Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပဲခူးမြို့၌ ဆန်စပါးဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

   ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်မှ ၇ ရက်အထိ နေပြည်တော်၊ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပခဲ့သည့် “မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂ (Myanmar Rice Conference 2022)”တွင် မြန်မာနိုင်ငံ၏ ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များကို ဆွေးနွေးဖော်ထုတ်ခဲ့ကြပါသည်။ အဆိုပါ ဆွေးနွေး ဖော်ထုတ်မှုများအနက်မှ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သော ဆန်စပါးဥပဒေတစ်ရပ် ပြဋ္ဌာန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဆန်စပါးဥပဒေ(မူကြမ်း)ကို ပြုစုရေးဆွဲလျက်ရှိရာ အဆိုပါ ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ အများပြည်သူထံမှ သဘောထားရယူသည့် ဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁၃ ရက် (တနင်္လာနေ့)၊ နံနက်ပိုင်းတွင် ပဲခူးမြို့၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်ဦး၊ တိုင်းဒေသကြီးအဆင့် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ပဲခူးတက္ကသိုလ်၊ ဥပဒေပညာဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ ပဲခူးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း၊ တိုင်းဒေသကြီးဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် တိုင်းဒေသကြီး ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းတို့မှ တာဝန်ရှိသူများ၊ ဆန်စပါးလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။

   ဆွေးနွေးပွဲတွင် ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးက အဖွင့်အမှာစကားပြောကြားပါသည်။ ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဟန်ဝင်းကျော်က ဆွေးနွေးပွဲကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တွဲဖက်စာရင်းစစ် ဦးဇော်လွင်ဦးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်ဝင်းအောင်က ဥပဒေ(မူကြမ်း)ရေးဆွဲထားရှိမှု အခြေအနေ၊ ဥပဒေ(မူကြမ်း)ပါ အဆိုပြုပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ တက်ရောက်လာကြသူများမှ ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ ဖြည့်စွက်သင့်၊ ဖြည့်စွက် ထိုက်သောအချက်များ၊ ဆန်စပါးကဏ္ဍတွင် ကြုံတွေ့နေရသော အခြေအနေများနှင့်စပ်လျဉ်း၍ အသီးသီးဆွေးနွေးအကြံပြုခဲ့ကြပြီး ဆွေးနွေးအကြံပြုချက်များအပေါ် ညွှန်ကြားရေးမှူး ဦးဟန်ဝင်းကျော်၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်ဝင်းအောင်တို့က အသီးသီးပြန်လည်ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေက ဆွေးနွေးပွဲတစ်ရပ်လုံးအပေါ် လွှမ်းခြုံ၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲကို မွန်းလွဲပိုင်းတွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(Policy)

 

ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ရွှေဘိုမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း(၁)ဦးတို့သည် (၈-၃-၂၀၂၃)ရက်နေ့တွင် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ “ဦးတာနှင့်ညီများ” ဆီစက်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးမှ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိသဖြင့် ဆီစက်၏ကုန်ကြမ်းရရှိမှုအခြေအနေ၊ ကုန်ချောထုတ်လုပ်မှုအခြေအနေ၊ ရောင်းချသည့် ဈေးနှုန်းနှင့်ဈေးကွက်အခြေအနေ၊ လုပ်သားသုံးစွဲမှုနှင့် စက်လည်ပတ်နိုင်မှုအခြေအနေ၊ တွက်ခြေကိုက်မှုအခြေအနေများကို မေးမြန်းဆွေးနွေးပြီး ဌာနက စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို စားသုံးသူကာကွယ်ရေးဥပဒေနှင့် နည်းဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်စည်ကိုထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိထုတ်လုပ်သည့်ကုန်စည်ပေါ်တွင် စားသုံးသ ကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)တွင် ပြဋ္ဌာန်းထားသည့်အတိုင်း ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာထည့်သွင်းဖော်ပြ၍ ထုတ်လုပ်ရောင်းချရမည်ဖြစ်ကြောင်း၊ အကယ်၍ ကုန်အညွှန်းအမှတ်အသားများကို ထုပ်ပိုးပစ္စည်းပေါ်တွင် ဖော်ပြရန်အခက်အခဲရှိပါက ကုန်စည်အမျိုးအစားနှင့်စပ်လျဉ်းသည့် လက်ကမ်းစာစောင်/အညွှန်းတို့ဖြင့်ဖော်ပြပြီး ကုန်စည်နှင့်အတူ စားသုံးသူထံသို့ တစ်ပါတည်းပေးအပ်ရန်လိုအပ်ပါကြောင်း၊ စားသုံးဆီအမျိုးမျိုးတွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ အကြောင်းအရာများ၊ ဟင်းသီးဟင်းရွက်ဆီနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနကထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)ပါအကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဆီစက်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို စီမံချက်များပြည့်မီအောင်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ရွှေဘိုမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း(၁)ဦးတို့သည် (၁၀-၃-၂၀၂၃)ရက်နေ့တွင် ရွှေဘိုမြို့၊ စက်မှုဇုန်ရှိ ဥဒေါင်းမင်းဆီစက်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးက စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို စားသုံးသူကာကွယ်ရေးဥပဒေနှင့် နည်းဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်စည်ကိုထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိထုတ်လုပ်သည့်ကုန်စည်ပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)တွင် ပြဋ္ဌာန်းထားသည့်အတိုင်း ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာထည့်သွင်းဖော်ပြ၍ ထုတ်လုပ်ရောင်းချရမည်ဖြစ်ကြောင်း၊ အကယ်၍ ကုန်အညွှန်းအမှတ်အသားများကို ထုပ်ပိုးပစ္စည်းများပေါ်တွင် ဖော်ပြရန်အခက်အခဲရှိပါက ကုန်စည်အမျိုးအစားနှင့်စပ်လျဉ်းသည့် လက်ကမ်းစာစောင်/အညွှန်းတို့ဖြင့်ဖော်ပြပြီး ကုန်စည်နှင့်အတူ စားသုံးသူထံသို့ တစ်ပါတည်းပေးအပ်ရန်လိုအပ်ကြောင်း၊ စားသုံးဆီအမျိုးမျိုးတွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြ၍ ဌာန၏အတည်ပြုချက်ရယူကြရန်လိုအပ်ကြောင်း၊  ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ အကြောင်းအရာများ၊ ဟင်းသီးဟင်းရွက်ဆီနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနက ထုတ်ပြန်ထားသောညွှန်ကြားချက်အမှတ်(၁/၂၀၂၁)ပါအကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စားသုံးသူအသိပညာပေး မီဒီယာကမ်ပိန်းကျင်းပပြုလုပ်

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အမျိုးသားစားသုံးသူကာကွယ်ရေးအစီအစဉ် (NCPP)တွင် ပါဝင်သည့် ပြန်ကြားဆက်သွယ်ရေး နှင့် ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် (Communication Plan) အရ စားသုံးသူအသိပညာပေး မီဒီယာကမ်းပိန်းများအား ၂၀၁၉ ခုနှစ် မှစတင်၍ နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုနှစ်တွင် အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ စားသုံးသူပြည်သူများအား အသိပညာ ပေးနိုင်ရန်နှင့် စားသုံးသူနစ်နာမှုများကြုံတွေ့ရပါက ဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရှိစေရန်အတွက် ၂၀၂၃ ခုနှစ်တွင် “အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာ” မီဒီယာ ကမ်ပိန်းအား ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

          မီဒီယာကမ်ပိန်းများကျင်းပမှုအနေဖြင့် ၂၀၁၉ ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် “ပြည်သူတိုင်းဟာ စားသုံးသူဖြစ်တယ်။ စားသုံးသူတိုင်းမှာ စားသုံးသူအခွင့်အရေးရှိတယ်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ၂၀၂၀ ခုနှစ် မတ်လ(၁၅) ရက်နေ့ တွင် “ကုန်စည်လုံခြုံစိတ်ချရမှုအစ၊ ကုန်အညွှန်း အမှတ်အသားက” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ၂၀၂၂ ခုနှစ် မတ်လ (၁၅) ရက်နေ့တွင် စားသုံးသူများ သတင်းမေးဖို့ Consumer Call Center ကို ချိတ်ဆက်စို့” ခေါင်းစဉ်ဖြင့် လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

မီဒီယာကမ်းပိန်းကျင်းပပြုလုပ်ခြင်းအား စားသုံးသူရေးရာဦးစီးဌာန Facebook Page တွင် စားသုံးသူအသိပညာပေး    Animation ဗီဒီယိုနှင့် ကာတွန်းရုပ်ပုံပါ Post များအား ရက်သတ္တပတ် (၆) ပတ်ကြာ လွှင့်တင်ဖော်ပြသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

ITQM

မအူပင်မြို့နယ် စပါးစိုက်တောင်သူများအား အသိပညာပေးဟောပြောခြင်း

     (၁၀.၃.၂၀၂၃)ရက်နေ့ ၊(၁၁:၀၀)အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးရုံးတွင် စပါးစိုက်တောင်သူများအား စားသုံးသူအသိပညာပေးဟောပြောခဲ့ကြ ပါသည်။

  ဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးက စားသုံးသူကာကွယ်ပေးရေးဥပဒေ(၂၀၁၉)အရ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်အကြောင်းကို ရှင်းလင်းဆွေးနွေးရာ စားသုံးသူတို့၏ အခွင့်အရေးများနှင့်တာဝန်များကို သိရှိ လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးဆွေးနွေးပြီး စားသုံးသူများအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အမှန်တကယ်နစ်နာဆုံးရှုံးမှုရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းပုံစံအမျိုးမျိုး၊ Online မှတဆင့် တိုင်ကြားလိုသူ ပြည်သူများအနေဖြင့် DOCA Website၊ DOCA Myanmae မိုဘိုင်း app တို့တွင်ပါရှိသည့် Consumer Complaint System တိုင်ကြားလွှာပုံစံပါ အချက်အလက်ဖြည့်သွင်း၍လည်းကောင်း၊ Consumer Call Center 1535 သို့လည်းကောင်း၊ CICC စင်တာများ၊ လိပ်စာနှင့် ဖုန်းနံပါတ်များကို ဆက်သွယ်၍လည်းကောင်း တိုင်ကြားနိုင်ပါကြောင်း ရှင်းလင်းပြောကြားကာ လုပ်ငန်းရှင်များ၏ သိရှိလိုသည်များကို မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားကာ တောင်သူ (၅၁)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

မအူပင်မြို့နယ် မုန့်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း

      (၉.၃.၂၀၂၃)ရက်နေ့ (၁၀:၀၀)အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မအူပင်မုန့်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူရေးရာဦးစီးဌာနက မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ လုပ်ငန်းရှင်အသိပညာပေး ဟောပြောခဲ့ကြပါသည်။

     ဟောပြောဆွေးနွေးပွဲတွင် ဌာနဆိုင်ရာ မိတ်ဖက်ဌာနများက လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက မအူပင်မုန့်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ပေးရေးဥပဒေ (၂၀၁၉) အရ “စီးပွားလုပ်ငန်း ရှင်ဆိုသည်မှာ ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည် ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှု ပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ် ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့် သော်လည်းကောင်း အားလုံးအကျုံးဝင်ပါကြောင်း”အဓိပ္ပါယ်ဖွင့်ဆိုထားမှုအား ရှင်းလင်းကာ လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့် အာမခံချက်များတွင် စားသုံးသူလက်ခံသုံးစွဲနိုင်သောအရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှု၊ ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ သုံးစွဲသူလိုအပ်ချက်နှင့်သင့်လျော်မှု၊ နမူနာ ပစ္စည်းတွင် ဖော်ပြထားသည့်အတိုင်းတူညီစေရန်၊ အာမခံချက်ပေးထားသည့်ကာလအတွင်း နစ်နာမှုရှိပါက လဲလှယ်ခွင့်ရနိုင်ခြင်း၊ ကုန်အညွှန်းအမှတ်အသားပါ အချက်အလက်၊ ကြော်ငြာ၊ ကမ်းလှမ်းချက်၊ အရောင်းမြှင့်တင်ခြင်းတွင်ပါဝင်သော ဖော်ပြချက်နှင့် ကိုက်ညီရမည်ဖြစ်ကြောင်း၊  စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူနှင့် လုပ်ငန်းရှင်အကြား စားသုံးသူတို့၏ အခွင့်အရေး နစ်နာဆုံးရှုံမှုနှင့်စပ်လျဉ်း၍ ၂၀၂၁ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ခုနှစ် မတ်လအထိ တိုင်းဒေသကြီး/ ပြည်နယ်ရုံး/ခရိုင် CICCများ၏ စားသုံးသူ တိုင်ကြားမှုများအပေါ် ဖြေရှင်းဆောင်ရွက်ထားရှိမှု အခြေအနေများကို အကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့ပြီး လုပ်ငန်းရှင်များမှ သိရှိလိုသည်များ မေးမြန်း မှုများကို ပြန်လည်ဖြေရှင်းဆွေးနွေးခဲ့ကာ မုန့်လုပ်ငန်းရှင်(၂၁)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

ပန်းတနော်မြို့ နေနတ်သားဆန်စက်အား ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် SMEလုပ်ငန်း ဖွံ့ဖြိုးရေး ကွင်းဆင်းစစ်ဆေးခြင်း

     (၉.၃.၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၃:၀၀)အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်ရှိ နေနတ်သား ဆန်စက်သို့ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနက သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

   ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ဦးစီးမှူးရုံးမှ ဦးပိုးဖြူပိုင်မင်းသည် ပန်းတနော်မြို့နယ်ရှိ ဦးဝင်းမောင်၏ နေနတ်သားဆန်စက်သို့ သွားရောက်၍ ဆန်စက်၊ ကြိတ်ခွဲမှုနှင့် Gasifier အသုံးပြုလည်ပတ်မှုအခြေအနေများ၊ စပါးဝယ်ယူမှု၊ တစ်နေ့ကြိတ်ခွဲထွက်ရှိမှုနှင့် ဆန်ဈေးကွက် ရောင်းဝယ်တင်ပို့မှုအခြေအနေများကို မေးမြန်းပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်အား ရှင်းလင်းဆွေးနွေးပြီး လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့် အာမခံအချက်များအတိုင်း လိုက်နာဆောင်ရွက်သွားရန် အသိပညာပေး၍ လုပ်ငန်းခွင်အတွင်း လေ့လာကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ဓနုဖြူမြို့နယ် ဇကာကြီး၊ ကပ်ခိုကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် တောင်သူများအား အသိပညာပေးဟောပြောခြင်း

     (၁၀.၃.၂၀၂၃) ရက်နေ့၊ နံနက်(၀၉:၄၅)အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ် ဇကာကြီး၊ ကပ်ခိုကျေးရွာဘုန်းတော်ကြီးကျောင်းတွင် တောင်သူ(၁၅၈)ဦးအား မိတ်ဖက်ဌာနများနှင့် အတူ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ကြပါသည်။

    အဆိုပါ ဟောပြောပွဲတွင် မိတ်ဖက်ဌာနဆိုင်ရာများမှ အသီးသီးဟောပြောဆွေးနွေးခဲ့ကြပြီးနောက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးက တောင်သူများအား စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)အကြောင်းနှင့် စားသုံးသူများအနေဖြင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းစဉ်များအကြောင်းကို သိရှိနားလည်ထားရန်၊ စားသုံးသူအခွင့်အရေး၊ လိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်လိုက်နာရမည့်တာဝန်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှု၏ အဓိပ္ပာယ်၊ နစ်နာဆုံးရှုံးမှု၏ အဓိပ္ပာယ်၊ ကုန်အညွှန်းအမှတ်အသားအကြောင်းကို နားလည်စေရန်၊ စားသုံးသူနှင့်လုပ်ငန်းရှင်အကြား စားသုံးသူတို့၏ အခွင့်အရေး နစ်နာဆုံးရှုံးမှု နှင့်စပ်လျဉ်း၍ ၂၀၂၁ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ခုနှစ် မတ်လအထိ တိုင်းဒေသကြီး/ ပြည်နယ်ရုံး/ခရိုင် CICCများ၏ စားသုံးသူ တိုင်ကြားမှုများအပေါ် ဖြေရှင်းဆောင်ရွက်ထားရှိမှုအခြေအနေများကို သိရှိစေရန် အကျယ်တဝင့်ရှင်းလင်းဆွေးနွေးပြီးနောက် စားသုံးသူသည် ကုန်စည်နှင့်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အမှန်တကယ်နစ်နာ ဆုံးရှုံးမှုရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်မည့် နည်းလမ်းပုံစံများ၊ Online မှတဆင့် တိုင်ကြားလိုသူပြည်သူများအနေဖြင့် DOCA Website၊ DOCA Myanmar မိုဘိုင်း app တို့မှာပါသော Consumer Complaint System တိုင်ကြားလွှာပုံစံပါ အချက်အလက်ဖြည့်သွင်း၍လည်းကောင်း၊၊ Consumer Call Center 1535 သို့လည်းကောင်း၊ CICC စင်တာများ၊ လိပ်စာနှင့်ဖုန်းနံပါတ်များသို့လည်းကောင်း တိုင်ကြားနိုင်ပါကြောင်း ရှင်းလင်းပြောကြားပြီး လုပ်ငန်းရှင်များက သိရှိလိုသည် များမေးမြန်းမှုကို ပြန်လည် ဖြေကြားကာ တောင်သူ (၁၅၈)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

“ ဒို့ဗမာ” ဆီစက်လုပ်ငန်းရှင်နှင့် တွေ့ဆုံခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးသည် တိုင်းဒေသကြီးစက်ပစ္စည်းကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ တိုင်း‌ဒေသကြီးဆီစက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌတို့နှင့်ပူးပေါင်း၍ (၇-၃-၂၀၂၃) ရက်နေ့၊ နံနက်(၁၀)နာရီအချိန်တွင် မုံရွာမြို့၊ စက်မှုဇုံရပ်ကွက်ရှိ တိုင်းဒေသကြီးဆီစက်လုပ်ငန်းရှင်များအသင်းနာယက၊ “ဒို့ဗမာ” ဆီစက်ပိုင်ရှင် ဦးကျော်မျိုးဝင်းနှင့်တွေ့ဆုံ၍ ဆီစက်များလည်ပတ်ကြိတ်ခွဲမှုအခြေအနေများကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် လုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

    ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဆီစက်ပိုင်ရှင် ဦးကျော်မျိုးဝင်းက မိမိတို့ဆီစက်များအ‌နေဖြင့် နိုင်ငံတော်ကချမှတ်ထားသောမူဝါဒများနှင့်အညီ ပြည်ပသွင်းကုန်များအစားထိုးမှုကို လျှော့ချ၍ ပြည်တွင်းဆီစက်များပုံမှန်လည်ပတ်နိုင်ရေးညွှန်ကြားချက်များနှင့်အညီ  ဆီကြိတ်ခွဲမှုများမှာ ပုံမှန်လည်ပတ်လျက်ရှိပြီး မိမိတို့ “ဒို့ဗမာ” ဆီစက်မှာ ၂၄ နာရီလည်ပတ်နိုင်ကြောင်း၊ ကုန်ကြမ်းဖြစ်သောမြေပဲနှင့် နှမ်းတို့ကို ကလေး၊ မော်လိုက်၊ ဖောင်းပြင်၊ ဘုတလင်မြို့နယ်များမှ ဝယ်ယူရရှိ၍ ထွက်ရှိသောဆီကုန်ချောများကို ဒေသတွင်းစားသုံးကြပြီး မန္တလေး၊ ရန်ကုန်နှင့် City Mark များသို့လည်း တင်ပို့ရောင်းချရပါကြောင်း၊ စက်များကို ပြန်လည်မွမ်းမံပြီး လိုအပ်သောပစ္စည်းများဝယ်ယူရန်အတွက်လည်း နိုင်ငံတော်သို့ ချေးငွေများလျှောက်ထားပါကြောင်းသိရှိခဲ့ကာ ဆီစက်လုပ်ငန်းရှင်များကြုံတွေ့နေရသောအခက်အခဲများကို ဆွေးနွေးပြောကြားခဲ့ပြီး ဆီစက်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီပေးရမည့်အချက်များအား မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

   ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ ၄၁။ (ခ) နှင့် (ဆ) တို့တွင်ဖော်ပြထားသည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာ‌ရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့သည်ဟု သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ညောင်တုန်းမြို့နယ် ရန်ကင်းစံကျေးရွာ တောင်သူများအား အသိပညာပေးဟောပြောခြင်း

    (၁၀.၃.၂၀၂၃)ရက်နေ့ နံနက်(၀၉:၁၅)မှ (၁၀:၁၅)အချိန်ထိ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးတွင် ရန်ကင်းစံကျေးရွာတောင်သူ (၉၂) ဦးအား မိတ်ဖက်ဌာနများနှင့်အတူ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ကြပါသည်။

   ဟောပြောပွဲတွင် မိတ်ဖက်ဌာနဆိုင်ရာများမှ အသီးသီးဟောပြောဆွေးနွေးခဲ့ကြပြီး မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က တောင်သူများအား စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)အကြောင်းကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးပြီး စားသုံးသူများအနေဖြင့် ဈေးကွက်အတွင်းရှိ ကုန်စည်တို့ကို ရွေးချယ်ဝယ်ယူရာတွင် ကုန်စည်အရည်အသွေး၊ အရေအတွက်၊ ပါဝင်မှုပစ္စည်း၊ အသုံးပြုပုံ၊ ဈေးနှုန်းတို့နှင့် စပ်လျဉ်း၍ လိမ်လည်လှည့်ဖျားမှု ရှိ/ မရှိ၊  ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံပေးထားမှုရှိ/ မရှိ၊ သက်ဆိုင်ရာအစိုးရ၊အဖွဲ့အစည်းများက သတ်မှတ်ချက် အရည်အသွေးအတိုင်းကိုက်ညီမှု ရှိ/ မရှိ၊ ကုန်စည်၏ လိုအပ်သောသတင်းအချက်အလက်များကို သိရှိနိုင်ရေး စုံစမ်းမေးမြန်းရန်အတွက် လိပ်စာနှင့်ဖုန်းနံပါတ် ရေးသာဖော်ပြမှု ရှိ၊ မရှိ၊ ကုန်စည်တွင် အပြစ်အနာအဆာချို့ယွင်းချက်များ ဖုံးကွယ်ထားမှုရှိ/မရှိ၊ ကုန်စည်တွင် သတင်းအချက်အလက် များကို ပြည့်စုံခိုင်မာမှုမရှိဘဲ ချဲ့ကားဖော်ပြထားခြင်းရှိ/မရှိတို့ကို စစ်ဆေးကြည့်ရှုပြီးမှသာ ဝယ်ယူသင့်ပါကြောင်း အသိပညာပေးဆွေးနွေးကာ စားသုံးသူနှင့်လုပ်ငန်းရှင်အကြား စားသုံးသူတို့၏အခွင့်အရေး နစ်နာဆုံးရှုံမှု နှင့် စပ်လျဉ်း၍ ၂၀၂၁ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ခုနှစ် မတ်လအထိ တိုင်းဒေသကြီး/ ပြည်နယ်ရုံး/ ခရိုင် CICCများ၏ စားသုံးသူ တိုင်ကြားမှုများအပေါ် ဖြေရှင်းဆောင်ရွက်ထားရှိမှု အခြေအနေများကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ပြီး သိရှိလိုသည်များကို ပြန်လည်ဖြေကြားခဲ့ပါကြောင်း သတင်းရရှိပါသည်၊၊

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ