Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် အကောင်အထည် ဖော်ဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့ (Task Force) ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး

ရန်ကုန်၊ (၉-၉-၂၀၂၃)

သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် (Warehouse Receipt Financing System – WRFS) အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့ (Task Force) ၏ ပထမအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ်ပိုင်းတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ညှိနှိုင်းအစည်းအဝေးတွင် သိုလှောင်ရုံကုန်အပ်လက်မှတ်ကိုအခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် (Warehouse Receipt Financing System – WRFS) အကောင်အထည်ဖော် ဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့ခေါင်းဆောင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင်က ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သည့် သိုလှောင်ရုံကုန်အပ် လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် အကောင်အထည်ဖော်ဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲ၏ ဖော်ထုတ်ချက်များကို လိုက်ပါအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ယနေ့အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ Task Force အဖွဲ့အနေဖြင့် သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေး ထောက်ပံ့မှုစနစ် အကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် ဆောင်ရွက်မည့်အစီအမံများ ရေးဆွဲခြင်း၊ မူဝါဒများချမှတ်ခြင်း၊ စံလုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်ခြင်း၊ သီးခြားရန်ပုံငွေတစ်ရပ်ထူထောင်ခြင်း၊ အစပျိုး စမ်းသပ်ကာလ (Pilot Project) အဖြစ် စတင်ဆောင်ရွက်ခြင်းနှင့် သိုလှောင်ရုံ တည်ဆောက်ရင်းနှီးမြှုပ်နှံလိုသည့် ပြည်တွင်း/ ပြည်ပလုပ်ငန်းရှင်များကို အားပေးကူညီခြင်းစသည့် လုပ်ငန်းစဉ်များကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ဆန်စပါးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် တောင်သူလယ်သမားများအတွက် ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးသည့် သီးနှံအာမခံစနစ်ကို အမြန်ဆုံး အကောင်အထည် ဖော်ဆောင်ရွက်ခြင်းသည် ဆန်စပါးဈေးနှုန်းတည်ငြိမ်ရေးကိုလည်း အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၌ သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်တစ်ရပ် အောင်မြင်စွာ ဖော်ဆောင်နိုင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် သက်ဆိုင်ရာအစိုးရဌာနများ၊ သီးနှံစိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများ၊ သိုလှောင်ရုံလုပ်ငန်းရှင်များနှင့် ကုန်သည်လုပ်ငန်းရှင်များအပါအဝင် သက်ဆိုင်သူများအားလုံးက အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းလျက် ဟန်ချက်ညီစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားပါသည်။

ယင်းနောက် ညှိနှိုင်းအစည်းအဝေးကို တက်ရောက်လာကြသည့် လုပ်ငန်းအဖွဲ့ဝင်များက သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားကြမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။

ညှိနှိုင်းအစည်းအဝေးသို့ သိုလှောင်ရုံကုန်အပ်လက်မှတ်ကိုအခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် (Warehouse Receipt Financing System – WRFS) အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့ခေါင်းဆောင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ညီနောင်အသင်းများ၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ မြန်မာနိုင်ငံအာမခံအသင်း၊ မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း၊ မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

DOCA(ITQM)

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၃ခုနှစ်၊ ဩဂုတ်လအတွင်း စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

  စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှုအခြေအနေတို့နှင့်စပ်လျဉ်း၍   ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

  ထိုသို့ စောင့်ကြည့်စစ်ဆေးနိုင်ရန် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူးအောက်မနိမ့်သူကို စစ်ဆေးရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေး၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိမိတို့ဌာနမှဦးဆောင်၍သော်လည်းကောင်း၊ မိတ်ဖက်ဌာနများဖြစ်သည့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေး၊ စည်ပင်၊ စိုက်ပျိုးရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပါဝင်သောအဖွဲ့ဖြင့်သော်လည်းကောင်း စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်မျာ းဈေးကွက်အတွင်းမှပပျောက်သွားစေရေးတို့အတွက် ၂၀၂၃ခုနှစ် ဩဂုတ်လတွင် ဈေးကွက်အတွင်းရောင်းချနေသောစားသောက်ကုန်များ၊ လူသုံးကုန်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ရာ (၂၈)ကြိမ်ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် တစ်နှစ်စာအတွင်း ဦးစားပေးဆောင်ရွက်ရန် လျာထားသည့်  ကုန်စည် (၁၀) မျိုးဖြစ်သည့် သောက်ရေသန့်၊ အချိုရည်၊ စားသုံးဆီ၊ အသင့်စားမုန့်အမျိုးမျိုး၊ အရံသင့်အစားအစာအမျိုးမျိုး၊ နို့နှင့်နို့ထွက်ပစ္စည်း၊ အသားနှင့်အသားထွက်ပစ္စည်းအမျိုးမျိုး၊ အသင့်ဖျော်ကော်ဖီနှင့်လက်ဖက်ရည်ထုပ်အမျိုးမျိုး၊ စည်သွပ်အစားအစာအမျိုးမျိုး၊ ကလေးတစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်းအမျိုးမျိုး၊ မှတ်ပုံတင်ခြင်းမရှိသောဆေးဝါးများ၊ အလှကုန်ပစ္စည်း၊ ခွင့်ပြုချက်မပါသောစားသောက်ကုန်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း၊ စားသုံးသူများအနေဖြင့် ကုန်စည်များဝယ်ယူအသုံးပြုရာတွင် ယင်းကုန်စည်နှင့်ပတ်သက်သည့် သတင်း အချက်အလက်များပြည့်စုံစွာရရှိနိုင်ပြီး စားသုံးသူ၏လိုအပ်ချက်နှင့်ကိုက်ညီသည့်ကုန်စည်များအား ရွေးချယ်ဝယ်ယူနိုင်စေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြနိုင်ရေး၊ ဌာန၏ အတည်ပြုချက်ရယူရန်တင်ပြလာပါက ဌာနမှ ဥပဒေနှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ်ပြန်ကြားပေးနိုင်ရေးတို့ကို ဆွေးနွေးအသိပေးပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနများမှလည်း သတ်မှတ်လိုင်စင်များ ရှိ/မရှိစစ်ဆေးပြီး လိုင်စင်လျှောက်ထားနိုင်ရေး၊ သက်တမ်းကုန်လိုင်စင်များအား သက်တမ်းတိုးဆောင်ရွက်နိုင်ရေး၊ စားသုံးရန် သို့မဟုတ် အသုံးပြုရန်မသင့်သည့် ကုန်စည်များအား ရောင်းချခြင်းမပြုစေရေး အသိပညာပေးပြောကြားခဲ့ပါသည်။  

DOCA(စစ်ကိုင်း)

THUKHA အမှတ်တံဆိပ်အချိုရည်နှင့် VIP အမှတ်တံဆိပ် အချိုရည်များ ဘားအံမြို့နယ်ရှိ ဈေးကွက်အတွင်း ရောင်းချနေမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးဇင်မင်းကိုကို(ဒု-ဦးစီးမှူး)နှင့်  ဝန်ထမ်းများသည် (၇-၉-၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန် တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဘားအံမြို့နယ် ဈေးကွက်အတွင်း၌ THUKHA အမှတ်တံဆိပ်အချိုရည်နှင့် VIP အမှတ်တံဆိပ် အချိုရည်များ ရောင်းချနေမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် THUKHA အမှတ်တံဆိပ် အားဖြည့်အချိုရည်နှင့် VIP အမှတ်တံဆိပ်အဝါရောင်အချိုရည်များသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ စစ်ဆေးချက်အရ Sodium Cyclamate ပါဝင်မှုသည် သတ်မှတ်ပမာဏထက် ကျော်လွန်ကြောင်း စစ်ဆေးတွေ့ရှိရသောကြောင့် ကွင်းဆင်းစစ်ဆေးရပြီး အဆိုပါ အချိုရည်များကို ဘားအံမြို့နယ်  ဈေးကွက်အတွင်းသို့ ရောင်းချနေမှု မရှိပါကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

 

ဘားအံမြို့ပေါ်ရှိ အ.ထက (၂) ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

    စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒု-ကြီးကြပ်ရေးမှူး ဒေါ်သီတာဌေးနှင့် အငယ်တန်းစာရေး ဒေါ်မိခင်သူဇာတို့သည် ၁-၉-၂၀၂၃ ရက်၊ သောကြာနေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ အ.ထ.က (၂) ကျောင်းတွင် မြို့နယ်ကျောင်း ကျန်းမာရေးကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

   အဆိုပါဟောပြောပွဲတွင် သက်ဆိုင်ရာမိတ်ဖက်ဌာနများမှ မိမိတို့သက်ဆိုင်သည့်ဌာနအလိုက် အကြောင်းအရာများကို ဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ကြီးကြပ်ရေးမှူး ဒေါ်သီတာဌေးက စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူ အခွင့်အရေးများအကြောင်းနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက မိမိတို့ သိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဒု-ကြီးကြပ်ရေးမှူး ဒေါ်သီတာဌေးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

    ဟောပြောပွဲသို့ ဆရာ၊ ဆရာမ (၁၀) ဦး နှင့်   ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၆၀) ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများကို စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီး ဟောပြောပွဲကို နံနက် ၁၁:၄၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

စစ်ကိုင်းတိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနတွင် စားသုံးသူရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်

    (၃၁-၈-၂၀၂၃)ရက်နေ့၊ နံနက်(၁၀ꓽ၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်မာဦးနှင့် ဝန်ထမ်းများသည် စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနတွင် စားသုံးသူရေးရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာစုမျိုးသွယ်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ဌာနသို့ လာရောက်ဆွေးနွေးပြောကြားပေးပါသော စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအား ကျေးဇူးအထူးတင်ရှိပါကြောင်း၊ မိမိတို့ ဌာနသည် ငါးလုပ်ငန်းဦးစီးဌာနဖြစ်သည့်အတွက် ဒေသတွင်း ငါးရိက္ခာဖူလုံရေး အဓိကဆောင်ရွက်နေရသည်ဖြစ်ပြီး ဈေးကွက်အတွင်းရောင်းချနေသော ငါးနှင့်ငါးအစာများ ဘေးအန္တရာယ်ကင်းရှင်းရေး စစ်ဆေးကြပ်မတ်ရခြင်း၊ ဓာတ်ခွဲစမ်းသပ်ရခြင်းများပြုလုပ်ရသည့်အတွက် မိမိတို့ဌာနမှာ စားသုံးသူရေးရာဦးစီးဌာနနှင့် ရင်းနှီးမှုများရှိပါကြောင်း၊ ဆက်လက်၍ လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ လာရောက်ဟောပြောဆွေးနွေးသည့်အတွက် မိမိတို့ဌာနမှ ဝန်ထမ်းများသည်လည်း နှစ်ဌာနချိတ်ဆက်ဆောင်ရွက်နိုင်သောလုပ်ငန်းများ၊ စားသုံးသူနှင့်ဆိုင်သော အသိပညာဗဟုသုတများ များစွာရရှိမည်ဟုယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။

      ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ မူဝါဒလေ့လာရေးနှင့်စီမံကိန်းစာရင်းအင်းဌာနခွဲတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်မာဦးက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအကြောင်း၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန(၄)ခု အကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်များ၊ ရည်မှန်းချက်တာဝန်များအကြောင်းနှင့် လက်ရှိအဓိကဆောင်ရွက်နေရသော လုပ်ငန်းတာဝန်များအကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးစီးအရာရှိ ဒေါ်ခိုင်မို့မို့က စားသုံးသူကာကွယ်ရေးဥပဒေပေါ်ပေါက်လာပုံအကြောင်း၊ ဥပဒေပါ စာသုံးသူ၊ စီးပွားရေးလုပ်ငန်းရှင်နှင့် နစ်နာဆုံးရှုံးမှုတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များအကြောင်း၊ စားသုံးသူအခွင့်အရေး(၈)ချက် အကြောင်း၊ မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၊ စားသုံးသူရေးရာဌာနခွဲမှ အငယ်တန်းစာရေး ဦးကျော်သက်ဝေက စားသုံးသူနစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းနှင့် ဌာနမှဖြေရှင်းဆောင်ရွက်ပေးခဲ့သော အမှုဖြစ်စဉ်များအကြောင်းတို့အား Power Point များဖြင့် အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြပြီး ဟောပြောပွဲသို့ တက်ရောက်လာသော လူဦးရေ (၁၅)ဦးအား  အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မလှိုင်မြို့နယ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာတပ်ဆင်ရေး အသိပညာပေး Talk Show ကျင်းပ

  မန္တလေးတိုင်း‌ဒေသကြီး၊ မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် မလှိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်သွယ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍  ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာတပ်ဆင်ရေး အသိပညာပေး Talk Show ကို ၂၀၂၃ခုနှစ်၊ သြဂုတ်လ ၂၈ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါ ဟောပြောပွဲတွင် မလှိုင်မြို့နယ်တာဝန်ခံ ဦးရဲမြင့်ဆန်းက စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည်အလိုက် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာတပ်ဆင်ရန် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က (၂/၂၀၁၉)ဖြင့် အမိန့်ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ ကုန်စည်အလိုက် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာတပ်ဆင်ရန်လိုအပ်ကြောင်း၊ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာတပ်ဆင်ခြင်းမရှိပါက  စားသုံးသူကာကွယ်ရေးဥပဒေအရ ပြစ်မှု၊ ပြစ်ဒဏ်များရှိကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာတပ်ဆင်ခြင်းမရှိပါက ထောင်ဒဏ် (၂)နှစ်နဲ့ ကျပ်သိန်း (၂၀၀) ထက်မပိုသော ငွေဒဏ်ဖြစ်ဖြစ်စေ၊ ဒဏ်(၂)ရပ်လုံးဖြစ်စေ ကျခံနိုင်ရကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် တပ်ဆင်ရန်အခက်အခဲရှိပါက  စားသုံးသူရေးရာဦးစီးဌာနသို့ လာရောက်ဆွေးနွေးနိုင်ပါကြောင်း ပြောကြားခဲ့ပြီး စားသုံးသူများအ‌နေနှင့် ကုန်စည်၊ ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ၌ စာဖြင့်ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ၊ e-mail ဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်းဆွေးနွေးခဲ့ပြီး နံနက် (၁၀း၃၀) နာရီအချိန်တွင် ဆွေးနွေးပွဲပြီးမြောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

မိတ္ထီလာခရိုင်အတွင်းရှိ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စေရေး တွေ့ဆုံဆွေးနွေး

   မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊  သာစည်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၌ “Rainbow”  အမှတ်တံဆိပ် မုန့်လုပ်ငန်းတွင် ထုတ်လုပ်ဖြန်ဖြူးရောင်းချနေသောလုပ်ငန်းရှင်သည် ၎င်း၏အမှတ်တံဆိပ်၌ ထည့်သွင်းဖော်ပြသွားမည့် ကုန်အညွှန်းအမှတ်အသားများတွင် စားသုံးသူကာကွယ်‌ရေးဥပဒေပြဋ္ဌာန်းချက်များနှင့်ကိုက်ညီမှုရှိ/မရှိနှင့် လိုအပ်ချက်များပြင်ဆင်ပြုပြင်နိုင်ရန်အတွက် စိစစ်ဆောင်ရွက်ပေးပါရန် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၂၈ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးရုံးသို့ လာရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

   အဆိုပါတွေ့ဆုံမှုအရ “Rainbow”အမှတ်တံဆိပ်မုန့်လုပ်ငန်းတွင် နို့ပေါင်မုန့်၊ ပဲပေါင်မုန့်၊ ဒိုးနတ်မုန့်နှင့် ကိတ်ခြောက်များရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ထို့နောက် ခရိုင်ဦးစီးမှူးက အစားအသောက်အမျိုးမျိုးတွင် ကုန်စည်အမျိုးစားအလိုက် ကုန်အညွှန်းအမှတ်သားများကို ပြည့်စုံစွာဖော်ပြရန်အတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားရှိသည့် ကုန်အညွှန်းအမှတ်အသား‌ဖော်ပြခြင်းဆိုင်ရာ အမိန့်ကြေငြာစာအမှတ် (၂/၂၀၁၉) ထုတ်ပြန်ထားရှိကြောင်းကိုလည်းကောင်း၊ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက်ရှိစေ ဖော်ပြရမည့်အချက်အလက်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ဌာနသို့စိစစ်ဆောင်ရွက်ပေးပါရန် တင်ပြလာမှုအပေါ် ကူညီဆောင်ရွက်ပေးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

 

                                               

လွိုင်ကော်ခရိုင်၌ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေးဆောင်ရွက်

    စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၂၉)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် လွိုင်ကော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Center ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျော်စွာမြင့်က စားသုံးသူကာကွယ်ရေး Talk Show ဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်၊ ဌာန၏ဆောင်ပုဒ်၊ မျှော်မှန်းချက်နှင့်ရည်မှန်းချက်ကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍  ဌာန၏ဆောင်ရွက်နေမှုအခြေအနေများအားလည်းကောင်း၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအားလည်းကောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်စေသည့် အကြောင်းအရာများအားလည်းကောင်း၊ ဆက်သွယ်တိုင်ကြားနိုင်သည့်နည်းလမ်းများအားလည်းကောင်း ဆွေးနွေးမေးမြန်းရာ စားသုံးသူရေးရာဦးစီးဌာန၊ ဒေါ်နော်ကြူကြူ(ဒု-ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ပြုလုပ်ရသည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ ဌာန၏ ဆောင်ရွက်နေသည့်အခြေအနေများကိုလည်းကောင်း၊ ဌာန၏ ဆောင်ပုဒ်၊ မျှော်မှန်းချက်နှင့် ရည်မှန်းချက်ကိုလည်းကောင်း၊ စားသုံးသူပြည်သူများ မိမိတို့၏အခွင့်အရေးကို အပြည့်အဝနားလည်ပြီး တောင်းဆိုရယူတတ်စေရန်အတွက် စားသုံးသူအခွင့်အရေး(၈)ချက်နှင့် တာဝန်(၄)ချက်ကိုလည်းကောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) သို့ လူကိုယ်တိုင်ဖြစ်စေ၊ Website မှ ဖြစ်စေ၊ Doca Myanmar application များမှဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း၊ Consumer call center (၁၅၃၅) နံပါတ်များသို့ခေါ်ဆို၍ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါကြောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

 

 

ရသေ့တောင်မြို့ပေါ်ရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တာဝန်ခံ ဦးသန်းဝင်း (ဒု-ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် (၁-၉-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ရသေ့တောင်မြို့၊ အရှေ့တောင်ရပ်ကွက်ရှိ ကုန်စုံဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

  ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရသေ့တောင်မြို့ပေါ်ရှိ ရောင်းချနေသော ကုန်စုံဆိုင်များအား ကုန်စည်များတွင် မြန်မာနိုင်ငံစားသုံးသူရေးရာကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်နှင့်ကိုက်ညီမှုရှိသည့် ကုန်စည်များကိုရောင်းချရန်လိုအပ်ကြောင်းနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနကတားမြစ်ထားသော ဆေးဝါးများကိုရောင်းချခြင်းမပြုကြရန်နှင့် ဆက်လက်၍ ကုန်မျိုးစုံရောင်းချသည့်ဆိုင်ပိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်ပြည့်စုံစွာဖော်ပြထားခြင်းမရှိသောကုန်စည်များကိုမရောင်းချရန်နှင့် သတ်မှတ်ချက်စည်းကမ်းများနှင့် မညီသောကုန်စည်များကို ရောင်းချခြင်းတွေ့ရှိပါက အရေးယူဆောင်ရွက်ခြင်း၊ ပြစ်ဒဏ်များခံရမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များအကြောင်းကို ရှင်းလင်းဆွေးနွေး၍ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ကရင်)                                                                                                                                                                                                                                                                                        

စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးတွင် လစဉ်လုပ်ငန်းညှိနှိုင်းနှင့် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) ကျင်းပ

    (၃၀-၈-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၏ အစည်းအဝေးခန်းမ၌ ပြည်နယ်ဦးစီးမှူး ဦးသန်းဦး(ကိုယ်စား) ဦးမျိုးဝင်းနိုင် (ဦးစီးအရာရှိ)ကဦးဆောင်၍ ပြည်နယ်/ခရိုင်များမှ ဝန်ထမ်းများနှင့် လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ကြောင်းနှင့် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) ပြုလုပ်ခဲ့ကြောင်းသိရသည်။

  အဆိုပါ အခမ်းအနားတွင် လစဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲအား အစီအစဉ်အတိုင်းကျင်းပခဲ့ရာ ရှေးဦးစွာ ဦးမျိူးဝင်းနိုင်(ဦးစီးအရာရှိ)က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ဝန်ထမ်းများအားလုံးအား မိမိရာထူးနှင့်ကိုက်ညီသော လုပ်ငန်းတာဝန်များကို တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိစေပြီး ရုံးပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် လုံခြုံရေးတို့အတွက် အထူးဂရုစိုက်သင့်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဆက်လက်၍ ပြည်နယ်/ခရိုင်များမှ ဌာနခွဲအလိုက် တာဝန်ခံများက လုပ်ငန်းဆောင်ရွက်နိုင်မှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့်အခြေအနေများ၊ အခက်အခဲများကို ရှင်းလင်းတင်ပြခဲ့ပြီး ဝန်ထမ်းများ၏တင်ပြချက်များကို ဦးမျိုးဝင်းနိုင်(ဦးစီးအရာရှိ)က ပြန်လည်ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

   အခမ်းအနားတွင် အစည်းအဝေးဆုံးဖြတ်ချက် ၁၁ချက်၊ ဆန္ဒဖော်ထုတ်ချက်(၅)ချက်ဆုံးဖြတ်ချမှတ်ဖော်ထုတ်နိုင်ခဲ့ပြီး ပြည်နယ်ရုံးရှိ ဝန်ထမ်း ၁၁ဦးတက်ရောက်ခဲ့ကြကြောင်းနှင့် အစည်းအဝေးကို နေ့လယ် (၁၅း၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရပါသည်။

DOCA(ကရင်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ