Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျိုက်လတ်မြို့အမှတ်(၆)ရပ်ကွက်ရှိ ပြည့်လျှံ ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEsလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းဆောင်ရွက်ခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်  ဝန်ထမ်းတို့သည် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ( ၄ ) ရက်နေ့၊ နံနက် ( ၁၀:၃၀ )နာရီအချိန်တွင် ကျိုက်လတ်မြို့အမှတ်(၆)ရပ်ကွက်ရှိ ပြည့်လျှံဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။

       ထိုသို့ကွင်းဆင်းစိစစ်ခဲ့ရာတွင် ဆန်စပါးဈေးကွက်အခြေအနေများ တည်ငြိမ်မှု ရှိ / မရှိ၊ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်စပါးအရည်အသွေးထုတ်လုပ်မှုပြည့်မီစေရေး၊ အချိန်အတွယ်   ပြည့်မီစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSMEsလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကြောင့်    ထုတ်ကုန်များပိုမိုထုတ်လုပ်နိုင်ခြင်း၊ ထုတ်ကုန်များပိုမိုထုတ်လုပ်နိုင်လေ အလုပ်သမားမိသားစုများ  အတွက် စားဝတ်နေရေးပြေလည်စေနိုင်ခြင်း၊ စွန့်ပစ်ပစ္စည်းများနှင့် ပတ်သက်၍ စနစ်တကျစွန့်ပစ်  နိုင်ခြင်းရှိ/မရှိ ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မကွေးမြို့နယ်၊ တပ်ကုန်းကျေးရွာ၌ စနစ်ကျလယ်ယာမြေ(စံပြကွက်များ) အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်

  မြန်မာနိုင်ငံသည် စိုက်ပျိုး‌ရေးကိုအဓိကအားထားသည့် နိုင်ငံဖြစ်သည်နှင့်အညီ မကွေးတိုင်းဒေသကြီးတွင်လည်း ပဲမျိုးစုံ၊ နှမ်း၊ ဆီထွက်သီးနှံ၊ ဟင်းသီးဟင်းရွက်၊ စားဖိုဆောင်သုံးသီးနှံများကို အဓိကထားစိုက်ပျိုးလျက်ရှိပါသည်။ ယခင်စိုက်ပျိုးသည့် မြေများအပြင် မြေယာများလည်း ထပ်မံဖော်ထုတ် စိုက်ပျိုးလျက်ရှိပါသည်။ ယခုအခါတွင်လည်း မကွေးခရိုင်၊ မကွေးမြို့၊ တပ်ကုန်းကျေးရွာ၊ စနစ်ကျလယ်ယာမြေ (စံပြကွက်)များ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းသည် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းတွင် တည်ရှိပါသည်။ လယ်ယာမြေအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို (၅-၅-၂၀၂၃)ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး (၂၅-၇-၂၀၂၃)ရက်နေ့တွင် ဆောင်ရွက်ပြီးစီးခဲ့ပါသည်။ လယ်ယာအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပြီးပါက စိုက်ပျိုးရေးကိုအခြေခံသည့် ကျေးရွာဖြစ်သဖြင့် မိုးစပါးရာသီချိန်အမီ စိုက်ပျိုးနိုင်ရန်စီမံကိန်းဖြစ်ပါသည်။

လုပ်ငန်းစီမံကိန်းဖြစ်ပေါ်လာပုံ

  မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်သည်ပူပြင်းခြောက်သွေ့ပြီး အလယ်ပိုင်းမိုးနည်းရေရှားဒေသတွင်ပါဝင်၍ နှစ်စဉ်ပျမ်းမျှမိုးရေချိန် (၂၉)လက်မခန့်သာရရှိပါသည်။ နှစ်စဉ် သီးနှံစိုက်ပျိုးရာတွင် သဘာဝမိုးရေကိုသာ အဓိကမှီခိုအားထားစိုက်ပျိုးနေရသဖြင့် တစ်နှစ်လျှင် စပါးနှင့် အခြားသီးနှံ(၂)သီးသာစိုက်ပျိုးနိုင်ခဲ့ပါသည်။ လယ်ယာမြေများတိုးချဲ့ဖော်ထုတ်ပြီး တိုင်းဒေသကြီးသည် ရေရရှိရေးနည်းလမ်း(၆)သွယ်အနက် တစ်ခုဖြစ်သော မြစ်ချောင်းများမှရေကိုစုပ်တင်၍  စိုက်ပျိုးရေပေးဝေနိုင်ရေးအတွက် စနစ်ကျလယ်ယာမြေ(စံပြကွက်များ)အဆင့်မြှင့်တင်ခြင်းလုပ်ငန်းစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းဖြစ်ပါသည်။

လုပ်ငန်းစီမံကိန်း၏ ရည်ရွယ်ချက်

    တပ်ကုန်းကျေးရွာ စနစ်ကျလယ်ယာ(စံပြကွက်)များအဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်ခြင်းကြောင့် မကွေးမြို့နယ်၊ တပ်ကုန်းကျေးရွာအုပ်စုဒေသရှိ စနစ်ကျလယ်ယာမြေစံပြကွက်များတွင် စပါးနှင့် အခြားသီးနှံများ သီးထပ်သီးညှပ်တိုးချဲ့စိုက်ပျိုးကာ  သီးထပ်စွမ်းအားနှင့် သီးနှံအထွက်နှုန်းများတိုးတက်လာစေရန်၊ ဒေသဝမ်းစာဖူလုံရေးနှင့် ဒေသစိမ်းလန်းစိုပြေစေရေးအတွက် အထောက်အကူပြုစေနိုင်ရုံသာမက ဒေသအတွင်းတောင်သူတစ်ဦးချင်း၏ ဝင်ငွေများတိုးတက်လာစေရန် ရည်ရွယ်ပါသည်။

  စနစ်ကျလယ်ယာ(စံပြကွက်)များ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို စက်မှုလယ်ယာဦးစီးဌာန၊ အင်ဂျင်နီယာပိုင်းဆိုင်ရာစူးစမ်းလေ့လာခြင်းနှင့် မြေပြင်တိုင်းတာခြင်းလုပ်ငန်းများကို ၂၀၂၃ခုနှစ်၊ မေလ(၅)ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာဌာနများ‌၏ပေါင်းစပ်ညှိနှိုင်းမှုဖြင့် လယ်ယာမြေ (၁၆၄) ဧက ဖော်ထုတ်ဆောင်ရွက်ခြင်းအား (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် စီမံကိန်းလုပ်ငန်းများဆောင်ရွက်ပြီးစီးမည်ဖြစ်ပါသည်။ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါးများကိုး စတင်စိုက်ပျိုးသွားမည်ဖြစ်ပါသည်။ 

  နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်(၄)ရပ်အနက် ပထမဦးတည်ချက်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ၏ အဓိကလုပ်ငန်းဖြစ်သော စနစ်ကျလယ်ယာ(စံပြကွက်)များ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား စက်မှုလယ်ယာဦးစီးဌာနမှ ဝန်ထမ်းများ၏ အားသွန်ခွန်စိုက်ကြိုးပမ်းမှုနှင့် ပေါင်းစပ်ညှိနှိုင်းမှု၊ တိုင်း/ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဒေသခံပြည်သူများ၏ ဝိုင်းဝန်းပံ့ပိုးကူညီမှုတို့ဖြင့် လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် အကွက်ဖော်မြေညှိထားသော လယ်ယာမြေများတွင် ပိုမိုကောင်းမွန်စွာစိုက်ပျိုး၍ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

  စနစ်ကျလယ်ယာမြေ (စံပြကွက်များ) အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့်အတူ စိုက်ပျိုးသီးနှံများအား ရေသွင်းစိုက်ပျိုးစေခြင်းဖြင့် ယခင်(၂)သီးသာစိုက်ပျိုးရာမှ တစ်နှစ်ပတ်လုံး (၃)သီး ပိုမိုတိုးချဲ့၍စိုက်ပျိုးနိုင်ပြီး သီးထပ်စွမ်းအား၊ သီးနှံအထွက်နှုန်းများလည်းတိုးတက်လာခြင်း၊ ဒေသ စိမ်းလန်းစိုပြေရေးအတွက် အထောက်အကူပြုစေခြင်း၊ စီးပွားရေးနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်လာစေခြင်း စသည့်အကျိုးအမြတ်များကို ဒေသခံပြည်သူများနှင့် တောင်သူလယ်သမားများရရှိခံစားနိုင်ခြင်းတို့ကြောင့် နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းစီမံကိန်းတစ်ခုဖြစ်ပါကြောင်း လေ့လာတင်ပြအပ်ပါသည်။

DOCA(မကွေး)

ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်သည့်တောင်သူများနှင့် တွေ့ဆုံဆွေးနွေး

     ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၄)ရက်နေ့၊ နေ့လယ် (၂:၀၀) နာရီအချိန်တွင် ကယားပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးအစည်းအဝေးခန်းမ၌ ပန်ကန်းရပ်ကွက်၊ မိုင်းလုံးရပ်ကွက်၊ မှုံပြာကျေးရွာနှင့် လင်ဖုံလေးကျေးရွာရှိ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး အဆိုပါဆွေးနွေးပွဲတွင် စီးပွားရေးရာဝန်ကြီး ဦးစိန်ဦးမှ ကုန်စျေးနှုန်းတည်ငြိမ်ရေးအတွက် ပန်ကန်းရပ်ကွက်၊ မိုင်းလုံးရပ်ကွက်၊ မှုံပြာကျေးရွာနှင့် လင်ဖုံလေးကျေးရွာရှိ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူများနှင့် တွေ့ဆုံဆွေးနွေးရခြင်း ဖြစ်ကြောင်း၊ တောင်သူများ ကျေးရွာအလိုက် ဟင်းသီးဟင်းရွက်အစုအဖွဲ့ ဖွဲ့စည်းထားရန် လိုအပ်ကြောင်း၊ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ ကိုယ်တိုင် ထုတ်လုပ်၊ ကိုယ်တိုင်ရောင်းချနိုင်ရေးအတွက် ဒေါဥခူမီးပွိုင့်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ညှိနှိုင်း၍ ပြင်ဆင်ဆောင်ရွက်ထားသွားမည် ဖြစ်ကြောင်း၊ တောင်သူများအစုအဖွဲ့ဖွဲ့စည်းပြီးသွားပါက ချေးငွေများရရှိရေး၊ တောင်သူများအား လိုအပ်သောစိုက်ပျိုးရေးနည်းပညာများ၊ နည်းစနစ်များနှင့်အခြားလိုအပ်ချက်များအား သက်ဆိုင်ရာဌာနများက ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

ကော့သောင်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးခြင်းနှင့် ကျောင်းမုန့်စျေးတန်းများ ကွင်းဆင်းစစ်ဆေးခြင်း

      ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ကော့သောင်းမြို့ ရွှေဟင်္သာရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါဟောပြောပွဲတွင် ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြသီတာမှ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာလျှင် တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းကို ဟောပြောပို့ချခဲ့ပြီး ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအကြောင်းနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဆေးဖက်ဝင်ပင်များအကြောင်းကို အကျယ်တဝင့်ပြောကြားခဲ့ပြီး ဆက်လက်၍ ကျောင်းမုန့်စျေးတန်း(၃)ဆိုင်အား သက်တမ်းလွန်စားသောက်ကုန်များနှင့် စားသုံးရန်မသင့်လျော်သော စားသောက်ကုန်များအား စစ်ဆေး ခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသော စားသောက်ကုန်များရောင်းချရန် ပြောကြားခဲ့ကြောင်းသိ ရှိရပါသည်။

DOCA(တနင်္သာရီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မဟာဓမ္မိကာရုံ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာနတို့နှင့်ပူးပေါင်း၍ (၁.၉.၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၆း၀၀) နာရီက ဝါးခယ်မမြို့နယ် မဟာဓမ္မိကာရုံ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ် တာဝန်ခံမှ မိတ်ဆက် စကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်း ပြောကြားခဲ့ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူ ကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့် အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊  သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှု အမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်း ဟောပြောခဲ့ပြီး၊ မိမိတို့စားသောက်နေသော အစားအသောက်များတွင် ဓာတုဆိုးဆေးများအလွန်အကျုးပါဝင်နေခြင်း၊ သက်တမ်းလွန် အစားအသောက်များအား မိမိ၏အသိဖြင့် ဆင်ခြင်ဝယ်ယူစားသောက်ကြရန် ဟောပြောခဲ့ပါသည်၊ စားသုံးသူအသိပညာပေးဟောပြောပွဲသို့ ဆရာ/ ဆရာမ(၇)ဦး၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၈၄) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

 

မအူပင်ခရိုင်၊ မအူပင်မြို့နယ်များရှိပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချ

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အတွင်းရှိ မအူပင်မြို့နယ် စားသုံးသူပြည်သူများ စားသုံးဆီ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းချိုသာ၍ အရေအတွက်အလေးချိန်နှင့်အရည်အသွေး ပြည့်ဝမှန်ကန်စွာ ရရှိနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူဝန်ထမ်းများသည်  မအူပင်ခရိုင်ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ အသင်း၊   ပူးပေါင်း၍ စားအုန်းဆီများ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်၊၊

    စားအုန်းဆီများရောင်းချရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ပေးလျက်ရှိသောစားအုန်းဆီ တစ်ပိဿာရည်ညွှန်းဈေးအပေါ် အခြေခံ၍ သယ်ယူပို့ဆောင်ခအပါ ကုန်ကျစရိတ်တွင် အမြတ် ၂ ရာခိုင်နှုန်း တွက်ချက်၍ ရောင်းချပေးခြင်းဖြစ်ပြီး လူတစ်ဦးလျှင် ၁ ပိဿာနှုန်းဖြင့် ရောင်းချပေးကြောင်း သိရသည်။ သက်သာသောဈေးနှုန်းဖြင့် မအူပင်မြို့နယ်အတွင်း ရောင်းချရာတွင် (၄.၉.၂၀၂၃ မှ ၅.၉.၂၀၂၃)နေ့များတွင် စားအုန်းဆီ ပိဿာချိန်(၁၁၀၀) ပိဿာခန့် တစ်ပိဿာလျှင် ၄၅၀၀ကျပ်ဖြင့် လူစည်ကားရာ ရပ်ကွက်များ၊ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ မြို့စွန်ရပ်ကွက်များသို့ပါ ဈေးကားများဖြင့် လှည့်လည်ရောင်းချလျက်ရှိကြောင်း သိရှိရပြီး အရည်အသွေးကောင်းမွန်သော Export Quality  ဧည့်မထဆန် စားသုံးသူ ပြည်သူများအား ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် အပတ်စဉ် အင်္ဂါနေ့နှင့် သောကြာနေ့များ ရောင်းချခဲ့သော်လည်း (၄.၉.၂၀၂၃)နေ့မှစ၍ နေ့စဉ် ဧည့်မထဆန်များကို သက်သာသော ဈေးနှုန်းဖြင့် တစ်နေ့လျှင်(၄၅)အိတ်နှုန်း ဆန်တစ်ပြည် (၂၅၀၀) ကျပ်ဖြင့် ပြည်သူများအား လှည့်လည်ရောင်းချပေးနေကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

ဓနုဖြူမြို့နယ်ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဆန်ဝယ်ယူနိုင်ရေး၊ ဆီဝယ်ယူနိုင်ရေး ဆန်လုပ်ငန်းရှင်၊ ဆီလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်

     ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့် ဆန်လုပ်ငန်း ရှင်များအသင်း၊ ဆီလုပ်ငန်းရှင်များအသင်းတို့နှင့် ပူးပေါင်း၍ ဒေသခံ အခြေခံ လူတန်းစားများ စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ (၅.၉.၂၀၂၃) ရက်နေ့ နံနက် (၀၇:၀၀) နာရီ အချိန်တွင် ဓနုဖြူမြို့နယ် ရပ်ကွက်များသို့ လှည့်လည်၍ အရည်အသွေးသင့်တင့်ကောင်းမွန်သော Export Quality ဧည့်မထဆန် စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ဓနုဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများ ပူးပေါင်း၍ ရောင်းချခြင်းလုပ်ငန်းကို ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါ ရောင်းချပွဲတွင် ဓနုဖြူမြို့နယ်ရှိ ဒေသခံအခြေခံလူတန်းစားများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက်  ဧည့်မထဆန်(၁)ပြည်လျှင် ကျပ်(၂၅၀၀)နှုန်းဖြင့်  အပတ်စဉ် အင်္ဂါနေ့နှင့် သောကြာနေ့တိုင်း ရောင်းချပေးခဲ့ပါသည်။ လူတစ်ဦးလျှင် ဆန်တစ်ပြည်နှုန်းဖြင့် တစ်နေ့ (၁၀)အိတ်နှုန်း ဖြင့် ရပ်ကွက်အလိုက် ရောင်းချပေးနိုင်ခဲ့ပါသည်။

     ဓနုဖြူမြို့နယ် ဆီလုပ်ငန်းရှင်များအသင်းမှလည်း  စားအုန်းဆီများရောင်းချရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ပေးလျက်ရှိသောစားအုန်းဆီ တစ်ပိဿာရည်ညွှန်းဈေးအပေါ် အခြေခံ၍ သယ်ယူပို့ဆောင်ခအပါ ကုန်ကျစရိတ်တွင် အမြတ် ၂ ရာခိုင်နှုန်းတွက်ချက်၍ ရောင်းချပေးခြင်းဖြစ်ပြီး လူတစ်ဦးလျှင် ၁ ပိဿာနှုန်းဖြင့် ရောင်းချပေးကြောင်း သိရသည်။ (၃.၉.၂၀၂၃)ရက်နေ့မှ (၅.၉.၂၀၂၃) ရက်နေ့ထိ စားအုန်း ဆီပိဿာချိန် (၆၇၁၀) ပိဿာခန့် တစ်ပိဿာလျှင် ၄၆၀၀ ကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်ခြံမြေဝန်ဆောင်မှုအသင်း အလုပ်အမှုဆောင် ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားပြုလုပ်

    ဧရာဝတီတိုင်းဒေသကြီး၊ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (၂၀၂၃-၂၀၂၄) အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကို ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်း  JJ Restaurant ၌ ဩဂုတ်လ (၂၉) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

    မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ရန်ကုန်)မှ ဗဟိုဥက္ကဋ္ဌကြီး ဦးခင်မောင်သန်းက အဖွင့်အမှာစကားပြောကြား၍ အစီအစဉ်အရ ဧရာဝတီတိုင်းဒေသကြီး၊ အိမ်ခြံမြေဝန်ဆောင်မှုအသင်းဥက္ကဋ္ဌကြီး ဦးသန့်ဇင်နှင့် CEC/EC အဖွဲ့ဝင်ဟောင်းများနုတ်ထွက်ကြောင်းကြေညာခဲ့ပြီး (၂၀၂၃-၂၀၂၆) အိမ်ခြံမြေဝန်ဆောင်မှုအသင်းအတွက် အမှုဆောင်သစ်များရွေးချယ်ခြင်းကို အသင်းဝင်အားလုံးက ပွင့်လင်းမြင်သာစွာ မိမိတာဝန်ထမ်းဆောင်နိုင်သည့်နေရာကို မိမိကိုယ်တိုင်ဆန္ဒအရ အဆိုပြုတင်သွင်း၍ အသင်းသားများ၏ သဘောထားဆန္ဒနှင့်အညီ CEC/EC များရွေးချယ်ခဲ့ပါသည်။

    ဆက်လက်၍ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဧရာဝတီတိုင်းဒေသကြီး) အသင်းကို အသင်းသားအားလုံး၏ သဘောထားဆန္ဒနှင့်အညီ ယခင်ဥက္ကဋ္ဌဟောင်း ဦးသန့်ဇင်အား (၂၀၂၃-၂၀၂၆) သက်တမ်းအတွက် အသင်းအဖွဲ့စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခဲ့ကြောင်းသိရပါသည်၊၊

DOCA(ဧရာဝတီ)

 

ဧရာဝတီတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သစ်အခြေခံပရိဘောဂသင်တန်းဖွင့်ပွဲပြုလုပ်

    ဧရာဝတီတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၁ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာအုပ်စု၊ အနောက်စုကြီးကျေးရွာတွင် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးပွားလာစေရန် သစ်အခြေခံပရိဘောဂသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်၊၊

    အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးအောင်ဖြိုး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မဥ္ဇူဝင်း၊ တိုင်းကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးနေထက်ရှိန်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သဥ္ဇာညွှန့်၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးခွန်စောလွင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ဦးစီးမှူး ဦးလေးလွင်၊ စီမံကိန်းအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဖိတ်ကြားထားသူများ၊ သင်တန်းသားများ၊ စုစုပေါင်း ၅၀ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်၊၊

DOCA(ဧရာဝတီ)

                                     

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနတွင် တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ဝန်ထမ်းထုဒါဘာအစည်းအဝေးပြုလုပ်

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနတွင် တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ဩဂုတ်လ (၃၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဝန်ထမ်းထုဒါဘာအစည်းအဝေးပြုလုပ်ရာ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးဦးက အဖွင့်အမှာစကားပြောကြား၍ ဌာနခွဲအလိုက်လုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ လိုအပ်သည်များကိုပြောကြားခဲ့ပါသည်။

    ဆက်လက်၍ သက်ဆိုင်ရာဌာနခွဲများမှလည်း ဌာနတစ်ခုချင်းအလိုက် ဩဂုတ်လအတွင်း ဆောင်ရွက်ခဲ့သောလုပ်ငန်းများ၊ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ရန်ကျန်ရှိသောလုပ်ငန်းများနှင့် ဆောင်ရွက်နေသောလုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ