Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စံမညီဆေးဝါးများ ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

          ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ PMS Activity အရ ဈေးကွက်အတွင်းရှိ ဆေးဝါးများ၏ အရည်အသွေးကို စိစစ်ရာ အိန္ဒိယနိုင်ငံ Centurion Remedies Pvt.Ltd မှ ထုတ်လုပ်သည့် Batch No. TA-810007 , Amlodipine Besilate  10mg Tablets AMLOTERE 10 ဆေးဝါးသည် စံမညီဆေးဝါးဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ၍ ဈေးကွက်မှ ပြန်လည် သိမ်းဆည်းရန် သက်ဆိုင်ရာကုမ္ပဏီသို့လည်း အကြောင်းကြားထားပြီးဖြစ်၍ မိမိတို့နယ်မြေအတွင်းရှိ ဆေးဆိုင်များတွင်  ၎င်း Batch No ဖြင့်စံမညီဆေးဝါးများရောင်းချခြင်းရှိ/မရှိ စစ်ဆေးရန် နှင့် စစ်ဆေးတွေ့ရှိပါက သိမ်းဆည်းရန် ညွှန်ကြားချက်အရ  စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်  ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးသည် စစ်ကိုင်းခရိုင်ကျန်းမာရေးဦးစီးဌာနနှင့် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာလ(၁၂)ရက်နေ့က စစ်ကိုင်းမြို့ပေါ်ရှိ ဆေးဆိုင်များသို့ သွားရောက်ကွင်းဆင်း၍ စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          စစ်ကိုင်းမြို့ပေါ်ရှိ နန္ဒဝန်ဆေးဆိုင်၊ အောင်ဇမ္ဗူဆေးဆိုင်၊ ထွန်းသောင်ဆေးဆိုင်၊ မင်းမင်း ဆေးဆိုင်နှင့် ဗိုလ်ဗိုလ် ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာစံမညီဆေးဝါးများကိုသောက်သုံးသည့် လူနာများသည် ဖြစ်ပွားနေသည့်ရောဂါများကို ပျောက်ကင်းမှုမရှိကြောင်းနှင့် အခြားဘေးထွက် ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ကြောင်း၊ အိန္ဒိယနိုင်ငံမှ ထုတ်လုပ်သည့် အထက်ဖော်ပြပါ စံမညီဆေးဝါးကို မရောင်းချရန် ဌာနဆိုင်ရာပူးပေါင်းစစ်ဆေးသည့်အဖွဲ့မှ အသိပညာပေး ဆွေးနွေးခဲ့ကြပါသည်။

DOCA(စစ်ကိုင်း)

 

 

စစ်ကိုင်းမြို့ နီလာစက်မှုဇုန်ရှိ အသင့်စားခေါက်ဆွဲစက်ရုံသို့ ကွင်းဆင်းလေ့လာခြင်း

         စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သော ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်နှင့် ဝန်ထမ်းများသည် ဒီဇင်ဘာလ ၉ ရက် နေ့တွင် စစ်ကိုင်းမြို့ နီလာစက်မှုဇုန်ရှိ ရှမ်းအိုးစည်အသင့်စားရှမ်းခေါက်ဆွဲသုပ်နှင့် ရွှေမန်းသား အသင့်စားဆီချက်ခေါက်ဆွဲစက်ရုံသို့သွားရောက်၍ လုပ်ငန်းရှင် ဦးကောင်းခန့်စိုးနှင့် တွေ့ဆုံခဲ့ပါသည်။

          ထိုသို့ တွေ့ဆုံရာတွင် အသင့်စားခေါက်ဆွဲလုပ်ငန်းကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလပိုင်းက ပါကင်ပိတ်စက် (၂) လုံး၊  အနှစ်ချစက် (၂) လုံးနှင့် အမှုန့်ချစက် (၁) လုံး အပါအဝင် မတည်ရင်းနှီးငွေ ကျပ်သိန်း (၅၀၀ )ခန့်ဖြင့် စတင်ခဲ့ကြောင်း၊ အလုပ်သမား (၇)ဦးအား အလုပ်အကိုင် အခွင့်အလမ်းများ ပေးထားနိုင်ပါကြောင်း၊ အလုပ်ချိန်မှာ နံနက်(၀၈:၀၀)နာရီမှ ညနေ (၅:၀၀) နာရီထိဖြစ်ကြောင်း၊ လုပ်သားခအနေဖြင့်(၃)လ အစမ်းခန့်အား တစ်ဦးလျှင် (၁)လ ကျပ်(၁)သိန်း၊  (၃)လကျော်ပါက (၁၄၀၀၀၀ ကျပ် မှ ၁၆၀၀၀၀ ကျပ်) ပေးချေကြောင်း၊ ကုန်ကြမ်းမုန့်ဖတ်ခြောက်အား စက်ရုံမှ ကိုယ်တိုင်ထုတ်လုပ်ပြီး ပဲငါးပိအား သီပေါမြို့မှလည်းကောင်း၊ ကြက်သွန်ဖြူကြော်နှင့် မြေပဲလှော် များအား မန္တလေးမြို့မှ လည်းကောင်း အသီးသီးဝယ်ယူကြောင်း၊ တစ်ရက်ထုတ်လုပ်နိုင်မှု ပမာဏမှာ ရှမ်းအိုးစည်အသင့်စား ရှမ်းခေါက်ဆွဲသုပ်နှင့် ရွှေမန်းသား အသင့်စားဆီချက်ခေါက်ဆွဲ (၂)မျိုးပေါင်း အထုပ်(၁၀၀)ပါ ဂျပ်ဖာ (၁၅ ဖာမှ ၂၀ ဖာ) ထုတ်လုပ်နိုင်ကြောင်း၊ ကုန်ချောအား မြန်မာပြည်အနှံ့ ကိုယ်စားလှယ်များဖြင့် တင်ပို့ရောင်းချ ကြောင်း၊ အထုပ်(၁၀၀)ပါ ဂျပ်ဖာ(၁)ဖာလျှင် ဖောက်သည်ဈေး  (၅၇၅၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ အကျိုးအမြတ် အနေဖြင့် (၁၀%) ခန့် ရရှိကြောင်း၊  အသင့်စားခေါက်ဆွဲများဖြစ်၍ အလွယ်တကူ စားသုံးနိုင်ပြီး ပြည်တွင်းဈေးကွက် ဝေစုမှ ပြည်ပဈေးကွက်ဝေစုရရှိလိုကြောင်း အသင့်စားခေါက်ဆွဲစက် လုပ်ငန်းရှင် ထံမှသိရှိရပြီး စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်က စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များကို ရှင်းလင်းဆွေးနွေးခြင်းနှင့် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍  တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့်အချက်များကိုအသိပညာပေး ဟောပြောခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ အမှတ်(၄၁၁)၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

       စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး၊ချောင်းဦးမြို့နယ်တာဝန်ခံနှင့် ဘုတလင်မြို့နယ်တာဝန်ခံတို့သည် ကလေးသူငယ်များအား အခြေခံမှစ၍ စားသုံးသူရေးရာနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲအခမ်းအနားကို (၁၃.၁၂.၂၀၂၂) ရက် နံနက် (၁၀:၀၀)နာရီအချိန်တွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ အမှတ် (၄၁၁)၊ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

        အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ မိမိတို့ကုန်စည်များကို ဝယ်ယူအသုံးပြုမည်ဆိုပါက ကုန်အညွှန်းအမှတ်အသားကို အလေးထားပြီး ကြည့်ရှု့စေလိုကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားပါ ညွှန်ကြားချက်များကို လိုက်နာရမည်ဖြစ်ကြောင်း၊  ချောင်းဦးမြို့နယ်တာဝန်ခံမှ စားသုံးသူ၏ အဓိပ္ပာယ်နှင့် စားသုံးသူ ကာကွယ်ရေးလုပ်ငန်း၏ ရည်ရွယ်ချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ အဓိပ္ပာယ်များ၊ ပြည်သူတိုင်းသည် စားသုံးသူများဖြစ်၍ စားသုံးသူများရသင့်ရထိုက်သော အခွင့်အရေးများ၊ လိုက်နာရမည့် တာဝန်များ၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့် ပတ်သက်၍ နစ်နာဆုံးရှုံးမှုများရှိပါက တောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း ဆွေးနွေးဟောပြောခဲ့ပါသည်။

    ဆက်လက်၍ ဘုတလင်မြို့နယ်တာဝန်ခံက စားသုံးသူများ မိမိတို့ဌာနအား တိုင်ကြားလာမှုအပေါ် ဌာနမှ ဖြေရှင်းဆောင်ရွက်ခဲ့သည့် ကိစ္စရပ်များ၊ နစ်နာဆုံးရှုံးမှုများရှိပါက ဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ ‌ကျောင်းသား/ သူများသည် ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသလို ကလေးအရွယ်မှစ၍ စားသုံးသူရေးရာနှင့်ပတ်သက်သည့် အသိပညာ ဗဟုသုတများ ကြွယ်ဝပြီး မိမိတို့၏ ရထိုက်သောအခွင့်အရေးများ၊ လိုက်နာရမည့်တာဝန်များကို  ရှင်းလင်းဟောပြော ဆွေးနွေးခဲ့ပါသည်။ထို့နောက် တက်ရောက်လာသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စားသုံးသူကာကွယ်ပေးရေးအကြောင်းအရာများနှင့် ပတ်သက်၍လည်းကောင်း၊ ကုန်အညွှန်းအမှတ်အသားများနှင့် ပတ်သက်၍လည်းကောင်း၊  သိလိုသည့် မေးမြန်းချက်များအပေါ် အပြန်အလှန်ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။ ကျောင်းအုပ်ဆရာကြီး၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်းအင်အား (၁၂၀)ဦး တက်ရောက်ခဲ့ပြီး အခမ်းအနားကို နေ့လယ် (၁၂:၀၀) အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

         စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦး‌ကျော်မိုးလွင်သည် ၁၉.၁၂.၂၀၂၂ ရက်နေ့ နံနက် ၁၀း၀၀နာရီ အချိန်တွင် မိုးညှင်းမြို့၊ မြို့မရပ်ကွက်အတွင်းရှိ  ကုန်စုံဆိုင် များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီမှု ရှိ /မရှိ ဈေးကွက်စောင့်ကြည့်  စစ်ဆေးခဲ့ပါသည်။

        ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Peanut အမှတ်တံဆိပ်ပါ ကီဒိုမြေပဲချိုချဉ် အရန်သင့် အစားအစာအမျိုးမျိုးတွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် သိသာထင်ရှားစွာဖော်ပြရမည့်  ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊သုံးစွဲပုံနည်းလမ်း၊ထားသိုသိမ်းဆည်းမှုအညွန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက် စသည့်အချက်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြထားရှိခြင်း ရှိ /မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

ကရင်ပြည်နယ် ဘားအံမြို့တွင် စားသုံးသူများဘေးကင်းရေးအတွက် ထုတ်ကုန်အရည်အသွေး တိုးမြှင့်ရေး အလုပ်ရုံဆွေးနွေးပွဲသို့ စီးပွားရေးရာဝန်ကြီးတက်ရောက်

            ကရင်ပြည်နယ်၊ ဘားအံမြို့တွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်အရည် အသွေး တိုးမြှင့်ရေး အလုပ်ရုံဆွေးနွေးပွဲကို စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ (၁၆.၁၂.၂၀၂၂) ရက်နေ့ (၀၉:၀၀)အချိန်တွင် ဘားအံမြို့ရှိ HOTEL PERFECT ၌ ကျင်းပခဲ့ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ ကရင်ပြည်နယ် စားသုံးသူရေးရာ ကော်မတီဥက္ကဋ္ဌ ဦးစောခင်မောင်မြင့် ၊ ဌာနဆိုင်ရာ ၁၇ ဦး၊ လုပ်ငန်းရှင် ၄၃ ဦး စုစုပေါင်း ၆၀ ဦးတက်ရောက်ခဲ့ကြသည်။

          ရှေးဦးစွာ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်မှ အဖွင့်အမှာစကားပြောကြားရာတွင် “စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ရယူသုံးစွဲရာတွင် ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေဖို့၊ စားသုံးသူများအခွင့်အရေး မဆုံးရှုံးစေရေးအတွက် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဥပဒေပြဌာန်းပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း စားသုံးသူအကာအကွယ်ပေးရေးဥပဒေ၊ နည်းဥပဒေများကို ပြဌာန်းပြီးဖြစ်ကြောင်း၊ ထုတ်လုပ်သူလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ ကုန်ပစ္စည်း နှင့် ဝန်ဆောင်မှုလုပ်ငန်းများကို တန်ဖိုးကြီးကြီးနှင့် အမြတ်အစွန်းများများရဖို့ ရည်ရွယ်ထုတ်လုပ် ရောင်းချခြင်းထက် အရည်အသွေးကောင်းကောင်းဖြင့် ဘေးအန္တရာယ်ကင်းရှင်းမှု ရှိစေရေးကို ဦးစားပေး ဆောင်ရွက်ကြစေလိုကြောင်း” ပြောကြားသည်။

          ဆက်လက်၍ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစိန်လွင်က စက်မှု လုပ်ငန်းများနှင့် စားသောက်ကုန်ထုတ်လုပ်ငန်းများ လုပ်ငန်းမှတ်ပုံတင်ရာတွင် လျှောက်ထားဆောင်ရွက် ရမည့် အချက်အလက်များကိုလည်းကောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူး ဒေါ်မိုးမိုးကြည်က အသေးစားစက်မှုလုပ်ငန်းများ ဖွံဖြိုးတိုးတက်စေရေးအတွက် ဌာနမှ ဆောင်ရွက် ပေးလျက်ရှိသည့် လုပ်ငန်းအခြေအနေများနှင့် စားသောက်ကုန်ထုတ်လုပ်ငန်းများ၏ ကုန်ပစ္စည်း နမူနာများအား ဓာတ်ခွဲစမ်းသပ်ဆောင်ရွက်ပေးနေမှု အခြေအနေများကိုလည်းကောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နှင်းနှင်းဝင့် က စားသောက်ကုန်ထုတ်လုပ်ငန်းများ FDA ထောက်ခံချက်ရယူရာတွင် ဆောင်ရွက်ရမည့်အချက်များနှင့် Online  မှ  FDA ထောက်ခံချက် ရယူပုံ နည်းလမ်းများ၊ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်ရေး၊ အရည်အသွေးမြင့်မားစေရေးအတွက် လုပ်ငန်းရှင်များအနေဖြင့် လိုက်နာဆောင်ရွက်ရမည့် ကောင်းမွန်သောထုတ်လုပ်မှု ကျင့်စဉ်နှင့် သန့်ရှင်း သော ထုတ်လုပ်မှု ကျင့်စဉ်များအကြောင်းကိုလည်းကောင်း၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးခင်မောင်မောင်အုန်းက အရည်အသွေးမြင့်ပစ္စည်းများ ပြည်ပနိုင်ငံများသို့ တင်ပို့ နိုင်ရေး၊ တန်ဖိုးမြင့်ထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်ရေးနှင့် ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရေးအတွက် ဌာနမှ ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေများနှင့် ဈေးကွက်မရောက်မီကုန်စည်များနှင့် ဈေးကွက်ရောက်ပြီးကုန်စည်များ ထုတ်ကုန်လုံခြုံစိတ်ချရှိစေရေး အတွက် စစ်ဆေးဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် စားသုံးသူများဘေးဥပဒ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ထုတ်ကုန်အရည်အသွေးမြှင့်တင်နိုင်ရန်အတွက် ဆောင်ရန် ရှောင်ရန်အချက် များကိုလည်းကောင်း ဆွေးနွေးပြောကြားခဲ့ကြပြီး တက်ရောက်လာသူများမှ သိလိုသည်များကို ပြန်လည် မေးမြန်းဆွေးနွေးခဲ့ကြပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကာ ဆွေးနွေပွဲမှ ဖော်ထုတ်ရရှိချက်များကို ပြန်လည်သုံးသပ်၍ အခမ်းအနား ကို ၁၄:၃၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦစီးမှူးရုံးသည် ဦးစီးဌာန၊ ကော်မတီ၊ ကော်မရှင် အဆင့်ဆင့်တို့၏ လမ်းညွှန်ချက်များနှင့်အညီ စားသုံးသူကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်တွင်းကုန်သွယ်မှု ဖွံဖြိုးရေးလုပ်ငန်းများကို လျာထားချက်များ ချမှတ်၍ အသိပညာပေးဟောပြောခြင်း၊ စစ်ဆေးခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်းများ ဆောင်ရွက်လျက်ရှိပြီး ယခုကဲ့သို့ “စားသုံးသူများဘေးကင်းဖို့ ထုတ်ကုန်အရည်အသွေးတိုးမြှင့်စို့” အလုပ်ရုံဆွေးနွေးပွဲအား ကျင်းပခြင်းအားဖြင့် ကရင်ပြည်နယ်အတွင်း စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ရယူသုံးစွဲရာတွင် ဘေးန္တရာယ်ကင်းရှင်းစွာဖြင့် ရယူသုံးစွဲလာနိုင်မည်ဖြစ်ပြီး လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့၏ထုတ်ကုန်များကို အရည်အသွေး မြှင့်တင်နိုင်ရေးအတွက် ပိုမိုကြိုးပမ်းဆောင်ရွက်လာနိုင်မည်ဖြစ်ကာ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ် လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

DOCA(ကရင်)

(၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ MSME ထုတ်ကုန်ပြပွဲနှင့် ရောင်းချပွဲအခမ်းအနား

      (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ်   MSME ထုတ်ကုန်ပြပွဲနှင့်ရောင်းချပွဲ အခမ်းအနားကို   ဒီဇင်ဘာလ (၁၄) ရက် နေ့မှ (၁၈) ရက်နေ့ထိ ရခိုင်ပြည်နယ် ၊ စစ်တွေမြို့ ခိုင်သဇင်ပန်းခြံ မြို့တော်ခန်းမ၌ (၅)ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားဖွင့်ပွဲသို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းနှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊  ရခိုင်ပြည်နယ် ဆန်စပါးကုန်သည်များအသင်း၊ ရခိုင်ပြည်နယ်ဆီစက်ပိုင်ရှင်များအသင်း၊ ဒေသထုတ်ကုန်ထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းရှင်များ၊ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ပြည်သူ လူထုများ တက်ရောက်ကာ အခမ်းအနားကို ပြည်နယ်ဝန်ကြီးချုပ်နှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီးနှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့  ပြည်နယ်ဦးစီးမှူးတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများနှင့် အသင်းအဖွဲ့မှတာဝန်ရှိသူများက MSME ထုတ်ကုန်ပြခန်း အရောင်းခန်း(၅၁)ခန်းအား လှည့်လည် ကြည့်ရှု အားပေးခဲ့ပါသည်။ ၎င်းထုတ်ကုန်ပြပွဲနှင့် ရောင်းချ ပွဲတွင် ရခိုင်ပြည်နယ် မြို့နယ်များမှ MSME ဒေသထုတ်ကုန်များဖြစ်သည့် ပေါ်ဆန်မွှေးဆန် (အရည်အသွေးအမျိုးမျိုး)၊ ဒေသထွက်ဆန်အမျိုးမျိုး၊ မြေပဲဆီနှင့် စားသုံးဆီအမျိုးမျိုး၊ ဆားချော/ ဆားကြမ်း၊ ငရုတ်မုန့်၊ ငရုတ်ဆီ၊ ငါးပိ၊ ငါးခြောက်၊ ရွှေပုဇွန်ခြောက်၊ ငါးမုန့်(ပါပရာ)၊ ဟင်းမွှေးမဆလာ၊ ဆပ်ပြာအဆီ၊ ဆပ်ပြာအရည်၊ ဂဏန်းပျော့၊ ကိတ်မုန့်/ပေါင်မုန့်မျိုးစုံ၊ သဘာဝဓါတ်မြေဩဇာ၊ စပါးခွံမီးသွေးထောင့်၊ ဆေးဖက်ဝင်ဓနိဖူးခြောက် (လက်ဖက်ခြောက်)၊ ဓနိမှထုတ်လုပ်သော ဓနိဝိုင်အရက် ၊ ရခိုင်ပန်းဖော်လုံချည်နှင့် ဘင်္ဂလားဒေရှ့် နိုင်ငံသို့တင်ပို့သည့် ပို့ကုန်ကုန်စည်များအား ပြသရောင်းချခဲ့ကြောင်း သိရှိရပါသည်။

   စားသုံးသူရေးရာဦးစီးဌာန ၊ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ခရိုင်ဦးစီးမှူး ဦးမောင်လှဝင်းနှင့် ဝန်ထမ်းများက အဆိုပါ MSME ထုတ်ကုန်ပြပွဲရောင်းချပွဲ၌ ခင်းကျင်းပြသထားသော စားသောက်ကုန်စည်များနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) ၊ အခန်း(၁၈)၊ ပုဒ်မ(၄၁)ပါ ပြဌာန်းချက် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားပြည့်စုံစွာဖော်ပြစေရန် ကုန်စည်ရောင်းချပြသထားသည့် MSME ထုတ်ကုန် ထုတ်လုပ်ရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

 

ပုသိမ်မြို့ မြို့တော်ခန်းမတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ထုတ်ကုန်ပြပွဲနှင့် စျေးရောင်းပွဲတော်ကျင်းပပြုလုပ်

        ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ဒေသတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ထုတ်ကုန်ပြပွဲနှင့် စျေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ (၁၄)ရက်နေ့ နေ့လယ် (၁၄:၀၀) နာရီတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးတင်မောင်၀င်း၊ အစိုးရအဖွဲ့၀င်၀န်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာများ၊ ကုမ္ပဏီ/စီးပွားရေးအသင်းအဖွဲ့များ မြို့ပေါ်နှင့် မြို့နယ်များရှိ စီးပွားရေး လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်၍ ပြခန်းပေါင်း (၆၀)ကျော် နှင့် စျေးရောင်းပွဲတော်ကို ဒီဇင်ဘာလ (၁၄/၁၅) ရက် (၂)ရက် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

          ပြပွဲတွင် စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းအတွင်းရှိ စျေးကွက်၀င် စပါးမျိုးများ စိုက်ပျိုးမှု မှတ်တမ်းဓာတ်ပုံများနှင့် မျိုးသန့်စပါးထုတ်လုပ်မှု သစ်တောဦးစီးဌာနမှ ဟိုတယ်၊ စားသောက်ဆိုင်များတွင် အလှဆင်ရန် ပန်းပုရုပ်များနှင့် ဝါးကြိမ်လက်မှုပစ္စည်း ထုတ်လုပ်ရန် မြန်အောင်မြို့နယ်နှင့် လေးမျက်နှာမြို့နယ်တို့တွင် စိုက်ပျိုးတည်ထောင်ထားသော စီးပွားဖြစ် ပုဂ္ဂလိက ဝါးစိုက်ခင်းများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ငှက်ပျောလျှော်ဖြင့် ထုတ်လုပ်သည့် ဖိနပ်၊ စက္ကူ၊ စက္ကူအိတ်၊ ပိုက်ဆံအိတ်၊ ဦးထုပ်၊ လက်ကိုင်အိတ်၊ ပုသိမ်ထီး၊ တစ်ရှုးဘောက်နှင့် အခြားအလှကုန် ပစ္စည်းများ ပါ၀င်ပြသ၍ တိုင်းအတွင်းရှိ ခရိုင်မြို့နယ်မှ ပြည်တွင်း/ပြည်ပစျေးကွက်၀င် ဆန်စပါးလုပ်ငန်း အပါအ၀င် Golden Falcon ဆားလုပ်ငန်း၊ ဆီစက်လုပ်ငန်း ပြည်ပစျေးကွက်၀ယ်လိုအားရှိသော စားသောက်ကုန် လုပ်ငန်း၊ လက်မှုလုပ်ငန်း၊ လူသုံးကုန်လုပ်ငန်း၊ ရေထွက်ပစ္စည်းလုပ်ငန်း၊ စပါးခွံလောင်စာတောင့် လုပ်ငန်း၊ လျှစ်စစ်စက်ဘီး ထုတ်လုပ်မှုလုပ်ငန်းများနှင့်အတူ ပုသိမ်ခရိုင်၊ ပုသိမ်မြို့မှ ဆန်စက်လုပ်ငန်း၊ ရွှေပျားပဲငံပြာရည် စားသောက်ကုန်လုပ်ငန်း၊ နယူးဇီးဘိန် ၀က်အူချောင်း/ကြက်အူချောင်းလုပ်ငန်း၊ ရွှေမြင်းပျံ ဟာလဝါလုပ်ငန်း၊ ငွေကျား ဆီစက်လုပ်ငန်း၊ ပုသိမ်စက်မှုဇုန်ရှိ ကြက်စာ၊ ဘဲစာ၊ ၀က်သား ပေါက်စာ၊ ၀က်သားခွဲစာလုပ်ငန်း၊ ငပုတောမြို့နယ်မှ ငါးပိလုပ်ငန်း၊ ကြီးမြင့်ကိတ်မုန့်လုပ်ငန်း၊ ကန်ကြီးထောင့်မြို့နယ်မှ ဒေါ်စာမ ၀က်အူချောင်းလုပ်ငန်း၊ ကျောင်းကုန်းမြို့နယ်မှ သီဟဆန်စက်လုပ်ငန်း၊ တီတီမေ ၀က်အူချောင်း/ကြက်အူချောင်းလုပ်ငန်း၊ ဖူးမောက် ဆီစက်လုပ်ငန်း၊ ရေကြည်မြို့နယ်မှ ကွင်းချောင်း ရေချိုငါးပိလုပ်ငန်း၊ နုထွေးဂျင်းသုပ်လုပ်ငန်း၊ Aung Pamily မှ ကြိမ်၊ ဝါးဗေဒါ လက်မှုလုပ်ငန်း၊ ၀င်းဧရာဝါးတူလုပ်ငန်း၊ ရေကြည်ပေါ်ဆန်း ဘေးကြား ထုတ်လုပ်မှုလုပ်ငန်း၊ KSO သီဟိုဠ်စေ့လုပ်ငန်း၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်မှ ဖိုးထူးအင်းရဲမျှင်လုပ်ငန်း၊ နိုင်ငှက်ပျောကြော်လုပ်ငန်း၊ ရွှေငွေထွန်း ပီလောပီနံလုပ်ငန်း၊ သာပေါင်းမြို့နယ်မှ ရွှေချိန်ခွင် ဖိနပ်လုပ်ငန်း၊ ဘုရင်မမုန့်မျိုးစုံလုပ်ငန်း၊ ဟင်္သာတခရိုင်အတွင်းရှိ ဟင်္သာတမြို့နယ်မှ ရွှေသရဖူဇီးဖျော်ရည်လုပ်ငန်း၊ နိုင်ဆီစက်လုပ်ငန်း၊ မြတ်ရတနာ ဘာလချောင်ကြော်နှင့် ငံပြာရည်ကြော်လုပ်ငန်း၊ ဒေါ်ဟန်ကြက်အူချောင်း ၀က်အူချောင်း လုပ်ငန်း၊ အောင်မြင်စံမုန့်ဟင်းခါးအနှစ်နှင့် စားသောက်ကုန်လုပ်ငန်း၊ အာကာရတနာဆန်စက်လုပ်ငန်း၊ ဌေးဌေးရီ စပါးခွံလောင်စာတောင့်လုပ်ငန်း၊ ဇလွန်နှင့် လေးမျက်နှာမြို့နယ်မှ မဗေဒါ ပဲကြီးလှော်လုပ်ငန်း၊ မလှအေးဂျင်းသုပ်နှင့် စားသောက်ကုန်လုပ်ငန်း၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်နှင့် လေးမျက်နှာမြို့နယ်အတွင်းရှိ စီးပွားဖြစ် ပုဂ္ဂလိက ဝါးစိုက်ခင်းများ၊ သဘာ၀ဝါးတောများမှ မျှင်ဝါး၊ ကရင်ဝါး၊ သိုက်ဝါး၊ ကျသောင်ဝါး၊ ကရင်းဝါးနှင့် အခြားဝါးများ စိုက်ပျိုး၍ လူသုံးကုန်နှင့် လက်မှုပစ္စည်းများ ထုတ်လုပ်မှုနှင့် မွမွလေး ပဲရွကြော်လုပ်ငန်း၊ ခမောက်လုပ်ငန်း၊ သန့်စင်အသင့်စား ထမင်းသုပ်လုပ်ငန်း၊ ကြံခင်းမြို့နယ်မှ ရွှေလက်ရာ ထမင်းသုပ်လုပ်ငန်း၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် အတွင်းရှိ စပါးခွံလောင်စာတောင့်လုပ်ငန်း၊ ပေါ်ဆန်းဆန်လုပ်ငန်း၊ ကျောက်ဆူးကပ်စေးနှဲလုပ်ငန်း၊ မော်မော်ကြာဆန်မရွေး၊ ခေါက်ဆွဲမရွေးလုပ်ငန်း၊ စံပြဆန်ကြာဇံလုပ်ငန်း၊ အိမ်မဲမြို့နယ်နှင့် ဝါးခယ်မမြို့နယ်မှ သိန်းတစ်ရာဆန်စက် ပေါင်းဆန်လုပ်ငန်း၊ ဒေါ်သန်းသန်း၀င်း ငါးခုံးမချဉ်လုပ်ငန်း၊ ဗိုလ်မငါးဖယ်မုန့်လုပ်ငန်း၊ ဒေါ်သန်းသန်း၀င်း ပုစွန်ချဉ်လုပ်ငန်း၊ ဦးမြသိန်း ငါးကျည်း ခြောက်လုပ်ငန်း၊ ရွှေညာမုန့်ဟင်းရည်ခြောက်လုပ်ငန်း၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်မှ ဆင်းသုခ ဆန်ထုတ်လုပ်မှု၊ ဂဏန်းပျော့လုပ်ငန်း၊ မိသားစုမုန့်တိုက်၊ နေလှန်းဆား ထုတ်လုပ်မှု တင်းအစားထိုးလောင်စာတောင့်လုပ်ငန်း၊ အိုင်အိုဒင်းဆားထုတ်လုပ်မှုလုပ်ငန်း၊ ဂဏန်းမြုံးထုတ်လုပ်မှုလုပ်ငန်း၊ မော်လမြိုင်ကျွန်းမြို့နယ်မှ သုခစံစပါးခွံလောင်စာတောင့်လုပ်ငန်း၊ ကောင်းအသင့်စား ငါးရံ့ခြောက်လုပ်ငန်း၊ ရွှေပြည့်စုံစပါးခွံလောင်စာတောင့်လုပ်ငန်း၊ ဇင်မာဦးအသင့်စားမုန့်ဟင်းခါးဟင်းရည်အခြောက်ထုတ်လုပ်ငန်း၊ နီလာပုစွန်မုန့်လုပ်ငန်း၊ ငါးဖယ်မုန့် လုပ်ငန်း၊ ဆန်စက်လုပ်ငန်း၊ ကောင်းအသင့်စားငါးဒန်ခြောက်လုပ်ငန်း၊ လပွတ္တာမြို့နယ်မှ လောင်စာတောင့်လုပ်ငန်း၊ အိုင်အိုဒင်းဆားချောလုပ်ငန်း၊ စတားမုန့်တိုက် မုန့်မျိုးစုံလုပ်ငန်း၊ ဂဏန်းမွေးမြူရေးလုပ်ငန်း၊ မအူပင်ခရိုင်အတွင်းရှိ မအူပင်မြို့၊ မအူပင်စက်မှုဇုန်မှ New Talent Industrial co., Ltd. အထည်ချုပ်လုပ်ငန်း၊ ရွှေကုလားကျွန်းပွဲရုံ ဆီစက်လုပ်ငန်း၊ ကျားပဲမုန့်လုပ်ငန်း၊ ပြည့်ဖြိုးကြွယ် စပါးခွံလောင်စာတောင့်လုပ်ငန်း၊ ပန်းတနော်မြို့နယ်မှ ငါးမွေးမြူရေးနှင့် ငါးအသားလွှာလုပ်ငန်း၊ သင်ဖျူးဖျာလုပ်ငန်း၊ အဆင့်မြင့်ကြိမ်၊ ဗေဒါပရိဘောဂနှင့် မြန်မာ့ရိုးရာလက်မှုပစ္စည်းလုပ်ငန်း၊ ညောင်တုန်းမြို့နယ် Delta Queen မှ ဒိန်ချဉ်၊ နွားနို့၊ နို့ဆီ၊ နို့ခဲ လုပ်ငန်းများနှင့် ​ Delta King မှ ငါးငံပြာရည်၊ ငါးကြင်းဆီ၊ ငါးခြစ်၊ ငါးဖယ်ချဉ်၊ ငါးဒန်ခြောက်၊ ငါးမုန့်လုပ်ငန်းများ၊ ဓနုဖြူမြို့နယ်ရှိ မာဃပဲမုန့်လုပ်ငန်း၊ အဆွေတော်နှမ်းလုံးနှင့် မုန့်မျိုးစုံလုပ်ငန်း၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ အသင့်စားငါးနှပ်မီးကင်လုပ်ငန်း၊ ဓနိဖူးခြောက်လုပ်ငန်း၊ ဘိုကလေးမြို့နယ်မှ မင်းသားပေါင်မုန့်လုပ်ငန်း၊ ကျိုတ်လတ်မြို့နယ်မှ အသင့်စား ငါးခြောက်လုပ်ငန်း၊ ဒေးဒရဲမြို့နယ်မှ ရွှေထင်းလောင်စာ တောင့်လုပ်ငန်းများ အပါအ၀င် ညောင်တုန်းမြို့နယ်ရှိ Mi Mi CAR Company Ltd. မှ လျှပ်စစ်စက်ဘီးထုတ်လုပ်ငန်းများ ပါဝင်ပြသရောင်းချသွားမှာဖြစ်ကြောင်း သိရသည်။

       ဧရာ၀တီတိုင်းဒေသကြီး အစိုးရအဖွဲ့၀န်ကြီးချုပ် ဦးတင်မောင်၀င်းက ပြပွဲအတွင်းရှိ MSME အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ရာတွင် တိုင်းအတွင်းရှိ သဘာ၀အရင်းအမြစ်များကို အသုံးပြု၍ စျေးကွက်စီးပွားရေးစနစ်နှင့်အညီ နိုင်ငံတော်မှ ဖော်ဆောင်လျှက်ရှိသော ပုဂ္ဂလိကစီးပွားရေး MSME လုပ်ငန်းများသည် နိုင်ငံစီးပွားရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးများစွာ အထောက်အကူပြုမှာဖြစ်ပြီး မိမိတို့ တိုင်းဒေသကြီးအတွင်း မြို့နယ်များတွင် ထုတ်လုပ်လျှက်ရှိသော ပြည်တွင်းပြည်ပစျေးကွက်၀င် စားသောက်ကုန်၊ လူသုံးကုန်နှင့် ဒေသထွက်ကုန်များအား တန်ဖိုးမြင့် ထုတ်ကုန်အဖြစ် ထုတ်လုပ်၍ စျေးကွက်ကျယ်ပြန့်လာစေရန်နှင့် ပြည်ပစျေးကွက်သို့ ထိုးဖောက်နိုင်ရန် နိုင်ငံတော်၊ ဒေသအာဏာပိုင် စီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်း ဆောင်ရွက်ရမှာဖြစ်ပြီး လိုအပ်သည်များကိုလည်း ကူညီဆောင်ရွက်ပေးမှာ ဖြစ်ကြောင်း ပြောကြား၍ ယခုလို အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး ထုတ်ကုန်များ၊ ပြပွဲနှင့် စျေးရောင်းပွဲတော်များ ပြုလုပ်ပေးခြင်းအတွက် စီးပွားရေး လု်ပငန်းရှင်များ အနေဖြင့် မိမိတို့ ထုတ်ကုန်များအတွက် စျေးကွက်အခွင့်အလမ်းကောင်းများ ရရှိနိုင်သလို ၀ယ်ယူသူများမှလည်း တစ်နေရာတည်း၌ ဒေသထွက်ကုန်များ စိတ်ကြိုက်ရွေးချယ် ၀ယ်ယူနိုင်ပြီး လုပ်ငန်းရှင်နှင့် ပြည်သူများ အကျိုးကျေးဇူးရရှိမည့် MSME စီးပွားရေး ထုတ်ကုန်ပြပွဲနှင့် စျေးရောင်းပွဲတော်ကိုလည်း အလျဉ်းသင့်သလို စဉ်ဆက်မပြတ် ကျင်းပခြင်းဖြင့် မိမိတို့ဒေသထွက်ကုန်များ စျေးကွက်ပိုမို ကျယ်ပြန့်လာမှာဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ဧရာဝတီ)

 

ညောင်တုန်းမြို့ ဇီးဖြူကျွန်းကျေးရွာတောင်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းဆောင်ရွက်

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၁၀.၁၂.၂၀၂၂၀) ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီ အချိန်တွင် စိုက်ပျိုးရေးဦးစီးဌာန၊ မြေစာရင်းဌာနတို့ နှင့်အတူ ဇီးဖြူကျွန်းကျေးရွာတောင်သူများနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးခဲ့ကြပါသည်။

          အဆိုပါအသိပညာပေး ဆွေးနွေးပွဲတွင် မိတ်ဖက်ပူးပေါင်းဌာနများမှ ၎င်းတို့ဌာန၏ လုပ်ငန်း ဆောင် ရွက်ချက်များ၊ စီမံလျာထားချက်များကို အောင်မြင်အောင် လုပ်ကိုင်ဆောင်ရွက်နိုင်ရေး အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြပြီး၊ စားသုံးသူရေးရာဦးစီးဌာနကလည်း မြေပြုပြင်စိုက်ပျိုးမှုအခြေ အနေ၊ မျိုးရွေးချယ်စိုက်ပျိုးမှု၊ ပိုးမွှားကင်းစင် နှိမ်နင်းနိုင်ရေး၊ ဈေးကွက်ဈေးနှုန်းကောင်းမွန်စွာ ထားသိုနိုင်ရေးနှင့် စိုက်အောင်ထွက်အကျိုးအမြတ် အခြေအနေများကိုလည်းကောင်း၊ စားသုံးသူတို့၏ အခွင့်အရေး နှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များအကြောင်းကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပါသည်။ဟောပြောပွဲသို့ တောင်သူ (၁၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ် သီရိရတနာဆန်စက်အား ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်းဆောင်ရွက်

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တာဝန်ခံသည် (၁၃.၁၂.၂၀၂၂) နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ရေတွင်းကုန်းကျေးရွာရှိ သီရိရတနာဆန်စက်သို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။

            ထိုသို့စစ်ဆေးရာတွင် သီရိရတနာဆန်စက် ပိုင်ရှင်နှင့် တွေ့ဆုံ၍ ဆန်စက်တွင် စပါး/ဆန် ရောင်းဝယ် ကြိတ်ခွဲမှုအခြေအနေ၊ ရန်ကုန်သို့ ဆန်တင်ပို့မှုအခြေအနေ၊ ဆန်စပါး ဈေးကွက်အခြေအနေများ၊ ကောက်စောစပါး ရိတ်သိမ်းထားရှိမှုအခြေအနေများ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ဆန်စပါး ဖွံ့ဖြိုး တိုးတက်စေမှု အလားအလာကောင်းများ၊ ဆန်အရည်အသွေးမြင့် ကုန်စည်ထွက်ရှိစေရေးနှင့် လုပ်ငန်းရှင်တို့၏ ကုန်စည်အပေါ်အာမခံချက်ပေးနိုင်ခြင်း စားသုံးသူအား ထင်ရှားစွာဖော်ပြရမည့် အချက်အလက်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ စီးပွားရေးလုပ်ငန်းရှင် တာဝန်များ၊ ကုန်အညွှန်အမှတ်အသားဖော်ပြခြင်းဆိုင်ရာအကြောင်းတို့ကို ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့ သော်တာလင်းဆန်စက်အား ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်းဆောင်ရွက်

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်မှ တာဝန်ရှိသူများသည် (၁၃.၁၂.၂၀၂၂) ရက်နေ့တွင် ရေလဲကလေးကျေးရွာရှိ သော်တာလင်းဆန်စက်သို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။

            ထိုသို့စစ်ဆေးရာတွင် သော်တာလင်းဆန်စက် ပိုင်ရှင်နှင့် တွေ့ဆုံ၍ စပါးရောင်းဝယ်မှုအခြေအနေ ဆန်ဈေးကွက် အခြေအနေနှင့် ဆန်စက်၏ ကြိတ်ခွဲထုတ်လုပ်မှု လုပ်ငန်းအခြေအနေများကို လေ့လာစစ်ဆေး ပြီး လက်ရှိ ဆန်/စပါး ဈေးကွက်အခြေအနေအရ ၂၀၂၂/၂၀၂၃ခုနှစ် မိုးစပါးမနောသုခ (၅၀)ပေါင်ကွင်းဈေး ၁၂၅၀၀ ကျပ်၊ စက်ဈေး ၁၂၇၀၀ကျပ်၊ (၄၆)ပေါင် ကွင်းဈေး ၁၁၅၀၀ကျပ်၊ စက်ဈေး ၁၁၇၀၀ ကျပ်ဈေးနှင့် မနောသုခ ဆန်(၁၀၈)ပေါင်ကွင်းဈေးမှာ ၄၄၀၀၀ကျပ်၊ စက်ဈေးမှာ ၄၆၀၀၀ဖြစ်ကြောင်း၊ ၂၀၂၂-၂၀၂၃ခုနှစ် မိုးစပါးပေါ်ဆန်း (၅၀)ပေါင် ကွင်းဈေး ၁၃၇၀၀၀ကျပ်နှင့် စက်ဈေး ၁၃၉၀၀ကျပ်၊ စပါး(၄၆)ပေါင် ၁၂၆၀၀ကျပ်နှင့် စက်ဈေး ၁၂၈၀၀ကျပ်ဖြစ်ပြီး၊ ပေါ်ဆန်ဆန် (၁၀၈)ပေါင် ကွင်းဆေး ၅၃၀၀ကျပ်နှင့် စက်ဈေး ၅၄၅၀၀ကျပ် ဖြစ်ကြောင်း၊ ၂၀၂၁-၂၀၂၂ခုနှစ် နွေစပါး ဆင်းသုခ/မနောသုခ ကွင်းဈေး ၁၀၅၀၀ကျပ်၊ စက်ဈေး ၁၁၀၀၀ကျပ်၊ (၄၆)ပေါင် ကွင်းဈေး ၁၀၀၀၀ကျပ်၊ စက်ဈေး ၁၀၅၀၀ကျပ်နှင့် နွေဆင်းသုခ/မနောသုခဆန် (၁၀၈)ပေါင် ကွင်းဈေး ၄၂၀၀၀ကျပ်နှင့် စက်ဈေး ၄၃၀၀၀ကျပ်ဖြစ်ပြီး၊ နွေသီးထပ်ရင် စပါး(၅၀)ပေါင် ကွင်းဈေး ၁၁၀၀၀ကျပ်၊ စက်ဈေး ၁၁၅၀၀ကျပ်၊ စပါး(၄၆)ပေါင် ကွင်းဈေး ၁၀၃၀၀ကျပ်၊ စက်ဈေး ၁၀၈၀၀ကျပ်၊ နွေသီးထပ်ရင် (၁၀၈)ပေါင် ကွင်း ၃၉၀၀၀ကျပ်နှင့် စက်ဈေး ၄၀၀၀၀ကျပ် ဖြစ်ပေါ်လျှက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ကုန်အညွှန်အမှတ်အသားဖော်ပြခြင်း ဆိုင်ရာအချက် အလက်များအကြောင်းနှင့်  ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ (ကုန်စည်များတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာနှင့် အခြားဘာသာတွဲလျှက်ဖြစ်စေ ဖော်ပြရာ၌ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် စားသုံးသူများအားကာကွယ်ပေးရန်နှင့် ဘေးကင်းလုံခြုံ စိတ်ချမှုရှိစေရန်အတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြ ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ