်ကင်းစေနိုင်သည့် အမှုန်ခြောက်များ အပြည့်အဝဖော်ဆောင် အသုံးပြုကြသည်။ အချို့သောနိုင်ငံများတွင် ချင်းမှ ဆေးဝါးအမျိုးမျိုးထုတ်လုပ်ကြပြီး အချို့ကို ဖြည့်စွက်စာအဖြစ်ထုတ်လုပ်ကြကြောင်းသိရှိရပါသည်။ ဂျပန်လူမျိုးတို့၏ အစားအစာတစ်မျိုးဖြစ် သော “ရှုသျှီ”ပြုလုပ်ရာတွင် အဓိကကုန်ကြမ်းတစ်မျိုးတွင် “ ချင်း” သီးနှံပါဝင်ကြောင်းသိရှိရပါ သည်။

          မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးအချို့သည် “ ချင်း”ကို နှာစေးချောင်းဆိုးပျောက်ဆေးအ ဖြစ်ယနေ့တိုင် ယုံကြည်စွာသုံးစွဲလျက်ရှိကြပါသည်။ ထို့အပြင် ချင်းလူမျိုးတို့၏ ဆာဗူးသီးရိုးရာ အစားအစာတွင် အဓိကဟင်းလျာအဖြစ် အသားနှင့် “ ချင်း” ကိုရောနှောထောင်းစားလေ့ရှိသည်။ “ချင်း ” သည် မကောင်းဆိုးဝါးများက မကပ်နိုင်ကြောင်းအယူအဆများလည်း တောင်ပေါ်ဒေသ အချို့တွင် ယနေ့တိုင်ယုံကြည်ကြသဖြင့် အိမ်တိုင်းတွင် ဆောင်ထားလေ့ရှိကြပါသည်။

ချင်း၏ အကျိုးကျေးဇူးများ

        ချင်းတွင်ပါဝင်သော sesquiterpenesနှင့် ဓာတ်တိုးဆန့်ကျင်သည့်ပစ္စည်း antioxidants ပါဝင်မှုကြောင့် ကိုယ်ခံစွမ်းအားကို မြှင့်တက်စေခြင်းကြောင့် နှာစေး၊ နှာပိတ်စသည့် အအေးမိ တုပ်ကွေးဝေဒနာနှင့် ဖျားနာကိုက်ခဲခြင်း ရောဂါလက္ခဏာများကို သက်သာပျောက်ကင်းစေခြင်း၊ အရိုးအဆစ်များ ရောင်းရမ်းခြင်းနှင့် အဆစ်အမြစ်များ ကိုက်ခဲမှုများကို သက်သာစေခြင်း၊ ကြွက်သားနာကျင်မှုကို သက်သာစေခြင်း၊ အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းကို သက်သာ စေခြင်း၊ ကိုယ်အလေးချိန်ကို ထိန်းညှိပေးခြင်း၊ မိန်းခလေးများ ဓမ္မတာလာချိန်တွင် နာကျင်ကိုက် ခဲခြင်းကို လျော့နည်းစေခြင်း၊ ဗက်တီးရီးယားပိုးများကို သေစေနိုင်ခြင်းနှင့် နှလုံးသွေးကြောဆိုင် ရာ ရောဂါလက္ခဏာများမှ ကာကွယ်ပေးနိုင်သည့်အစွမ်းသတ္တိများ ပေးစွမ်းနိုင်ပါသည်။

ဈေးကွက်အလားအလာ

        ကမ္ဘာပေါ်တွင် ချင်း အများဆုံးတင်ပို့သည့်နိုင်ငံများမှာ တရုတ်၊ အိန္ဒိယ၊ နိုက်ဂျီးရီးယား၊ ဂျာမနီ၊ နယ်သာလန်၊ ယူနိုက်တက်ကင်းဒမ်း၊ ဗီယက်နမ်၊ စပိန်၊ ပြင်သစ်နှင့် ပါကစ္စတန်နိုင်ငံတို့ ဖြစ်ကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံတွင် ချင်းစို (သို့) ချင်းစိမ်း(Fresh Ginger)နှင့် ချင်းခြောက် (Dried Ginger) နှစ်မျိုးရှိရာမှ ချင်းစို (သို့) ချင်းစိမ်းကို အအေးဗူး (Cool Box) များဖြင့်  ပင်လယ် ရေကြောင်းနှင့် နယ်စပ်ဒေသများမှ တင်ပို့၍ ဈေးကွက်ရရှိလျက်ရှိကြောင်း သိရှိသည်။ WITS (World Integrated Trade Solutions) ၏ ဖော်ပြချက်အရ ၂၀၂၁ ဘဏ္ဍာနှစ်တွင် ချင်းတန်ချိန် ၅၀၃၅၇၁ တန် ပမာဏအား မြန်မာနိုင်ငံအပါအဝင်  တရုတ်၊ နယ်သာလန်၊ အိန္ဒိယ၊ ပီရူးနှင့် ထိုင်းနိုင်ငံများက အများဆုံးတင်ပို့ခဲ့ကြောင်း သိရှိရပါသည်။ ၂၀၂၂ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ တရုတ် နိုင်ငံသို့ မူဆယ်နယ်စပ်စခန်းမှ တင်ပို့နိုင်မှုမှာ ဩဂုတ်လတွင် ချင်းခြောက်တန်ချိန် ၁၉၄ တန်၊ စက်တင်ဘာလတွင် ၃၂ တန်နှင့် ဒီဇင်ဘာလတွင် ၁၇ တန်အထိ ရှိကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံမှ ချင်းတင်ပို့မှု၏ ၆၈ ရာခိုင်နှုန်းသည် ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ သီရိလင်္ကာနှင့် အိန္ဒိယ နိုင်ငံများသို့ တင်ပို့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

နိဂုံး

        မြန်မာနိုင်ငံတွင် နေရာအတော်များများတွင် စိုက်ပျိုးနိုင်သော “ ချင်း”ကို တိုးချဲ့စိုက်ပျိုး သင့်ပါသည်။ ထို့အပြင် “ချင်း” အထွက်တိုးတက်လာစေရေးလည် စိုက်ပျိုးရေးနည်းစနစ်ပြုပြင် သင့်သည်များလည်း ဆောင်ရွက်သင့်ကြောင်း အကြံပြုလိုပါသည်။ အကြောင်းမှာ “ ချင်း”အစို၊ အခြောက်များသည် ဈေးကွက်တွင် ဝယ်လိုအားမြင့်နေခြင်းကြောင့်ဖြစ်ပါသည်။ ဖြစ်နိုင်ပါက တန်ဘိုးမြင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်၍ ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်၍ ရနိုင်သော သီးနှံဖြစ် ကြောင်းလည်း တွေ့ရှိရပါသည်။

        တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် စစ်ဆေးရေးမှူးများနှင့် ဝန်ထမ်းများအနေဖြင့် မိမိတို့ဒေသများတွင် “ချင်း” စိုက်ပျိုးထုတ်လုပ်မှုတိုးမြှင့်ရန်နှင့် ဈေးကွက်တင်ပို့နိုင်ရေး စည်းရုံးခြင်းများ ဆောင်ရွက်သင့် ကြောင်း အကြံပြုလိုပါသည်။

        ဤသို့ဆောင်ရွက်မည်ဆိုပါက ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းလည်း ဆောင် ရွက်နိုင်သကဲ့သို့ ပြည်တွင်းစီးပွားရေးမြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး တိုင်းပြည် အတွက် နိုင်ငံခြားဝင်ငွေလည်း တစ်ဖက်တစ်လမ်းမှ ရှာဖွေပေးရာလည်းရောက်မည် ဖြစ်ပါကြောင်း ရေးသားဖော်ပြပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

၂၀၂၂ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးတွင်ဆောင်ရွက်ခဲ့သော စားသုံးသူရေးရာလုပ်ငန်းများ

      နိုင်ငံတစ်နိုင်ငံတွင် အစိုးရဌာနဆိုင်ရာများအနေဖြင့် နိုင်ငံတော်အစိုးရကို တာဝန်ခံပြီး ပြည်သူများကို ဝန်ဆောင်မှုပေးကြရသည်။ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် “ပြည်တွင်း ကုန်သွယ်မှုဖွံဖြိုးတိုးတက်စေရန်နှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံစီးပွားရေးဖွံဖြိုး တိုးတက်စေရန်” ဟူသော မျော်မှန်းချက်ထားရှိပြီး စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားများကို ကာကွယ်ပေးလျက်ရှိရာ ဌာနအနေဖြင့်   ပညာပေးရန်၊ ကာကွယ်ပေးရန်နှင့် ဝန်ဆောင်မှုပေးရန်ဆိုသည့် အချက်(၃)ချက်ကိုဆောင်ရွက်ကြရသည်။

          အထက်ပါ အချက် ( ၃ ) ချက်မှ ပညာပေးရန်ကဏ္ဍတွင် အပိုင်း (၂ ) ပိုင်း ရှိသည်။ စားသုံးသ ပြည်သူများကို အသိပညာပေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များကို အသိပညာပေးခြင်းဟူ၍ ဖြစ်သည်။ စားသုံးသူအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ကြရာတွင် ပထမဦးစားပေးအဖြစ် တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်းများ၊ ဒုတိယဦးစားပေးအဖြစ် အခြေခံပညာကျောင်းများ၊ တတိယဦးစားပေးအဖြစ် ဌာနဆိုင်ရာများ၊ ရပ်ကွက် ကျေးရွာများသို့ အသိပညာပေးရန် စစ်ကိုင်းတိုင်းဒေသကြီးစားသုံးရေးရာကော်မတီက လျာထားခဲ့ရာ၂၀၂၂ခုနှစ် ဇန်နဝါရီလမှ ၂၀၂၂ခုနှစ် ဒီဇင်ဘာလအထိ စားသုံးသူ အသိပညာပေး ဟောပြောပွဲများကို   တက္ကသိုလ်များတွင် (၁၄) ကြိမ်၊ အခြေခံပညာကျောင်းများတွင် (၃၇) ကြိမ်၊ ဌာနဆိုင်ရာများတွင် (၄၆)ကြိမ်၊ ရပ်ကွက်ကျေးရွာများတွင် ( ၆ )ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါသည်။  ၎င်းအပြင် ဌာန၏ Website မှ လည်း အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိရာ  ဌာန၏ Website တွင် စားသုံးသူရေးရာ သတင်းဆောင်းပါး (  ၇၉၉  ) ပုဒ်ဖော်ပြနိုင်ခဲ့သည်။ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ရာ Talk Show ( ၉ )ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများအား အသိပညာပေးခြင်း လုပ်ငန်းများကို  ဆောင်ရွက်ခြင်းဖြင့် စားသုံးသူပြည်သူများအနေဖြင့်  ၎င်းတို့တွင် စားသုံးသူအခွင့် အရေးများရှိကြောင်းကိုလည်းကောင်း၊ စားသုံးသူနစ်နာမှုများကို တိုင်ကြားနိုင်သည့်နည်းလမ်းများကို သိရှိလာပြီး ဌာန အပေါ် ယုံကြည်အားထားမှု မြင့်တက်လာခဲ့သည်။ ထို့အပြင် ကုန်စည်ထုတ်ကုန် ပစ္စည်းများ ဖြန့်ဖြူးရောင်းချသော စီးပွားရေးလုပ်ငန်းရှင်များကိုလည်း အသိပညာပေးခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ (၃၃၇)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထုတ်လုပ်သည့်စက်ရုံ၊ အလုပ်ရုံ၊ အရောင်းဆိုင်နှင့် ဈေးဆိုင်များထိ သွားရောက်ဆွေးနွေးအသိပညာပေးကြရသည်။ ထို့သို့ အသိပညာပေးရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ လုပ်ငန်းရှင်များ လိုက်နာရမည့် အာမခံပေးရမည့် အချက်များကိုလည်းကောင်း၊ တာဝန်နှင့် တားမြစ်ချက်များကိုလည်းကောင်း အသိပညာပေးဆွေးနွေးရသည်။

          ဌာနအနေဖြင့် စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားများကို ကာကွယ်ပေးရန်နှင့် အန္တရာယ်ရှိ ကုန်စည်များကို ဈေးကွက်တွင် ရောင်းချမှုမရှိစေရန်အတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများကိုလည်း စည်ပင်သာယာဈေးများ၊ အရောင်းဆိုင်များသို့ ကွင်းဆင်း ဆောင်ရွက်လျှက်ရှိရာ အကြိမ် ( ၂၈၀ ) ဆောင်ရွက်နိုင်ခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာ ကော်မတီကလည်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက် ရာတွင် ဦးစားပေး ဆောင်ရွက်ရမည့် ကုန်စည်(၇) မျိုးကိုလည်း ချမှတ်ပေးထားပါသည်။ ထို့အပြင် အထက်ဌာနများက အခါအားလျော်စွာ တာဝန်ပေးလာသော ကုန်စည်များကိုလည်း ဈေးကွက်စောင့်ကြည့် စစ်ဆေးပေးရပါသည်။ ထို့သို့စစ်ဆေးရာတွင် ဌာနက တာဝန်ပေးထားသော စစ်ဆေးအရာရှိမှ သော်လည်းကောင်း၊ မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍သော်လည်းကောင်း စစ်ဆေးကြရပါသည်။

          စားသုံးသူနစ်နာမှုများကို ကုစားခွင့်ရရှိစေရေးအတွက် ဌာနမှ ဖြေရှင်းဆောင်ရွက်ပေးလျှက် ရှိပါသည်။ ၂၀၂၂ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၌ စားသုံးသူနစ်နာမှုများအတွက် တိုင်ကြားမှု ( ၃ )မှု ရှိခဲ့ပြီး တိုင်ကြားမှုအားလုံးကိုလည်း ဖြေရှင်းပေးနိုင်ပြီးဖြစ်သည်။ စားသုံးသူနစ်နာမှုများကို တိုင်ကြားတတ်လာသော အလေ့အထအားနည်းနေသေးသောကြောင့် နစ်နာမှုများကို တိုင်ကြားနိုင်ကြစေရေး အလေးထားအသိပညာပေး ဆောင်ရွက်လျက်ရှိပါသည်။

          စစ်ကိုင်းတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီကို တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပြီး စုစုပေါင်းအဖွဲ့ဝင် (၉)ဦးဖြင့် ဖွဲ့စည်းထားပါသည်။ လက်ရှိ ၂၀၂၂ ခုနှစ်ကုန်အထိ ကော်မတီအစည်းအဝေးကို (၇)ကြိမ် ကျင်းပနိုင်ခဲ့ပြီးဖြစ်ပါသည်။ အဆိုပါအစည်းအဝေးများတွင် ယခင်ဆောင်ရွက်ခဲ့သော စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပေါ် သုံးသပ်ခြင်း၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းချမှတ်ခြင်းများကို ဆောင်ရွက်လျှက်ရှိပါ သည်။ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဦးစားပေးစစ်ဆေးဆောင်ရွက်ရမည့် ကုန်စည်(၇)မျိုးကို သတ်မှတ်ပေးထားခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ၏ ရံပုံငွေမှကျခံသုံးစွဲ၍ စားသုံးသူအသိပညာပေး ဆိုင်းဘုတ်၊ ပိုစတာကြီးများကို တိုင်းနှင့် ခရိုင်မြို့ကြီးများ၏ လူစည်းကားရာ လမ်းဆုံလမ်းခွများတွင် ချိတ်ဆွဲနိုင်ရေးဆောင်ရွက်ခဲ့ပါသည်။

      စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဌာန၏ရည်မှန်းချက်များကို လိုက်ပါအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို လျာထားချက် ကျော်လွန်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း တင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)

 

ကရင်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးနှင့် ပြည်နယ် စားသုံးဆီကုန်သည်များနှင့် စားသုံးဆီလုပ်ငန်းရှင်များအသင်းတွေ့ဆုံ

        ကရင်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ (၂၇-၁၂-၂၀၂၂) ရက်နေ့ နံနက်(၁၁:၀၀)အချိန်ခန့်တွင် ကရင်ပြည်နယ် အစိုးရအဖွဲ့စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်၊ ပြည်နယ်ဦးစီးမှူးဦးသန်းဦး၊ ပြည်နယ်စားသုံးဆီလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးဖြိုးဇော်ထွန်း၊ ဒု-ဥက္ကဋ္ဌဦးဝဏ္ဏ၊ အတွင်းရေးမှူးဦးဝေလင်းအောင်တို့သည် ပြည်နယ်အတွင်း ဒေသခံ စားသုံးသူ ပြည်သူများကို သက်သာသော ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချရန်အတွက် နိုင်ငံတော်မှ ရည်ညွှန်းဈေးဖြင့် ရောင်းချပေးသည့်  စားသုံးဆီများအား လျင်မြန်စွာ ဖြန့်ဖြူးရောင်းချရန်အတွက် သတင်းပို့တင်ပြခဲ့ရာ စီးပွားရေးရာဝန်ကြီးက ဝယ်ယူရရှိသော စားသုံးဆီများအား ဘားအံမြို့နယ်နှင့် လှိုင်ဘွဲ့မြို့နယ်များရှိ ပြည်သူများကို ဈေးကားဖြင့် ဖြန့်ဖြူးရောင်းချပေးရန်နှင့် ရည်ညွှန်ဈေးနှုန်း ပါအတိုင်း ဈေးနှုန်း သတ်မှတ်၍ ရောင်းချသွားရန် စားသုံးဆီများကိုလည်း စဉ်ဆက်မပြတ် ဝယ်ယူ ဖြန့်ဖြူးရောင်းချသွားရန် လိုအပ်ကြောင်းနှင့် အမှန်တကယ်စားသုံးသူ ပြည်သူလက်ဝယ်သို့ ရောင်းချ ပေးရန်နှင့် အလေးချိန်၊ အရည်အသွေးများမှန်ကန်စွာ ဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက် ရန်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

DOCA(ကရင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ