Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပျော်ဘွယ်မြို့နယ်၊ ပန်းစုံ (အ-ထ-က) ကျောင်း၌ စားသုံးသူကာကွယ်ပေးရေးအသိပညာပေးဟောပြော

   မန္တလေးတိုင်း‌ဒေသကြီး၊ မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပျော်ဘွယ်မြို့နယ်၊ ပန်းစုံ (အ-ထ-က) ကျောင်း၌  စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ၂၀၂၃ခုနှစ်၊ သြဂုတ်လ ၁၈ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

  အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ပျော်ဘွယ်မြို့နယ်တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာနတွင် လက်ရှိဆောင်ရွက်နေသော စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများနှင့် နစ်နာဆုံးရှုံးမှုများကို ညှိနှိုင်းဖြေရှင်းမှုများလုပ်ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉အရ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူပြည်သူများ နေ့စဉ်ဝယ်ယူသုံးစွဲနေသည့် ကုန်စည်များနှင့်ပတ်သက်သော သတင်းအချက်အလက်များကို ရိုးရှင်းမှန်ကန်စွာဖော်ပြရန် တာဝန်ရှိကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ထုတ်လုပ်သောကုန်စည်များပေါ်တွင် ဥပဒေပါ ကုန်အညွှန်းအမှတ်အသားများနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်များကို လိုက်နာခြင်းမရှိပါက အရေးယူဆောင်ရွက်နိုင်မည့် ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း၊ မိမိတို့ထုတ်ကုန်များကို ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် အခက်အခဲရှိပါက ဌာနသို့ လာရောက်မေးမြန်းနိုင်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း တခြားကုန်စည်ကိုဝယ်ယူသုံးစွဲရာတွင်  မိမိတို့ကိုယ်တိုင်သည် စားသုံးသူများဖြစ်သည့်အတွက် စာသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုများရှိခဲ့လာပါက တိုင်းဒေသကြီး/ ပြည်နယ်နှင့် ခရိုင်ရုံးများတွင်ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးများတွင် တိုင်ကြားနိုင်ပါကြောင်း၊  DOCA Myanmar Application နှင့် စားသုံးသူရေးရာဦးစီးဌာန၏ Website www. doca. gov. mm တွင် ဝင်ရောက်လေ့လာတိုင်ကြားနိုင်ကြောင်း၊ Consumer Cell Center နံပါတ် (၁၅၃၅) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ပါကြောင်း၊ ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူစုစုပေါင်း ( ၃၅၆ ) ဦးတက်ရောက်ခဲ့ကြပြီးနောက် လက်ကမ်းစာစောင်များလည်းဖြန့်ဝေခဲ့ကာ ဟောပြောပွဲကို နံနက်(၁၁း၁၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရှိရပါသည်။

DOCA(မန္တလေး)

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး စားသုံးဆီဈေးနှုန်း တည်ငြိမ်ကျဆင်းစေရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော်၊ ဩဂုတ် ၃၀   

     ပြည်တွင်းစားသုံးဆီဈေးနှုန်း တည်ငြိမ်ကျဆင်းစေရေးညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့၊ နံနက်ပိုင်းတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃)၊ အစည်းအဝေးခန်းမ(၂)၌ ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကားပြောကြားခဲ့သည်။

            ညှိနှိုင်းအစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက နိုင်ငံတော်အနေဖြင့် စားအုံးဆီကိုပြည်သူများ ဈေးနှုန်းသက်သာစွာဝယ်ယူစားသုံးနိုင်ရေးအတွက် စားသုံးဆီတင်သွင်းရာတွင် ဝယ်ယူကုန်ကျသည့် နိုင်ငံခြားငွေ၏ ၅၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်ရည်ညွှန်းငွေလဲလှယ်နှုန်းဖြင့်လည်းကောင်း၊ ကျန် ၅၀ ရာခိုင် နှုန်းကို ပြင်ပဈေးထက်သက်သာသည့် နိုင်ငံခြားငွေလဲလှယ်မှုနှုန်းထားဖြင့်လည်းကောင်း ပံ့ပိုးဆောင်ရွက်ပေးထားပါကြောင်း၊ ၎င်းအပြင် ဝယ်ယူတင်သွင်းသူများ ငွေကြေးအခက်အခဲ မပေါ် ပေါက်စေရေးအတွက် ဗဟိုဘဏ်က သီးခြားအစီအစဉ်ဖြင့်လည်း ထောက်ကူပေးထားပါကြောင်း၊ ဖြစ်သင့်ဖြစ်ထိုက်သည့် စားအုံးဆီအခြေခံရည်ညွှန်းဈေးကိုလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အပတ်စဉ်ပုံမှန်တွက်ချက်ထုတ်ပြန်ပေးလျှက်ရှိပါကြောင်း၊ သို့ရာတွင် စားသုံးသူဈေးကွက်တွင် စားအုံးဆီဈေးနှုန်းများမှာ ဖြစ်သင့်ဖြစ်ထိုက်သည်ထက် များစွာမြင့်တက်နေပြီး နိုင်ငံတော်အကြီးအကဲ၏ စေတနာဖြင့် ဆောင်ရွက်ပေးသည့် အစီအစဉ်ကို စားသုံးသူပြည်သူများ ခံစားရခြင်းမရှိသည်ကို တွေ့ရှိရပါကြောင်း၊ စားအုံးဆီဈေးများမြင့်တက်နေမှုနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးအနေဖြင့် ဇူလိုင်လ(၁)ရက်နေ့က ရန်ကုန်မြို့တွင် လုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံ၍ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချရေး သတိပေးပြောကြားခဲ့ပြီး ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိအကျိုးအမြတ်ရရှိမှု တစ်ခုတည်းကိုသာဦးမတည်ဘဲ စားသုံးသူများ သက်သာချောင်ချိစွာ စားသုံးနိုင်ရေးအတွက် ဦးစားပေးစဉ်းစားရန်လိုအပ်ပါကြောင်း၊ ယနေ့အစည်းအဝေးတွင် ညှိနှိုင်းရရှိမှုများကို လက်တွေ့ကျကျ ကြပ်မတ်အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ရက်ပိုင်းအတွင်း စားအုံးဆီဈေးနှုန်းများ သိသာစွာကျဆင်းစေ‌ရေး ဆောင်ရွက်မည် ဖြစ်၍ ပူးပေါင်းပါဝင်ကြရန်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း စားသုံးဆီဖြန့်ဖြူးမှုနှင့် ပတ်သက်၍ လိုအပ်သည့် အစီအမံများချမှတ်ကာ ကြပ်မတ်သွားမည်ဖြစ်သည့်အတွက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားပါသည်။

          ယင်းနောက် ညှိနှိုင်းအစည်းအဝေးကိုတက်ရောက်လာကြသည့် စားသုံးဆီတင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီများက စားသုံးဆီပြည်တွင်းပို့ဆောင်ရာတွင် QR Code ဖြင့် ကြပ်မတ်မည့် အစီအစဉ်၊ နေ့စဉ်ကုန်လက်ကျန်သတင်းပို့မှုအစီအစဉ်၊ လက်ကားနှင့်လက်လီရောင်းချသူများအကြား ဈေးနှုန်း ကွာဟမှုမရှိစေရေးနှင့် မြို့ကြီးများအလိုက် သတ်မှတ်ဈေးနှုန်းဖြင့် စားအုံးဆီဝယ်ယူရရှိနိုင်ရေး ဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ အသေးစိတ်ညှိနှိုင်း ဆွေးနွေးကြပါသည်။

          ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် လုပ်ငန်းရှင်များက သတ်မှတ်ရည်ညွှန်းဈေးကို အခြေခံပြီး တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၏ ဈေးကွက်များ၌ ဖြန့်ဖြူးရောင်းချရာတွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းကို ရှောင်ကြဉ်မည်ဖြစ်ကြောင်း၊ ရည်ညွှန်းဈေးအပေါ် အခြေခံကာ သက်သာသည့်ဈေးနှုန်းဖြင့် ရောင်းချမည်ဖြစ်ကြောင်း၊ စားသုံးဆီဈေးနှုန်းများကို လက်ရှိအခြေ အနေမှ လျှော့ချသွားရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ဝန်ကြီးဌာနက ကြပ်မတ် ဆောင်ရွက်မည့်အစီအစဉ်များအပေါ် အပြည့်အဝလိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း ကတိကဝတ်ပြု ကြပြီး အစည်းအဝေးကို ရုတ်သိမ်းခဲ့ပါသည်။

ညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် စားသုံးဆီတင်သွင်းဖြန့်ဖြူးနေသည့် ကုမ္ပဏီများမှ တာဝန်ရှိသူ များ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးတွင် အပတ်စဉ် သောကြာနေ့တိုင်း သန့်ရှင်းရေးပြုလုပ်ဆောင်ရွက်

     စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၅-၈-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၅း၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်ဦးစီးမှူးရုံးဝန်း၏ အတွင်း/အပြင်နှင့် သိုလှောင်ရုံပတ်ဝန်ကျင်းရှိ ခြုံနွယ်များအား ခုတ်ထွင်ရှင်းလင်း၍  သန့်ရှင်းရေးပြုလုပ်ရန်အတွက် ပြည်နယ်ဦးစီးမှူးဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

    ထိုသို့ပြုလုပ်ဆောင်ရွက်ရာတွင် ခြုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊  အမှိုက်သရိုက်များလှဲကျင်းစွန့်ပစ်ခြင်း၊ မြက်ပင်များနုတ်ခြင်း၊ အုတ်ကန်နှင့်ရေကန်များတွင် ခြင်နှင့်ပိုးမွှားများပေါက်ဖွားမှုမရှိစေရေးအတွက် အဘိတ်ဆေးခပ်ခြင်း၊ ဖုံး/သွန်/လဲ/စစ်ပြုလုပ်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး စားသုံးသူရေးရာ ဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် ရုံးပတ်ဝန်းကျင်းသန့်ရှင်းသာယာရေးနှင့် စိမ်းလန်းစိုပြည်ရေးအတွက် ပြည်နယ်ဦးစီးမှူးဦးဆောင်၍ အပတ်စဉ် သောကြာနေ့တိုင်း ဝန်ထမ်းများစုပေါင်း၍ သန့်ရှင်းရေးပြုလုပ်လျက်ရှိကြောင်းသိရပါသည်။

DOCA(ကရင်)

                                     

ရွှေဘိုခရိုင်၏ (၈/၂၀၂၃)လအတွင်း စားသုံးသူကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်မှု အခြေအနေ

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် ဌာန၏ဆောင်ပုဒ်ဖြစ်သည့် “စားသုံးသူအခွင့်အရေးဦးစားပေး” ဆိုသည့်အတိုင်း စားသုံးသူပြည်သူများနှင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူအခွင့်အရေးအပါအဝင် ဥပဒေပါ အကြောင်းအရာများနှင့်ပတ်သက်၍  အသိပညာဗဟုသုတများရရှိစေရန်အတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများပေးခြင်းအပြင် ကျောင်း၊ ဈေး၊ ရပ်ကွက်၊ ကျေးရွာများ၊ ဌာနဆိုင်ရာရုံးများ၊ တက္ကသိုလ်/ကောလိပ်များနှင့် တပ်ရင်းတပ်ဖွဲ့များကိုလည်း စားသုံးသူကာကွယ်းရေးအသိပညာပေးဟောပြောပွဲများဆောင်ရွက်ခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိပါသည်။

 ၂၀၂၃ခုနှစ်၊ ဩဂုတ်လအတွင်း စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲအနေဖြင့် ရွှေဘိုခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်ကျင်းပသော တန်ဖိုးမြင့်စားသောက်ကုန် (Bakery) အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်းတွင် ကျင်းပခဲ့ရာ သင်တန်းသား/သင်တန်းသူ(၂၀)ဦးနှင့် ဝန်ထမ်း(၅)ဦး၊ စုစုပေါင်း(၂၅)ဦးတက်ရောက်ခဲ့ကြပြီး အသိပညာပေးဆွေးနွေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခြင်းအနေဖြင့် ရွှေဘိုမြို့၊ စက်မှုဇုန်ရှိ ဆန်စက်လုပ်ငန်းရှင်(၃)ဦးနှင့် အမှတ်(၁၀)ရပ်ကွက်ရှိ စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်တို့အားတွေ့ဆုံ၍ ဌာန၏ ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များကိုဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုခရိုင်၏ (၈/၂၀၂၃)လအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်မှုအခြေအနေ

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့်ကိုက်ညီမှုရှိ/မရှိ  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ခန့်အပ်ထားသောစစ်ဆေးရေးအရာရှိများက ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

    ရွှေဘိုခရိုင်အနေဖြင့် (၈/၂၀၂၃)လအတွင်း ရုံးချုပ်နှင့်တိုင်းဒေသကြီးဦးစီးမှူးရုံးတို့၏ အသင့်သောက်အချိုရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးရန် လမ်းညွှန်မှုနှင့်အညီ ဒု-ခရိုင်ဦးစီးမှူးက ဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် ရွှေဘိုပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ရွှေဘိုမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ အချိုရည်နှင့် ယမကာကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်နှင့် (Liquor Store) တို့အားလည်းကောင်း၊ အမှတ်(၆)ရပ်ကွက်ရှိ  အချိုရည်နှင့်ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်အားလည်းကောင်း၊ အမှတ်(၃)ရပ်ကွက်ရှိ အချိုရည်နှင့် မုန့်မျိုးစုံရောင်းချသည့်ဆိုင်အားလည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြပြီး ဌာန၏ ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်ပါ အကြောင်းများကို အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့၊ စက်မှုဇုန်ရှိ ဆန်စက်လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေး

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးရေးနှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ရွှေဘိုမြို့နယ်တာဝန်ခံတို့သည် (၂၂-၈-၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်နှင့် (၂၃-၈-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တို့တွင် ရွှေဘိုမြို့၊ စက်မှုဇုန်ရှိ ဆန်စက်လုပ်ငန်းရှင် (၂)ဦးအား တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

    ထိုသို့တွေ့ဆုံရာတွင် ခရိုင်ဦးစီးမှူးက ဆန်စက်ကြိတ်ခွဲထုတ်လုပ်နိုင်မှုအခြေအနေ၊ စပါး/ဆန်ဈေးနှုန်း၊ ဈေးကွက်အခြေအနေ၊ သိုလှောင်ထားရှိမှု၊ လက်ကျန်အခြေအနေနှင့် ကုန်စည်စီးဆင်းမှုအခြေအနေများကိုမေးမြန်းဆွေးနွေးခဲ့ပြီး ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာများ၊ ဌာနနှင့်သက်ဆိုင်သောအကြောင်းများကို မေးမြန်းစုံစမ်းနိုင်သည့် Consumer Call Center နှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရခိုင်ပြည်နယ်ဦးစီးမှူးရုံး၌ Thursday Talk စကားဝိုင်းကျင်းပပြုလုပ်

    ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု ThursdayTalk (၁၁/၂၀၂၃) အား (၂၄-၈-၂၀၂၃)ရက်နေ့၊ နေ့လယ် (၂:၀၀) နာရီအချိန်တွင် ပြည်နယ်ဦးစီးမှူးရုံး၌ ကျင်းပခဲ့ရာ ပြည်နယ်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားပြီးနောက် ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားစေရေးနှင့် ရုံးလုပ်ငန်းများဆောင်ရွက်ရင်း ဝမ်းစာပြည့်ဝဖို့ရန်အလို့ငှာ (Thursday Talk) အသိပညာပေးကျင်းပရခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း သေချာလေ့လာမှတ်သားထားကြပြီး အပြန်အလှန်ဆွေးနွေးရမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

  အဆိုပါ ဆွေးနွေးပွဲတွင် ပြည်နယ်ဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဦးမြတ်ကျော်အောင်(ဒု-ဦးစီးမှူး)က ဌာနခွဲ၏လုပ်ငန်းဆောင်ရွက်ချက်များကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၉)မှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ အခန်း(၁၈)ပါ  ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သတ်၍လည်းကောင်း အသေးစိတ်ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့်ဝန်ထမ်းများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ခြင်းများပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ (Thursday  Talk) သို့ ပြည်နယ်ရုံးမှ ဝန်ထမ်း(၂၁)ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)                     

ဝန်ထမ်းများ၏လစာစရိတ် (Payroll) များကို Digiatal Payment စနစ်ဖြင့် ပြောင်းလဲထုတ်ယူနိုင်ရေးအတွက် AYA ဘဏ်နှင့်ချိတ်ဆက်ဆောင်ရွက်

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ဌာနအကြီးအကဲ၏လမ်းညွှန်မှုနှင့်အညီ လက်အောက်တိုင်းဒေသကြီးနှင့်ပြည်နယ်ရုံးများ၊ ခရိုင်ရုံးများရှိ အရာထမ်း၊ အမှုထမ်းများ၏ လစာစရိတ်များကို ဒီဂျစ်တယ်နည်းလမ်းဖြင့် ထိ‌ရောက်စွာအသုံးပြုထုတ်ယူနိုင်စေရန်အတွက် ကရင်ပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် ဝန်ထမ်းများ၏ လစာများကို Online Payment စနစ်ဖြင့်ထုတ်ယူနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်သတင်းရရှိပါသည်။

    ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများအနေဖြင့် (၂၄-၈-၂၀၂၃) ရက်နေ့တွင် Digiatal Payment စနစ်ဖြစ်သော Online Banking (ATM Card) ကိုအသုံးပြု၍ လစာစရိတ် (Payroll) များကို အလွယ်တကူထုတ်ယူရရှိနိုင်ရေးအတွက် AYA ဘဏ်နှင့်ချိတ်ဆက်ခဲ့ကြောင်း၊ AYA ဘဏ်မှ ဝန်ထမ်းများကလည်း ကရင်ပြည်နယ်ဦးစီးမှူးရုံးသို့လာရောက်၍ ဝန်ထမ်းများအား  ဘဏ်စာအုပ်နှင့် (ATM Card) စာရင်းများဖွင့်၍   Online Payment စနစ်ဖြင့် လစာထုတ်ယူနိုင်ရေးကိုဆောင်ရွက်ပေးခဲ့ကြောင်း၊ အဆိုပါကတ်များကို    ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ  ဝန်ထမ်း(၁၇)ဦးပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ကရင်)

                                                                                               

 

မွန်ပြည်နယ်ဦးစီးမှူး၌ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

  ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၂၃ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးရှိ အစည်းအဝေးခန်းမ၌ ကုန်အညွှန်း အမှတ်အသားဖော်ပြချက်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်၊ စားသုံးသူရေးရာကော်မတီဝင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ စုစုပေါင်း (၆၀)ဦးတက်ရောက်ခဲ့ကြပါသည်။

   အဆိုပါဆွေးနွေးပွဲတွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး  လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိရင်စနိုင်းမွန်က  စားသုံးသူ ကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်သားဖော်ပြချက်နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် ဦးစီးအရာရှိ ဒေါ်ဝါဝါမြိုင်က စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များ၊ ပြစ်မှုပြစ်ဒဏ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး မွန်ပြည်နယ်၊ အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက Labelling နှင့်ပတ်သက်သည့် အကြောင်းအရာများကိုဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသည့် လုပ်ငန်းရှင်များက သိလိုသည်များကို မေးမြန်းဆွေးနွေးခြင်းအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး အလုပ်ရုံဆွေးနွေးပွဲအား နေ့လယ် (၁၂:၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

 

Thursday Talk အသိပညာပေးဆွေးနွေး

       ကချင်ပြည်နယ် ၊စားသုံးသူရေးရာဦးစီးဌာနသည် ဝန်ထမ်းများ    အသိပညာ ဗဟုသုတတိုးပွားစေရေးနှင့် စွမ်းဆောင်ရည်မြင့်မားလာစေရေး ရည်ရွယ်လျက်  Thursday Talk         အသိပညာပေး ဆွေးနွေးပွဲများ တစ်လလျှင် အနည်းဆုံးတစ်ကြိမ်ကြာသပတေးနေ့၌  ဆွေးနွေးဟောပြောလျက်ရှိရာ ၂၀၂၃ ခုနှစ် ၊သြဂုတ်လ(၂၄)ရက်နေ့၌ ကချင်ပြည်နယ်ဦးစီးမှူးရုံးတွင် စစ်ဆေးရေးမှူး၏ တာဝန်များနှင့် လိုက်နာဆောင်ရွက်ရန်အချက်များနှင့် စပ်လျဥ်း၍ ပြည်နယ်စားသုံးသူရေးရာဌာနခွဲတာဝန်ခံမှ အသိပညာပေးဆွေးနွေးခဲ့ပါသည်။

       ထိုသို့ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပ‌ဒေပြဌာန်းချက်ပါ စစ်ဆေးရေးမှူး၏အဓိပ္ပါယ်ဖွင့်ဆိုချက် ၊ စစ်ဆေးရေးမှူး၏ လုပ်ငန်းတာဝန် (၁၁) ချက်၊ စားသုံးသူကာကွယ်ရေးနည်းဥပဒေများ အခန်း(၇)ပါ စစ်ဆေးရေးမှူး၏ အခန်းကဏ္ဍများ၊စစ်ဆေးရေးမှူးများ လိုက်နာဆောင်ရွက်ရန်အချက်များ စစ်ဆေးရေးမှူးများ ခန့်အပ်တာဝန်ပေးထားမှုအခြေအနေတို့ကို အသေးစိတ်ဆွေးနွေးဟောပြောခဲ့ ရာတက်ရောက်သူ ဝန်ထမ်းများမှ ဆွေးနွေးချက်များအပေါ် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အဆိုပါ ဆွေးနွေးပွဲသို့ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ တက်ရောက်ခဲ့ပါသည်။

DOCA(ကချင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ