Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မိတ်ဖက်ဌာနများပူးပေါင်း၍ တမူးမြို့ စည်ပင်သာယာဈေးအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေး

      တမူးမြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးတွင် ( ၁၃.၁၂.၂၀၂၂ ) ရက်နေ့၌ ကျင်းပ ပြုလုပ်ခဲ့သည့် အပတ်စဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် စည်ပင်သာယာဈေးအတွင်း ရောင်းချနေသည့် ကုန်စုံဆိုင်များ၌ Online မှတဆင့် ရောင်းချနေသည့် တရားမဝင် ရောင်းချနေသော အစားအသောက်များရောင်းချခြင်း ရှိ/မရှိ စစ်ဆေးရန် မိတ်ဖက်ဌာနများ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးကြရန် ဆုံးဖြတ်ချက်ချခဲ့ပါသည်။

         အဆိုပါ အစည်းအဝေးဆုံးဖြတ်ချက်အရ ( ၂၁.၁၂.၂၀၂၂ ) ရက်နေ့တွင် ကလေး ခရိုင်ဦးစီးမှူးရုံး နယ်မြေအတွင်းရှိ တမူးမြို့၊ စည်ပင်သာယာဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များအား စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ မိတ်ဖက်ဌာနများဖြစ်ကြသော ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်း၍  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စည်ပင်သာယာဈေးအတွင်းရောင်းချနေသည့် စားသောက်ကုန်များတွင် Online မှတဆင့်မှာယူရောင်းချနေသော စားသောက်ကုန်များကို မတွေ့ရှိဘဲ ကုန်အညွှန်းအမှတ်အသားများနှင့် ပြည့်စုံသော စားသောက်ကုန်များသာ တွေ့ရှိပါကြောင်း သိရှိရပါသည်။             

DOCA(စစ်ကိုင်း)

ကလေးခရိုင်အတွင်းရှိ ကလေးဝမြို့နှင့် ဟုမ္မလင်းမြို့များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

        ကလေးခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ( ၂၁.၁၂.၂၀၂၂ ) ရက်နေ့တွင် ကလေးဝမြို့နှင့် ဟုမ္မလင်းမြို့များတွင် ရောင်းချလျက်ရှိသော ကုန်စုံဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ကလေးဝမြို့နှင့် ဟုမ္မလင်းမြို့ရှိ ရပ်ကွက်များအတွင်း ရောင်းချနေသည့် စားသောက်ကုန်စည်များတွင် ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိနှင့် စားသုံးရန်မသင့်သည့် အစားအသောက်များ ရောင်းချခြင်း ရှိ/မရှိကို အဓိကထား၍ စည်ပင်သာယာဈေးနှင့် ရပ်ကွက်များသို့ လစဉ် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

       ယခုလအတွင်း ကလေးဝမြို့တွင် စည်ပင်သာယာဈေးအတွင်း ရောင်းချနေသည့် ကုန်စုံဆိုင်များသို့လည်းကောင်း ဟုမ္မလင်းမြို့တွင် ခိုပဲဝရပ်ကွက်အတွင်း ရောင်းချနေသည့် ကုန်စုံဆိုင်သို့လည်းကောင်း အသင့်စားခေါက်ဆွဲခြောက်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားရှိခြင်း ရှိ/မရှိကို  စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကလေးခရိုင်အတွင်းရှိ ဖောင်းပြင်မြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

         ကလေးခရိုင်ဦးစီးမှူးရုံး နယ်မြေအတွင်း ဖောင်းပြင်မြို့၊အင်ကြင်းမြိုင်ရပ်ကွက်ရှိ ကုန်စုံဆိုင်များအား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ( ၁၉ ) ရက်နေ့တွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

     ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ကုန်ညွှန်းအမှတ် အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိနှင့် စားသုံးရန်မသင့်သည့် အစားအသောက်များ ရောင်းချခြင်း ရှိ/မရှိကို စည်ပင်သာယာဈေးနှင့် ရပ်ကွက်များသို့သွားရောက်၍ လစဉ်ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း သိရှိရပါသည်။

      သွားရောက်စစ်ဆေးရာတွင် လူအများစုအသုံးပြုသော စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး ယခုလအတွင်း လူသုံးကုန်ပစ္စည်းဖြစ်သည့် ဆပ်ပြာခဲကို စစ်ဆေးခဲ့ပြီး ယင်းအမှတ်တံဆိပ်သည် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အမှတ် ( ၂/၂၀၁၉ )နှင့်အညီ စီးပွားရေး ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြပါရှိပြီး စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်မှုများ ရှိလာသည်ကိုတွေ့ရှိရကြောင်း လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)

  “ငြိမ်းချမ်းရေး” ပဲခွဲစက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

        စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဒု- ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၂)ဦးတို့သည် ဒီဇင်ဘာလ  ၂၃  ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်ရှိ “ငြိမ်းချမ်းရေး” ပဲခွဲစက်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)၊ အခန်း(၁၈) အရ ကုန်အညွှန်း အမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

      ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ ပြစ်မှု ပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ ၄၁။ (ခ) နှင့်(ဆ) တို့တွင်ဖော်ပြထားသည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ် အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာ‌ ရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေး ချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခု ထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

       “ငြိမ်းချမ်းရေး” ပဲခွဲစက်လုပ်ငန်းကို ၁၉၆၂ ခုနှစ် အဘိုးအဘွားများလက်ထက်က စတင်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် “ ငြိမ်းချမ်းရေး ” အမည်ဖြင့်လုပ်ကိုင်ခဲ့ကြောင်း၊ လက်ရှိရင်းနှီးမြှုပ်နှံမှု တန်ဖိုး အနေ ဖြင့် ကျပ်သိန်း (၄၀၀၀၀)ခန့်ရှိခဲ့ကြောင်း၊ တစ်နှစ်ထုတ်လုပ်နိုင်မှု ပမာဏ(ပစ္စည်းအရေအတွက်၊တန်ဖိုး) ကျပ်သိန်း(၁၂၀၀)ခန့်ရှိခဲ့ပြီး တစ်ရက်လျှင် သိန်း(၄၀၀)ဖိုး ထုတ်လုပ်ရောင်းချနိုင်ခဲ့ကြောင်း၊ ဈေးကွက် ဈေးနှုန်း အနေဖြင့် ကုလားပဲခြမ်း (၁)ပြည်လျှင် (၅၆၀၀)ကျပ်၊ ပဲစိမ်းမှုန့်(၁)ပိဿာလျှင် (၄၇၀၀)ကျပ်၊ ပဲကျက်မှုန့်(၁)ပိဿာလျှင်(၄၈၀၀)ကျပ်ဖြင့်ရောင်းချပြီး အကျိုးအမြတ် အသင့်အတင့်ရှိကြောင်းနှင့် ရန်ကုန်မြို့ရှိ ရွှေပင်ငွေပင်၊ စိမ့်စိမ့်လေးမုန့်လုပ်ငန်းရှင်များ သည်လည်းမိမိ၏ ဖောက်သည်များ ဖြစ်ကြောင်း၊ ပြည်ပပို့ကုန်အနေဖြင့် ပြီးခဲ့သည့်နိုဝင်ဘာလတွင် တူရကီနိုင်ငံသို့ တင်ပို့နိုင်ကြောင်း၊ စက်ပစ္စည်းများကိုလည်း Update ပြုလုပ်၍ လုပ်ငန်းဖြစ်စဉ်တစ်လျှောက်လုံးတွင် ကွန်ပျူတာဖြင့် ထိန်းချုပ်သည့် စနစ်ဖြစ်အောင် ကြိုးစားဆောင်ရွက်နေကြောင်း ဆွေးနွေးပြောကြားခဲ့ကြပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြထားသော လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မြင်းခြံမြို့တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင် ဦးစီးမှူး၊ဦးမောင်ထူးမှ ဦးဆောင်၍ မြင်းခြံမြို့နယ်တာဝန်ခံ ဦးတင်ဇော်ထွေးနှင့်အတူ ဝန်ထမ်းများမှ ၁၈-၁၂-၂၀၂၂ နေ့၊ နံနက်(၀၉:၃၀)အချိန်တွင်  မြင်းခြံမြို့၊ အမှတ်(၁)ရပ်ကွက်၊  အခြေခံပညာအထက်တန်း ကျောင်း(အ.ထ.က-၃)ရှိ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ(၂၅၀)ဦးအား စားသုံးသူကာကွယ် ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါဟောပြောပွဲတွင် ခရိုင်ဦးစီးမှူး၊ ဦးမောင်ထူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်တာဝန်ခံ ဦးတင်ဇော်ထွေး မှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အခွင့်အရေး နှင့်တာဝန်များအကြောင်း၊ ကုန်စည်များတွင် ကုန်စည်အမျိုးအစားအလိုက် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ကုန်အညွှန်းအမှတ်သားဆိုသည် မှာ ကုန်စည် သို့မဟုတ် ကုန်စည်ထုပ်ပိုးမှုအပြင်အဆင်ပေါ်တွင် စာဖြင့်ရေးသား၍ဖြစ်စေ၊ ရုပ်ပုံဖြင့်ဖြစ်စေ၊ အခြားနည်း တစ်ရပ်ရပ်ဖြင့်ဖြစ်စေ ဖော်ပြထားသည့် ကုန်စည်နှင့်သက်ဆိုင်သည့် အချက်အလက် သို့မဟုတ် အမှတ်အသားကို ဆိုလိုတာဖြစ်ကြောင်း၊ နစ်နာဆုံးရှုံးမှုဆိုသည်မှာက ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ၏ ရုပ်ပိုင်းဆိုင်ရာကိုဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာကိုဖြစ်စေ၊ ဂုဏ်သိက္ခာကိုဖြစ်စေ၊ နာမည်ဂုဏ်သတင်းကိုဖြစ်စေ၊ ပိုင်ဆိုင်မှုတစ်ရပ်ကိုဖြစ်စေ ထိခိုက်စေခြင်းကို ဆိုလိုတာဖြစ်ကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများရှိပါက အရေးဆိုတိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့် နေရာများ၊ ဖုန်းနံပါတ်များ၊ နည်းလမ်းများ အကြောင်း၊ ကျောင်းသား၊ကျောင်းသူများအနေဖြင့် အသင့်စားမုန့်အမျိုးမျိုးကို ဝယ်ယူစားသုံးရာတွင် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးမည့်ရက်စွဲများကို ကြည့်ရှုကြရန်လိုအပ်ပြီး၊ မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြထားသော မုန့်ပဲသွားရည်စာများနှင့် ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူ စားသောက်သုံးစွဲတက်စေရန်နှင့် သေသေချာချာသဘောပေါက်နားလည်စေရေး လက်တွေ့သရုပ်ပြအနေဖြင့် ကျောင်းသား/ကျောင်းသူ(၆)ဦးအား ကုန်စည်(၆)မျိုးကို ကံစမ်းမဲဖောက်၍ မိမိရရှိသော ကုန်စည်တွင် မြန်မာလိုဖော်ပြပါဝင်သော ကုန်အညွှန်းအမှတ်သားများအား သေချာစွာဖတ်ပြစေခြင်းများဆောင်ရွက်၍  အကျယ်တဝင့် ဟောပြောဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး ဆိုင်ရာလက်ကမ်း စာစောင်များဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

လွိုင်ကော်မြို့ပေါ်ရှိဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ(၂၃) ရက်နေ့ ၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ ဈေးပိုင်းရပ်ကွက်၊ ရွှေတောင်ရပ်ကွက်၊ ရှမ်းပိုင်းရပ်ကွက်နှင့် သီရိမင်္ဂလာဈေးရှိ ဆေးဝါးဖြန့်ဖြူးရောင်းချနေသော ဆေးဆိုင်များတွင် Diclon-M Tablet (Diclofenac Sodium 50mg, Paracetamol 500g) နှင့်ပုံစံတူဆေးဝါးများတရားဝင်မှတ်ပုံတင်ထားခြင်းမရှိဘဲရောင်းချခြင်းရှိ/မရှိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတို့နှင့် ပူးပေါင်း၍ ဈေးကွက်စောင့် ကြည့်ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် လွိုင်ကော်မြို့ပေါ်ရှိ ဆေးဆိုင်များတွင် ရောင်းချနေသောဆေးဝါးများမှာရန်ကုန်မြို့၊ မန္တလေးမြို့နှင့်တောင်ကြီးမြို့များမှ အများစုတင်သွင်းရောင်းချလျက်ရှိပြီး တရားဝင်မှတ်ပုံတင်ထားသော Diclon-M Tablet ဆေးဝါးများကိုသာ ရောင်းချဖြန့်ဖြူးလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီးဆေးဆိုင်ပိုင်ရှင်များအနေဖြင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် တရားဝင်မှတ်ပုံတင်ထားသော ဆေးဝါးများသာ တင်သွင်းရောင်းချဖြန်ဖြူးကြရန်၊ မှတ်ပုံတင်ထားခြင်းမရှိသော Diclon-M ပုံစံတူ ဆေးဝါးများကို တရားမဝင်တင်သွင်းရောင်းချခြင်း မပြုကြရန်နှင့်ပုံစံတူဆေးဝါးများ  ဈေးကွက်အတွင်းတွေ့ရှိပါက သက်ဆိုင်ရာဥပဒေအရအရေးယူခံရမည်ဖြစ်ကြောင်း ဆေးဆိုင်(၁၂)ဆိုင်အား ကွင်းဆင်း အသိပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

တရားမဝင် Diclon- M ပုံစံတူ ဆေးဝါးများ ဈေးကွက်အတွင်း ရောင်းချ ဖြန့်ဖြူးခြင်း ရှိမရှိ ကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးဇေယျာအောင်(ဦးစီးအရာရှိ)နှင့် စစ်ဆေးရေးမှူး ဦးကိုကိုစိုးတို့သည် ၂၁.၁၂.၂၀၂၂ ရက်နေ့တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့်ပူးပေါင်း၍ မြစ်ကြီးနားမြို့အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်(၁၀)ဆိုင်အား မှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင် Diclon-M-Tablet ပုံစံတူဆေးဝါးများ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်း ရှိ /မရှိ စစ်ဆေးခဲ့ရာ ဆေးဝါးမှတ်ပုံတင်၍ တရားဝင်ဖြန့်ဖြူးလျက်ရှိသော Diclon-M-Tablet (Diclofenac Sodium 50mg, Paracetamol 500g)ကိုသာ ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး မှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင်ဆေးဝါးများ ရောင်းချခြင်းမပြု‌ရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကချင်)

ချောက်ခရိုင်၊ ချောက်မြို့နယ်တာဝန်ခံ၏ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးခြင်း ဆောင်ရွက်ခဲ့မှုများ

         စားသုံးသူရေးရာဦးစီးဌာန၊ ချောက်ခရိုင်၊ ချောက်မြို့နယ် တာဝန်ခံဒေါ်မြတ်မြတ်မိုးနှင့် ဒေါ်ချိုဝေလွင် (ဒု-ဦးစီးမှူး)တို့သည် သက်ဆိုင်ရာရပ်ကျေးဥက္ကဋ္ဌ၊ ကျောင်းအုပ်ကြီးများနှင့် ချိတ်ဆက်ပြီး စားသုံးသူများအသိပညာတိုးပွားရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ဌာနပုံရိပ်မြှင့်တင်နိုင်ရေးတို့အတွက် (၁၄.၁၂.၂၀၂၂) ရက်နေ့တွင် အမက(ဗဟိုကွက်သစ်ကျောင်း)၌ ဆရာ/ ဆရာမ(၇)ဦး၊ ကျောင်းသား/သူ(၉၇)ဦး အားလည်းကောင်း၊ (၁၅.၁၂.၂၀၂၂) ရက်နေ့တွင် အမက(၈၇) ရွှေသူဌေးရပ်၌ ဆရာ/ဆရာမ (၁၀)ဦး၊ ကျောင်းသား/သူ (၁၁၀)ဦးအားလည်းကောင်း၊ (၁၆.၁၂.၂၀၂၂)ရက်နေ့တွင် မူလတန်းလွန်ကျောင်း (စိန့်ထရီဇာ)၌ ဆရာ/ဆရာမ (၆)ဦး၊ ကျောင်းသား/ကျောင်းသူ (၁၃၇)ဦးတို့အားလည်းကောင်း စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါ သည်။

      အသိပညာပေးဟောပြောပွဲများတွင်ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးနှင့် ဒေါ်ချိုဝေလွင် တို့မှ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်(Motto)၊ မျှော်မှန်းချက်(Vision)၊ ရည်မှန်းချက်(Mission)များ၊ စားသုံးသူကာကွယ်ရေးဥပဒေ-၂၀၁၉ပါ စားသုံးသူများရရှိနိုင်မည့် အခွင့်အရေး(၈)ချက်၊ လိုက်နာရမည့် တာဝန်(၄)ချက်နှင့် အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများတွင် မြန်မာဘာသာဖြင့်ပြည့်စုံစွာ ပါဝင်ရမည့်အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားနိုင်သူများ၊ တိုင်ကြားပုံနည်းလမ်းနှင့် Internet Mobile Application တွင်ဝင်ရောက်တိုင်ကြားပုံ၊ Consumer Call No.1535 သို့ ခေါ်ယူတိုင်ကြားနိုင်မှုတို့အား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်သူဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအား စားသုံးသူအသိပညာ‌ပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

 

မကွေးမြို့ပေါ်၌ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်း (မကွေးမြို့နယ် တာဝန်ခံ)နှင့် ဦးလင်းကိုကိုဖြိုး (ရုံးအကူ)တို့သည် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်းပြီး (၁၉.၁၂.၂၀၂၂) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မကွေးမြို့ပေါ်၌ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင်များအား ကွင်းဆင်း၍ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ပါဝင်မှုရှိ/မရှိ၊ လုပ်ငန်းလိုင်စင်ရှိ/မရှိ၊ သက်တမ်းလွန် ကုန်ပစ္စည်းများ ရောင်းချမှုရှိ/မရှိနှင့် ဆင်တူရိုးမှား အတုအပကုန်စည်များ ရောင်းချမှုရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင်ရှင်များအား မိမိတို့ရောင်းချနေသော ကုန်စည်များ တွင် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)အရ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များသာ ဆိုင်တင်ရောင်းချရန်နှင့် စားသုံးသူရေးရာကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ချောက်ခရိုင် ၊ ချောက်မြို့နယ်၌ မိုးစပါးများ စံထွက်ရိတ်သိမ်းမှုနှင့် အထွက်နှုန်း အခြေအနေ

          မကွေးတိုင်းဒေသကြီး ၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ လူဦးရေ(၂၁၇၇၆၈)ဦး နေထိုင်လျက်ရှိပြီး  အဓိကသီးနှံအဖြစ် ( ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ မြေပဲ)တို့အား စိုက်ပျိုးကြပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မိုးစပါး (၃၈၈)ဧကအား ပခန်းငယ်မြစ်ရေတင်နှင့် ဥမင်ကိုးပေါက်မြစ်ရေတင်မှ လွှဲပို့သောရေလွှဲွှဲာင်းမှရသော ရေဖြင့် စိုက်ပျိုးကြောင်း သိရှိရပါသည်။

       ၁၃.၁၂.၂၀၂၂ ရက်နေ့တွင် ဓါတ်မြေအုပ်စု ကွင်းအမှတ်( ၂၂၆) တောင်သူ ဦးဝင်းစိုးပိုင်စိုက်ပျိုးထားသော စပါးမျိုး ဧရာမင်း(၅)ဧက စိုက်ကွင်းအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီး ဌာန၊ မြေစာရင်းဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနစသည့် မြို့နယ်လယ်ယာ စီမံခန့်ခွဲရေးကော်မတီများဖြင့် စံကွက်ရိတ်သိမ်းခဲ့ရာ (၁)ဧကလျှင် ဧရာမင်းစပါး(၁၀၁)တင်းနှုန်းထွက်ရှိကြောင်း၊ ချောက်မြို့နယ် မိုးစပါး (၃၈၈) ဧက စိုက်ပျိုးထားရှိမှုအပေါ် ယနေ့အထိ  ဧက(၂၀၀)ရိတ်သိမ်းပြီးကြောင်းနှင့် (၁)ဧက ပျမ်းမျှ အထွက်နှုန်း (၈၀.၂၅)တင်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ လေ့လာသိရှိရပါသည်။ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်သည် ဆန်လိုဒေသဖြစ်၍ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် စစ်ကိုင်းတိုင်းမှ တင်ပို့သောဆန်များကို အားထားစားသုံးနေရကြောင်း လေ့လာသိရှိရပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ